အခန်း ၇၈၉
Vol. 42 Ch. 789
အပိုင်း (၇၈၉) မြို့တော်သို့ ရောက်ရှိခြင်းနှင့် လျှို့ဝှက်စာကို ဖော်ထုတ်ခြင်း။
နယ်စပ်မြို့မှ မြို့တော်သို့ သွားသော မြင်းလှည်းအဖွဲ့၏ အမြန်နှုန်းက အလွန် မြန်ဆန်လှပြီး ချန်ခိုင်၏ တိတ်တဆိတ် တွန်းအားပေးမှုကြောင့် နေ့ရောညပါ ခရီးနှင်နေသည်ဟုပင် ဆိုနိုင်သည်။
လမ်းတစ်လျှောက်ရှိ မြို့ရွာများတွင် နားနေသင့်သော်လည်း မရှိမဖြစ် လိုအပ်သော ပစ္စည်းအချို့ကို ဖြည့်တင်းခြင်းမှလွဲ၍ လုံးဝ မရပ်နားခဲ့ချေ။ ခရီးစဉ်က များစွာ တိုတောင်းသွားပြီး သူတို့အဖွဲ့သည် မြို့တော်သို့ နီးကပ်လာပြီ ဖြစ်သည်။ ချန်ခိုင်၏ စိတ်အခြေအနေကလည်း အလွန်အမင်း တင်းမာနေခဲ့၏။
ဤကိစ္စက သူ၏ အနာဂတ်နှင့် သက်ဆိုင်နေသဖြင့် လုံးဝ ပေါ့ပေါ့ဆဆ လုပ်၍မရချေ။ တစ်ခါတစ်ရံတွင် လင်လုံ၏ မြင်းလှည်းထဲသို့ ဝင်ထိုင်ကာ ထပ်မံ၍ စုံစမ်းမေးမြန်းမှုများ ပြုလုပ်လေ့ရှိသည်။
တစ်ဆက်တည်းမှာပင် စိုးရိမ်ပူပန်မှုများကို အနည်းငယ် ပြေလျော့စေရန်လည်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မြင်းလှည်းအဖွဲ့ထဲတွင် ဤအမျိုးသမီး တစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလား။
ယခုအချိန်တွင် လင်လုံသည် သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး ပြတင်းပေါက်ကို မှီကာ အပြင်ဘက်ရှိ ရှုခင်းများကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရင်း စိတ်လှုပ်ရှားစွာ မေးလိုက်၏။ "အမတ်မင်း ချန် ... ကျွန်မတို့ ဒီနေ့ ရောက်နိုင်တယ် မဟုတ်လား။"
ချန်ခိုင်သည် ပင်ပန်းနွမ်းနယ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး မတတ်နိုင်စွာ ပြောလိုက်သည်။ "လင်လုံ မိန်းကလေး ... မင်း မေးတာ သုံးခါရှိနေပြီ၊ မကြာခင်မှာ ကျုပ်တို့ မြို့တော်ကို ရောက်တော့မှာပါ။"
"မြို့ထဲရောက်တာနဲ့ ကျုပ်က မင်းကို ပန်းရှန်းသတင်းစာတိုက်ကို အရင်ခေါ်သွားမယ်၊ ပြီးရင် မင်း ဘယ်နေရာကို သွားလည်ချင်လဲ၊ ကျုပ် လူလွှတ်ပြီး စီစဉ်ပေးပါ့မယ်။ မင်းက နေရာဒေသနဲ့ မရင်းနှီးသေးတော့ လမ်းမှားသွားမှာ စိုးလို့ပါ။"
မြို့တော်ထဲ ဝင်သွားတာနဲ့ ကိစ္စကြီး အောင်မြင်ပြီပဲ။
ချန်ခိုင်၏ စိတ်ထဲတွင်လည်း အနည်းငယ် ပေါ့ပါးသွားပြီး ပြတင်းပေါက်ခန်းဆီးကို ဆွဲဖွင့်ကာ တိတ်တဆိတ် စိတ်လှုပ်ရှားနေခဲ့၏။
မြင်းလှည်းအဖွဲ့သည် နောက်ထပ် နှစ်နာရီခန့် ခရီးနှင်ပြီးနောက်တွင်တော့ ကြီးမားခမ်းနားလှသော မြို့တော်ကြီး တစ်ခုက လင်လုံ၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ချန်ခိုင်သည် မြင်းလှည်းပေါ်မှ ဆင်းကာ လူများကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်၍ မြို့ထဲသို့ ဝင်ရောက်လာခဲ့၏။
ထို့နောက် စကားအပို ပြောမနေတော့ဘဲ စစ်သည်အချို့ကို ခေါ်ဆောင်ကာ လင်လုံ၏ မြင်းလှည်းကို မောင်းနှင်လျက် ပန်းရှန်းသတင်းစာတိုက်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
ဤအချိန်တွင် ပန်းရှန်းသတင်းစာတိုက်အတွင်း၌ အလုပ်များ ရှုပ်ထွေးနေကြ၏။
ပွင့်လင်းသော ရုံးခန်းနေရာတွင် တောင်ကုန်းငယ်လေးများအလား ပုံနေသော စာမူများကို နေရာတိုင်းတွင် မြင်တွေ့နိုင်ပြီး သတင်းထောက်အချို့က စိုးရိမ်တကြီး မျက်နှာထားများဖြင့် အပြန်အလှန် လမ်းလျှောက် သွားလာ၍ တက်ကြွစွာ ဆက်သွယ်ပြောဆိုနေကြသည်။
ရှဲ့ရှန်းသည် သူ၏ သီးသန့် ရုံးခန်းအတွင်း၌ ထိုင်ကာ စာမူများကို စစ်ဆေးဖတ်ရှုနေပြီး ဘေးတွင် လက်ထောက်တစ်ဦးလည်း ရှိနေ၏။
လက်ထောက်က စာရွက်စာတမ်းများကို အာရုံစိုက် လုပ်ဆောင်နေရာမှ ရုတ်တရက် ခေါင်းမော့ကာ ပြုံးလျက် ပြောလိုက်သည်။ "စာတည်းချုပ် ... ဒီမှာ ကျုပ်တို့ သတင်းထောက်တစ်ယောက် ရေးထားတဲ့ အကြံပြုချက်တစ်ခု ရှိတယ်။ သတင်းစာ အရောင်းရဆုံးဖြစ်အောင် လုပ်ဖို့အတွက် အတွင်းထဲမှာ ကဏ္ဍတစ်ခု သီးသန့်ဖွင့်ပြီး ဝတ္ထုရှည်တွေကို အခန်းဆက် ဖော်ပြသင့်တယ်တဲ့။ ဒီနည်းလမ်းက ဖြစ်နိုင်ခြေရှိတယ်လို့ ကျုပ် ထင်တယ်၊ သူက စာမူတောင် တင်ထားသေးတယ်။"
ရှဲ့ရှန်းက ခေါင်းမော့၍ ပြုံးလျက် မေးလိုက်၏။ "အို ... ဒီအကြံဉာဏ်က စိတ်ဝင်စားစရာပဲ၊ ဘာအကြောင်းရေးထားတာလဲ။"
လက်ထောက်က ဖြေလိုက်သည်။ "လူ့လောကအကြောင်း ရေးထားတဲ့ ဝတ္ထုပါ။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဆင်းရဲနွမ်းပါးတဲ့ စာပေပညာရှင်တစ်ယောက်က အိပ်မက်ထဲမှာ နတ်မင်းတစ်ပါးရဲ့ လမ်းညွှန်မှုကို ရရှိပြီး အနာဂတ်ကာလကို ကြိုတင်မြင်တွေ့ခဲ့ရတယ်။ အဲဒီနောက်မှာ ပထမဆုရ ကျွမ်းယွမ်ထီ အစောင်နှစ်ဆယ် ဝယ်ပြီး ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ရရှိသွားတယ်။ နောက်ဆုံးမှာ အဲဒီစည်းစိမ်ဥစ္စာတွေကို သုံးပြီး မြင့်မားတဲ့ ရာထူးနေရာတွေကို ရရှိသွားတယ်ဆိုတဲ့ အကြောင်းပါ။"
ရှဲ့ရှန်းက ဆွံ့အကာ ရယ်မောလိုက်၏။ "ဟဲဟဲ၊ အဲဒါက ထူးဆန်းထွေလာ ဝတ္ထုပဲ ဖြစ်မှာပါ။ သတင်းစာပေါ်မှာ အဲဒါကို ဖော်ပြပြီး ဘာလုပ်မှာလဲ၊ သိပ်အသုံးဝင်မယ်လို့ မထင်ပါဘူး။"
နတ်မင်းက အိပ်မက်ထဲမှာ လမ်းညွှန်တယ်ဆိုတာ ထားလိုက်ပါဦး၊ နတ်မင်း ကိုယ်တိုင် ကျွမ်းယွမ်ထီကို လာဝယ်ရင်တောင် …. မှတ်ဉာဏ်တွေနဲ့ ပြန်ဝင်စားလာတဲ့ နတ်မင်းတောင် ပထမဆုကို ဝယ်နိုင်မှာ မဟုတ်ဘူး။ သခင်လေးဖန် လုပ်ထားတဲ့ ပထမဆုကို ဘယ်နတ်မင်းကများ ဝယ်နိုင်မှာလဲ … ဟမ့်..။
ဒီပုံပြင်က တော်တော်လေးကို စိတ်ကူးယဉ်ဆန်လွန်းတယ်။
လက်ထောက်က ခေါင်းခါကာ ပြောလိုက်၏။ "မဟုတ်ဘူး၊ ယုတ္တိရှိတယ်လို့ ကျုပ် ထင်တယ်။ တကယ်လို့ စာမူထဲမှာ ကြော်ငြာတွေ ညှပ်ထည့်လိုက်ရင်၊ စာဖတ်သူတွေက စိတ်ဝင်တစား ဖတ်နေချိန်မှာ အလယ်က ကြော်ငြာကို သူတို့ ကြည့်ချင်ချင်၊ မကြည့်ချင်ချင် ကြည့်ရမှာပဲ။ အဲဒီလိုဆိုရင် သတင်းစာတိုက်ရဲ့ ကြော်ငြာဝင်ငွေတွေ တက်လာမှာ မဟုတ်ဘူးလား။
ဒါအပြင် ကျုပ်တို့က ကြော်ငြာမပါတဲ့ သတင်းစာတစ်စောင်ကို ထပ်ထုတ်ပြီး ဈေးကြီးကြီးနဲ့ ရောင်းသင့်တယ်။ လူတိုင်း ကိုယ်လိုချင်တာကို ကိုယ်တိုင် ရွေးချယ်ဝယ်ယူနိုင်အောင်လို့ပါ။"
ရှဲ့ရှန်းက ရေရွတ်လိုက်၏။ "ချီး ... မင်းရဲ့ အကြံဉာဏ်က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသားပဲ၊ ကျုပ် စဉ်းစားကြည့်လိုက်အုံးမယ်။"
"စာတည်းချုပ် ... လူတစ်ယောက် လာရှာပါတယ်။" ထိုအချိန်မှာပင် သတင်းထောက်တစ်ဦးက ရှဲ့ရှန်း၏ အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ထိုနောက်မှ ချန်ခိုင်က လင်လုံကို ဆွဲခေါ်ကာ အထဲသို့ ဝင်လာခဲ့သည်။
သတင်းထောက်က အတင်းတားဆီးလိုက်၏။ "ဟေး ... ခဏစောင့်အုံး၊ ဝင်လို့မရသေးဘူး။"
ရှဲ့ရှန်း သတိမဝင်လာသေးခင်မှာပင် ချန်ခိုင်က တိုက်ရိုက်ပင် ပြောလိုက်သည်။ "ကျုပ်က ကျင်းတိုင်းပြည်နဲ့ ကုန်သွယ်တဲ့ နယ်စပ်မြို့ရဲ့ စစ်ဆေးရေးအရာရှိ ချန်ခိုင်ပဲ။ ခင်ဗျား က ရှဲ့ရှန်းဆိုတာလား။"
ရှဲ့ရှန်းသည် ဝေခွဲမရဖြစ်စွာဖြင့် ထရပ်လိုက်ပြီး လက်ကို ယှက်ကာ အရိုအသေပေးလိုက်၏။ "အမတ်မင်း ချန် ... ဒါက ဘယ်လိုဖြစ်လို့ ... "
ချန်ခိုင်က ပြောလိုက်သည်။ "တံခါး ပိတ်ပေးပါ၊ ကျုပ် ခင်ဗျား နဲ့ သေချာဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စရှိတယ်။"
ချန်ခိုင် စကားပြောနေစဉ်မှာပင် တံခါးအပြင်ဘက်၌ ပွက်လောရိုက်သွားပြီး သတင်းထောက်များစွာ၏ အသံကျယ်ကျယ်ဖြင့် ဆူပူကြိမ်းမောင်းသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။
ရှဲ့ရှန်းက ခေါင်းကိုစောင်း၍ ကြည့်လိုက်ရာ သူစိမ်း ဆယ်ဂဏန်းခန့်က သတင်းစာတိုက်အတွင်းသို့ ကျူးကျော်ဝ င်ရောက်လာကြပြီး တံခါးဝတွင် စောင့်ကြပ်ကာ ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
ချန်ခိုင်ကို သေသေချာချာ ထပ်မံ အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် မကောင်းဆိုးဝါး ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ ရှဲ့ရှန်းသည် သတိထား၍ ခေါင်းညိတ်လိုက်ပြီး စားပွဲအောက်ရှိ အံဆွဲကို အသံမထွက်စေဘဲ တိတ်တဆိတ် ဆွဲဖွင့်လိုက်၏။
ထို့နောက် အပြင်ဘက်သို့ အသံကျယ်ကျယ်ဖြင့် မှာကြားလိုက်ပြီး အခြားသူများကို အခန်းထဲမှ ထွက်သွားရန် အမိန့်ပေးလိုက်သည်။
လက်ထောက် ထွက်သွားပြီးနောက် အခန်းအတွင်း၌ ရှဲ့ရှန်း၊ ချန်ခိုင်နှင့် လင်လုံ သုံးယောက်သာ ကျန်ရှိတော့၏။
လင်လုံလည်း ဤအခြေအနေကြောင့် အနည်းငယ် ဘာလုပ်ရမှန်း မသိဖြစ်သွားပြီး ချန်ခိုင်ကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။
ရှဲ့ရှန်းက ပြောရင်း အံဆွဲထဲသို့ လက်နှိုက်လိုက်ရာ ၎င်းအတွင်း၌ ဖွေးသန့်နေသော ဓားမြှောင်တစ်လက် ရှိနေသည်။ "ဒီက အမတ်မင်း ချန် ... ခင်ဗျားရဲ့ အဆင့်အတန်းကို ကျုပ် အတည်မပြုရသေးဘူး။ ခင်ဗျားက နယ်စပ်မြို့ရဲ့ စစ်ဆေးရေးအရာရှိလို့ ပြောတယ်၊ ဒါပေမဲ့ဘာလို့ မြို့တော်မှာ ရောက်နေတာလဲ။"
သတင်းစာတိုက် ဆိုသောနေရာက အရပ်သားသတင်းများကို မကြာခဏ ဖော်ပြလေ့ရှိရာ အရူးတစ်ချို့ ရောက်လာပြီး ပြဿနာရှာခြင်း သို့မဟုတ် တရားမျှတမှု တောင်းဆိုခြင်းများကို ရှောင်လွှဲ၍ မရနိုင်ချေ။
ဤကိုယ်ပိုင်ကာကွယ်ရေး ပစ္စည်းကို သူ အမြဲတမ်း အဆင်သင့် ဆောင်ထားလေ့ရှိ၏။
ခဏနေရင် ဒီလူစုနဲ့ ဝင်လာတဲ့ ကောင်က မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေမယ်ဆိုရင် အရင်ဆုံး ဓားနဲ့ တစ်ချက် ထိုးလိုက်မယ်၊ ပြီးရင် ဓားစာခံလုပ်ပြီး လမ်းပေါ်ထွက် ကျင်းယီဝေတပ်ဖွဲ့ကို သွားရှာမယ် ...
ချန်ခိုင်သည် ချက်ချင်း မည်သို့ ရှင်းပြရမည်ကို မသိတော့သဖြင့် နောက်သို့ တစ်လှမ်းဆုတ်ကာ လင်လုံကို ရှေ့သို့ ထွက်စေလိုက်၏။ "ဒီမိန်းကလေး နာမည်က ကျောက်လင်လုံလို့ ခေါ်တယ်။ ကျင်းတိုင်းပြည်ကနေ ရောက်လာတာ၊ အမတ်မင်း ဖန်ကျန်းရီက သူ့ကို တာ့ကျင်းကို လာလည်ဖို့ ခိုင်းလိုက်တာပါ။ ပြီးတော့ ခင်ဗျား ဆီကို လက်ဆောင်တချို့ ပေးခိုင်းလိုက်တယ်။"
(တာ့ကျင်းနဲ့ ကျင်းတိုင်းပြည်ဆိုပြီး နာမည်တွေရှုပ်နေသောကြောင့် ကျင်းတိုင်းပြည်ကို ရွှေတိုင်းပြည် လို့ပြောင်းလဲ ပြန်ဆိုပါမယ်ခင်ဗျာ။ - ဘာသာပြန်သူ)
လင်လုံက အသံတိုးတိုးဖြင့် ဖြည့်စွက်ပြောလိုက်သည်။ "အမတ်မင်းဖန် မဟုတ်ပါဘူး၊ အမတ်မင်းဖန်ရဲ့ သူငယ်ချင်း ချူချင်ဟန်ပါ။"
ချန်ခိုင်က ပြောလိုက်၏။ "လင်လုံ မိန်းကလေး ... မင်း အရင်ဆုံး ပစ္စည်းတွေကို သူ့ကို ပေးလိုက်ပါ။ ပြီးရင် ကျုပ်က မင်း အတွက် နေစရာ နေရာ စီစဉ်ပေးမယ်။ ဘာပဲဖြစ်ဖြစ် မင်းက နိုင်ငံခြားသားဆိုတော့ ကျုပ်ကပဲ စီစဉ်ပေးတာ ပိုကောင်းပါတယ်။"
လင်လုံသည် ခေါင်းညိတ်လိုက်ပြီး ရှဲ့ရှန်းထံသို့ အထုပ်ကို ကမ်းပေးလိုက်သည်။
ဘယ်လိုလုပ်ပြီး သခင်လေးနဲ့ ပတ်သက်နေရတာလဲ။
ရှဲ့ရှန်းသည် စိတ်ထဲတွင် ဝေခွဲမရဖြစ်နေဆဲဖြစ်ပြီး သူမကို သတိထားကြည့်ကာ လက်တစ်ဖက်ဖြင့် အထုပ်ကို ယူ၍ အကြမ်းဖျင်း နှစ်ခေါက်ခန့် လှန်ကြည့်လိုက်၏။
ချန်ခိုင်က မြင်သောအခါ ပြောလိုက်သည်။ "လက်ကိုင်ပဝါ၊ သခင်မလေးချူ ပေးလိုက်တဲ့ လက်ကိုင်ပဝါ မပေးရသေးဘူးလေ။"
လင်လုံက ထပ်၍ လက်ကိုင်ပဝါကို ကမ်းပေးလိုက်၏။ "ဪ ... ဟုတ်သားပဲ။"
လက်ကိုင်ပဝါကို လက်ခံရရှိလိုက်သည်နှင့် ၎င်းအပေါ်ရှိ ရှုပ်ထွေးလှသော ပန်းပုလက်ရာများကို မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသဖြင့် ရှဲ့ရှန်း၏ သူငယ်အိမ်က ချက်ချင်း ကျုံ့သွားခဲ့သည်။
မမှားနိုင်ဘူး။ ဒါက သေချာပေါက် သခင်လေး ပို့လိုက်တဲ့ သတင်းပဲ၊ ဒါက ... ပင်ယင်းစာလုံးတွေ။ တောက်ယွမ်ခရိုင်က လူတွေကလွဲပြီး ဘယ်သူမှ ဒါကို နားမလည်နိုင်ဘူး။
ပြီးတော့ ပန်းပုလက်ရာတွေထဲမှာ ဒီလောက်များပြားတဲ့ စာလုံးတွေကို ဖုံးကွယ်ထားတာဆိုတော့၊ သေချာပေါက် အရေးကြီးတဲ့ သတင်းကြီးပဲ ဖြစ်ရမယ်။
ကျင်းတိုင်းပြည်မှာ ဒုက္ခရောက်နေလို့ ပုံမှန်အတိုင်း သတင်းမပို့နိုင်တော့တာများလား။
သူ၏ အမူအရာ မမှန်သည်ကို ချန်ခိုင် မြင်လိုက်ရသောအခါ စိတ်ထဲတွင် ဝမ်းသာသွားပြီး စိုးရိမ်တကြီး မေးလိုက်၏။ "အသုံးဝင်တဲ့ အရာလား။ ချူချင်ဟန် ဆိုတာ တကယ်တော့ ဘယ်သူလဲ။"
ရှဲ့ရှန်းသည် ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက်ဖြင့် ပြောလိုက်သည်။ "ဟုတ်တယ် ... အသုံးဝင်တဲ့ အရာပါ။ ခဏလောက် စောင့်ပါအုံး … ကျုပ် သိပ်မမှတ်မိတော့ဘူး ... ချူချင်ဟန်ကို ကျုပ် သိတယ်၊ သိပ်မရင်းနှီးပါဘူး။"
အသုံးဝင်တယ်တဲ့လား။
ချန်ခိုင်သည် ထိုနေရာတွင် ရပ်နေရင်း မျက်နှာပေါ်၌ ရူးသွပ်နေသူတစ်ဦး၏ အပြုံးမျိုး ပေါ်ထွက်လာပြီး တိမ်တိုက်များပေါ်သို့ ရောက်ရှိသွားသလို ခံစားလိုက်ရ၏။
အောင်မြင်ပြီ။ သခင်ကြီး အောင်မြင်ပြီဟေ့။
ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ၊ ဘယ်လောက်တောင် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကံစမ်းမှုကြီးလဲ။
ဒီလမ်းတစ်လျှောက်လုံးက ပင်ပန်းဆင်းရဲခံရတာတွေ အကုန်လုံး တန်သွားပြီ။ နောက်ပိုင်း အပြင်မှာ လှည့်လည်သွားလာနေစရာ မလိုတော့ဘူး၊ နံစော်နေတဲ့ ကုန်သည်အုပ်စုတွေနဲ့ ဆက်ဆံစရာ မလိုတော့ဘူး ...
မြို့တော်က မိန်းမလှလေးတွေ၊ အရသာရှိတဲ့ အစားအစာတွေက ငါ့ကို လက်ယပ်ခေါ်နေပြီ။
သူ၏ စိတ်ထဲတွင် ပျော်ရွှင်နေသော်လည်း ဘေးရှိ လင်လုံကမူ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။
သူမက မည်မျှပင် တုံးအပါစေ ဤအချိန်တွင်တော့ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ရှဲ့ရှန်း၏ အမူအရာက ချူချင်ဟန်နှင့် လုံးဝ မရင်းနှီးသည်မှာ ထင်ရှားနေ၏။
ဒါဆိုရင် လက်ကိုင်ပဝါကို ဘာလို့ အတင်းပေးခိုင်းရတာလဲ ... ကိုယ်တိုင် လိမ်ခံလိုက်ရတာလား။
ငါ အသက်ရှင်ခွင့် ရှိသေးရဲ့လား။ ဒီမှာပဲ သေရတော့မှာလား ...
တွေးလေ ပိုကြောက်လေဖြစ်လာပြီး လင်လုံသည် ကြောက်ရွံ့စွာဖြင့် တုန်ယင်လာကာ မျက်ဝန်းထဲတွင် တဖြည်းဖြည်း စိုစွတ်လာပြီး နံရံထောင့်ဆီသို့ မနေနိုင်ဘဲ ကျုံ့ဝင်သွားခဲ့သည်။
ရှဲ့ရှန်းသည် မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လျက် လက်ကိုင်ပဝါပေါ်ရှိ ပုံစံများကို ကြည့်ကာ ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေဆဲ ဖြစ်၏။
ချန်ခိုင်သည် မနေနိုင်တော့ဘဲ အနားသို့ကပ်၍ နားထောင်လိုက်သည်။ ဤအထဲရှိ အကြောင်းအရာများက အရေးကြီးလေလေ၊ သူ့အတွက် ပို၍ အကျိုးရှိလေလေ မဟုတ်ပါလား။
သို့သော် ဤကဲ့သို့ အနားသို့ ကပ်သွားလိုက်ချိန်တွင် ချန်ခိုင်သည် ချက်ချင်းပင် စဉ်းစားခန်း ဝင်သွားတော့၏။
ရှဲ့ရှန်း အသံတိုးတိုးဖြင့် ရေရွတ်နေသည်ကို ကြားလိုက်ရသည်။ "အာ၊ အို၊ အီး၊ အူး၊ ... ရှီး .. အိုင်။ ဘာပါလိမ့် ... ကျစ်။"
ချန်ခိုင်က အလောတကြီး မေးလိုက်၏။ "ခင်ဗျား နားလည်လို့လား။"