အခန်း ၇၈၇
Vol. 42 Ch. 787
အပိုင်း (၇၈၇) နယ်စပ်မြို့သို့ ဝင်ရောက်လာသော လင်လုံ။
မြင်းလှည်းအချို့သည် လမ်းပေါ်တွင် ကျွီကျွီကျာကျာ မြည်သံများပေးကာ မောင်းနှင်နေကြပြီး အရှေ့ဘက်မှ မြင်းလှည်းနှစ်စီးတွင် ခရီးသည်တင်ခန်းများ ပါရှိကာ အနောက်ဘက်မှ မြင်းလှည်းအချို့မှာမူ ကုန်ပစ္စည်းများ တင်ဆောင်ရန် တာဝန်ယူရသော ကုန်တင်လှည်းများ ဖြစ်ကြသည်။
ဒုတိယမြောက် မြင်းလှည်း၏ ခရီးသည်တင်ခန်းမှ ပြတင်းပေါက်ခန်းဆီးက ရုတ်တရက် ပွင့်ဟသွားပြီး ဒေါသထွက်ချိန်တွင်ဖြစ်စေ၊ ပျော်ရွှင်ချိန်တွင်ဖြစ်စေ ဆွဲဆောင်မှုရှိလှသော ပြုံးရွှင်နေသည့် မျက်နှာလေးတစ်ခု ပေါ်ထွက်လာခဲ့၏။
လင်လုံသည် ပြတင်းပေါက်အပြင်ဘက်ရှိ ရှုခင်းများကို ဝမ်းသာအားရ ငေးကြည့်နေခဲ့သည်။
ဤသည်မှာ သူမ ဘဝတစ်လျှောက်လုံးတွင် အဝေးဆုံး ခရီးသွားဖူးခြင်းဖြစ်ပြီး လမ်းခရီးတွင် အနည်းငယ် ပင်ပန်းသော်လည်း ရှုခင်းများကတော့ မျက်စိပသာဒ ဖြစ်စေလှ၏။
ဖန်ထိုက်မြို့မှ ထွက်ခွာပြီးနောက် အိမ်သို့ အဆင်ပြေချောမွေ့စွာ ပြန်ရောက်ခဲ့ပြီး သုံးရက်ခန့်သာ နားပြီးနောက် မိဘများကို နှုတ်ဆက်ကာ အိမ်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။
နယ်စပ်မြို့သို့ သွားသော ကုန်သည်အဖွဲ့များ မကြာခဏ ရှိသော်လည်း မိဘများ၏ အလုပ်ရှင် မိသားစုက နယ်စပ်မြို့သို့ တစ်ခေါက်သွားရန် ပြင်ဆင်နေပြီး လက်ဖက်ခြောက်စသည့် ကုန်ပစ္စည်းအချို့ကို လဲလှယ်ချင်နေသည် နှင့် ကြုံကြိုက်သွားခဲ့သည်။ သူမက ကိုယ်တိုင်ကိုယ်ကျ လိုက်ပါခွင့် တောင်းဆိုခဲ့ရာ အလုပ်ရှင်ကလည်း သဘောကောင်းသူဖြစ်သဖြင့် ဝမ်းသာအားရ သဘောတူခဲ့၏။
ထို့ကြောင့် လှည်းကို စီးကာ နယ်စပ်မြို့သို့ တောက်လျှောက် သွားရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
မနေ့က မေးကြည့်ခဲ့ရာ မွန်းတည့်ချိန်မတိုင်မီ နိုင်ငံနှစ်နိုင်ငံ ကုန်သွယ်ရာ နယ်စပ်မြို့သို့ ရောက်ရှိနိုင်မည်ဟု ဆို၏။
လင်လုံသည် စိတ်ထဲရှိ စိတ်လှုပ်ရှားမှုများကို အနည်းငယ်မျှပင် မအောင့်အည်းနိုင်တော့ချေ။
နယ်စပ်မြို့တွင် ကျင်းတိုင်းပြည်မှ လူများစွာနှင့် တွေ့ဆုံနိုင်မည်ဖြစ်ပြီး စိတ်ဝင်စားဖွယ်ရာ ကိစ္စများစွာကို ထပ်မံ ကြားရနိုင်မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။
ဤကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားနေသော စိတ်ဖြင့် မွန်းတည့်ချိန်အထိ သွားပြီးနောက်တွင်တော့ မြို့တစ်မြို့က လင်လုံ၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့၏။
"နယ်စပ်မြို့ကို ရောက်ပြီ။"
အလုပ်ရှင်က ရှေ့မှ မြင်းလှည်းပေါ်မှနေ၍ အော်ပြောလိုက်ရာ လင်လုံသည် ကြည်လင်ပြတ်သားသော အသံလေးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
မြို့တံခါးရှေ့သို့ ရောက်ချိန်တွင် ပုံမှန်စစ်ဆေးမှုများ စတင်ခဲ့ပြီး ခရီးဆောင်အိတ်များအကြောင်း အနည်းငယ် မေးမြန်းကာ လမ်းကြေးအနည်းငယ် ပေးဆောင်ပြီးနောက် ချက်ချင်းပင် ဝင်ခွင့်ပြုလိုက်၏။
အလုပ်ရှင်ကို နှုတ်ဆက်ပြီးနောက် လင်လုံသည် ဝမ်းသာအားရ မျက်နှာထားဖြင့် မြို့ထဲတွင် စတင် လည်ပတ်တော့သည်။
ဤနယ်စပ်မြို့က ပြုပြင်မွမ်းမံထားမှုများ မခမ်းနားလှသော်လည်း သွားလာနေသော လူများဖြင့် အလွန်အမင်း စည်ကားလှသည်။ ချမ်းသာရန် အခွင့်အလမ်းများကို ရှာဖွေနေပြီး ပင်ပန်းဆင်းရဲမှုများကို မကြောက်ရွံ့သော ကုန်သည်များစွာ ဤနေရာတွင် စုဝေးနေကြပြီး နှစ်ဖက်စလုံးက အပြန်အလှန် စကားလုံးများဖြင့် အပြိုင်အဆိုင် ပြောဆိုနေကြ၏။
လင်လုံသည် စိတ်ဝင်တစားဖြင့် မြို့တစ်ပတ် လည်ပတ်ခဲ့သော်လည်း စကားပြောဆို မေးမြန်းနိုင်မည့်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့ချေ။
လူတိုင်းက အလျင်စလို သွားလာနေကြပုံရပြီး တစ်ခါတစ်ရံတွင် မရိုးသားသော အကြည့်များဖြင့် လာရောက်ကာ နှောင့်ယှက်ရန် ကြိုးစားသူ အချို့ရှိသော်လည်း သူမက အချိန်မီ ရှောင်လွှဲနိုင်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် နယ်စပ်မြို့တွင် ကင်းလှည့်နေသော စစ်သည်များ အလွန်များပြားပြီး ခဏကြာတိုင်း ကင်းလှည့်တပ်ဖွဲ့ တစ်ဖွဲ့ ရောက်လာတတ်၏။
အသွားအလာရှိသော ကုန်သည်များက ပြဿနာရှာရန် မဝံ့ရဲကြချေ။
လင်လုံက ရုပ်ရည်လှပသော်လည်း လူတိုင်း၏ ရည်ရွယ်ချက်က အလွန် ရှင်းလင်းသည်။ ပင်ပန်းဆင်းရဲခံပြီး လာရခြင်းမှာ ချမ်းသာရန်ဖြစ်ရာ ပြဿနာကို ရှောင်လွှဲနိုင်လျှင် လုံးဝ ရှောင်လွှဲကြမည်သာ ဖြစ်သည်။ မိန်းမဆိုသည်မှာ မည်သည့်နေရာတွင်မဆို တွေ့နိုင်ပြီး ဤအချိန်လေးလောက်နှင့် ဘာမှမကွာခြားသွားချေ။
နှစ်နာရီနီးပါးခန့် လည်ပတ်ပြီးမှသာ လင်လုံသည် စိတ်ကျေနပ်သွားခဲ့၏။
လူအချို့ကို မေးမြန်းစုံစမ်းပြီးနောက် တာ့ကျင်း၏ ရုံးတော်ကို ရှာတွေ့ခဲ့သည်။
နယ်စပ်မြို့တွင် အသွားအလာရှိရာ နိုင်ငံနှစ်နိုင်ငံစလုံးက ဤနေရာတွင် အစိုးရကုန်သည်များ သို့မဟုတ် ပုဂ္ဂလိကကုန်သည်များ၏ ကိစ္စရပ်များနှင့် လုံခြုံရေးကို ဖြေရှင်းရန်အတွက် သီးသန့် ရုံးတော်များကို ဖွင့်လှစ်ထားကြသည်။
ရုံးတော်တံခါးဝသို့ ရောက်ချိန်တွင် လင်လုံသည် တံခါးစောင့်နေသော စစ်သည်ထံသို့ လျှောက်သွားကာ ပြောလိုက်၏။ "အရာရှိမင်း ... ကျွန်မမှာ အရေးကြီးတဲ့ ကိစ္စရှိလို့ ကြီးကြပ်ရေးမှူးကို တွေ့ခွင့်တောင်းချင်ပါတယ်။"
စစ်သည်က လင်လုံကို အထက်အောက် တစ်ချက် အကဲခတ်ကြည့်ပြီးနောက် ပြုံးလိုက်သည်။
ပုံမှန်အားဖြင့် မိန်းကလေးတစ်ယောက်ကို တွေ့ရခဲပြီး ကျင်တိုင်းပြည်မှ မိန်းကလေးက ဒီလောက်တောင် လှပနေတာဆိုတော့ ... အမတ်မင်း ချန်ရဲ့ တိတ်တိတ်ပုန်းများလား။
စစ်သည်က မေးလိုက်၏။ "ခင်ဗျား ကြီးကြပ်ရေးမှူးကို ဘာကိစ္စရှာတာလဲ။ ခင်ဗျား လည်း အသွားအလာရှိတဲ့ ကုန်သည်လား။"
"မဟုတ်ပါဘူး၊ ကျွန်မက ဖန်ထိုက်မြို့ကနေ တာ့ကျင်းကို သွားဖို့ ပြင်ဆင်နေတာပါ။ အမတ်မင်းဖန်က ကျွန်မကို ပြောခဲ့တယ်၊ ဒီနေရာကို ရောက်ရင် ကြီးကြပ်ရေးမှူးကို ရှာပြီး တာ့ကျင်းကို သွားဖို့ ကူညီခိုင်းလို့ရတယ်တဲ့။"
စစ်သည်က သံသယဖြစ်သွား၏။ "အမတ်မင်းဖန် ... ဘယ်အမတ်မင်းဖန်လဲ။"
"အမတ်မင်း ဖန်ကျန်းရီပါ။"
စစ်သည်သည် နှုတ်ခမ်းကို သပ်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်သွားကာ ချက်ချင်းပင် အမူအရာများ ထူးဆန်းလာသည်။
ဖန်ကျန်းရီ ... ကျင်းယီဝေတပ်ဖွဲ့ရဲ့ တပ်မှူးချုပ် မဟုတ်လား။ ဒါက အကြီးဆုံးသော အရာရှိကြီးပဲလေ။
"ခင်ဗျား အထဲဝင်စောင့်နေ၊ ကျုပ်သွားပြီး သတင်းပို့လိုက်အုံးမယ်။"
လင်လုံသည် ရိုးရိုးကုပ်ကုပ်ဖြင့် စစ်သည်နောက်မှ ရုံးတော်အတွင်းသို့ ဝင်သွားပြီးနောက် စစ်သည်က အတွင်းဆောင်ရှိ ရုံးခန်းဆီသို့ ကမန်းကတန်း ပြေးသွားခဲ့၏။
ရုံးခန်းအတွင်း၌ ချန်ခိုင်သည် စားပွဲရှေ့တွင် စိတ်ဝင်တစားဖြင့် စုတ်တံကို ကိုင်ကာ ပန်းချီဆွဲနေသည်။
ရုတ်တရက် စစ်သည်တစ်ယောက်က တံခါးအပြင်ဘက်မှ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။ "အမတ်မင်းချန် ... မိန်းကလေးတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်။"
ချန်ခိုင်၏ လက်တစ်ချက် တုန်သွားပြီး မင်စက်များက ပန်းချီကား၏ အလယ်ဗဟိုသို့ ပြန့်ကျသွားကာ အကွက်များ ဖြစ်သွားတော့သည်။
ချန်ခိုင်သည် ပန်းချီကားကို သိမ်းဆည်းကာ လုံးချေလိုက်ပြီး စိတ်ရှုပ်စွာဖြင့် ဘေးသို့ လွှင့်ပစ်လိုက်၏။ "ဘယ်သူလဲ။ လူတစ်ယောက်ရောက်လာတိုင်း ကျုပ်ကို တွေ့ချင်နေတာပဲ၊ ဘယ်လိုပုံစံမျိုးလဲ။"
"အရမ်းကို လှပပါတယ်။ သူက ပြောသေးတယ် ... "
"မြန်မြန် ခေါ်လာခဲ့။"
တကယ့်မိန်းမကောင်းတစ်ယောက်ကို မမြင်ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ၊ အခု ရုတ်တရက် မိန်းမလှလေးတစ်ယောက် ရောက်လာတာလား။
မိန်းမလှလေးမှာ အခက်အခဲ တစ်ခုခုများ ရှိနေလို့လား ... ကောင်းကင်ဘုံက ချပေးတဲ့ အချစ်ရေး ကံကောင်းမှုများလား။
ချန်ခိုင်သည် ဝမ်းသာအားရ ပြုံးရွှင်သွားပြီး သီချင်းလေး ညည်းကာ စားပွဲကို ရှင်းလင်းလိုက်၏။
"အစ်မလေး ပြုံးရွှင်နေတာကို ကြည့်ရတာ၊ တက်စေ့ပုံ မျက်လုံး၊ မက်မွန်သီးလို ပါးပြင်နဲ့ အလှပဆုံးသူပဲ၊ ဆံပင်မည်းမည်းလေးတွေကို စုစည်းပြီး ထုံးဖွဲ့ထားတာ၊ ကြည်လင်တဲ့ မျက်လုံးတစ်စုံက သလင်းကျောက်လိုပဲ .. "
"အမတ်မင်း ... လူခေါ်လာပါပြီ။"
ချန်ခိုင်သည် မျက်နှာထားကို တည်လိုက်ပြီး တံခါးပေါက်ဆီသို့ ကြည့်လိုက်၏။ "အဟမ်း အဟမ်း…. ကောင်းပြီ။"
လင်လုံက တံခါးဝတွင် လှပကျော့ရှင်းစွာ ရပ်နေပြီး ရေစက်များ ခိုတွဲနေသည့်အလား ကြည်လင်နေသော မျက်လုံးဝိုင်းဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
ချန်ခိုင်၏ နှလုံးသားက ချက်ချင်းပင် အရည်ပျော်သွားတော့၏။
နူးညံ့သောအသံဖြင့် ပြောလိုက်သည်။ "မိန်းကလေး ဝင်ခဲ့ပါ။"
လင်လုံသည် ကြာပန်းကဲ့သို့ ဖွေးနုသော ခြေလှမ်းများကို လှမ်းကာ ရုံးခန်းအတွင်းသို့ ဝင်လာပြီး ဒူးညွှတ်ကာ အရိုအသေပေးရန် ပြင်လိုက်၏။
ချန်ခိုင်က ကမန်းကတန်း ရှေ့တိုးသွားပြီး လင်လုံကို တွဲကူလိုက်ရာ ဤတစ်ကြိမ်တွင်တော့ မွှေးကြိုင်သော ရနံ့များ နှာခေါင်းထဲသို့ အပြည့်အဝ ဝင်ရောက်လာသည်ဟုသာ ခံစားလိုက်ရပြီး အမူအရာများကလည်း အနည်းငယ် ပို၍ နူးညံ့သွားခဲ့သည်။
"မိန်းကလေး ဒီလောက်ကြီး အရိုအသေပေးစရာ မလိုပါဘူး၊ ကျုပ်က အဲဒီလို ရိုးရာဓလေ့တွေကို သိပ်သဘောမကျဘူး။"
လင်လုံသည် အသံတိုးတိုးဖြင့် တုံ့ပြန်လိုက်ပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ အလွန်အမင်း ဝမ်းသာသွားခဲ့၏ ... ဒါက အရမ်းကို ယဉ်ကျေးလွန်းနေပြီ၊ တာ့ကျင်းက အမျိုးသားတွေက တကယ်ပဲ အမတ်မင်း ဖန် ပြောတဲ့အတိုင်းပဲကိုး။
ချန်ခိုင်သည် လက်ကို ပွတ်သပ်ရင်း မေးလိုက်သည်။ "မိန်းကလေးရဲ့ နာမည်ကို မေးခွင့်ပြုပါ။"
လင်လုံသည် ခဏရပ်သွားပြီး ဖြည့်စွက်ပြောလိုက်၏။ "လင်လုံ၊ ကျောက်လင်လုံပါ။"
ချန်ခိုင်က အဆက်မပြတ် ချီးမွမ်းလိုက်ပြီး ထပ်မေးလိုက်သည်။ "ကောင်းတဲ့ နာမည်လေးပဲ။ တကယ်ကို ကောင်းတဲ့ နာမည်လေးပဲ။ ကျုပ်ကြည့်ရတာ မိန်းကလေးက ကျင်တိုင်းပြည်က လူပဲ၊ ကျုပ်တို့ တာ့ကျင်းရဲ့ ဘာသာစကားကို ဒီလောက်ကျွမ်းကျင်ပြီး ဒီလောက်ချောမွေ့အောင် ပြောနိုင်မယ်လို့ မထင်ထားဘူး၊ တကယ်ကို ဉာဏ်ကောင်းလွန်းလှပါတယ်။"
လင်လုံက ပြန်ပြောလိုက်၏။ "အမတ်မင်း က အလွန်အကျွံ ချီးမွမ်းနေပါပြီ၊ လင်လုံက ကျင်းတိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို လေးစားအားကျနေတာ ကြာပြီဖြစ်လို့ နည်းနည်းပိုပြီး လေ့လာဖြစ်သွားရုံပါ။"
ချန်ခိုင် အလွန် ဝမ်းသာသွားသည်။
တာ့ကျင်းရဲ့ ယဉ်ကျေးမှုကို လေးစားအားကျတယ်တဲ့လား။ အဲဒါလည်း ကြာပြီတဲ့လား။
ကျုပ်က ဟန်လင်ကနေ ဆင်းသက်လာတာလေ၊ ခင်ဗျား နဲ့ ကစားရမှာကလည်း ယဉ်ကျေးမှုပဲ။ မိန်းမလှလေးမှာ ဘာတောင်းဆိုစရာ ရှိနေလဲ မသိပေမဲံ ကျုပ်လို စစ်ဆေးရေးအရာရှိ တစ်ယောက်အတွက် ဒီလိုနယ်စပ်မြို့လေးမှာ ဖြေရှင်းလို့ မရနိုင်တာ ဘာရှိလို့လဲ။
ဒီမိန်းမလှလေးက အိမ်အရောက်လာတာဆိုတော့ ကောင်းကင်က ပေးတဲ့ ဖူးစာပဲလေ ... သူက ကျုပ်ကိုတောင် ပြုံးပြနေသေးတယ်။
ချန်ခိုင်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် လက်နောက်ပစ်ကာ ခေါင်းကိုမော့လျက် ရုံးခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ပါးစပ်မှ တည်ငြိမ်စွာ ပြောလိုက်၏။ "ကျုပ်တို့ တာ့ကျင်းရဲ့ ယဉ်ကျေးမှုက တကယ်ကို ကျယ်ပြန့်နက်ရှိုင်းလှပါတယ်။ ကျုပ်က ရှစ်နှစ်အရွယ်ကတည်းက အချမ်းဒဏ်ကို ကြံ့ကြံ့ခံပြီး ပညာသင်ကြားခဲ့တာ၊ လေမိုးတွေထဲမှာတောင် မရပ်နားခဲ့ဘူး၊ အရင်တုန်းကဆိုရင် ... "
ချန်ခိုင်သည် လူအိုကြီးတို့၏ ကြွားလုံးထုတ်သည့် ပုံစံသို့ ရောက်ရှိသွားပြီး မိတ်လိုက်ချိန်ရောက်နေသော ငှက်တစ်ကောင်က ဆန့်ကျင်ဘက် လိင်ရှေ့တွင် ရူးသွပ်စွာ ဖျော်ဖြေပြနေသည့်အလားပင်။
ရှစ်နှစ်အရွယ်ကတည်းက ကြိုးစားပမ်းစား ပညာသင်ကြားခဲ့ရပုံမှစ၍ နိုင်ငံတော်အဆင့် စာမေးပွဲတွင် သွေးထွက်သံယို ယှဉ်ပြိုင်ခဲ့ရပုံနှင့် ဒေသတွင်း နိုင်ငံရေး အောင်မြင်မှုများအကြောင်းကို တစ်ခုပြီးတစ်ခု ပြောပြလာတော့သည်။
လင်လုံသည် စိတ်ထဲတွင် သံသယဖြစ်သွားသော်လည်း သူ၏ ကြွားလုံးထုတ်မှုများကို တိတ်တဆိတ်သာ နားထောင်နေရ၏။
အကြမ်းဖျင်းအားဖြင့် ... ကျင်းတိုင်းပြည်က အရာရှိတွေက ဒီလိုပဲ နေမှာပါ၊ တကယ်ကို စကားပြောကောင်းတာပဲ။
"စာသင်ရတဲ့ လုပ်ငန်းစဉ်က ပင်ပန်းပေမဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ကိစ္စတွေလည်း မလိုပါဘူး။ ကျုပ်က ကဗျာလင်္ကာတွေကို သဘောကျတဲ့အပြင် ပန်းချီဆွဲတာကိုလည်း ပိုပြီး သဘောကျတယ်။"
"ပန်းချီအကြောင်း ပြောရရင် ကျုပ်ရဲ့ ကျွမ်းကျင်မှုက ... "
သူက နောက်တစ်ကြိမ် ကြွားလုံးထုတ်တော့မည်ကို မြင်လိုက်ရချိန်တွင် လင်လုံလည်း အနည်းငယ် သည်းမခံနိုင်တော့ဘဲ အသံတိုးတိုးဖြင့် ပြောလိုက်၏။ "အမတ်မင်း ... ကျွန်မ ဒီတစ်ခေါက် အမတ်မင်းကို လာတွေ့ရတာ တကယ်တော့ ကိစ္စတစ်ခု ရှိလို့ပါ ... "
ချန်ခိုင်သည် မူလနေရာတွင် ပြန်ထိုင်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ အလွန် လွတ်လပ်ပေါ့ပါးသော အမူအရာဖြင့် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဖော်ပြလျက် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။ "သေချာတာပေါ့၊ မင်း ကျုပ်ကို လာရှာတာက သေချာပေါက် ပြဿနာ တစ်ခုခု ကြုံတွေ့နေရလို့ပဲ ဖြစ်ရမယ်။ "
"မိန်းကလေး ... မင်း စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။ အမှန်အတိုင်း ပြောရရင် ဒီနေရာလေးမှာ ကျုပ် ကို မျက်နှာသာပေးတဲ့သူတွေ ရှိသေးတာမို့လို့၊ မင်းရဲ့ ဘယ်လို ပြဿနာမျိုးကိုမဆို ကျုပ် အပြည့်အဝ ဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါတယ်။"
ကျုပ်က ဒီလောက် အရည်အချင်းရှိပြီး စွမ်းအင်တွေ ပြည့်ဝနေတာ၊ မင်းကို ရူးသွပ်သွားအောင် မဆွဲဆောင်နိုင်ဘူးတဲ့လား။
လင်လုံက အံ့ဩဝမ်းသာစွာဖြင့် ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် အမတ်မင်း ။ အမတ်မင်း က ဒီလောက် သဘောကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး။ အစတုန်းက အမတ်မင်း ဖန် ကျွန်မကို ပြောတုန်းက အမတ်မင်း က ခါးဆွဲပြားကို ကြည့်ပြီးမှ ကျွန်မကို ကူညီနိုင်မယ်လို့ ပြောခဲ့တာ။"
ချန်ခိုင်၏ အမူအရာက တန့်သွားသည်။ "ဟမ် ... ဘာအမတ်မင်း ဖန်လဲ၊ ဘာခါးဆွဲပြားလဲ။"
လင်လုံက ပြောရင်း ခါးမှ ခါးဆွဲပြားကို ဖြုတ်ကာ ချန်ခိုင်ထံသို့ ကမ်းပေးလိုက်၏။ "အမတ်မင်း ဖန်ကျန်းရီပါ။ ဒီခါးဆွဲပြားကို သုံးရင် အမတ်မင်း က ကျွန်မကို ကျင်းတိုင်းပြည်ကိုသွားမယ့် ကုန်သည်အဖွဲ့နောက် လိုက်သွားဖို့ စီစဉ်ပေးနိုင်တယ်လို့ ပြောပါတယ်။"
ဖန်ကျန်းရီဟု ကြားလိုက်ရချိန်တွင် ချန်ခိုင်၏ မျက်နှာထားက အနည်းငယ် လေးနက်သွားခဲ့သည်။
ခါးဆွဲပြား လက်ထဲသို့ ရောက်ရှိသွားသည့် တစ်ခဏမှာပင် ချန်ခိုင်၏ မျက်နှာက ရူးသွပ်မတတ် ပြောင်းလဲသွားတော့၏။
ချက်ချင်းပင် စားပွဲကို ပုတ်ကာ ထရပ်ပြီး ဟစ်အော်လိုက်သည်။ "လူလာကြစမ်း။ သူ့ကို ထောင်ထဲ ဖမ်းထည့်လိုက်ကြ။"