← Chapters

အခန်း ၇၂၂

Vol. 61 Ch. 722

အခန်း ၇၂၂

Vol. 61 Ch. 722

အပိုင်း (၇၂၂)

ယွင်ကျုံးဟဲ့သည် တုန်းကျိုးမြို့ရှိ ကယ်ဆယ်ရေးစခန်းသို့ ပြန်ရောက်လာသည်။

သူ ဤနေရာတွင် နေထိုင်သည်မှာ နှစ်လနီးပါး ရှိနေပြီဖြစ်ပြီး နောက်ဆုံး သတ်မှတ်ရက်သို့ ရောက်ခါနီးပြီ ဖြစ်သည်။ သူနှင့်အတူ ရောက်လာသော လူများလည်း အားလုံးနီးပါး ထွက်သွားကြပြီ ဖြစ်၏။

အလုပ် ကိုယ်တိုင် မရှာနိုင်သူများကို အင်ပါယာ အစိုးရက စီစဉ်ပေးလိုက်ပြီ ဖြစ်ပြီး အလုပ်ကောင်း၊ မကောင်း ဆိုသည်မှာ သီးခြား ကိစ္စဖြစ်သည်။

နောက်ဆုံး သတ်မှတ်ရက် ရောက်ရန် သုံးရက်သာ လိုတော့သည်။ ယွင်ကျုံးဟဲ့ အလုပ်မရသေးပါက အစိုးရ၏ စီစဉ်မှုကို လက်ခံရမှာဖြစ်ပြီး အောက်ခြေအလုပ်များကို လုပ်ကိုင်ကာ ကျွန်များနှင့်အတူ ရောနှော နေထိုင်ရတော့မှာဖြစ်သည်။ ထိုသို့ဖြစ်သွားပါက လက်ရှိ ကမ္ဘာ့စနစ်အရ ပြန်လည် ခေါင်းဖော်နိုင်ရန် လုံးဝ အခွင့်အရေး မရှိတော့ပေ။

ယွင်ကျုံးဟဲ့သည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ဖြင့် အဆောင်တွင်းသို့ ဝင်လာချိန်မှာတော့ ကင်းမှူး လီရွှယ်က ထိုနေရာတွင် စောင့်နေပြီး သူမအပြင် အခြား အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။

ထိုအမျိုးသမီးမှာ အရပ် တစ်ဒသမရှစ်မီတာခန့် ရှိပြီး ရုပ်ရည်က အမှတ် ခုနစ်ဆယ်ခန့် ရှိကာ အလွန် ရှည်လျားသော ခြေတံများကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်ကလည်း အလွန် အချိုးအစားကျ၏။

ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ သူမသည် မျက်နှာထား တင်းကျပ်သွားပြီး ခံစားချက် ကင်းမဲ့နေသော မျက်နှာထားမျိုး ဖြစ်သွားသည်။

ဤလူကို ယွင်ကျုံးဟဲ့ သိသည်။ သူမသည် ဤနယ်မြေ၏ ကင်းလှည့် သိုင်းသမား ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ကာ သူမ၏ လက်အောက်တွင် လူသုံးဆယ်ခန့် ရှိသည်။ သူမတွင် နာမည်ပြောင်တစ်ခု ရှိပြီး တစ်ချက်တည်းသော ကြာပွတ် ဟု ခေါ်၏။

အကြောင်းရင်း နှစ်ချက် ရှိသည်။ ပထမအချက်မှာ သူမသည် ပြုံးရယ်လေ့မရှိဘဲ အလွန် တင်းကျပ်ကာ အမှား အနည်းငယ် လုပ်မိသည်နှင့် ကြာပွတ်ဖြင့် တစ်ချက် ရိုက်ချလိုက်ပြီး ဘဝကို သံသယဝင်သွားလောက်အောင် နာကျင်စေသောကြောင့် ဖြစ်သည်။

နောက်ထပ် အကြောင်းရင်းတစ်ခုမှာ သူမ၏ ခြေတံများက အလွန် ရှည်လျားပြီး အလွန် သန်မာကာ သိုင်းပညာလည်း အလွန် မြင့်မားပြီး တိုက်ခိုက်ချိန်တွင် ခြေထောက်ကို အသုံးပြုရသည်ကို အလွန် နှစ်သက်သောကြောင့် ဖြစ်၏။

သူမ၏ ခြေထောက်ဖြင့် ကြာပွတ်ကဲ့သို့ တစ်ချက် ရိုက်ချလိုက်ပါက သွေးအန်ပြီး သေလုမတတ် ဖြစ်သွားစေ ပေလိမ့်မည်။

ထို့ကြောင့် ဤနယ်မြေရှိ အဆင့်တစ် နိုင်ငံသား ထောင်ပေါင်းများစွာသည် သူမကို မြင်လျှင် ကြွက်က ကြောင်ကို မြင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်ကြပြီး သူမ၏ အကြည့်တစ်ချက်အောက်တွင်ပင် တုန်ယင်နေကြသည်။

ယွင်ကျုံးဟဲ့လည်း ခြွင်းချက် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီး စစ်အရာရှိသည် ယွင်ကျုံးဟဲ့ကို အလွန် အမြင်ကပ်နေပြီး အမှား အနည်းငယ် လုပ်မိသည်နှင့် ချက်ချင်း အပြစ်ပေးသောကြောင့် ဖြစ်၏။

လူပုံလယ်တွင် အော်ဟစ်ဆဲဆိုခြင်း၊ ဖားခုန် ခုန်ခိုင်းခြင်း၊ အိမ်သာ ဆေးခိုင်းခြင်း စသည့် ပြစ်ဒဏ် အမျိုးမျိုးဖြင့် ယွင်ကျုံးဟဲ့ကို သေမတတ် ခံစားရစေခဲ့သည်။

ထို့အပြင် သူမက ယွင်ကျုံးဟဲ့ကို နှစ်ကြိမ်တိုင်တိုင် ကြာပွတ်ဖြင့် ရိုက်ခဲ့ဖူးသည်။ သူမသည် အသက်ရှင်လျက် ငရဲမင်းနှင့် တူသော တည်ရှိမှုမျိုးဖြစ်ပြီး သူမ၏ နာမည်မှာ လင်လော် ဖြစ်၏။

ထို့ကြောင့် ဤနှစ်လတာ ကာလအတွင်း ယွင်ကျုံးဟဲ့သည် သူမကို ရှောင်ရှားခဲ့ပြီး ကြွက်က ကြောင်ကို မြင်သကဲ့သို့ သူမအနားမှ ဖြတ်သွားလျှင်ပင် အမြီးဝှက်၍ သွားခဲ့ရ၏။ သူမက အရမ်း သန်မာပြီး အရမ်း တင်းကျပ်လွန်းလှသည်။

“ကင်းမှူး... အရာရှိ လင်လော်...” ယွင်ကျုံးဟဲ့က အမြီးဝှက်ကာ သတိထား၍ နှုတ်ဆက်လိုက်၏။

ကင်းမှူးလီရွှယ်က အေးစက်စွာ မေးလိုက်သည်။ “မနေ့ညက ရှင် ဘယ်သွားတာလဲ။ ဘာလို့ ခွင့်မတိုင်တာလဲ။ ဘာလို့ သတင်းမပို့တာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကျုပ် မှားသွားပါတယ်။”

“မှောက်လိုက်။ အပြစ်ပေးခံယူ...” ကင်းမှူးလီရွှယ်က ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က လိမ္မာစွာ မှောက်ချလိုက်ရာ စစ်အရာရှိ လင်လော်က ဝါးကြာပွတ် အသေးတစ်ချောင်းကို ထုတ်ယူကာ ယွင်ကျုံးဟဲ့၏ ပေါင်ကို သုံးချက် ရိုက်ချလိုက်၏။

“ဖြန်း... ဖြန်း.... ဖြန်း...”

“အား... အား.... အား....”

ယွင်ကျုံးဟဲ့မှာ နာကျင်လွန်းသောကြောင့် မျက်လုံးထဲတွင် ကြယ်တွေ လတွေ ပေါ်သွားပြီး သတိလစ်မတတ် ဖြစ်သွားတော့သည်။

ကင်းမှူးလီရွှယ်က အေးစက်သောအသံဖြင့် အမိန့်ပေးလိုက်၏။ “ဒါက စည်းမျဉ်းစည်းကမ်းပဲ။ ဘယ်သူမှ ကျော်လွန် ဖောက်ဖျက်ခွင့် မရှိဘူး။ ထစမ်း။”

ယွင်ကျုံးဟဲ့ ထရပ်လိုက်ရာ ခြေထောက်နှစ်ဖက်လုံး တုန်ယင်နေသည်။

ကင်းမှူးလီရွှယ်က မေးလိုက်၏။ “သုံးရက်တောင် မလိုတော့ဘူး။ ရှင် အလုပ်လည်း မရသေးဘူး။ အိမ်ထောင်ဖက်ရှာပွဲမှာလည်း မအောင်မြင်သေးဘူး။ ရှင် ဘယ်လို လုပ်မလဲ။”

ယွင်ကျုံးဟဲ့ စကားမပြောပေ။

ကင်းမှူးလီရွှယ်က အေးစက်သောအသံဖြင့် ဆက်ပြောသည်။ “ဒီလို အဆုံးသတ်ရမယ်ဆိုတာ သိရင် ရှင် ငယ်ငယ်က ဘာလို့ စာကောင်းကောင်း မသင်ခဲ့တာလဲ။ ဘာလို့ အရည်အချင်း တစ်ခုခုကို ကောင်းကောင်း မသင်ခဲ့တာလဲ။ အဲဒီလိုဆိုရင် အသက် သုံးဆယ်ကျော်တဲ့အထိ ဘာမှ အောင်မြင်မှုမရှိဘဲ အင်ပါယာရဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာမှာ မဟုတ်ဘူး။ ငယ်ငယ်က မကြိုးစားရင် ကြီးလာတဲ့အခါ ဝမ်းနည်းရလိမ့်မယ်။ သနားစရာကောင်းသလို သက်ပြင်းချစရာလည်း ကောင်းတယ်။”

ထို့နောက် ကင်းမှူးလီရွှယ်က ဆက်ပြောလိုက်၏။ “ကျွန်မလည်း တတ်နိုင်သလောက် ကြိုးစားပေးခဲ့ပါတယ်။ ဒါပေမဲ့ အင်ပါယာရဲ့ စည်းမျဉ်းက စည်းမျဉ်းပဲ။ ကယ်ဆယ်ရေးစခန်းမှာ အများဆုံး နှစ်လပဲ နေခွင့်ရှိတယ်။ အဲဒါကြောင့် နောက်ပိုင်း ရှင့်အတွက် အတင်းအကျပ် အလုပ် စီစဉ်ပေးရတော့မယ်။

စုစုပေါင်း အလုပ်နှစ်ခု ရှိတယ်။ ပထမတစ်ခုက သတ္တုတွင်းမှာ ကြီးကြပ်ရေးမှူး လုပ်ရမယ်။ ကြီးကြပ်ရေးမှူး တစ်ယောက်က ကျွန်တစ်ရာကို ကြီးကြပ်ရမယ်။ ဒုတိယတစ်ခုက အလုပ်ရုံမှာ ကြီးကြပ်ရေးမှူး လုပ်ရမယ်။ ကျွန်သုံးဆယ်ကို ကြီးကြပ်ရမယ်။”

‘ချီးတဲ့မှ... ဒါက အောက်ခြေအလုပ်လို့ ခေါ်တာလား။ အောက်ခြေ အလုပ်တွေကတောင် စီမံခန့်ခွဲသူတွေ ဖြစ်နေပြီး တစ်ယောက်က လူဆယ်ဂဏန်းလောက်ကို အုပ်ချုပ်ရတာပဲ။’

ကင်းမှူးလီရွှယ်က ဆက်ပြောသည်။ “ဒါပေမဲ့ ဒီအလုပ်တွေက ကျွန်တွေနဲ့ ထိတွေ့ရမှာမို့လို့ မကောင်းဘူး။ ကျွန်မ ပယ်ဖျက်လိုက်ပြီ။ ရှင် သားသတ်ရုံမှာ သားသတ်သမား အလုပ်သင် သွားလုပ်လိုက်ပါ။”

‘သောက်ကျိုးနည်း... ဒီအလုပ်က အလုပ်ရုံ ကြီးကြပ်ရေးမှူးထက် ပိုမြင့်မြတ်လို့လား။ သားသတ်သမားဆိုတာ အောက်တန်းအကျဆုံး မဟုတ်ဘူးလား။’

ဤအရာက တကယ်ကို ဖြေရှင်းရခက်သော ပြဿနာပင်။ ရှေးခေတ်တွင် သားသတ်သမားသည် အောက်ခြေ လူတန်းစားဟု သတ်မှတ်ခံရသော်လည်း အောက်ခြေလူတန်းစားများထဲတွင် အထက်တန်းလွှာ ဖြစ်၏။

ဤအလုပ်သည် ဝင်ငွေအလွန်ကောင်းသော အလုပ်ဖြစ်၏။ ထို့ကြောင့်ပင် သားသတ်သမား လူမိုက်များ အများအပြား ပေါ်ထွက်လာခြင်း ဖြစ်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့ကဲ့သို့ တစ်သောင်းတွင် တစ်ယောက် ရှာရခက်လောက်အောင် ချောမောသော အမျိုးသားတစ်ဦးကို သားသတ်သမား လုပ်ခိုင်းမည်လား။ ထိုအရာက တန်ဖိုးကြီးပစ္စည်းကို အလဟဿ ဖျက်ဆီးပစ်လိုက်ခြင်းပင်။

“ဘယ်လိုလဲ။ သဘောမတူဘူးလား။”

ကင်းမှူးလီရွှယ်က မေးလိုက်သည်။ “အမြင်မြင့်ပြီး လက်တွေ့မကျတဲ့သူ။ ဘာမှ အောင်မြင်မှု မရှိဘဲနဲ့ ရှင်က ဘာအလုပ် လုပ်ချင်သေးလို့လဲ။”

ထိုအခိုက်အတန့်တွင် စစ်အရာရှိ လင်လော်က ပြောလိုက်၏။ “ကင်းမှူး... ကျွန်မ သူနဲ့ စကားနည်းနည်းလောက် ပြောပါရစေ။”

ကင်းမှူးလီရွှယ်က ခေါင်းညိတ်ကာ ထွက်သွားသည်။

ယွင်ကျုံးဟဲ့သည် အလိုအလျောက် နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။ ‘ခင်ဗျား ဒီတစ်ချက်တည်းသော ကြာပွတ်က ဘာလုပ်မလို့လဲ။ ကျုပ်ကို ထပ်ပြီး ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးချင်သေးတာလား။’

အမျိုးသမီး စစ်အရာရှိ လင်လော်၏ မျက်နှာက အေးစက်နေဆဲဖြစ်ကာ မေးလိုက်၏။ “ရှင် သားသတ်သမား အလုပ်သင် မလုပ်ချင်ဘူးမလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “သေချာပေါက် မလုပ်ချင်ဘူးပေါ့။”

အမျိုးသမီး စစ်အရာရှိ လင်လော်က ပြောလိုက်၏။ “ဒါဆို နောက်ထပ် အလုပ်တစ်ခု ရှိသေးတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာအလုပ်လဲ။”

အမျိုးသမီး စစ်အရာရှိ လင်လော်က ဖြေလိုက်၏။ “နယ်မြေရဲ့ စီမံခန့်ခွဲသူ ကင်းလှည့် သိုင်းသမား။”

ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားသည်။ ဤအရာက အင်ပါယာ၏ အစိုးရအလုပ်ဖြစ်ပြီး သာမန်လူများ လုံးဝ လုပ်၍ မရပေ။

စစ်တပ်မှ ထွက်လာသူများ သို့မဟုတ် အင်ပါယာ၏ သက်ဆိုင်ရာ စာသင်ကျောင်းများမှ ဘွဲ့ရရှိသူများသာ လုပ်ကိုင်နိုင်၏။ လစာလည်း အလွန်ကောင်းပြီး အစိုးရဝန်ထမ်းအလုပ်ဖြစ်သည်။

ယွင်ကျုံးဟဲ့ကဲ့သို့ အလုပ်လက်မဲ့၊ အဆင့်တစ် နိုင်ငံသားက အဘယ့်ကြောင့် ဤအလုပ်ကို ရနိုင်မည်နည်း။

အမျိုးသမီး စစ်အရာရှိ လင်လော်က ပြောလိုက်သည်။ “ရှင်... ရှင် ကျွန်မနဲ့ လက်ထပ်လိုက်။ ကျွန်မ အလုပ်ထွက်ပြီး အိမ်မှာ အိမ်မှုကိစ္စတွေ လုပ်မယ်၊ ကလေးမွေးမယ်။ ကျွန်မရဲ့ အလုပ်ကို ရှင် ဆက်ခံလိုက်။ ဒါပေမဲ့ ရှင် စစ်အရာရှိတော့ လုပ်လို့ မရဘူး။ အရပ်ဘက် စီမံခန့်ခွဲသူပဲ လုပ်လို့ ရမယ်။ အင်ပါယာမှာ ဒီလို စည်းမျဉ်း ရှိတယ်။ စစ်သားတွေ မိသားစုဘဝကို ပြန်သွားရင် မိသားစုဝင်တွေကို အစိုးရအလုပ် အစားထိုး ခန့်ထားပေးလို့ ရတယ်။”

‘သောက်ကျိုးနည်း... ဒါ... ဒါ ဘာအခြေအနေလဲ။ ဒီနှစ်လအတွင်းမှာ ခင်ဗျားက ကျုပ်ကို နေ့တိုင်း အပြစ်ရှာနေတာ မဟုတ်ဘူးလား။ နေ့တိုင်း ကျုပ်ကို ဖမ်းပြီး ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးနေတာ မဟုတ်ဘူးလား။ ကောင်းကင်ကြီးက တကယ်ကို မတရားဘူး။ ရုပ်ချောရင် တကယ်ပဲ ကြိုက်သလို လုပ်လို့ရတာလား။ ဒီလောက် တင်းကျပ်တဲ့ အမျိုးသမီး စစ်အရာရှိက သူ့ရဲ့ အစိုးရအလုပ်ကို ကျုပ်ကို ပေးပြီး သူက အိမ်မှာ ကလေးထိန်းမယ်တဲ့လား။’

ထိုစကားကို ပြောပြီးနောက် ဤအမျိုးသမီး စစ်အရာရှိသည် သူမ၏ ရဲစွမ်းသတ္တိ အားလုံးကို အသုံးပြုလိုက်ရသကဲ့သို့ အသက်ပြင်းပြင်း ရှူနေသည်။ ထိုသို့ ပြုလုပ်လိုက်သောကြောင့် သူမ၏ ကောက်ကြောင်းများက ပိုမို သိသာထင်ရှားလာ၏။

“ခင်ဗျားက ရုတ်တရက် ဒီလို တွေးမိတာလား။ ဒါမှမဟုတ် ကြာနေပြီလား။ ခင်ဗျားက ကျုပ်ကို သနားလို့လား ဒါမှမဟုတ်...” ယွင်ကျုံးဟဲ့က မနေနိုင်ဘဲ မေးလိုက်သည်။

“တစ်လလောက် ရှိပြီ။ ရှင်နဲ့ အိမ်ထောင်ပြုပြီး ကလေးမွေးချင်လို့။”

အမျိုးသမီး စစ်အရာရှိ လင်လော်က ဖြေလိုက်၏။ “သဘောတူလား၊ မတူဘူးလား တစ်ခွန်းတည်း ပြော။ တွန့်ဆုတ်မနေနဲ့။”

ယွင်ကျုံးဟဲ့က ခေါင်းယမ်းပြလိုက်သည်။

အမျိုးသမီး စစ်အရာရှိ လင်လော်သည် ဘာမှ ထပ်မပြောတော့ဘဲ ချက်ချင်း မတ်တတ်ရပ်ကာ အပြင်သို့ ထွက်သွားသည်။ အတော်ဝေးဝေး ရောက်သွားမှ လည်ချောင်းထဲမှ ဖိနှိပ်ထားသော ငိုသံများ ထွက်ပေါ်လာ၏။

ကင်းမှူးလီရွှယ်က အမြန် သွားရောက် နှစ်သိမ့်ပေးလိုက်သည်။

အတော်ကြာမှ ကင်းမှူးလီရွှယ် ပြန်ရောက်လာပြီး ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။ “ရှင် တစ်ဘဝလုံး နောင်တရလိမ့်မယ်။ ကျွန်မ လက်အောက်က စစ်အရာရှိတွေ၊ ပြီးတော့ အနီးအနားက အင်ပါယာ အစိုးရဝန်ထမ်းတွေ၊ ပညာရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေထဲမှာ လင်လော်ကို လက်ထပ်ချင်တဲ့သူ ဘယ်လောက်များလဲ ရှင် သိလား။ သူက ဘာမှ အောင်မြင်မှု မရှိတဲ့ ရှင်ကိုမှ သဘောကျနေတာကို ရှင်က သဘောမတူဘူးတဲ့လား။ တကယ်ကို အသိဉာဏ် မရှိတာပဲ။ ဒါပေမဲ့...”

ကင်းမှူးလီရွှယ်က ဆက်ပြောသည်။ “ဒါကလည်း ရှင့်ရဲ့ အခွင့်အရေးပဲ။ ကျွန်မ ဝင်စွက်ဖက်ခွင့် မရှိဘူး။ ဒါပေမဲ့ ဒီလောကမှာ လူကြီးတွေက ကိုယ့်ဆုံးဖြတ်ချက် ကိုယ်တာဝန်ယူရမယ်။ ဒါဆို ရှင် ပြင်ဆင်ထားလိုက်တော့။ သန်ဘက်ခါ သားသတ်ရုံကို သွားသတင်းပို့ပြီး သားသတ်သမား အလုပ်သင် ဘဝကို ကောင်းကောင်း ဖြတ်သန်းဖို့ ပြင်ထားလိုက်တော့။”

ထို့နောက် ကင်းမှူးလီရွှယ်လည်း ဒေါသတကြီး ထွက်သွား၏။

ကင်းမှူးလီရွှယ် ထွက်သွားပြီးနောက် ယွင်ကျုံးဟဲ့သည် အိပ်ရာပေါ်တွင် လှဲနေလိုက်သည်။ မကြာမီ ဤနေရာမှ ထွက်ခွာရတော့မှာဖြစ်သည်။ တူရှား စံအိမ်ဘက်က အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ဤနေရာတွင် သူ နှစ်ရက်ထက် ပိုနေ၍ မရတော့ပေ။

တကယ်တော့ ဤနေရာတွင် အလကား စားနေရသူ ဖြစ်ပြီး အုပ်ချုပ်ခံနေရသူ ဖြစ်သော်လည်း ဤနှစ်လတာ ကာလသည် ယွင်ကျုံးဟဲ့အတွက် ရှားပါးသော ပျော်ရွှင်စရာ အချိန်လေးများ ဖြစ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ တွေ့ဆုံခဲ့ရသူများ အားလုံးက လူကောင်းများ ဖြစ်ပြီး စိတ်သဘောထား ကောင်းမွန်ကာ ချစ်စရာကောင်းသော လူများ ဖြစ်ကြသောကြောင့်ပင်။

ကယ်ဆယ်ရေးစခန်းတွင် အလုပ်ရှာနေကြသော အဆင့်တစ် နိုင်ငံသားများ၊ ကင်းမှူးလီရွှယ်၊ စစ်အရာရှိ လင်လော်နှင့် အင်ပါယာ၏ အဆင့်အသီးသီးမှ အရာရှိများနှင့် စစ်သားများ အားလုံးက အလွန် တည်ကြည် လေးနက်ကြသော်လည်း လူတိုင်းက တက်ကြွကြိုးစားကြသည်။ လေထု တစ်ခုလုံးက တရားမျှတပြီး ညီမျှမှု ရှိသည်။

အိမ်ထောင်ဖက်ရှာပွဲတွင်ပင် အလွန်ဆိုးရွားသော အမျိုးသမီး အနည်းငယ်မှလွဲ၍ ကျန်ရှိသော အိမ်ထောင်ဖက် လာရှာသည့် အမျိုးသမီး အများစုမှာလည်း ချစ်စရာကောင်းသော လူများ ဖြစ်ကြ၏။

ဤကမ္ဘာအတွက်ဆိုလျှင် ဤတာ့ယန် အင်ပါယာသစ်သည် ယူတိုးပီးယား (စိတ်ကူးယဉ်နိုင်ငံ) ကဲ့သို့ပင် ဖြစ်သည်။

သေချာပေါက် ၎င်းတွင်လည်း အမှောင်ထုများ၊ အကျည်းတန်မှုများ၊ အဂတိလိုက်စားမှုများနှင့် အာဏာ၏ မှောင်မိုက်သော အရိပ်အယောင်များ ရှိနေသော်လည်း ယေဘုယျအားဖြင့် ဟွာလူမျိုးများအတွက် ၎င်းသည် အကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်၏။

သူ့အနေဖြင့် မကြာမီ ဤနေရာမှ ထွက်ခွာရတော့မည် ဖြစ်ရာ ဤအခန်းလေးကို တကယ်ကို လွမ်းဆွတ်မိ၏။

အလွန် သက်သောင့်သက်သာရှိပြီး အလွန် ပြည့်စုံလုံလောက်လှသည်။

ကော်ဖီ၊ လက်ဖက်ရည်၊ ဟင်းသီးဟင်းရွက်၊ အသား၊ ဆန် စသည်တို့ကို အကန့်အသတ်မရှိနီးပါး ထောက်ပံ့ပေးထား၏။

လူတိုင်းအတွက် လဲလှယ်ဝတ်ဆင်ရန် သပ်ရပ်သော အဝတ်အစား အစုံအလင်နှင့် ရေနွေးများကိုလည်း အဆက်မပြတ် ရရှိနိုင်သည်။

All Chapters