အခန်း ၇၉၃
Vol. 42 Ch. 793
အပိုင်း (၇၉၃) မျက်နှာချိုသွေးသူ ဖန်ကြီးကို ကယ်တင်ခြင်း။
ဖုန်းထျန်းခန်းမဆောင်အတွင်း၌ စစ်သူကြီးများ စုဝေးရောက်ရှိနေကြ၏။
ရွှေတိုင်းပြည်မှ ရောက်ရှိလာသော စာကို လူတိုင်း ဖတ်ရှုပြီးဖြစ်ရာ ခန်းမဆောင်အတွင်း၌ ပျော်ရွှင်ဖွယ် အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
စစ်တိုက်တော့မည်။
စစ်တိုက်ရတော့မည်လေ။ ဒီတစ်ခါ လာတာကလည်း အကောင်ကြီးပဲ။
ထိုနေရာရှိ စစ်သူကြီးများ၏ ဆယ်ပုံရှစ်ပုံ၊ ကိုးပုံခန့်သည် ယခင်က အရှင်မင်းကြီးနှင့်အတူ စစ်တိုက်ခဲ့ပြီး အောင်မြင်မှုများ ရရှိကာ ဘဝကို တည်ဆောက်ခဲ့သူများ ဖြစ်ကြသည်။
ယခုအခါတွင်တော့ အောင်မြင်ကျော်ကြားပြီး သားမြေးများနှင့် ပြည့်စုံကာ တစ်ယောက်ချင်းစီတိုင်းက အဆင့်အတန်း မြင့်မားနေကြပြီဖြစ်၍ စစ်ပွဲအပေါ် စိတ်ပါဝင်စားမှု သိပ်မပြင်းပြတော့ချေ။
ဘာပဲဖြစ်ဖြစ် သူတို့က လူသတ်ရတာကို သဘောကျပြီး လူသတ်ခြင်း သို့မဟုတ် အသတ်ခံရခြင်းမှ ရရှိသည့် သာယာမှုကို ခံစားတတ်သော လူသတ်သမားများမှ မဟုတ်တာ။
သို့ပေမည့် ဓားတောင်လှံတောထဲမှ ဖြတ်သန်းလာခဲ့သော လူကြမ်းကြီးများ၏ စိတ်ထဲတွင်တော့ ပြင်းထန်သော သားရဲစိတ်များ အမြဲတမ်း ရှိနေတတ်သည်။
ရာထူးအဆင့်အတန်း မြင့်မားလေလေ တိုက်ခိုက်လိုစိတ် ပိုမို ပြင်းထန်လေလေ ဖြစ်ပြီး အထူးသဖြင့် လက်နက်အသစ်များ အဆင့်မြှင့်တင်လိုက်သောအခါ ထိုတွန်းအားက နှစ်ဆခန့် ပိုမို တိုးလာခဲ့၏။
ဤသည်မှာ တုတ်ကို အသုံးပြုသော ရှေးခေတ်လူသား တစ်ဦးအား ရုတ်တရက် အလွန်ထက်မြက်သော ဓားတစ်လက် ပေးလိုက်သည်နှင့် တူပေသည်။
တိုက်ဆိုင်စွာပင် ထိုအချိန်တွင် လူသတ်နိုင်သော နတ်ဘုရားလက်နက်ကို အသုံးပြုရန် နေရာမရှိသောအခါ စိတ်ထဲ၌ အမြဲတမ်း မွန်းကျပ်မှုတစ်ခု ရှိနေတတ်သည်။
ယခုတော့ ကောင်းသွားပြီ၊ လူတစ်ယောက်က တုတ်ကို ဝှေ့ယမ်းကာ စိန်ခေါ်လာပြီဆိုတော့ ထိုအရာက တကယ့်ကို သူတို့ တောင်းတနေသော အရာပင် ဖြစ်လာ၏။
စစ်သူကြီးများက အပြိုင်အဆိုင် ပြောဆိုနေကြပြီး အရှင်မင်းကြီးက မျက်နှာထား တည်ကြည်စွာဖြင့် ပလ္လင်ပေါ်တွင် ထိုင်ကာ အောက်မှလူများ၏ လွတ်လပ်စွာ ဆွေးနွေးမှုများကို ခွင့်ပြုပေးထား၏။
အချိန်အတော်ကြာပြီးနောက် စစ်သူကြီးများက မျက်နှာများ နီရဲကာ ခေါင်းမော့၍ ပြောလိုက်ကြသည်။ "အရှင်မင်းကြီး... ဒီသတင်းက ... "
"ဒီသတင်း အမှန်ဖြစ်တယ်ဆိုတာ အတည်ပြုပြီးပြီ။ ကိုယ်တော်က သုံးရက်အတွင်း ချက်ချင်း စစ်တပ်ထွက်ဖို့ ရည်ရွယ်ထားတယ်။
နိုင်ငံနှစ်နိုင်ငံ ကုန်သွယ်နေတဲ့ အချိန်အတွင်းမှာ ရွှေတိုင်းပြည်က ကုန်သည်တွေက လျိုဟယ်ဂိတ်အထိ ရောက်နိုင်တယ်။ အခုဆိုရင် အစောကြီးတည်းက ထိုးဖောက်ဝင်ရောက်လာလောက်ပြီ၊ ဒါကြောင့် ကိုယ်တော်က လျိုဟယ်ဂိတ်ကို တိုက်ရိုက် စွန့်လွှတ်လိုက်ပြီး ချန်ကောင်းဂိတ်ကို အသေအလဲ ကာကွယ်ဖို့ အမိန့်ပေးမယ်။ ဒါမှ ကိုယ်တော်တို့အတွက် အချိန်ရမှာ။
နောက်ဆုံးတော့ စာထဲမှာ ရေးထားတဲ့အတိုင်း အနောက်လေလွင်ပြင်မှာ အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲမယ်။ ဒီစစ်ပွဲမှာ ရန်သူ့ရဲ့ အဓိက အင်အားကို သေချာပေါက် ချေမှုန်းရမယ်၊ ဝူထူရဲ့ ခေါင်းကို ဖြတ်ပြီး ကိုယ်တော့်ဆီ ယူလာခဲ့ရမယ်။"
ရဲစွမ်းသတ္တိကြီးလွန်းသော စစ်သူကြီး စုန့်ဝူက ပြောလိုက်၏။ "ကျွန်တော်မျိုးတို့ စစ်တပ်မှာ မီးလက်နက်တွေ ရှိတော့ မြင်းစီးတပ်ကို နှိမ်နင်းနိုင်ပြီး အနိုင်ရဖို့ ရာခိုင်နှုန်း အရမ်းများပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်။ မီးလက်နက်တွေ ပေါ်သွားတာနဲ့ ဝူထူရဲ့ မြင်းစီးတပ်က ချက်ချင်း လူစုခွဲသွားလိမ့်မယ်။ တကယ်လို့ ခွဲခြားပြီး တိုက်ခိုက်မယ်ဆိုရင် မီးလက်နက်ရဲ့ အကျိုးသက်ရောက်မှုက အများကြီး လျော့ကျ သွားနိုင်ပါတယ်။ အရှင်မင်းကြီး ဒီတစ်ခေါက် စစ်သည် ဘယ်လောက် စေလွှတ်ဖို့ ဆုံးဖြတ်ထားပါသလဲ။"
အရှင်မင်းကြီးက တိတ်တဆိတ် လက်ကို ဆန့်တန်းပြလိုက်သည်။ "ငါးသိန်း။
ဒီစာထဲမှာ ရွှေတိုင်းပြည်ရဲ့ လက်နက်ကိုင် စစ်သည် ရှစ်သိန်း ရှိတယ်လို့ ရေးထားပေမဲ့ ကိုယ်တော် ကြည့်ရသလောက်တော့ အများဆုံး ငါးသိန်းပဲ ရှိမယ်။ အဲဒီ သံချပ်ကာ မြင်းစီးတပ် ခြောက်သောင်းက အဓိကပဲ။ စစ်သည် ငါးသိန်းအပြင် ကိုယ်တော် ကိုယ်တိုင် စစ်ချီမယ်ဆိုရင် သူ့ရဲ့ သံချပ်ကာ မြင်းစီးတပ် အားလုံးကို ဆွဲဆောင်ဖို့ လုံလောက်ပြီ၊ တစ်ကြိမ်တည်းနဲ့ အကုန်လုံးကို ချေမှုန်းရမယ်။
ဝူထူရဲ့ လက်ထဲမှာ မိုးပျံပူဖောင်း ရှိနေတော့ ရန်သူ့အခြေအနေကို ထောက်လှမ်းနိုင်စွမ်းက တာ့ကျင်းထက် မညံ့ဘူး။ ကိုယ်တော် ဒီနေ့ မင်းတို့ကို ခေါ်ယူရတာက ဒီအတွက် ကြိုတင် ပြင်ဆင်ဖို့ပဲ။
တကယ်လို့ ရန်သူက ကောင်းကင်ပေါ်ကနေ ခိုးကြောင်ခိုးဝှက် လာတိုက်မယ်ဆိုရင် ကာကွယ်ဖို့ ခက်လိမ့်မယ်။ ဒါကြောင့် ရန်သူကို လှည့်စားဖို့ စားနပ်ရိက္ခာကျီ အတုတွေ ဆောက်ရမယ်။
ဒါ့အပြင် စစ်တပ်နှစ်ခု အနီးကပ် မတိုက်ခိုက်ရသေးခင်မှာ တစ်ဖက်က မီးနဲ့ တိုက်ခိုက်ပြီး ကိုယ်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ကမောက်ကမဖြစ်အောင် လုပ်နိုင်တယ်။ ဒါကြောင့် ကြိုတင်ပြီး ကာကွယ်ရေးပစ္စည်းတွေ၊ ပြာခြောက်တွေ ပြင်ဆင်ထား၊ စစ်သည်တွေ မီးငြိမ်းသတ်ဖို့ အသုံးပြုရမယ်။"
အရှင်မင်းကြီးက ဤနေရာသို့ ရောက်သောအခါ ခဏရပ်သွား၏။ "ကိုယ်တော်တို့ စစ်တပ်က ပြင်ဆင်ထားပေမဲ့ ကိုယ်တော့် အမြင်အရဆိုရင် ဝူထူရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့အတွက် အရင်ဆုံး တစ်ပွဲလောက် ရှုံးပေးဖို့ လိုတယ်။ ဘယ်သူက ရှေ့တန်းကနေ သွားချင်လဲ ... "
...
လီယွမ်ကျောက်သည် အလောတကြီးဖြင့် အရှေ့နန်းဆောင်သို့ ပြန်လာခဲ့သည်။
မိုရှောင်ဟူက အခန်းထဲတွင် စောင့်နေဆဲဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ အပြင်သို့ မထွက်ရဲချေ။
လီယွမ်ကျောက် ပြန်လာပြီး အလောတကြီး ဖြစ်နေသည့် အမူအရာကို မြင်မှသာ ရှေ့သို့တိုး၍ သတိထားကာ မေးလိုက်၏။ "အရှင်မင်းသား... ဘာမှမဖြစ်ပါဘူးနော်။ ကျုပ်အရှေ့ပိုင်းဆင်ခြေဖုံး တက္ကသိုလ်ကို အရင် ပြန်လိုက်ရမလား။"
လီယွမ်ကျောက်က ခေါင်းခါပြလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "ပြဿနာကြီး ဖြစ်ပြီ၊ ခင်ဗျား တို့ရဲ့ သခင်လေး ရွှေတိုင်းပြည်မှာ အဖမ်းခံထားရတယ်၊ နိုင်ငံနှစ်နိုင်ငံက စစ်တိုက်ဖို့ ပြင်ဆင်နေကြပြီ။"
"ဘာ။" မိုရှောင်ဟူသည် ရုတ်တရက် ခုန်ထလိုက်ပြီး မျက်နှာတစ်ခုလုံး ထိတ်လန့်သွားတော့၏။
သခင်လေး မရှိတော့ဘူးလား။
တောက်ယွမ်ခရိုင်ရဲ့ အဓိက ခေါင်းဆောင် မရှိတော့ဘူးလား။
"ဒါ ဒါ ဒါ ဘယ်လိုလုပ်မလဲ။" မိုရှောင်ဟူက ထစ်အစွာဖြင့် မေးလိုက်ပြီး စိုးရိမ်လွန်းသဖြင့် မျက်ရည်များပင် ကျလာမတတ် ဖြစ်နေခဲ့သည်။
သူ၏ အသုံးမကျသော ပုံစံကို မြင်သောအခါ လီယွမ်ကျောက်က သက်ပြင်းချကာ ပြောလိုက်၏။ "ခင်ဗျား အရမ်းကြီး စိုးရိမ်နေစရာ မလိုပါဘူး၊ သူ့ရဲ့ လုံခြုံရေးက ပြဿနာမရှိလောက်ပါဘူး။ ကျုပ် ဖန်ကြီးကို သိထားသလောက်ဆိုရင် သူ အဲဒီမှာ ရာထူးတစ်ခုခု ရသွားမယ်ဆိုရင်တောင် မဆန်းပါဘူး။"
အာ ... အဲဒါလည်း ဟုတ်တာပဲ၊ တကယ် ဟုတ်တာပဲ။
မိုရှောင်ဟူ ချက်ချင်း တည်ငြိမ်သွားခဲ့၏။
သခင်လေးအပေါ် ဒီလောက်လေးတော့ ယုံကြည်မှု ရှိတယ်။ သူ ဖြေရှင်းလို့ မရတဲ့ ပြဿနာဆိုတာ မရှိသလောက်ပဲ။
"သူ အခု လုံခြုံတယ်ဆိုပေမဲ့ ကျုပ် စိုးရိမ်တာက စစ်တိုက်လို့ မီးလက်နက်တွေ ပေါ်သွားရင်၊ ရွှေတိုင်းပြည် အကြီးအကျယ် ရှုံးနိမ့်သွားတဲ့ အချိန်ကျရင် ဖန်ကြီး အန္တရာယ်ရှိသွားပြီ ... " လီယွမ်ကျောက်သည် စိတ်ရှုပ်စွာဖြင့် စားပွဲကို အဆက်မပြတ် ခေါက်နေခဲ့သည်။
နိုင်ငံနှစ်နိုင်ငံ စစ်တိုက်ရင် အမြောက်ရဲ့ စွမ်းအားကို ပြသလိုက်တာနဲ့ ဝူထူက အရူးမဟုတ်ရင် သေချာပေါက် တပ်ခွဲပြီး ဂိတ်ပြင်ပကို ဆုတ်လိမ့်မယ်။ ကျုပ်တို့နဲ့ ပြောက်ကျားစစ် တိုက်လိမ့်မယ်။
ခမည်းတော်က ကိစ္စတွေကို စဉ်းစားရင် အလုံးစုံကို စဉ်းစားတာ၊ တကယ်လို့ ကျုပ်တို့ စစ်တပ်က တပ်ခွဲပြီး ရွှေတိုင်းပြည် စစ်တပ်နဲ့ ပြောက်ကျားစစ် တိုက်မယ်ဆိုရင်၊ အားသာချက်တွေ အကုန် ပျောက်သွားရုံသာမက ဆိုးရွားတဲ့ အခြေအနေကိုပါ ရောက်သွားလိမ့်မယ်။
တပ်မကြီးတွေက ချီတက်တာ နှေးတယ်၊ ဒီလိုဆက်လုပ်သွားရင် ဖန်ထိုက်မြို့ကို မရောက်ခင်မှာပဲ ဖန်ကြီးက ရွှေတိုင်းပြည် စစ်သားတွေရဲ့ ဒေါသဖြေရာအဖြစ် အသတ်ခံရလိမ့်မယ်။"
မိုရှောင်ဟူ၏ ရင်ထဲတွင် နောက်တစ်ဖန် နာကျင်သွားပြီး အသံတုန်တုန်ဖြင့် မေးလိုက်၏။ "ဒါဆို ဘယ်လိုလုပ်မလဲ။"
"ကျုပ် ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး တစ်ယောက်တည်း သွားတိုက်ရမယ်၊ အမြန်ဆုံး အမြန်နှုန်းနဲ့ ဖန်ထိုက်မြို့ကို သွားပြီး သူ့ကို ကယ်တင်ရမယ်။" လီယွမ်ကျောက်က ပြောပြီးသည်နှင့် စားပွဲကို အားရပါးရ ထုလိုက်သည်။
ဤအသံကြောင့် မိုရှောင်ဟူလည်း လန့်သွားပြီး ခေါင်းကို အတင်းခါယမ်းကာ ပြောလိုက်၏။ "မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး။ သခင်လေးက ပိတ်မိနေပြီ၊ အရှင်မင်းသားပါ ထပ်ပြီး တစ်ခုခု ဖြစ်လို့ မဖြစ်ဘူး ... ဒါ အရမ်း အန္တရာယ်များတယ်။"
"ဟွန်း။ အန္တရာယ်များတယ် ဟုတ်လား။ ကျုပ်ရဲ့ သေနတ်ပစ်စွမ်းရည်ကို ဘယ်သူက ယှဉ်နိုင်မှာလဲ။"
လီယွမ်ကျောက်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပြီးနောက် ချက်ချင်းပင် အနည်းငယ် စိတ်ပျက်သွားပြန်သည်။ "ဒါပေမယ့် ခမည်းတော်က အခု ကျုပ်ကို သွားခွင့်မပြုဘူး ... ကျုပ် နည်းလမ်းတစ်ခု စဉ်းစားရမယ်။"
သူ စဉ်းစားခန်း ဝင်နေသည်ကို ကြည့်ရင်း မိုရှောင်ဟူသည် ပါးစပ်အဟောင်းသားဖြင့် ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့၏။
သူက အိမ်ရှေ့စံမင်းသားကို သွားစေချင်သလို၊ မသွားစေချင်ဘူး။
တကယ်လို့ သွားမယ်ဆိုရင် သခင်လေး ကို ကယ်တင်နိုင်မဲ့ မျှော်လင့်ချက် ရှိတယ်၊ ဒါပေမယ့် တကယ်သွားရင် အရမ်း အန္တရာယ်များတယ်။ အိမ်ရှေ့စံမင်းသားနဲ့ သခင်လေးက ညီအစ်ကိုတွေလို ရင်းနှီးကြတာ၊ သူ့ရဲ့ အဆင့်အတန်းကလည်း အကဲဆတ်တယ်၊ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ အဲဒီအချိန်ကျရင် နှစ်ယောက်စလုံး သေရလိမ့်မယ်။
အချိန်အတော်ကြာပြီးနောက် လီယွမ်ကျောက်က ခေါင်းမော့ကာ ပြောလိုက်၏။ "ခမည်းတော်က ကျုပ်ကို သွားခွင့်ပြုရင်တောင် စစ်အာဏာ မပေးဘူး။ အခုချိန်မှာ နည်းလမ်းက ... ကျုပ်ဘာသာကျုပ် စစ်တပ် နည်းနည်း စုဆောင်းပြီး ခမည်းတော်ဆီ သွားစမ်းကြည့်ရမယ်။ သူ ထပ်ပြီး သဘောမတူရင်လည်း ကျုပ်တို့က သူ့နောက်ကနေ လိုက်သွားရုံပဲ ရှိတာပေါ့။"
မိုရှောင်ဟူက တုံးအအစွာဖြင့် မေးလိုက်သည်။ "ဘယ်မှာ သွားပြီး စစ်တပ် စုဆောင်းမှာလဲ။ အရှင်မင်းသား... အဓိပ္ပာယ်မရှိတာတွေ မလုပ်ပါနဲ့ ... အခုမှ စုဆောင်းထားတဲ့ အရပ်သားတွေက အသုံးဝင်မှာလား။"
လီယွမ်ကျောက်က သူ့ကို စောင်းကြည့်လိုက်၏။ "ဘာအရပ်သားလဲ၊ ကျင်းယီဝေတပ်ဖွဲ့ကို သွားရှာမှာပေါ့။ နန်းတွင်း အစောင့်တပ်က နှစ်ထောင်လောက် ရှိတယ်၊ အပြင်မှာ လှုပ်ရှားနေတဲ့ ကျင်းယီဝေက သုံးထောင်နီးပါး ရှိတယ်လေ။ ဒါနဲ့ ... ခင်ဗျား တို့ တောက်ယွမ်ခရိုင်မှာ လက်နက်ပစ္စည်းတွေ ရှိလား။"
ကျင်းယီဝေတပ်ဖွဲ့က ပြည်သူတွေကြားထဲမှာ အမြဲတမ်း သွားလာလှုပ်ရှားနေပေမဲ့ လေ့ကျင့်ရေးကတော့ လုံးဝ မလျော့ကျဘူး၊ အာဟာရပိုင်းမှာလည်း အားလုံးက ကောင်းမွန်တယ်။
ဒါ့အပြင် ပုံမှန်အချိန်တွေမှာ ပြည်သူတွေနဲ့ မကြာခဏ အပြန်အလှန် ဆက်ဆံနေလို့ လူချစ်လူခင် များတယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း သာမန်မဟုတ်ဘူး။
အခြေခံကောင်းတယ်၊ သာမန် စစ်သားတွေထက် အများကြီး သာလွန်တယ်။ လမ်းမှာ နည်းနည်းလောက် လေ့ကျင့်ပေးလိုက်ရုံနဲ့ သေချာပေါက် အားကောင်းတဲ့ စစ်တပ်တစ်တပ် ဖြစ်လာမှာပဲ။ ဒီတစ်ခါသာ အောင်မြင်သွားရင် သူတို့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်တွေက အလဟဿ မဖြစ်တော့ဘူး။
လီယွမ်ကျောက်၏ သွားရည်များက အစောကြီးကတည်းက ကျနေပြီဖြစ်ပြီး စိတ်ထဲတွင် အကြံအစည်များ အပြည့်ရှိနေခဲ့၏။
မိုရှောင်ဟူက တွေဝေစွာဖြင့် စကားမပြောဘဲ နေခဲ့သည်။
တောက်ယွမ်ခရိုင်ရဲ့ လက်နက်ပစ္စည်းတွေလား။ အဲဒါ လျှို့ဝှက်ချက်လေ၊ ဘယ်လိုလုပ်ပြီး လျှောက်ပြောလို့ ရမှာလဲ ...
လီယွမ်ကျောက်က ဒေါသတကြီး ပြောလိုက်၏။ "ကျုပ်က ဖန်ကြီးကို သွားကယ်မလို့၊ အခုထိ ကျုပ်ကို ဖုံးကွယ်ထားချင်နေသေးတာလား။ အထက်က မဖြောင့်မတ်တော့ အောက်ကလည်း မဖြောင့်မတ်ဘူး၊ ဖန်ကြီး ဆိုတဲ့ကောင်က ပုံမှန်ဆိုရင် ဖုံးကွယ်ထားတတ်တယ်။ ခင်ဗျားတို့ တောက်ယွမ်ခရိုင် မီးလက်နက်စက်ရုံက စစ်တပ်အတွက် အမှာစာတွေကို အမြဲတမ်း လုပ်ပေးနေတယ် မဟုတ်လား။ ခင်ဗျားတို့ ခရိုင်ထဲမှာ အဖိုးတန်ပစ္စည်းတွေ အများကြီး ရှိတယ်ဆိုတာ ကျုပ်သိတယ်၊ မြန်မြန် ပြောစမ်း။"
မိုရှောင်ဟူက ခဏမျှ တွန့်ဆုတ်နေပြီးနောက် လီယွမ်ကျောက်၏ အကြိမ်ကြိမ် တောင်းဆိုမှုကြောင့် ခက်ခဲစွာဖြင့် ပြောလိုက်သည်။ "အရှင်မင်းသား... အဲဒါတွေ အကုန်လုံးက အနာဂတ် စစ်တပ် အမှာစာတွေအတွက် ပြင်ဆင်ထားတာပါ ... အတွင်းပိုင်း စမ်းသပ်မှုတောင် မအောင်မြင်သေးဘူး ... "