← Chapters

အခန်း ၇၉၂

Vol. 42 Ch. 792

အခန်း ၇၉၂

Vol. 42 Ch. 792

အပိုင်း (၇၉၂) ဧကရာဇ်မင်းမြတ်၏ ဒေါသပေါက်ကွဲမှု။

အရှင်မင်းကြီး၏ အတွေးများ ခဏမျှ တန့်သွားပြီး လီယန်စုန့်ကို ကြည့်လိုက်၏။

လီယန်စုန့်က စကားကို ဆက်၍ ပြောလိုက်သည်။ "ဒီစည်းမျဉ်းကို အမတ်မင်း ဖန် ကိုယ်တိုင် ချမှတ်ခဲ့တာလို့လည်း ကျွန်တော်မျိုး ကြားဖူးပါတယ်။ တရားခံကို မဖမ်းဆီးခင်မှာ သတိပေးချက်ကို ဖတ်ပြရမယ်၊ ဖန်ကျန်းရီရဲ့ သတိပေးချက်လို့ ခေါ်တယ်၊ ကျွန်တော်မျိုး မှတ်မိသလောက်ဆိုရင် ဒီလိုပြောရတယ်ထင်တယ် ... "

"ခင်ဗျားမှာ နှုတ်ဆိတ်နေပိုင်ခွင့် ရှိတယ်။ တကယ်လို့ နှုတ်ဆိတ်နေမယ်ဆိုရင် ကျင်းယီဝေတပ်ဖွဲ့က ရရှိထားတဲ့ သက်သေအထောက်အထားတွေ အားလုံးကို အမှန်လို့ သတ်မှတ်ပြီး ဥပဒေအရ အပြစ်ပေးခံရမယ်။ တကယ်လို့ ခင်ဗျား ဖြေရှင်းချင်တယ်ဆိုရင် ခင်ဗျားပြောသမျှ စကားတိုင်းက တရားရုံးမှာ ထွက်ဆိုချက် ဖြစ်လာမယ်။

တကယ်လို့ ဥပဒေကို ချိုးဖောက်တယ်လို့ အတည်ပြုနိုင်ရင် အပြစ်ဒဏ်က ပိုမို ကြီးလေးမယ်။ ခင်ဗျား စစ်ဆေးခံရတဲ့အခါ ရှေ့နေတစ်ယောက် ငှားပိုင်ခွင့် ရှိတယ်။ တကယ်လို့ ရှေ့နေခ မပေးနိုင်ဘူးဆိုရင် ကျုပ်တို့က ခင်ဗျားကို အပေါင်ဆိုင်နဲ့ မိတ်ဆက်ပေးပြီး အိမ်ခြံမြေကို ပေါင်နှံလို့ရတယ်။ ခင်ဗျားရဲ့ အထက်ပါ အခွင့်အရေးတွေကို အပြည့်အဝ နားလည်ပါသလား။"

အရှင်မင်းကြီးက လက်ခုပ်တီးကာ ပြုံးလျက် ပြောလိုက်၏။ "မဆိုးဘူး၊ အဲဒီစကားပဲ။ သူတို့က ဘယ်လောက်တောင် ကောင်းကောင်း ပုံစံဆွဲထားလဲဆိုတာ ကြည့်စမ်းပါ။ အပြင်ထွက်ပြီး အမှုစစ်တဲ့အခါ ပြည်သူတွေ ကြားရင်လည်း စိတ်အေးရတယ်၊ ဒီအချက်လေး တစ်ချက်တည်းနဲ့တင် မင်းတို့ တုန်းချန်အဖွဲ့က သင်ယူဖို့ လုံလောက်နေပြီ။"

ကော်ထျန်းယန်သည် မျက်ရည်များ ဝဲလာခဲ့သည်။

တုန်းချန်အဖွဲ့ကလည်း အမြဲတမ်း ဒီလိုပဲ အလုပ်လုပ်နေတာ မဟုတ်ဘူးလား။ အဲဒါက ယဉ်ကျေးတဲ့ ပုံစံနဲ့ အတင်းအကျပ် ဝန်ခံခိုင်းတာပဲလေ။

"ကျွန်တော်မျိုး မှတ်သားထားပါ့မယ်။ နောက်ပိုင်း အမတ်မင်းဖန်ဆီက သေချာ သင်ယူပါ့မယ်။"

ထိုအချိန်မှာပင် အနွေးဆောင်၏ တံခါးကြီးက ဘုန်းခနဲ အသံမြည်ကာ တစ်စုံတစ်ယောက်၏ တွန်းဖွင့်ခြင်းကို ခံလိုက်ရ၏။

ထို့နောက် လီယွမ်ကျောက်က ရူးသွပ်နေသူ တစ်ဦးအလား ပြေးဝင်လာပြီး ပါးစပ်မှလည်း အော်ဟစ်လိုက်သည်။ "ခမည်းတော်။"

အရှင်မင်းကြီးက ရုတ်တရက် ထရပ်လိုက်ပြီး မျက်နှာတစ်ခုလုံး ဒေါသများ ပြည့်နှက်နေကာ ပြောလိုက်၏။ "ခွေးကောင် …. ဘာလုပ်ချင်တာလဲ။ ထွက်သွားစမ်း။"

လီယွမ်ကျောက်က ဂရုမစိုက်နိုင်ဘဲ စာကို ကိုင်ကာ အရှင်မင်းကြီး၏ မျက်စိရှေ့သို့ ကမ်းပေးလိုက်ပြီး ချွေးသံတရွဲရွဲဖြင့် အလောတကြီး ပြောလိုက်သည်။ "အရေးကြီးကိစ္စပါ။ မင်းသမီးစံအိမ်က စာတစ်စောင် ရတယ်၊ ဖန်ကြီး ရွှေတိုင်းပြည်မှာ ဒုက္ခရောက်နေပြီ၊ ခမည်းတော် မြန်မြန် ကြည့်ပါ။"

"ဘာ။"

အရှင်မင်းကြီး၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး တခြားအရာများကို စဉ်းစားရန် အချိန်မရတော့ဘဲ စာကို ဆွဲယူကာ ဖတ်ကြည့်လိုက်၏။

လီယန်စုန့် ဦးဆောင်သော သက်ကြီးအမတ်အချို့ကလည်း စိုးရိမ်တကြီး မျက်နှာထားများဖြင့် လည်ပင်းကို ဆန့်ကာ အရှင်မင်းကြီး၏ လက်ထဲသို့ လှမ်းကြည့်လိုက်ကြသည်။

စာပေါ်ရှိ အကြောင်းအရာများကို မမြင်ရသော်လည်း သူ၏ မျက်နှာပေါ်မှ သွေးရောင်များ အားလုံး ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရ၏။

အရှင်မင်းကြီးသည် နှစ်ချက်ခန့် တုန်ယင်သွားပြီး ရုတ်တရက် မျက်လုံးများ ပြာဝေလာကာ ဆိုဖာငယ်ပေါ်သို့ ပြန်လည် ထိုင်ကျသွားခဲ့သည်။

"အရှင်မင်းကြီး။" ကော်ထျန်းယန်က ထိတ်လန့်တကြားဖြင့် ကိုယ်ကို ကိုင်းကာ တွဲကူရန် ပြင်လိုက်၏။

သို့ပေမည့် အရှင်မင်းကြီးက လက်တစ်ဖက်ကို မြှောက်ကာ သူ့ကို တားဆီးလိုက်ပြီး မူလနေရာတွင်သာ မှင်သက်စွာ ထိုင်နေခဲ့သည်။

သက်ကြီးအမတ်များက အလောတကြီး မေးလိုက်ကြသည်။ "အရှင်မင်းကြီး... ဘာကိစ္စ ဖြစ်သွားတာလဲ။"

အရှင်မင်းကြီးက စကားမပြောဘဲ ဆက်လက်၍ မှင်သက်နေဆဲဖြစ်ကာ မျက်နှာပေါ်တွင် ဖြူရော်နေပြီး တစ်ခါမှ မဖြစ်ပေါ်ဖူးသော စိတ်ပျက်အားငယ်မှုများလည်း ပေါ်လွင်နေခဲ့၏။

"ဒါက ... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ။"

စာရွက်က မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းသွားရာ ကော်ထျန်းယန်က ကိုယ်ကို ကိုင်းကာ ကောက်ယူလိုက်သည်။

စာရွက်ကို တစ်ချက် ဝေ့ကြည့်လိုက်ချိန်တွင် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားတော့၏။

ရွှေတိုင်းပြည်က ကျုပ်တို့ တာ့ကျင်းကို လာတိုက်မယ်တဲ့လား။ ဖန်ကျန်းရီက ရွှေတိုင်းပြည်မှာ အဖမ်းခံထားရတယ်တဲ့လား။

သူ့အသက်က ဆံခြည်တစ်မျှင်လေးမှာ တွဲခိုနေပြီလား။

ဖန်ကျန်းရီ ဤကောင်လေးက တစ်ခါတလေ အရမ်း ရွံစရာကောင်းပေမဲ့ ညီအစ်ကိုတွေလို ဆက်ဆံလာခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပြီး ငွေတွေလည်း အများကြီး ရထားခဲ့သည်ဆိုတော့ ကော်ထျန်းယန်၏ နှလုံးသားကလည်း ကျောက်တုံးနှင့် လုပ်ထားခြင်း မဟုတ်ရာ ချက်ချင်းပင် ရင်ထဲ၌ နာကျင်သွားသလို ခံစားလိုက်ရ၏။

ဒါက ဘာမှ မဟုတ်သေးဘူး၊ တုန်းချန်အဖွဲ့က ရွှေတိုင်းပြည်မှာ လျှို့ဝှက်သူလျှိုတွေ ရှိတယ်လေ။ ကျင်းတိုင်းပြည်ကို တိုက်ခိုက်ဖို့ စစ်တပ်ဖွဲ့စည်းမယ်ဆိုတဲ့ ဒီလောက် ကြီးမားတဲ့ ကိစ္စကြီးကိုတောင် ဘာသတင်းမှ မရဘူးဆိုတော့ သေချာပေါက် သေဖို့ပဲ ရှိတော့တယ် ...

အရှင်မင်းကြီးနဲ့ ဖန်ကျန်းရီက ဒီလောက်အချိန်အကြာကြီး ဆက်ဆံလာခဲ့တာ၊ သူကြောင့် မြို့တော်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်။ နောက်ပြီး သူက သားမက်လည်း ဖြစ်နေသေးတယ်။

သူ့ကို သားတစ်ဝက်လောက် သတ်မှတ်ထားသလိုပဲ။ အိမ်ရှေ့စံမင်းသား ဆိုတဲ့ နာမည် အရှင်မင်းကြီးရဲ့ ပါးစပ်ကနေ ထွက်တဲ့ အချိန်က ဖန်ကျန်းရီလောက် မများဘူး။

တကယ်လို့ သူသာ တစ်ခုခု ဖြစ်သွားရင် ... ငါ ဘယ်လိုလုပ်မလဲ။

ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များက ခေါင်းထဲတွင် ပေါ်လာသောအခါ ကော်ထျန်းယန်၏ စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားပြီး အသိစိတ်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ တစ်ကိုယ်လုံး တုန်ယင်လျက် ခေါင်းကို အကြိမ်ကြိမ် ဆောင့်၍ ရှိခိုးတော့၏။

"ဒုန်း ဒုန်း ဒုန်း ဒုန်း။"

အနွေးဆောင်အတွင်း၌ ထိုင်းမှိုင်းသော အသံများ ထွက်ပေါ်လာရာ သက်ကြီးအမတ်များ၏ မျက်နှာထားက ပို၍ လေးနက်သွားခဲ့သည်။

"ကျွန်တော်မျိုး သေသင့်ပါတယ်၊ ကျွန်တော်မျိုး သေသင့်ပါတယ်။ ကျွန်တော်မျိုး ... "

အရှင်မင်းကြီးက ကြားသော်လည်း မကြားဟန်ဆောင်နေခဲ့ပြီး အချိန်အတော်ကြာမှ မျက်လွှာကို အနည်းငယ် ချကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ထလိုက်တော့၊ ဒီကိစ္စက မင်းရဲ့ အပြစ်မဟုတ်ပါဘူး။"

ကော်ထျန်းယန်က ခေါင်းကို အတင်းခါယမ်းနေပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝဲကာ နဖူးတွင်လည်း သွေးများ ထွက်လာခဲ့ပြီ ဖြစ်သည်။

"ကိုယ်တော် မင်းကို ထခိုင်းနေတယ်လေ။"

အရှင်မင်းကြီးက ဒေါသတကြီး အော်ဟစ်လိုက်၏။ "စာကို ယူပြီး ဝေငှပေးလိုက်။"

ကော်ထျန်းယန်သည် ကမန်းကတန်း ထရပ်လိုက်ပြီး လီယန်စုန့်နှင့် အခြားသူများထံသို့ စာကို အမြန် ကမ်းပေးလိုက်သည်။

စာကို ဖတ်ပြီးသွားချိန်တွင် လူတိုင်းက တိတ်ဆိတ်သွားကြ၏။

လီယွမ်ကျောက်က အလောတကြီး ပြောလိုက်သည်။ "ခမည်းတော် ... လောလောဆယ် နယ်စပ်ကို စစ်တပ်တွေ အမြန်ဆုံး စေလွှတ်သင့်ပါတယ်။ ဖန်ကြီးက ဖန်ထိုက်မြို့မှာ ပိတ်မိနေတုန်းပဲလေ၊ အချိန်ဆွဲနေမယ်ဆိုရင် ... "

အရှင်မင်းကြီးသည် မျက်လုံးကို မှိတ်ကာ ခေါင်းကို မော့လျက် သက်ပြင်းရှည်ကြီး ချလိုက်၏။ "ကိုယ်တော် ... ကိုယ်တော် သူ့ကို ဒုက္ခပေးလိုက်တာပဲ ... အရင်တုန်းက သူ ရွှေတိုင်းပြည်ကို မသွားချင်ခဲ့ဘူး၊ မထင်မှတ်ထားခဲ့ဘူး ... မထင်မှတ်ထားခဲ့ဘူး။"

ပြောရင်း ပြောရင်းဖြင့် သူက အံကြိတ်လိုက်သည်။ "ဝူထူက ဝံပုလွေလို ရည်မှန်းချက်ကြီးတာပဲ၊ ကိုယ်တော်က သူ့ကို သွားမရှာတာကို သူက ကိုယ်တော့်ကို အရင် စိန်ခေါ်ရဲတယ်ပေါ့။ ပြီးတော့ ကိုယ်တော့်ရဲ့ သားမက်ကိုတောင် ပြန်ပေးဆွဲရဲသေးတယ်။"

"သေ .. ချင် .. လို့ .. လား။"

ဤနောက်ဆုံး စကားလုံး လေးလုံးက အံသွားများကိုပင် ကြိတ်ချေပစ်မတတ် ဖြစ်နေခဲ့၏။

လီယန်စုန့်သည် မုတ်ဆိတ်မွေးကို ဆွဲကိုင်လိုက်ရာ မျက်နှာပေါ်ရှိ အရစ်များက ပို၍ နက်ရှိုင်းသွားပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "အိမ်ရှေ့စံမင်းသား ... ဒီစာထဲက အကြောင်းအရာတွေက အမှန်ပဲလား။"

လီယွမ်ကျောက်က ခေါင်းခါပြလိုက်၏။ "မင်းသမီးစံအိမ်က မိန်းမစိုး ပို့လာတာပါ။ ဘယ်ကနေ ရလာလဲဆိုတာကိုတော့ မင်းသမီးစံအိမ်ကို သွားပြီး အတည်ပြုဖို့ လိုပါသေးတယ်။"

"ဒီလောက် ကြီးမားတဲ့ ကိစ္စမျိုးကို တုန်းချန်အဖွဲ့က ဘာသတင်းမှ မရဘူးလား။ သက်သေအထောက်အထား တစ်ခုခု ရှိရင်တော့ ကောင်းတာပေါ့။" လီယန်စုန့်က မေးလိုက်သည်။

ကော်ထျန်းယန်က ခေါင်းခါပြကာ မျက်နှာပျက်လျက် ဖြေလိုက်၏။ "ကျုပ်တို့ တာ့ကျင်းက လူတွေက ရွှေတိုင်းပြည်ကို သွားပြီး သူလျှိုလုပ်လို့ မရပါဘူး၊ ရွှေတိုင်းပြည်မှာပဲ မွေးမြူရတာပါ။ နိုင်ငံနှစ်နိုင်ငံ ဆက်သွယ်တာ အချိန်တိုသေးတော့ မွေးမြူထားတဲ့ သူလျှိုတွေက အရမ်းနည်းပြီး အရပ်သားတွေကြားမှာပဲ လှုပ်ရှားလို့ ရပါတယ်။ စစ်သားစုဆောင်းတာက ပုံမှန်လုပ်ငန်းစဉ် ဖြစ်နေပြီး ရွှေတိုင်းပြည်မှာ မျိုးနွယ်စုတွေ အရမ်းများတာကြောင့် စုံစမ်းဖို့ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် တုန်းချန်အဖွဲ့မှာလည်း ဘာသတင်းမှ မရခဲ့ပါဘူး ... "

အရှင်မင်းကြီးက မှင်သက်နေဆဲဖြစ်သည်ကို မြင်သောအခါ လီယန်စုန့်က ကမန်းကတန်း ဖျောင်းဖျလိုက်၏။ "အရှင်မင်းကြီး... ဒီစာထဲမှာ အမတ်မင်းဖန်က သူ လုံခြုံတယ်လို့ ပြောထားပါတယ်။ ပြီးတော့ စစ်ရေးကိစ္စကို ဦးစားပေးဖို့ ပြောထားတယ်ဆိုတော့ လောလောဆယ် စိုးရိမ်ဖို့ မလိုသေးပါဘူး။ စစ်သူကြီးတွေကို အရင်ဆုံး ခေါ်ယူပြီး ကြိုတင်ပြင်ဆင်မှုတွေ၊ အစီအစဉ်တွေ စောစောစီးစီး လုပ်ထားတာ ပိုမကောင်းဘူးလား။"

အခြား သက်ကြီးအမတ်များကလည်း ထောက်ခံလိုက်ကြသည်။

"ဟမ့် ... "

အရှင်မင်းကြီးက ရုတ်တရက် သူ့ကိုယ်သူ လှောင်ပြောင်သလို ပြုံးလိုက်ပြီး မျက်လုံးထဲတွင် ဝမ်းနည်းမှုနှင့် ဒေါသများ ပြည့်နှက်နေခဲ့၏။ "ကိုယ်တော် အိုသွားပြီ၊ ဝူထူရဲ့ လှည့်ကွက်တွေကို ကိုယ်တော် မရိပ်မိခဲ့ဘူး။ အရင်တုန်းက ကျန်းရီက ရွှေတိုင်းပြည်ကို သံတမန်အဖြစ် မသွားချင်ဘူးလို့ ကိုယ်တော့်ကို အကြိမ်ကြိမ် ပြောခဲ့တယ် ... ဒါပေမဲ့ သူ အခု ထောင်ကျနေတာတောင် တာ့ကျင်းကို သတိရနေသေးတယ်၊ ကိုယ်တော့်ကို သတိရနေသေးတယ်။

သူက ကိုယ်တော့်ကို သစ္စာမဖောက်ဘူး၊ ကိုယ်တော်ကလည်း သူ့ကို သစ္စာမဖောက်ဘူး။ ကိုယ်တော်က သူ့ကို ဒုက္ခပေးလိုက်တာပဲ ... "

အရှင်မင်းကြီး၏ အလွန်အမင်း ထိန်းချုပ်မှုမဲ့နေသော အမူအရာများကို ကြည့်ရင်း မျက်ရည်ပူနှစ်ပေါက်က ကော်ထျန်းယန်၏ မျက်နှာပေါ်ရှိ အရစ်များအတိုင်း စီးကျလာခဲ့သည်။ ဤအချိန်တွင် သူ၏ ဖန်ကျန်းရီအပေါ် လေးစားမှုက အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဒါက ဘယ်လို စိတ်ဓာတ်မျိုးလဲ၊ ဒါက ဘယ်လို အလုပ်အပေါ် အပ်နှံမှုမျိုးလဲ။

ဒါက အသက်နဲ့ရင်းပြီး ဖားနေတာပဲလေ။

ငါ တစ်သက်လုံး မရောက်နိုင်တဲ့ အဆင့်အတန်းပဲ ... မြင်တွေ့ခွင့် ရလိုက်တာကလည်း ဒီဘဝအတွက် တန်သွားပါပြီ ...

အရှင်မင်းကြီးစကားပြောပြီးသည်နှင့် သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီဖြစ်ပြီး ထိုမုန်းတီးမှုက ထိုနေရာရှိ လူအားလုံးကိုပင် ထိတ်လန့်သွားစေခဲ့၏။ "ကော်ပန်ပန် ... မင်း လူလွှတ်ပြီး မင်းသမီးစံအိမ်က သတင်းရင်းမြစ်ကို အတည်ပြုခိုင်းလိုက်၊ ပြီးရင် နန်းတော်ထဲကို အမြန်ဆုံး ပြန်လာပြီး သတင်းပို့။

ဖုန်းကျဲ့ကို ကိုယ်တော့်ကိုယ်စား တပ်သုံးတပ်ကို စစ်ဆေးဖို့ အမိန့်ပေးလိုက်၊ မြို့တော်ထဲက တပ်ရင်းမှူးတွေ အားလုံး အချိန်မရွေး အမိန့်နာခံဖို့ အသင့်ပြင်ထား။ ဓားမော့တပ်ဖွဲ့ တပ်ရင်းမှူးကို ကိုယ်တော့်ဆီ လာတွေ့ခိုင်း ... ကျန်တဲ့ လောလောဆယ် အလုပ်မရှိသေးတဲ့ အဆင့်လေးအထက် စစ်သူကြီးတွေ အားလုံး နှစ်နာရီအတွင်း နန်းတော်ထဲ ဝင်လာခဲ့ရမယ်။

မနက်ဖြန်ကစပြီး အိမ်ရှေ့စံမင်းသားက တိုင်းပြည်ကို အုပ်ချုပ်မယ်၊ သဘောထားကွဲလွဲသူ ရှိရင် ချက်ချင်း ရာထူးကနေ ထုတ်ပယ်မယ်။"

လီယွမ်ကျောက်က အလောတကြီး ပြောလိုက်၏။ "မဖြစ်ဘူး၊ သားတော်လည်း သွားမယ်။ ဖန်ကြီး ဒုက္ခရောက်နေတာကို သားတော် ပစ်မထားနိုင်ဘူး။ ပြီးတော့ သားတော်ရဲ့ သေနတ်ပစ်စွမ်းရည်က အရမ်း ကောင်းမွန်ပြီး အမြောက်သုံးစွဲမှုမှာလည်း တခြားသူတွေထက် သာလွန်ပါတယ်။ သားတော် သွားရင် သေချာပေါက် အကူအညီ ဖြစ်မှာပါ။"

"ပါးစပ်ပိတ်ထား။"

အရှင်မင်းကြီးက အလွန် ကြောက်မက်ဖွယ်ကောင်းသော အကြည့်ဖြင့် တစ်ချက် စိုက်ကြည့်လိုက်ရာ လီယွမ်ကျောက် သည် ချက်ချင်းပင် ငုံးတစ်ကောင်အလား ကျုံ့ဝင်သွားတော့သည်။

ခမည်းတော် ဒေါသထွက်နေတုန်းမို့ နောက်မှပဲ ဆက်ပြောရတော့မယ်။

သက်ကြီးအမတ် တစ်စုကလည်း တိတ်တဆိတ် ထိတ်လန့်သွားကြ၏။

ဤကဲ့သို့သော အခြေအနေမျိုး မဖြစ်ပေါ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်သည်။ ဝူထူက ဒီလောက် စစ်အင်အားကို သုံးတာဆိုတော့ နိုင်ငံတော်ရဲ့ ကံကြမ္မာ တစ်ခုလုံးကို အလောင်းအစား လုပ်လိုက်တာပဲ ဖြစ်မယ်၊ ဒီစစ်ပွဲက အရင်တုန်းက ချန်ကျင်းစစ်ပွဲထက်တောင် ကြီးမားလိမ့်မယ် ထင်တယ်။

အရှင်မင်းကြီးသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူ၏ မျက်လုံးများက တဖြည်းဖြည်း ဩဇာအာဏာ ပြည့်ဝလာခဲ့၏။ "ကိုယ်တော်က စစ်မတိုက်ချင်ခဲ့ပေမဲ့ ဝူထူက သူ့ဘာသာ သေလမ်းရှာနေတာဆိုတော့၊ ကိုယ်တော်က သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ စစ်တပ်ကို ဦးဆောင်ပြီး ရွှေတိုင်းပြည်ကို မြေလှန်ပစ်မယ်။"

ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း ...

All Chapters