← Chapters

အခန်း ၇၂၆

Vol. 61 Ch. 726

အခန်း ၇၂၆

Vol. 61 Ch. 726

အပိုင်း (၇၂၆)

ယွင်ကျုံးဟဲ့က ပြုံးကာ မေးလိုက်သည်။ “မိဖုရား... မှော်ဆရာ ဆိုတာကို သိလား။”

မိဖုရား တူရှားက ဖြေ၏။ “ဒဏ္ဍာရီတွေထဲမှာ ကြားဖူးတယ်။ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ ဒါပေမဲ့ ဒီလောကမှာ မှော်ဆရာဆိုတာ မရှိဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား ရှေ့မှာ ရပ်နေတာက ဒီလောကမှာ တစ်ဦးတည်းသော မှော်ဆရာပဲ။”

မိဖုရား တူရှားက ဆိုဖာရှည်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းလိုက်သည်။ မြွေမလေးကဲ့သို့သော သူမ၏ ခန္ဓာကိုယ်က လေထုတစ်ခုလုံးကို အပူပေးလိုက်သကဲ့သို့ လူတို့၏ နှလုံးသားကို လောင်ကျွမ်းစေ၏။

မိဖုရား တူရှားက ပြုံးကာ ပြောလိုက်သည်။ “မှော်ဆရာ လူလိမ်ကြီး... ကျွန်မက ပုံမှန်အားဖြင့် လူမသတ်တတ်ဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်မကို လိမ်ရင် သူ့ကို ကျားစာကျွေးပစ်မယ်။ အင်း... မဟုတ်သေးဘူး။ ရှင်က ဧရာမ ဝက်ဝံကြီးကို စီးပြီး လာတာဆိုတော့ ကျားက ရှင့်ကို စားချင်မှ စားမှာ။ ဒါဆို ကျွန်မ ရှင့်ကို ဆာလဖျူရစ်အက်စစ် ကန်ထဲ ပစ်ချလိုက်မယ်။ ရှင် ဆာလဖျူရစ်အက်စစ်နဲ့ ဘယ်လို သံယောဇဉ် တွယ်မလဲဆိုတာ စဉ်းစားထားလိုက်တော့။”

အလွန် ရက်စက်သော မိန်းမ ဖြစ်သည်။ ဆာလဖျူရစ်အက်စစ် ကန်လား။ မည်သူမဆို ထိုကန်ထဲ ပစ်ချခံရပါက အရိုးတောင် ရှာမတွေ့တော့ဘဲ ချက်ချင်း အရည်ပျော်သွားမှာဖြစ်၏။

ထို့နောက် မိဖုရား တူရှားက ဆက်ပြောသည်။ “မှော်ဆရာကြီး... ရှင်က ဘာမှော်အစွမ်းတွေ တတ်လဲ မေးပါရစေ။ ရှင့်ရဲ့ မှော်အစွမ်းက ကျွန်မကို ဘာတွေ ပေးစွမ်းနိုင်မှာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဘယ်အရာမဆိုပေါ့။ ကျုပ်ရဲ့ မှော်အစွမ်းက ခင်ဗျားရဲ့ ဘယ်ဆန္ဒကိုမဆို၊ ဘယ်လိုအပ်ချက်ကိုမဆို၊ ဘယ်စိတ်ကူးယဉ်မှုကိုမဆို ဖြည့်ဆည်းပေးနိုင်တယ်။ ခင်ဗျား ကောင်းကင်ပေါ် ပျံတက်သွားလို့ ရတယ်။ ဒီကမ္ဘာရဲ့ ဧကရီဘုရင်မ ဖြစ်လာလို့ ရတယ်။ ခင်ဗျား တွေ့ချင်တဲ့ ဘယ်သူ့ကိုမဆို တွေ့လို့ ရတယ်။ ခင်ဗျား ဖြစ်ချင်တဲ့ ဘယ်ပုံစံမဆို ပြောင်းလဲလို့ ရတယ်။”

မိဖုရား တူရှားက ပြောလိုက်သည်။ “လျှာသွက်တဲ့ လူတစ်ယောက်က ကျွန်မရဲ့ သိချင်စိတ်ကို အောင်မြင်စွာ နိုးဆွပေးနိုင်ခဲ့ပြီ။ ဒါပေမဲ့ မိန်းမတစ်ယောက်က အလိမ်ခံရပြီဆိုရင် ရှင့်အသား တစစီ လှီးဖြတ်ခံရဖို့ ပြင်ထားလိုက်တော့။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သေချာပေါက် ကျုပ် ဒီဆန်းကြယ်တဲ့ မှော်အစွမ်းကို အသုံးမပြုခင် မိဖုရားအတွက် နာကျင်စရာကောင်းတဲ့ ပြဿနာတစ်ခုကို အရင် ဖြေရှင်းပေးရလိမ့်မယ်။ ”

မိဖုရား တူရှားက မေးသည်။ “ဘာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “အိပ်စက်ခြင်း။”

မိဖုရား တူရှားသည် ပျင်းရိစွာဖြင့် နောက်သို့ လှန်ချလိုက်သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ အိပ်မပျော်တာက ခင်ဗျားအတွက် နာကျင်စရာကောင်းတဲ့ ညှဉ်းပန်းနှိပ်စက်မှုပဲ မဟုတ်လား။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ ပင်ပန်းအောင် လုပ်လုပ်၊ ဘယ်လောက်ပဲ အရက်မူးအောင် သောက်သောက်၊ မေ့ဆေးတွေ ဘယ်လောက်ပဲ စားစား အိပ်ပျော်အောင် လုပ်လို့ မရဘူး။

အချိန်ကြာလာတော့ ဘယ်ဆေးကမှ ခင်ဗျားအပေါ် အကျိုးမသက်ရောက်တော့ဘူး။ အိပ်မပျော်တဲ့ သူတစ်ယောက်က အချိန်တိုင်း ငရဲပြည်မှာ ရောက်နေသလိုပဲ နာကျင်လွန်းလို့ သေချင်စိတ်တောင် ပေါက်နေလိမ့်မယ်။”

မိဖုရား တူရှားက အက်ကွဲသော အသံဖြင့် မေးလိုက်သည်။ “ရှင်ဘယ်လို သိတာလဲ။ ကျွန်မက လန်းဆန်း နေတာပဲ။ မျက်လုံးတွေလည်း နီရဲမနေဘူး။ ရက်ပေါင်းများစွာ ညပေါင်းများစွာ အိပ်မနေဘူးလို့ ဘယ်လို ကြည့်ပြီး သိတာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “စိတ်ဓာတ်ကျတာ၊ မျက်လုံးတွေ နီရဲနေတာက အိပ်မပျော်တဲ့ ရောဂါရဲ့ အစပိုင်းပဲ ရှိသေးတယ်။ အဆိုးရွားဆုံး အိပ်မပျော်တဲ့ ရောဂါက ကြောက်စရာကောင်းတဲ့ စိတ်ကစဉ့်ကလျား ဖြစ်တာပဲ။ လူက စိတ်ဓာတ်မကျတဲ့အပြင် ပိုပြီး တက်ကြွနေတယ်။

ဦးနှောက် တစ်ခုလုံး ခွဲခြမ်းခံလိုက်ရသလိုပဲ၊ ကိုယ်ပွား နှစ်ခု၊ သုံးခုလောက် ရှိနေပြီး ထင်ယောင်ထင်မှားတွေ ဆက်တိုက် ဖြစ်နေတယ်။ ဦးနှောက်ထဲမှာ အသံပေါင်းများစွာက အဆက်မပြတ် စကားပြောနေသလိုပဲ။ တစ္ဆေတွေ တီးတိုး ပြောနေသလို၊ ရင်းနှီးတဲ့သူတွေက နားနားကပ်ပြီး ပြောနေသလိုမျိုး။ အချိန်ကြာလာတော့ လူက ဝိညာဉ် လွင့်ထွက်သွားသလို၊ အသက်မဲ့နေတဲ့ ရုပ်အလောင်းလို ဖြစ်သွားတယ်။”

ထို့နောက် ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မိဖုရား တူရှား... ခင်ဗျား အိပ်မပျော်တာ ဘယ်လောက်ကြာပြီလဲ။”

မိဖုရား တူရှားက ခေတ္တ စဉ်းစားပြီးနောက် ဖြေလိုက်၏။ “ဆယ့်ကိုးရက်နဲ့ ဆယ့်ကိုးည... တစ်စက္ကန့်လေးတောင် မအိပ်ရသေးဘူး။”

ဆယ့်ကိုးရက်လုံးလုံး တစ်မိနစ်တောင် မအိပ်ရလျှင် မိနစ်တိုင်း စက္ကန့်တိုင်းက ငရဲပြည်လို ဆင်းရဲဒုက္ခ ရောက်နေပေမည်။

ပုံမှန်လူ တစ်ယောက်က သုံးရက် သုံးည အိပ်မပျော်လျှင် လုံးဝ ရူးသွပ်သွားပြီ ဖြစ်သည်။ ဆယ့်ကိုးရက်လုံးလုံး လုံးဝ မအိပ်ရပါက တကယ်ကို အသက်ရှင်ချင်စိတ်တောင် ကုန်ခန်းနေလောက်ပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ဒီလို ကြောက်စရာကောင်းတဲ့ အိပ်မပျော်တဲ့ ရောဂါက ဘယ်အချိန်က စဖြစ်တာလဲ။”

မိဖုရား တူရှားက ဖြေ၏။ “မပြောနိုင်ဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားရဲ့ ယောက်ျား၊ အုပ်ချုပ်ရေးမှူး သေဆုံးသွားတဲ့ အချိန်ကစပြီး ဖြစ်တာနေမှာပေါ့။ ပြီးတော့ ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် ခင်ဗျားကို အိပ်မပျော်အောင် လုပ်နေတာက အိပ်မက်ဆိုးတွေပဲ။

အိပ်ပျော်သွားတာနဲ့ အိပ်မက်ဆိုးတွေ မက်တယ်။ အရမ်း ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးတွေ၊ အရမ်း တကယ့် အစစ်အမှန်နဲ့ တူတဲ့ အိပ်မက်ဆိုးတွေ။ အိပ်ပျော်သွားတာနဲ့ သေချာပေါက် အိပ်မက်ဆိုး မက်တယ်။ အဲဒါကြောင့် အချိန်ကြာလာတော့ ခင်ဗျား လုံးဝ အိပ်မပျော်တော့တာပဲ။”

မိဖုရား တူရှားက အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ရှင် ဘယ်လို သိတာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ခင်ဗျားရဲ့ ပန်းချီကားတွေလေ။ ကျုပ်ရဲ့ အော်ဟစ်သံ ဆိုတဲ့ ပန်းချီကားထဲမှာ မျှော်လင့်ချက်မဲ့မှု၊ အမှောင်ထု၊ အထီးကျန်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြည့်နှက်နေတယ်။ အရင်က ခင်ဗျား ဒီလို ပန်းချီအနုပညာကို နားမလည်ခဲ့ပေမယ့် ကျုပ်ရဲ့ ပန်းချီကားကို ကြည့်ပြီးနောက်မှာ ခင်ဗျားရဲ့ အိပ်မက်ဆိုးတွေကို ပန်းချီကားတွေထဲမှာ ပြန်လည် ပုံဖော်လာတယ်။ အိပ်မက်ထဲက မြင်ကွင်းတွေကို အကုန်လုံး ပန်းချီ ဆွဲထုတ်လိုက်တယ်။”

မိဖုရား တူရှားက ပြောလိုက်၏။ “ကျွန်မရဲ့ အဲဒီပန်းချီကားတွေက အရမ်း လှပတာပဲလေ။”

ယွင်ကျုံးဟဲ့က ပြောသည်။ “ဟုတ်တယ်။ အရမ်း လှပတယ်။ အပြင်ပန်းမှာ အရမ်း လှပတယ်။ ဒါပေမဲ့ အတွင်းထဲမှာ ငရဲပြည်နဲ့ မကောင်းဆိုးဝါးတွေ ပုန်းကွယ်နေတယ်။”

ထို့နောက် ယွင်ကျုံးဟဲ့က နံရံပေါ်ရှိ ပန်းချီကားကို လက်ညှိုးထိုးကာ ရှင်းပြလိုက်၏။ “ဒီပန်းချီကားကလည်း ခင်ဗျားရဲ့ အိပ်မက်ထဲက တစ်ခု ဖြစ်မှာပါ။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ ယောက်ျား နေ့လယ်စာ စားဖို့ ပြင်ဆင်နေတယ်။ ခမ်းနားတဲ့ ပန်းကန်ခွက်ယောက်တွေ၊ ပန်းတွေ၊ အရက်တွေ၊ နွေးထွေးတဲ့ ဖယောင်းတိုင်မီးတွေ၊ ဒီအရာ အားလုံးက အရမ်း လှပတယ်။ စားဖိုမှူးက ခင်ဗျားတို့အတွက် အစားအသောက်တွေ ယူလာပေးတယ်။ နှင်းလို ဖြူဖွေးနေတဲ့ ကြွေပန်းကန်ပြားပေါ်မှာ ရွှေရောင် အဖုံး ဖုံးထားတယ်။”

မိဖုရား တူရှား၏ အကြည့်များက ထိုပန်းချီကားဆီသို့ ရောက်သွားသည်။

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “ခင်ဗျားရဲ့လက်က ရွှေရောင်အဖုံးကို ဖွင့်လိုက်တဲ့ အချိန်မှာ ပန်းကန်ထဲမှာ ရှိနေတာက အမဲသားကင် မဟုတ်ဘဲ လက်တစ်ဖက် ဖြစ်နေတယ်။ ခင်ဗျားကလေးလေးရဲ့ လက်လေး။

နောက်ထပ် ပန်းချီကား တစ်ချပ် ရှိသေးတယ်။ ခင်ဗျားရဲ့ ယောက်ျားက ခင်ဗျားကို ခမ်းနားတဲ့ ဆွဲကြိုးလေး ဆွဲပေးနေတယ်။ အဲဒီအပေါ်မှာ အလှပဆုံး ကျောက်မျက်ရတနာ တစ်လုံး မြှုပ်နှံထားတယ်။ အပြင်ပန်းက ကျောက်မျက်ရတနာ ဖြစ်ပေမယ့် အဲဒီအထဲမှာ မျက်လုံးတစ်လုံးကို ချိတ်ပိတ်ထားတယ်။ ခင်ဗျားရဲ့ ကလေးလေး...”

မိဖုရား တူရှားက စူးရှစွာ အော်ဟစ်လိုက်သည်။ “ပါးစပ်ပိတ်ထား။ ထပ်မပြောနဲ့တော့...”

ထိုအရာက သူမ လုံးဝ အိပ်မပျော်တော့သည့် အကြောင်းရင်းပင် ဖြစ်သည်။ အိပ်ပျော်သွားသည်နှင့် ဤကြောက်စရာကောင်းသည့် အိပ်မက်ဆိုးကို မက်၏။

မိဖုရား တူရှား၏ မျက်ရည်များ ကျဆင်းလာကာ တုန်ယင်စွာဖြင့် ပြောသည်။ “ကျွန်မရဲ့ ကလေးလေး... ကျွန်မရဲ့ အသည်းအသက်လေး... သူမ ပျောက်သွားပြီ... ပျောက်သွားပြီ။ အဲဒီအချိန်တုန်းက သူမ အသက် သုံးနှစ်ပဲ ရှိသေးတာ။ မနှစ်ကစပြီး ကျွန်မ မျက်လုံးမှိတ်လိုက်တာနဲ့ ဒီလို အိပ်မက်ဆိုးတွေ မက်တယ်။ ကျွန်မ ထပ်မအိပ်ရဲတော့ဘူး။ မအိပ်တော့ဘူး...”

စံအိမ်အတွင်းတွင် ဆယ်ကျော်သက်အရွယ် လူငယ်လေး တစ်ယောက် ရှိသော်လည်း သူသည် မိဖုရား တူရှား၏ သားအရင်း မဟုတ်ပေ။

မိဖုရားနှင့် အုပ်ချုပ်ရေးမှူးတွင် သမီးတစ်ယောက် ရှိခဲ့သော်လည်း သူမ အသက် သုံးနှစ်အရွယ်တွင် ထိုကလေး ပျောက်ဆုံးသွားခဲ့သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မိဖုရား... ခင်ဗျားရဲ့ ကလေး အသက်ရှင်နေသေးတယ်။ ခင်ဗျား ဒါကို သေချာပေါက် ယုံကြည်ရမယ်။ မယုံဘူးဆိုရင် ကျုပ် ခင်ဗျားကို ခေါ်သွားပြမယ်။”

မိဖုရားက မေးလိုက်သည်။ “ဘယ်ကို သွားကြည့်ရမှာလဲ။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “ကျုပ်က မှော်ဆရာလေ... သေချာပေါက် ခင်ဗျားကို မှော်ကမ္ဘာထဲ ခေါ်သွားပြီး ပြရမှာပေါ့။”

မိဖုရားက မျက်ရည်များကို သုတ်ကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ကျွန်မရဲ့ ကလေးက တားမြစ်ချက်ပဲ။ အကယ်၍ ရှင်က ဒီကိစ္စမှာ လိမ်ညာလှည့်စားဖို့ ကြိုးစားရင် ရှင့်ကို တစ်စစီ ခုတ်ထစ် သတ်ပစ်မယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်ကို ယုံကြည်ပါ မိဖုရား...”

ယွင်ကျုံးဟဲ့သည် မိဖုရားရှေ့သို့ လျှောက်သွားကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကျုပ် မျက်လုံးကို ကြည့်။ ကျုပ် မျက်လုံးထဲမှာ မှော်ကမ္ဘာတစ်ခု ပေါ်လာလိမ့်မယ်။ ကျုပ် မျက်လုံးထဲမှာ ခင်ဗျားရဲ့ သမီးလေးကို ခင်ဗျား မြင်ရလိမ့်မယ်။”

မိဖုရား တူရှားသည် ယွင်ကျုံးဟဲ့၏ မျက်လုံးများကို စိုက်ကြည့်နေ၏။

အမှတ်ကိုး စိတ်ရောဂါသည် ပူးကပ်ခြင်း၊ အိပ်မက်ခိုးသူ...

ဤစိတ်ရောဂါသည်ကို ယွင်ကျုံးဟဲ့ သိနေသည်မှာ ကြာပြီဖြစ်သည်။ သူသည် အိပ်မက်များကို ခိုးယူနိုင်ရုံသာမက အိပ်မက်များကိုလည်း ဖန်တီးနိုင်သည်။

ယခင်က ယွင်ကျုံးဟဲ့သည် ဤစိတ်ရောဂါသည်ကို မဲပေါက်လိမ့်မည်ဟု ထင်ခဲ့သော်လည်း တစ်ခါမှ မပေါက်ခဲ့ပေ။ ဤတစ်ကြိမ်တွင်မူ သူပူးကပ်ရန် အလှည့်ကျလာပြီ ဖြစ်၏။

အိပ်မက်ခိုးသူတစ်ဦးအနေဖြင့် သေချာပေါက် အားကောင်းသော လုပ်ဆောင်ချက်တစ်ခု ရှိသေးသည်။ ထိုအရာမှာ အိပ်မွေ့ချခြင်း ဖြစ်သည်။

ဆယ့်ကိုးရက်လုံးလုံး မအိပ်ရသေးသော မိဖုရား တူရှားသည် အလွယ်တကူ အိပ်မွေ့ချခံလိုက်ရပြီး အိပ်မက်ကမ္ဘာ ထဲသို့ ဝင်ရောက်သွား၏။

ထို့နောက် ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် မိဖုရား တူရှား၏ အိပ်မက်များ ပေါ်လာသည်။ အိပ်မက်ဆိုး၊ အိပ်မက်ဆိုး၊ အဆက်မပြတ် အိပ်မက်ဆိုးများ၊ အားလုံးက သူမ၏ သမီးလေးနှင့် ပတ်သက်သော အိပ်မက်ဆိုးများ ဖြစ်သည်။

မိခင်တစ်ယောက်အတွက် ဤအရာထက် ပို၍ ကြောက်စရာကောင်းသော အိပ်မက်ဆိုး ရှိပါဦးမည်လား။

ထို့အပြင် သူမ၏ အိပ်မက်ဆိုးတိုင်းသည် အစပိုင်းတွင် အလွန် နွေးထွေးသော အိပ်မက်လှလှလေးများ ဖြစ်ပြီး ရုတ်တရက် ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးများအဖြစ် ပြောင်းလဲသွားသည်။ ထို့အပြင် အိပ်မက်ထဲတွင် သူမ၏ ကလေးက အမြဲတမ်း အသက် သုံးနှစ်အရွယ်သာ ရှိနေ၏။

မျှော်လင့်ထားသည့်အတိုင်း အိပ်မက်ဆိုး စတင်သည်နှင့် မိဖုရား တူရှား တစ်ကိုယ်လုံး တုန်ယင်လာ၏။ အကယ်၍ ဤအိပ်မက်ဆိုးကိုသာ ဆက်လက် မက်ခွင့်ပြုလိုက်ပါက သူမသည် မိမိကိုယ်ကို အတင်းအကျပ် နိုးထစေပြီးနောက် ယွင်ကျုံးဟဲ့ကို တစ်စစီ ခုတ်ထစ်ပစ်မည်မှာ သေချာသည်။

သို့မဟုတ် မီးလင်းဖိုထဲသို့ တိုက်ရိုက် ပစ်ထည့်ကာ အရှင်လတ်လတ် မီးရှို့သတ်ပစ်မှာဖြစ်သည်။ ထို့နောက် သူမသည် ထာဝရ မအိပ်တော့ဘဲ နေပေလိမ့်မည်။

ထိုသို့ ဆက်သွားပါက နှစ်အနည်းငယ်အတွင်း သူမသည် ပန်းလေးတစ်ပွင့်လို ညှိုးနွမ်းသွားပြီး အပြီးတိုင် သေဆုံးသွားမှာဖြစ်သည်။

အမှတ်ကိုး စိတ်ရောဂါသည် အိပ်မက်ဖန်တီးသူ စတင် ပူးဝင်ကာ အလုပ်လုပ်နေပြီဖြစ်သည်။ ထိုအရာမှာ မိဖုရား တူရှားအတွက် လှပသော အိပ်မက်တစ်ခုကို ဖန်တီးပေးခြင်းဖြစ်၏။

ရှေးဟောင်း ရဲတိုက်ကြီးတစ်ခုအောက်တွင် သက်ကြီးရွယ်အို သိုင်းသမားတစ်ဦးက ငိုက်မျဉ်းနေ၏။ မလှမ်းမကမ်းမှ အသက်ဆယ်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး၏ အော်ဟစ်ကြုံးဝါးသံ ထွက်ပေါ်လာသည်။ သူမ သိုင်းကျင့်နေခြင်း ဖြစ်သည်။

မြင်ကွင်းက ပြောင်းသွားသည်။ ပေသောင်းချီ မြင့်သော တောင်ကမ်းပါးယံပေါ်တွင် သစ်သားတိုင် ဆယ်ခုကျော် ရှိ၏။

မိန်းကလေးငယ် တစ်ဦးသည် သစ်သားတိုင်များပေါ်တွင် ခုန်ပေါက် လှိမ့်ချကာ ဓားရေး လေ့ကျင့်နေ၏။ သူမက အလွန် ကြမ်းတမ်းပြီး သတ္တိလည်း အလွန် ကောင်းသည်။ လှုပ်ရှားမှုတိုင်းက အသက်အန္တရာယ် ရှိနိုင်လောက်အောင် အလွန် ကြောက်စရာကောင်းသည်။

ထို့အပြင် သူမသည် မျက်လုံးများကို ဖုံးအုပ်ထားသည်။ ငယ်ရွယ်သော်လည်း သိုင်းပညာက အလွန် မြင့်မားနေပြီ ဖြစ်၏။

ရုတ်တရက် သူမ၏ လှုပ်ရှားမှုက အနည်းငယ် အမှားအယွင်း ဖြစ်သွားပြီး ခြေချော်ကာ ပေသောင်းချီ မြင့်သော ကမ်းပါးယံအောက်သို့ ပြုတ်ကျတော့မလို ဖြစ်သွား၏။ သို့ပေမည့် နောက်တစ်စက္ကန့်တွင် သူမသည် ချက်ချင်း တည်ငြိမ်သွားသည်။

ထိုအချိန်မှာပဲ လက်ကြီးတစ်ဖက်က သူမကို ဖမ်းဖို့ ကြိုးစားသော်လည်း လွဲသွားသည်။ အမျိုးသားတစ်ဦးက သစ်သားတိုင်ဘေးတွင် ပေါ်လာပြီး မိန်းကလေးငယ်ကို ကြည့်သည့် အကြည့်များက မေတ္တာတရားများ ပြည့်နှက်နေ၏။

ထိုမိန်းကလေးငယ်သည် သစ်သားတိုင်ပေါ်မှ ခုန်ချလိုက်ပြီး မျက်နှာဖုံးကို ဆွဲခွာလိုက်၏။ အလွန် လှပသော မျက်နှာလေးဖြစ်ပြီး မိဖုရား တူရှား၏ သမီးလေး ဖြစ်သည်။ သူမ ကြီးပြင်းလာပြီ ဖြစ်သော်လည်း ယခင်က ပုံစံကို တွေ့မြင်နိုင်သေးသည်။

မိန်းကလေးငယ်က ပြောလိုက်၏။ “ဆရာ... ဆရာ ရုတ်တရက် ထွက်လာလို့ ကျွန်မ အမှားလုပ်မိသွားတာ။ ဆရာ ပေါ်မလာသင့်ဘူး။”

ထိုအမျိုးသားက လက်နှစ်ဖက်ကို မြှောက်လိုက်ကာ ဖြေလိုက်သည်။ “ဆရာ့ အမှားပါ။”

......................

All Chapters