အခန်း ၇၈၆
Vol. 42 Ch. 786
အပိုင်း (၇၈၆) နိုင်ငံတော်ဆရာ ဒေါသပေါက်ကွဲပြီ။
ဝူထူသည် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေ၏။
သုံးယောက် ... သံတမန်အဖွဲ့က လူရာဂဏန်းလောက် ရှိတာဆိုတော့ အားလုံးကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးလိုက်ရင် ပြဿနာဖြစ်နိုင်ခြေ ရှိနိုင်တယ်။
တကယ်လို့ သုံးယောက်တည်းသာဆိုရင် ဖန်ကျန်းရီက မှော်ပညာတတ်တာကလွဲရင် ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။
ဝူထူသည် ဖန်ကျန်းရီကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ထားလိုက်ပါတော့။ မင်းမှာ ကျေးဇူးရှိတဲ့အပေါ် ထောက်ထားပြီး ကိုယ်တော်က သံတမန်အဖွဲ့ထဲက နေ့စဉ် လူသုံးယောက်ကို အပြင်ထွက်ခွင့် ပြုမယ်။ ဒါပေမဲ့ ကိုယ်တော်က မင်းကို စောင့်ကြည့်ဖို့ လူလွှတ်ထားမယ်၊ ကိုယ်တော့်ရှေ့မှာ လက်တစ်လုံးခြား လုပ်ဖို့ မစဉ်းစားနဲ့။"
ဖါးပါးသည် ပါးစပ်ကို ဟလိုက်ပြီး တားဆီးချင်သော်လည်း ဖန်ကျန်းရီ ဆိုသည့် ခွေးကောင်က သူ့ကို စိတ်အနှောင့်အယှက် ပေးမည်ကို စိုးရိမ်သောကြောင့် အောင့်အည်းကာ နောက်ဆုံးတွင် အသံမထွက်တော့ချေ။
ဖန်ကျန်းရီက မချိပြုံးပြုံးလိုက်၏။ "ကျွန်တော်မျိုးမှာ ကောင်းကင်လောက် ကြီးမားတဲ့ စွမ်းရည်ရှိရင်တောင် မြို့ထဲမှာ ဘာပြဿနာများ ရှာနိုင်မှာမို့လို့လဲ၊ အရှင်မင်းကြီးက အရမ်း စိုးရိမ်လွန်းနေပါပြီ။"
ဒီလူမည်းဝက်သတ်သမားက တကယ်ကို သတိထားတတ်တာပဲ၊ ဒါပေမဲ့ ကံကောင်းတာက ရည်ရွယ်ချက် အောင်မြင်သွားပြီလို့ ဆိုနိုင်တယ်။
သုံးယောက်ဆိုရင် ကြီးမားတဲ့ ကိစ္စတစ်ခုကို ဖန်တီးဖို့ လုံလောက်ပြီ။
ဝူထူက စကားပြောပြီးသည်နှင့် နန်းတော်သို့ ပြန်ရန် အမိန့်ပေးလိုက်သည်။ "မင်းရဲ့ လုပ်ဆောင်ချက်က မဆိုးပါဘူး။ ဒီနေ့ကစပြီး ဒီလက်မှုပညာရှင်တွေကို မင်း ဦးဆောင်ဖို့ မလိုတော့ဘူး။ မြို့ထဲက တခြားနေရာတွေကို သွားလာလို့ ရပါပြီ၊ ဒီနေ့တော့ ဒီလောက်ပါပဲ။"
ဖန်ကျန်းရီက သက်ပြင်းတစ်ချက် ချလိုက်ရုံရှိသေးရာ ဝူထူက နောက်တစ်ကြိမ် လှည့်ပြန်လာပြီး ဖန်ကျန်းရီ၏ ရှေ့သို့ စိတ်ဝင်တစား လျှောက်လာကာ မေးလိုက်၏။ "ကိုယ်တော် ခုလေးတင် မင်းကို မေးဖို့ မေးခွန်းတစ်ခု စဉ်းစားမိသွားလို့၊ ရိုးရိုးသားသား ဖြေရမယ်။"
"အရှင်မင်းကြီး ပြောပါ။"
"မင်းရဲ့ စိတ်ထဲမှာ ကိုယ်တော်နဲ့ လီချဲ့ ... ဘယ်သူက ပိုသန်မာသလဲ။"
ဘယ်သူက ပိုသန်မာသလဲ ... ဒီစကားက ဘယ်နေရာမှာ ကြားဖူးတာလဲ။ အရမ်းကို ရင်းနှီးနေသလိုပဲ။
ဖန်ကျန်းရီသည် ကောင်းကင်ကို ကြည့်ကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ အကြည့်များကို ဖါးပါးထံသို့ ပို့လွှတ်လိုက်၏။ "နိုင်ငံတော်ဆရာကရော ဘယ်လိုထင်လဲ မသိဘူး။"
ဖါးပါးက မဆိုင်းမတွပင် ဖြေလိုက်သည်။ "သဘာဝကျကျ အရှင်မင်းကြီးပေါ့။ ကျွန်တော်မျိုးတို့ရဲ့ အရှင်မင်းကြီးက မြက်ခင်းပြင်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတဲ့ အောင်မြင်မှုတွေကို တည်ဆောက် ခဲ့တာပဲ၊ လောကမှာ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။"
အို … ဘုန်းကြီးအိုကြီးရဲ့ ဖားတတ်တဲ့ စွမ်းရည်က နည်းနည်းလေးမှ မညံ့ပါလား၊ ဒီလောက်တောင် အသိအမှတ်ပြုပြီး အရေးတယူ လုပ်ခံရတာ မဆန်းတော့ဘူး။
ဖန်ကျန်းရီသည် လည်ချောင်းကို ဟန့်လိုက်ပြီး ခေါင်းထဲတွင် ပြန်လည်စဉ်းစားကာ ပါးစပ်မှ ရွတ်ဆိုလိုက်၏။ "အခု ကျင်းတိုင်းပြည်မှာ နယ်မြေက မိုင်ထောင်ချီ ကျယ်ဝန်းပြီး မြို့ရိုးတွေက မရေမတွက်နိုင်အောင် ရှိတယ်၊ နန်းတွင်းသူတွေက အရှင်မင်းကြီးကို မမြှောက်ပင့်တဲ့သူ မရှိဘူး၊ နန်းတော်ထဲက အမတ်တွေက အရှင်မင်းကြီးကို မကြောက်တဲ့သူ မရှိဘူး၊ အရပ်လေးမျက်နှာမှာ အရှင်မင်းကြီးကို အကူအညီ မတောင်းတဲ့သူ မရှိဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ... ကျင်းအရှင်မင်းကြီးရဲ့ ဆုံးရှုံးမှုက အလွန်ကြီးမားလှပါတယ်။"
ဖါးပါး၏ ပြောင်ချောနေသော နဖူးပေါ်တွင် ချက်ချင်းပင် သွေးကြောများ ထောင်ထလာပြီး ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာကာ နေရာမှာတင် သူ့ကို ဓားဖြင့် ခုတ်သတ်ချင်စိတ် ပေါက်သွားခဲ့၏။
ဖန်ကျန်းရီကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။ "ဖန်ကျန်းရီ ခင်ဗျား ဘာအဓိပ္ပာယ်လဲ။"
ဖန်ကျန်းရီက လက်ပိုက်ကာ အရိုက်ခံချင်စရာကောင်းသော အမူအရာဖြင့် ပြန်ပြောလိုက်၏။ "ခင်ဗျား လိမ်ပြောနေတယ်လို့ ပြောတာလေ၊ ချီလျဲ့ တာ့ကျင်းကို ရောက်တုန်းကလည်း ခင်ဗျားက သူ့ကို လောကမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောခဲ့တာပဲ၊ ဒါပေမဲ့ ကျုပ် သူ့ကို စတွေ့ကတည်းက သူ တစ်ခါမှ မနိုင်ခဲ့ဖူးပါဘူး။"
ဖါးပါး၏ မျက်လုံးနှစ်ဖက်က သွေးရောင်လွှမ်းသွားပြီး ချက်ချင်းပင် ဒေါသပေါက်ကွဲသွားသည်။ သူ၏ တည်ငြိမ်မှု အားလုံး ပြိုလဲသွားပြီး ပါးစပ်ဟကာ ဆဲဆိုရန် ပြင်လိုက်သည်။ "ခွေးကောင် … ကျုပ် ... "
ကံကောင်းထောက်မစွာဖြင့် ဝူထူက အချိန်မီ တားဆီးလိုက်သည်။ "နိုင်ငံတော်ဆရာ ... သူက စကားကျွံသွားရုံတင်ပါ၊ ဘာလို့ သူ့ကို ဒေါသထွက်နေရမှာလဲ။"
အရှင်မင်းကြီးကို မမြှောက်ပင့်တဲ့သူ မရှိဘူး၊ အရှင်မင်းကြီးကို မကြောက်တဲ့သူ မရှိဘူး၊ အရှင်မင်းကြီးကို အကူအညီမတောင်းတဲ့သူ မရှိဘူး။
နားထောင်ရတာ အတော်လေး သဘောကျစရာကောင်းပြီး အလွန်လည်း ယုတ္တိရှိပေရာ ဝူထူသည် သေသေချာချာ ခံစားကြည့်ပြီးနောက် ပြုံးလျက် ပြောလိုက်၏။ "မင်းက ကိုယ်တော့်ဆီကို သစ္စာရှိရှိ မခိုလှုံချင်မှတော့ ကိုယ်တော်လည်း လောလောဆယ် အတင်းအကျပ် မတောင်းဆိုတော့ပါဘူး။ ဒါပေမဲ့ မင်း မကြာခင်မှာ ဘယ်သူက ပိုသန်မာသလဲ၊ ဘယ်သူက ပိုအားနည်းသလဲဆိုတာကို သိလာလိမ့်မယ်လို့ ကိုယ်တော် ယုံကြည်တယ်။"
...
ဖန်ကျန်းရီသည် ရက်များကို ရေတွက်နေခဲ့ရာ ဆယ့်နှစ်ရက် တိတိ ကြာပြီးနောက်တွင်တော့ နန်းတော်အတွင်း၌ လှုပ်ရှားမှုများ စတင်လာခဲ့သည်။
အမြောက်အမြားရှိသော စစ်လက်နက်ပစ္စည်းများနှင့် လူသူဆင်မြင်းများသည် မြို့ပြင်သို့ စတင် ရွှေ့ပြောင်းလာကြ၏။
ဝူထူ၏ တော်ဝင်ရထားလုံးကလည်း နန်းတော်မှ ထွက်ခွာလာပြီး ကျန်ရစ်မည့် အရာရှိများက တစ်ယောက်ပြီး တစ်ယောက် လိုက်လံပို့ဆောင်ကြရာ ဖန်ကျန်းရီလည်း ဖါးပါး၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခဲ့သည်။
ဤအချိန်တွင် နန်းတော်အပြင်ဘက်၌ ဝူထူသည် မထွက်ခွာမီ အစီအစဉ်များနှင့် မှာကြားမှုများကို ပြုလုပ်နေဆဲ ဖြစ်၏။
ဖန်ကျန်းရီသည် မလှမ်းမကမ်းတွင် ရပ်နေပြီး ဖါးပါးက ဘေးတွင် အဖော်ပြုပေးနေသည်။
သူတို့နှစ်ဦး ယှဉ်တွဲရပ်နေသည်မှာ အတော်ကြာသွားပြီးနောက် ဖန်ကျန်းရီက မေးလိုက်၏။ "စစ်တိုက် တော့မယ်လေ၊ နိုင်ငံတော်ဆရာ မသွားဘူးလား။"
ဖါးပါးက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ "သွားမှာပေါ့၊ ကျုပ်က စားနပ်ရိက္ခာ ထောက်ပံ့ရေးကို တာဝန်ယူရတာ။ ညီလေးဖန် ... ဘာမေးချင်တာ ရှိသေးလဲ၊ အခုချိန်ရောက်မှတော့ ဖုံးကွယ်ထားစရာ ဘာမှမရှိတော့ပါဘူး။"
"ဘာမှတော့ မမေးချင်ပါဘူး။ ခင်ဗျားတို့ စစ်ရှုံးလို့ ကျုပ်အပေါ် ဒေါသလာမပုံရင် ရပါပြီ။"
ဖါးပါးက သူ့ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်၏။ "ညီလေးဖန် ... ခင်ဗျား တစ်ခါတလေ စကားပြောတာ အရမ်းနားခါးပေမယ့် ခင်ဗျားရဲ့ စွမ်းရည်ကိုတော့ ကျုပ်တကယ်ကို လေးစားမိပါတယ်။
ကျုပ်တို့ ကျင်းတိုင်းပြည်က ဒီစစ်ပွဲမှာ သေချာပေါက် အနိုင်ရလိမ့်မယ်၊ ဆုတ်ခွာရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ခင်ဗျား မြို့ထဲမှာ အေးအေးဆေးဆေး နေတာ အကောင်းဆုံးပဲ၊ ပြဿနာသွားမရှာနဲ့။ ခင်ဗျားကို စောင့်ကြည့်ဖို့ လူလွှတ်ထားမယ်၊ ခင်ဗျား ဘာသာခင်ဗျား အကောင်းဆုံး နေနိုင်ဖို့ မျှော်လင့်ပါတယ်။"
ဖန်ကျန်းရီက ပခုံးတွန့်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။ "နိုင်ငံတော်ဆရာရာ ... ကျုပ် မြို့ထဲမှာ ဘာလုပ်နိုင်မှာမို့လို့လဲ၊ ခင်ဗျားက ဘာလို့ ကျုပ်ကို ဒီလောက်တောင် စိတ်မချရတာလဲ။ ကျုပ် ဒီဆယ်ရက်လောက် အတွင်းမှာ နေ့တိုင်း မိန်းမလှလေးတွေ ခေါ်ပြီး လမ်းပေါ် လျှောက်လည်ရုံပဲ ရှိတာကို၊ ခင်ဗျားက လူခုနစ်ယောက် ရှစ်ယောက်လောက်ကို ကျုပ်ကို စောင့်ကြည့်ဖို့ လုပ်ထားရသလား။ ကျုပ်ကို သုံ့ပန်းတစ်ယောက်ဖြစ်အောင် လုပ်မှပဲ ခင်ဗျား ကျေနပ်တော့မှာလား။
ကျုပ်ထင်တာတော့ ခင်ဗျားက ကျုပ်ရဲ့စွမ်းရည်ကို လေးစားတာမဟုတ်ဘူး၊ ကျုပ်ရဲ့ စွမ်းရည်ကို မနာလိုဖြစ်နေတာပဲ။"
ဖါးပါးက ခေါင်းခါပြလိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားကာ ပြောလိုက်၏။ "အမှန်အတိုင်းပြောရရင် ညီလေးဖန် ... ခင်ဗျားဆိုတဲ့ လူကို ကျုပ်နားမလည်နိုင်ဘူး။ လူတွေက မသိနိုင်တဲ့အရာတွေအပေါ်မှာ အမြဲတမ်း သတိတစ်ချက် ပိုထားသင့်တယ်လေ။"
"ခင်ဗျား လက်အောက်မှာ အလုပ်လုပ်တဲ့ လက်မှုပညာရှင်တွေ အကုန်လုံးက ခင်ဗျား အပေါ် ကျေးဇူးတင်နေကြတယ် ဆိုတာကို ကျုပ်လူလွှတ်ပြီး စုံစမ်းပြီးသွားပြီ။ ခင်ဗျားက လူတွေရဲ့ စိတ်ကို လှုံ့ဆော်တဲ့နေရာမှာ အရမ်းတော်တယ်။ ဒီစွမ်းရည်ကြောင့် ခင်ဗျား မြို့ထဲမှာ သွားလာနေတာကို ကျုပ် မလိုလားဘူး။
နောက်ပြီး ခင်ဗျား နောက်လိုက်ခဲ့ဖူးတဲ့ လက်မှုပညာရှင်တွေကို ဒီတစ်ခါ ကျုပ်အကုန်လုံး ခေါ်သွားမှာဆိုတော့ ခင်ဗျား ထပ်ပြီး ပူပန်နေစရာ မလိုတော့ပါဘူး။"
ဘုန်းကြီးအိုကြီးက လူ့စိတ်ကို နားလည်တဲ့သူ ဖြစ်နေမယ်လို့ မထင်ထားမိဘူး၊ တကယ်ကို သတိထားတတ်တာပဲ။
ခေါ်သွားပါစေ၊ ခေါ်သွားပါစေ၊ အလွန်ဆုံး နောက်တစ်သုတ် ထပ်ရအောင် ကျုပ် နည်းလမ်းရှာလိုက်မယ် ...
ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်၏။ "ကျုပ် ဘယ်တော့မှ လူလိမ်မပြောဘူး။ ကျုပ်က လူတွေကို ရိုးသားစွာနဲ့ ဆက်ဆံပြီး ကိုယ်ချင်းစာတရားနဲ့ပဲ ဆက်ဆံတာပါ။ နိုင်ငံတော်ဆရာက ကျုပ်ကို ကြီးမားတဲ့ အထင်လွဲမှုတွေ ရှိနေတာပဲ။ ဒါပေမဲ့ နိုင်ငံတော်ဆရာက ကျုပ်ကို ဒီလောက် လေးစားနေမှတော့၊ နိုင်ငံတော်ဆရာအတွက် အသုံးဝင်မယ့် အကြံပြုချက်တချို့ ပေးလို့ရပါတယ်။"
"ပြောပါ။"
ဖန်ကျန်းရီက ရင်ဖွင့်ကာ ပြောလိုက်၏။ "နိုင်ငံနှစ်နိုင်ငံ စစ်တိုက်တဲ့အခါ၊ တကယ်လို့ ကျုပ်ပြောတာက တကယ်လို့ ကျင်တိုင်းပြည် ပြင်းထန်တဲ့ ထိခိုက်မှုတွေ ကြုံတွေ့ခဲ့ရရင် ပထမဆုံးအနေနဲ့ ဝူထူကို လက်နက်ချဖို့ ခင်ဗျား သွားဖျောင်းဖျလိုက်ပါ။ စစ်ပွဲဆိုတာ အထက်တန်းလွှာတွေအတွက်တော့ အာဏာကစားပွဲတစ်ခုမျှသာ ဖြစ်ပေမဲ့ ဘယ်နိုင်ငံက ပြည်သူတွေဖြစ်ပါစေ၊ ကျုပ်အမြင်မှာတော့ အနည်းငယ် ပြည့်စုံရုံနဲ့ အေးချမ်းစွာ နေထိုင်ချင်ကြတဲ့၊ သွေးနဲ့သားနဲ့ ဖွဲ့စည်းထားတဲ့ သနားစရာ လူသားတွေပဲ။ သူတို့က နိုင်ငံရေးသမားတွေရဲ့ အလောင်းအစားအတွက် ပစ္စည်းတစ်ခု မဖြစ်သင့်ဘူး။ တစ်ခါတလေ စစ်ပွဲက ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်း မဟုတ်နိုင်ဘူး။ ထိုင်ပြီး ဆွေးနွေးတာက ပိုကောင်းတဲ့ ရလဒ်တွေ ရမလာနိုင်ဘူးလား။"
ဖန်ကျန်းရီဆီမှ ဤကဲ့သို့သော စကားမျိုး ထွက်လာမည်ဟု လုံးဝ မထင်မှတ်ထားသောကြောင့် ဖါးပါးသည် ဆွံ့အကာ ရယ်မောလိုက်သည်။ "ညီလေးဖန် ... ခင်ဗျားအပေါ်ကို ကျုပ်အမြင်မှားသွားတဲ့ အချက်နှစ်ချက် ထပ်ရှိနေသေးတာကို ဒီနေ့မှပဲ ကျုပ်တွေ့ရှိလိုက်ရတော့တယ်။
ပထမအချက်က ခင်ဗျားမှာ ဗောဓိသတ္တတစ်ပါးရဲ့ စိတ်ထားမျိုး ရှိနေလိမ့်မယ်လို့ ကျုပ်မထင်ထားခဲ့ဘူး။ ဒုတိယအချက်က ခင်ဗျား ကသာ တကယ့်ကို စစ်မှန်တဲ့ သစ္စာခံအမတ်ဖြစ်ပြီး တာ့ကျင်းအပေါ် ဒီလောက် ယုံကြည်မှုရှိနေတာကိုလည်း ကျွန်တော့်ကို လေးစားမိစေတယ်။
ညီလေးဖန်ကို မေးပါရစအုံး ... တကယ်လို့ တာ့ကျင်းမှာ လွှမ်းမိုးနိုင်တဲ့ အင်အားရှိလာရင် ကျုပ်တို့ ကျင်တိုင်းပြည်ကို အရင်စပြီး တိုက်ခိုက်မှာ မဟုတ်ဘူးလား။"
ဖန်ကျန်းရီက ခေါင်းခါပြလိုက်၏။
ဖါးပါးက အထင်သေးစွာဖြင့် ပြောလိုက်သည်။ "ခင်ဗျား ကိုယ်တိုင်တောင် ယုံမှာ မဟုတ်ဘူးထင်တယ်။"
ထိုအချိန်မှာပင် အာလီပိုင်က ဝူထူရှိရာ အရပ်မှ လျှောက်လာပြီး သူတို့နှစ်ဦးကို ကြည့်ကာ မေးလိုက်၏။ "အမတ်မင်းဖန် ... နိုင်ငံတော်ဆရာ၊ ခင်ဗျားတို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ။"
ဖန်ကျန်းရီ စကားမပြောရသေးခင်မှာပင် ဖါးပါးက ရှေ့သို့ တစ်လှမ်းတက်ကာ အာလီပိုင်ကို ဆွဲခေါ်သွားပြီး လူသူကင်းမဲ့သော နေရာသို့ ရောက်ချိန်တွင် ပြောလိုက်သည်။ "ဒုတိယမင်းသား ... အရှင်မင်းသားက ဖန်ထိုက်မြို့မှာ ကျန်ရစ်နေခဲ့ဖို့ ကိုယ်တိုင် တောင်းဆိုခဲ့တယ်လို့ ကျွန်တော်မျိုး ကြားတယ်။"
အာလီပိုင်က မကျေမနပ်ဖြင့် ပြောလိုက်၏။ "ဟုတ်တယ်။ ခုလေးတင် ခမည်းတော်က ကျုပ်ကို မှာကြားနေသေးတယ်။ ဒါပေမဲ့ ခမည်းတော်က ကျုပ်ကို ဘာလို့ လက်ထောက်ပဲ လုပ်ခိုင်းရတာလဲ၊ ဘာလို့ အီရှီပူ ကို တာဝန်ယူခိုင်းရတာလဲ။"
ဖါးပါးက ကမန်းကတန်း ဖျောင်းဖျလိုက်သည်။ "ကိစ္စမရှိပါဘူး၊ ဖန်ထိုက်မြို့မှာ ကျန်ရစ်နေခဲ့ရတာက အလုပ်အားတဲ့ ရာထူးတစ်ခုပါပဲ။ ဒုတိယမင်းသားအနေနဲ့ တခြားသူတွေနဲ့ ဘာလို့ အပြိုင်အဆိုင် လုပ်နေရမှာလဲ။ အရှင်မင်းသားလည်း အေးအေးဆေးဆေး နေရတာပေါ့။"
အာလီပိုင်၏ မျက်နှာပေါ်တွင် မနှစ်မြို့မှုများ ပေါ်လာ၏။ "အလုပ်အားတဲ့ ရာထူးဆိုမှတော့ ဘာလို့ ကျုပ်ကို ဦးဆောင်ခွင့် မပေးရတာလဲ။ ခမည်းတော်က ကျုပ်ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ် မပြုလို့လား။"
ဒါမှမဟုတ်ရင် ဘာဖြစ်မှာလဲ။ မင်းမှာ ဘာစွမ်းဆောင်ရည် ရှိလို့လဲ။
ဖါးပါးသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်သော်လည်း ပါးစပ်မှမူ ပြောလိုက်သည်။ "ဒုတိယမင်းသား လုံးဝ အများကြီး မတွေးပါနဲ့။ အောင်မြင်မှုရချင်ရင် လောလို့မရဘူး။ အီရှီပူက အရှင်မင်းကြီးနဲ့အတူ နှစ်ပေါင်းများစွာ စစ်တိုက်လာခဲ့တာ၊ အခု အသက်ကြီးသွားပြီ ဆိုပေမဲ့ အတွေ့အကြုံကတော့ အများကြီး ကြွယ်ဝတယ်။ ဒီလို စီစဉ်တာက အရှင်မင်းကြီးကို ကျွန်တော်မျိုး နားလည်ထားသလောက်ဆိုရင် တကယ်တော့ အရှင်မင်းကြီးက အရှင်မင်းသားကို သူ့ဆီကနေ အခွင့်ကောင်းယူပြီး ပညာတွေ အများကြီး သင်ယူစေချင်လို့ပါ။ နောင်တစ်ချိန်ကျရင် အရှင်မင်းသားကို တာဝန်ကြီးတွေ ပေးအပ်ဖို့အတွက်ပဲ။ အဲဒါက အရှင်မင်းသားကို အလေးထားလို့ပါပဲ။"
အာလီပိုင်က မေးလိုက်၏။ "တကယ်လား။ ထားလိုက်ပါတော့၊ ဒီကိစ္စကို အရင်မပြောနဲ့အုံး … ခင်ဗျား မှာ ဘာကိစ္စရှိလို့ တိတ်တဆိတ် ပြောချင်နေရတာလဲ။"
ဖါးပါးက လေးနက်စွာဖြင့် ပြောလိုက်သည်။ "ကျွန်တော်မျိုး မထွက်ခွာခင်မှာ အရှင်မင်းသားကို စကားတစ်ခွန်းလောက် မှာကြားချင်လို့ပါ။ အရှင်မင်းသားက အဲဒီ ဖန်ကျန်းရီနဲ့ အတော်လေး နီးနီးကပ်ကပ် ရှိနေတာကို ကျွန်တော်မျိုး မြင်တယ်။ ဒီလူက အလုပ်လုပ်တဲ့အခါ ဘယ်လိုနည်းလမ်းမျိုးမဆို သုံးတတ်ပြီး လူတွေရဲ့ စိတ်ကို ကစားရတာကိုလည်း သဘောကျတယ်။ သူ အရှင်မင်းသားကို ဘာစကားပဲပြောပြော လုံးဝ မယုံပါနဲ့။ ဒုတိယမင်းသား သူ့ကို သေချာစောင့်ကြည့်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်၊ သူ့ကို မြို့ထဲမှာ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ လုံးဝ မလုပ်ခွင့်ပါနဲ့။"
အာလီပိုင်က မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်၏။ "သူ ဘာပဲပြောပြော မယုံရဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ခင်ဗျားက ကျုပ်ကို အမှားအမှန် မခွဲခြားတတ်တဲ့ အရူးလို့များ ထင်နေတာလား။"
ချီးတဲ့မှ ... ဒုတိယမင်းသားက ဘယ်လိုလုပ် ဒီလောက်တောင် ဂွကျနေရတာလဲ၊ အရင်တုန်းက ဘာလို့ မသိခဲ့ရတာလဲ။
ဖါးပါး၏ သွားရင်းများပင် အနည်းငယ် ယားယံလာခဲ့၏။ "ဒုတိယမင်းသားက သဘာဝကျကျ အမှားအမှန် ခွဲခြားတတ်တာပေါ့၊ ကျွန်တော်မျိုးက နည်းနည်းပိုပြီး မှာကြားချင်ရုံသတ်သတ်ပါ။ ဖန်ကျန်းရီက ဘာပဲဖြစ်ဖြစ် တာ့ကျင်းက လူလေ။"
အာလီပိုင်က ကျိန်တွယ်ကာ ပြောလိုက်သည်။ "သိပါပြီ နိုင်ငံတော်ဆရာ ... ကျုပ်ရဲ့ မျက်လုံးတွေက ပေတံလိုပဲ၊ ဘယ်လို ထူးဆန်းတဲ့ လှုပ်ရှားမှုမှ ကျုပ်ကို လိမ်လို့မရဘူး၊ ခင်ဗျား စိတ်ပူစရာမလိုဘူး။"
ဖါးပါးက ကျေနပ်စွာ ပြုံးလိုက်၏။ "ဒုတိယမင်းသားက တကယ်ကို ရင့်ကျက်လာပါပြီပဲ၊ ဒါဆိုရင်တော့ ကျွန်တော်မျိုး စိတ်ချပါပြီ ... "