အခန်း ၇၉၄
Vol. 42 Ch. 794
အပိုင်း (၇၉၄) ခင်ဗျား တို့ တောက်ယွမ်ခရိုင်က အဖိုးတန်ပစ္စည်းတွေကို ယူခဲ့။
"အပိုစကားတွေ ပြောမနေနဲ့၊ မြန်မြန်ပြောစမ်း။" လီယွမ်ကျောက်က မျက်မှောင်ကြုတ်လိုက်၏။
မိုရှောင်ဟူက မလိုလားစွာဖြင့် ဖြေလိုက်သည်။ "သာမန် သေနတ်တွေ၊ အမြောက်တွေအပြင် မြေမြှုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေလည်း ရှိပါတယ်။"
"အဲဒါက ဘာတွေလဲ။"
"ရိုးရိုးရှင်းရှင်း ပြောရရင် မြေမြှုပ်မိုင်းဆိုတာ မြေကြီးပေါ်မှာ ထားပြီး နင်းမိရင် ပေါက်ကွဲတာပါ။ လက်ပစ်ဗုံး ဆိုတာ ပစ်လိုက်ရင် ပေါက်ကွဲတာပါ၊ တစ်ခါပစ်ရင် လူငါးယောက် ခြောက်ယောက်လောက် သေဖို့ ပြဿနာမရှိပါဘူး။"
"ဒီလောက်တောင် စွမ်းတာလား။ ဖန်ကြီးက ဘာလို့ အစောကြီးတည်းက မထုတ်ပြတာလဲ။" လီယွမ်ကျောက် အလွန်အမင်း ဝမ်းသာသွားခဲ့၏။
"ဒီမြေမြှုပ်မိုင်းက ပြဿနာ နည်းနည်း ရှိသေးတယ်၊ ပေါက်ကွဲနိုင်ခြေက အရမ်းမများသေးဘူး။ လက်ပစ်ဗုံး ကတော့ ... မီးခြစ်နဲ့ စနက်တံကို ရှို့ပြီးမှ ပစ်ရတာဆိုတော့ သခင်လေး က မပြည့်စုံသေးဘူး၊ ထပ်ပြီး သုတေသန လုပ်ရအုံးမယ်လို့ ပြောပါတယ်။"
"သေလိုက်လေ။ ဖန်ကြီး … ခွေးကောင်။ ဒီလောက် ကောင်းတဲ့ ပစ္စည်းတွေ ရှိနေတာကို ငါ့ကို မပြောဘူးပေါ့ ... နေအုံး။"
လီယွမ်ကျောက်၏ ခေါင်းထဲတွင် ရုတ်တရက် အကြံတစ်ခု ပေါ်လာပြီး မိုရှောင်ဟူ၏ မျက်နှာနားသို့ ကပ်ကာ မျက်လုံးကို မှိတ်လျက် မေးလိုက်၏။ "ဒီလောက်တောင် ဖုံးကွယ်ထားတာဆိုတော့ အမြောက်တွေ၊ သေနတ်တွေကို ခင်ဗျားတို့ အစောကြီးကတည်းက တီထွင်ပြီးပြီ မဟုတ်လား။ ဘယ်တုန်းက တီထွင်လိုက်တာလဲ၊ ရိုးရိုးသားသား ဝန်ခံစမ်း။"
မိုရှောင်ဟူ၏ မျက်နှာက ဖြူရော်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားခဲ့သည်။
"မပြောရင် ခင်ဗျား အတွက် အကျိုးမရှိဘူးနော်၊ ကျုပ် ဖန်ကြီးကို ပြောပြီး ခင်ဗျား ကို ကျုပ်ဆီ ပို့ခိုင်းလိုက်မယ်၊ ကျုပ်သားအတွက် အဖော်လုပ်ပေးဖို့။" လီယွမ်ကျောက်က မကောင်းသော ရည်ရွယ်ချက်ဖြင့် ပြောလိုက်၏။
လီယွမ်ကျောက်၏ အတင်းအကျပ် တောင်းဆိုမှုကို ရင်ဆိုင်ရသောအခါ မိုရှောင်ဟူသည် ချွေးစေးများ ပြန်လာပြီး ပြောလိုက်သည်။ "ငါးနှစ် ခြောက်နှစ် ... ခုနစ်နှစ် … ရှစ်နှစ်လား ... မမှတ်မိတော့ဘူး ... "
"ကျစ်။"
လီယွမ်ကျောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "ဖန်ကြီးက တကယ်ကို အသုံးမကျတဲ့ကောင်ပဲ၊ ကျုပ်သာ သူ့နေရာမှာဆိုရင် ပုန်ကန်လိုက်ပြီ။"
မိုရှောင်ဟူ " ... "
ဘာကို ပုန်ကန်ရမှာလဲ။ အိမ်ထောင်မကျဖူးလို့ ဆန်ဈေး မသိတာပဲ ဖြစ်မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဲဒီ အမြောက်တချို့ကို လုပ်ဖို့ ခါးပတ်ကို တင်းတင်းစည်းပြီး လုပ်ခဲ့ရတာ၊ ကုန်ကြမ်းတွေ အကုန်လုံးက အပြင်ကနေ ဝယ်ရတာ၊ အေးအေးဆေးဆေး နေရတာ မကောင်းဘူးလား။
"ဖန်ကြီးဆိုတဲ့ကောင်က သတ္တိ တကယ်ကို ကြီးတာပဲ၊ ခေါင်းဆယ်လုံး ရှိရင်တောင် ဖြတ်ဖို့ လောက်မှာ မဟုတ်ဘူး။"
လီယွမ်ကျောက်သည် မေးစေ့ကို ပွတ်သပ်ရင်း ခေါင်းမော့ကာ မိုရှောင်ဟူကို တစ်ချက် ကြည့်လိုက်ပြီး လက်ညှိုးထိုးကာ ပြောလိုက်၏။ "ခင်ဗျား ပါးစပ် မလုံဘူးနော်။ ဒီကိစ္စကို ကိုယ်တော့်ကို ပြောတာက ထားလိုက်တော့၊ တခြားသူတွေကို လျှောက်ပြောရဲရင် ခင်ဗျား ကို မိန်းမစိုး လုပ်ခိုင်းလိုက်မယ်။"
"မပြောပါဘူး၊ လုံးဝ မပြောပါဘူး။"
မိုရှောင်ဟူက ခေါင်းကို အတင်းခါယမ်းလိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် မျက်ရည်ကျနေခဲ့သည်။
အရှင်မင်းသားနဲ့ ကျုပ်တို့ သခင်လေး ဘယ်လို ဆက်ဆံရေး ရှိတယ်ဆိုတာ သိလို့သာပေါ့၊ မဟုတ်ရင် အသေအလဲ ရိုက်ရင်တောင် ပြောမှာ မဟုတ်ဘူး။
လီယွမ်ကျောက်က နှမြောတသဖြင့် ပြောလိုက်၏။ "အတွင်းပိုင်း စမ်းသပ်မှု မအောင်မြင်သေးဘူး ဆိုမှတော့ လက်ပစ်ဗုံး၊ မြေမြှုပ်မိုင်း ဘယ်လောက်ရှိရှိ အကုန်ယူလာခဲ့၊ ဘယ်လောက်ရှိလဲ စာရင်းပေးစမ်း။"
"မြေမြှုပ်မိုင်းက သိပ်မများဘူး၊ နှစ်ဆယ်ကျော်လောက်ပဲ။ လက်ပစ်ဗုံးကတော့ ... " မိုရှောင်ဟူက ရုတ်တရက် တိတ်ဆိတ်သွားသည်။
"လက်ပစ်ဗုံး ဘယ်လောက်ရှိလဲ။" လီယွမ်ကျောက်က အလောတကြီး မေးလိုက်၏။
"သေတ္တာ ငါးရာ၊ တစ်သေတ္တာမှာ အလုံး နှစ်ဆယ် ပါတယ်။"
" ... " လီယွမ်ကျောက်သည် ထိုနေရာတွင်ပင် မှင်သက်သွားတော့သည်။
သေတ္တာ ငါးရာ၊ အလုံး တစ်သောင်း။ တစ်လုံးကို လူ ငါးခြောက်ယောက် သေနိုင်တယ်ဆိုတော့၊ သေတ္တာ ငါးရာဆိုရင် လူ ခြောက်သောင်းလောက် သေနိုင်တယ်ပေါ့။
"အတွင်းပိုင်း စမ်းသပ်မှု မအောင်မြင်သေးဘူးဆိုတာ မဟုတ်ဘူးလား။ ကျုပ်ကို ရိုးရိုးသားသား ပြောစမ်း၊ စကားလုံးတစ်လုံးမှ မှားလို့မရဘူးနော်။" လီယွမ်ကျောက်က အံ့အားသင့်စွာ မေးလိုက်၏။
မိုရှောင်ဟူ၏ မျက်နှာထားက ထိုင်းမှိုင်းနေပြီး မိန်းမစိုး ဖြစ်မည့် အရေးကို ကာကွယ်ရန် အားလုံးကို ဖွင့်ပြောလိုက်တော့သည်။ "အတွင်းပိုင်း စံသတ်မှတ်ချက် စမ်းသပ်မှု မအောင်မြင်သေးတာပါ။ သခင်လေး က အပြစ်အနာအဆာ ... မပြည့်စုံသေးဘူးလို့ ပြောပေမဲ့ စစ်တပ်ကတော့ လက်ခံမှာပဲတဲ့။ ပြီးတော့ ခရိုင်ထဲမှာ ဆင်းရဲနေတော့ လက်နက်တွေ အများကြီး ထုတ်ပြီး ပိုက်ဆံရှာရမယ်၊ အနှစ် ငါးဆယ်အတွင်း ဆင်းရဲတဲ့ ခရိုင်ဆိုတဲ့ နာမည်ကို ခွာချနိုင်အောင် ကြိုးစားရမယ်တဲ့။"
ခရိုင်က ဆင်းရဲတယ် ... ဆင်းရဲတဲ့ ခရိုင်တဲ့လား။ သူက တောက်ယွမ်ခရိုင်ကို အဲဒီလို သတ်မှတ်ထားတာလား။ တောက်ယွမ်ခရိုင်က ဆင်းရဲတယ်ဆိုရင် ကျန်တဲ့ ခရိုင်တွေက ချီးစားကြီးလာတာလား။
လီယွမ်ကျောက်၏ နှုတ်ခမ်းက အဆက်မပြတ် တွန့်ကွေးသွားခဲ့၏။
ဒါကတော့ ဖန်ကြီးရဲ့ လုပ်ပုံလုပ်နည်း အစစ်ပဲ။
ဒါပေမဲ့ လက်ပစ်ဗုံး သေတ္တာ ငါးရာနဲ့ ကျင်းယီဝေတပ်ဖွဲ့ရဲ့ လက်ရွေးစင် စစ်သည် သုံးထောင် ရှိနေရင်၊ မြက်ခင်းပြင်မှာ ငါ လုပ်ချင်တာ လုပ်လို့ရပြီ မဟုတ်လား။
ဤနေရာသို့ တွေးမိသောအခါ လီယွမ်ကျောက်၏ အသက်ရှူသံများ ပြင်းထန်လာပြီး ရှေ့သို့တိုးကာ မိုရှောင်ဟူ၏ အင်္ကျီစကို အားရပါးရ ဆွဲကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ရှိသေးလား။ ရှိသေးလား။ တခြား အဖိုးတန်ပစ္စည်းတွေ ဖုံးကွယ်ထားတာ သေချာပေါက် ရှိအုံးမှာပဲ၊ အပြစ်အနာအဆာ ပါတဲ့ဟာဆိုရင်လည်း ရတယ်။"
"အပြစ်အနာအဆာ ပါတဲ့ဟာ တစ်ခုရှိတယ် ... ယမ်းမှုန့်တွေ ထည့်ထားတဲ့ သံဖိနပ်၊ ကန်တဲ့အခါ ကြိုးဆွဲပြီး ပေါက်ကွဲအောင် လုပ်လို့ရတယ်၊ ဖိနပ်အောက်ခံက ပေါက်ကွဲသွားမှာ။ စွမ်းအား သိပ်မကြီးပေမယ့် အဆိပ် နည်းနည်း ထည့်လိုက်ရင်တော့ သုံးလို့ကောင်းသွားလိမ့်မယ်။"
"ဟမ့် .. ဘာအသုံးမကျတဲ့ ပစ္စည်းလဲ၊ နားထောင်ရုံနဲ့တင် အသုံးမဝင်မှန်း သိသာတယ်၊ ဘယ်သူက သံဖိနပ်ကို စီးနိုင်မှာလဲ။"
လီယွမ်ကျောက်က သံသယဖြင့် မေးလိုက်၏။ "ရှိသေးလား။"
မိုရှောင်ဟူက ငိုချင်လျက် လက်မှိုင်ချကာ ပြောလိုက်သည်။ "မရှိတော့ဘူး။ တကယ် မရှိတော့ပါဘူး ... မီးလက်နက်စက်ရုံမှာ သေနတ်အသစ်တွေ တီထွင်နေဆဲပါ၊ ဒါပေမဲ့ အကုန်လုံးက လက်တွေ့မကျပါဘူး။"
"အရှင်မင်းသား အတင်းရှာချင်တယ်ဆိုရင် ဝမ်မုန်ကို သွားရှာကြည့်ပါ။ သူ့လက်ထဲမှာ ကပ်ရောဂါ ရှိတယ်လို့ ကြားတယ် ... အသုံးဝင်ကောင်း ဝင်နိုင်တယ်။"
"ဟမ်။"
လီယွမ်ကျောက်၏ မျက်နှာထားက အနည်းငယ် ထူးဆန်းသွား၏။ "ခင်ဗျား ဘာပြောလိုက်တာလဲ၊ ကပ်ရောဂါ။"
"အာ ... ပြီးခဲ့တဲ့နှစ်က မြို့တော်အနီးက ရွာလေးတစ်ရွာမှာ ကပ်ရောဂါ ဖြစ်ပွားခဲ့တယ်။ ဝမ်မုန် သိသွားတော့ လူနာတွေရဲ့ ပြည်နဲ့ သွေးတချို့ကို စုဆောင်းပြီး သုတေသန လုပ်ခဲ့တယ်၊ ပြန်လာတော့ အဲဒီအရာက ကပ်ရောဂါ ကို ကူးစက်စေနိုင်တယ်လို့ ပြောတယ် ... ဒီအရာက စစ်တိုက်ရင် အရမ်းကောင်းတယ်လေ။ စစ်တပ်ထဲမှာ လူတွေ ပြည့်ကျပ်နေတာဆိုတော့၊ တစ်ယောက်ကနေ ဆယ်ယောက်၊ ဆယ်ယောက်ကနေ ရာလောက် ကူးစက်သွားမှာ၊ မီးလက်နက်တွေထက် အများကြီး ပိုအသုံးမဝင်ဘူးလား။"
"အော့ ... "
လီယွမ်ကျောက်က ရွံရှာသော အမူအရာကို ဖော်ပြလိုက်၏။ "ဝမ်မုန်က တကယ်ကို ရူးသွပ်နေတာပဲ။"
"ကျုပ်တို့ သခင်လေး လည်း အဲဒီလို ပြောတာပဲ။ အဲဒီ ပြည်နဲ့ သွေးပုလင်းတွေကို သခင်လေး က ဖျက်ဆီးပစ်ဖို့ အမိန့်ပေးခဲ့ပေမယ့် ဝမ်မုန်က သေချာပေါက် ဖုံးကွယ်ထားလိမ့်မယ်လို့ ကျုပ်ခန့်မှန်းတယ်။ သူ့သတ္တိက ဆင်ဂွေးထက်တောင် ကြီးသေးတယ်၊ သာမန်လူ မဟုတ်ဘူး။"
"ထားလိုက်ပါတော့၊ ဒီအရာက ကောင်းကင်ရဲ့ သဟဇာတဖြစ်မှုကို ထိခိုက်စေတယ်။ ကစားလွန်သွားရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ နှစ်နှစ်နီးပါး ထားထားတာဆိုတော့ သုံးလို့ရသေးလို့လား။" လီယွမ်ကျောက်က နှုတ်ခမ်းကို မဲ့လိုက်သည်။
နောက်ပိုင်း ဝမ်မုန် ဆိုတဲ့ကောင်နဲ့ ဝေးဝေးနေမှ ဖြစ်မယ်၊ မဖြစ်ဘူး၊ ဖန်ကြီးကို ရှာပြီး သူ့ကို ကောင်းကောင်း ပညာပေးခိုင်းရမယ်၊ ဒါက သိပ္ပံပညာကို ရူးသွပ်နေတာ မဟုတ်ဘူးလား။
မိုရှောင်ဟူက ညည်းညူစွာဖြင့် ပြောလိုက်၏။ "အရှင်မင်းသား... ကျုပ်ပြောရမယ့်ဟာတွေ အကုန် ပြောပြီးသွားပြီ၊ ဘာမှ မရှိတော့ပါဘူး။ အရှင်မင်းသား သခင်လေးနဲ့တွေ့ရင် ကျုပ်ပြောပြတယ်လို့ လုံးဝ မပြောပါနဲ့၊ အရှင်မင်းသား ကိုယ်တိုင် တောက်ယွမ်ခရိုင်မှာ မြင်ခဲ့တာလို့ပဲ ပြောလိုက်ပါ။ သခင်လေးက အရှင်မင်းသားကို မဖုံးကွယ်ထားပါဘူး၊ တောက်ယွမ်ခရိုင်ထဲမှာ အရှင်မင်းသားက လွတ်လွတ်လပ်လပ် သွားလာလို့ ရတာပဲ၊ ပြီးတော့ အခုဆို အရှေ့ပိုင်းဆင်ခြေဖုံး တက္ကသိုလ်ကို အားလုံး တဖြည်းဖြည်း ပြောင်းရွှေ့နေပါပြီ။"
လီယွမ်ကျောက်က လက်ကာပြလိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "ရပါပြီ၊ ရပါပြီ။ ကျုပ်လောက် ပါးစပ်လုံတဲ့သူ မရှိဘူး။ ခင်ဗျား အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်၊ ကျုပ် ခင်ဗျား ကို ကြီးမားတဲ့ ကုသိုလ်တစ်ခု မှတ်ထားပေးမယ်။
နောက်ပိုင်း ကျုပ်စီစဉ်တာကို ခင်ဗျား နားထောင်၊ ခဏနေရင် ကျုပ် သစ္စာခံအသနားခံစာ တစ်စောင် ရေးမယ်၊ ရွှေတိုင်းပြည်ကို ကိုယ်တော် ဦးဆောင်ပြီး တိုက်ခိုက်ခွင့်ပြုဖို့ တောင်းဆိုထားမယ်။ ခင်ဗျား က ကျုပ်ရဲ့ အမိန့်စာကို ယူပြီး ကျင်းယီဝေတပ်ဖွဲ့ကို တစ်ယောက်ချင်းစီ လိုက်ရှာကာ အဲဒီအပေါ်မှာ လက်မှတ်ထိုးပြီး လက်ဗွေနှိပ်ခိုင်း၊ နောက်ဆုံးထားပြီး မနက်ဖြန် ကျုပ်ဆီ လာပေးရမယ်။"
"မနက်ဖြန်ကျရင် ကျုပ် အဲဒီ အသနားခံစာကို ကိုင်ပြီး ခမည်းတော်ဆီ သွားမယ်။ အဲဒီအချိန်ကျရင် ကျုပ်ရဲ့ သိုင်းပညာကို တစ်ခေါက်လောက် ပြသလိုက်ရင် သူ သဘောတူချင်လည်း သဘောတူရမယ်၊ သဘောမတူချင်လည်း သဘောတူရမှာပဲ။"
……
နောက်တစ်နေ့၊ စာကြည့်ဆောင် တံခါးဝတွင်။
လီယွမ်ကျောက်သည် အသနားခံစာကို ကိုင်လျက် အသက်ကို အဆက်မပြတ် ပြင်းပြင်း ရှူနေခဲ့၏။
ခမည်းတော်က မနေ့ကနေ ဒီမနက်အထိ စစ်ရေးအစီအစဉ်တွေကို ဆွေးနွေးဖို့ အလုပ်များနေခဲ့တာ၊ ထမင်း စားတာကိုတောင် စာကြည့်ဆောင်ထဲမှာ စီစဉ်ထားမယ်လို့ မထင်ထားခဲ့ဘူး။
စာဖတ်ရင်း ထမင်း စားနေတာ ဖြစ်ဖို့ များတယ်၊ အခုအချိန်လေးပဲ သီးသန့် အချိန်ရနိုင်မယ်။
ခဏနေ အထဲဝင်ရင် အရင်ဆုံး အရိုအသေပေးမယ်၊ လိမ္မာရေးခြားရှိတဲ့ ပုံစံလေး ပြမယ်၊ ပြီးရင် သနားစရာ ကောင်းအောင် ဟန်ဆောင်မယ်၊ နောက်ဆုံးကျမှ အသနားခံစာကို ကမ်းပေးပြီး ဆန္ဒကို ဖော်ပြလိုက်ရင် အောင်မြင်သွားလောက်တယ်။
မဟုတ်ဘူး၊ မဟုတ်ဘူး။ အခုက စစ်တွင်းကာလလေ။ ကြမ်းတမ်းတဲ့ ပုံစံမျိုး ပြရမှာပေါ့၊ အထဲဝင်တာနဲ့ အသနားခံစာကို စားပွဲပေါ် ပစ်ချလိုက်ပြီး ခွန်အားအပြည့်နဲ့ စစ်မြေပြင်ကို အတူတကွ သွားဖို့ တောင်းဆိုရမယ်။
တကယ်လို့ သူ စဉ်းစားလာရင်၊ စိတ်ခံစားချက်နဲ့ ယုတ္တိဗေဒကို သုံးပြီး ရှင်းပြမယ်၊ ခမည်းတော်က ကျုပ် အရွယ်တုန်းက စစ်မြေပြင်မှာ ရောက်နေပြီပဲ၊ ကျုပ်ကို မသွားခိုင်းစရာ အကြောင်းမရှိဘူး။ တကယ်လို့ မရသေးရင်၊ ခမည်းတော်ရဲ့ လူငယ်ဘဝကို လေးစားအားကျတယ်လို့ ပြောမယ် ... ချီး …ခမည်းတော် ဘာမဆို သဘောတူအောင် ဖန်ကြီး ဘယ်လိုပြောခဲ့ပါလိမ့်။
……
လီယွမ်ကျောက်သည် စိတ်ထဲတွင် စကားများကို ပြင်ဆင်ပြီးနောက် သတ္တိမွေးကာ စာကြည့်ဆောင်၏ တံခါးကို ခေါက်လိုက်သည်။
အခန်းထဲသို့ ဝင်သွားသောအခါ အရှင်မင်းကြီးက ထင်ထားသည့်အတိုင်းပင် ထမင်းစားရင်း တင်ပြလွှာများကို ဖတ်ရှုနေ၏။
သူ ဝင်လာသည်ကို အရှင်မင်းကြီးက တစ်ချက်သာ စောင်းကြည့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။ "ဘာကိစ္စလဲ။"
လီယွမ်ကျောက်၏ မျက်နှာက ပျက်ယွင်းသွားပြီး မြှောက်ပင့်သော အပြုံးတစ်ခုကို ဖော်ပြကာ ပြောလိုက်၏။ "ခမည်းတော် ... သားတော် အရိုအသေပေးဖို့ လာတာပါ။"
"အင်း .. သိပြီ။ ပြန်တော့။"
" ... "
လီယွမ်ကျောက်သည် ခဏမျှ တွန့်ဆုတ်နေပြီးနောက် အသနားခံစာကို သတိထားကာ ကမ်းပေးလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "သားတော် ... "
"ထပ်မပြောနဲ့တော့၊ ကိုယ်တော်က မင်းကို တိုင်းပြည်အုပ်ချုပ်ဖို့ ခိုင်းထားတာ၊ အေးအေးဆေးဆေး အုပ်ချုပ်နေ။ နောက်ထပ် တစ်ခွန်း ထပ်ပြောရင် အရှေ့နန်းဆောင်မှာ အကျယ်ချုပ် ချထားလိုက်မယ်။"
“…….”