အခန်း ၇၉၆
Vol. 42 Ch. 796
အပိုင်း (၇၉၆) တပည့်ကောင်းက နည်းလမ်း လာရောက်တောင်းခံခြင်း။
ဤသို့ ထူးကဲလှသော သေနတ်ပစ်စွမ်းရည်သည် ဓားလှံများထက် များစွာ ပို၍ အသုံးဝင်လှသည်။ ထိုကောင်လေး ဤမျှလောက် ယုံကြည်မှု လွန်ကဲနေခြင်းမှာလည်း အဆန်းမဟုတ်တော့ချေ။
လီယွမ်ကျောက် တစ်ယောက် ပျော်ရွှင်မြူးထူးစွာ ပစ်ခတ်နေသည်ကို ကြည့်ရင်း ကျင်းဘုရင်၏ စိတ်ထဲတွင် အံ့သြတုန်လှုပ်မှုမှသည် ဒေါသအဖြစ်သို့ တဖြည်းဖြည်း ကူးပြောင်းသွားခဲ့၏။
သူက ရှေ့သို့တက်ကာ လီယွမ်ကျောက်ကို မြေပေါ်သို့ ဘုန်းခနဲ နေအောင် ကန်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဟေ့ကောင် ... မင်း ကိုယ်တော်ရဲ့ စာကြည့်ဆောင်ကို ဖျက်ဆီးပစ်ချင်နေတာလား။"
ဒုက္ခပါပဲ။ လုပ်တာ နည်းနည်း လွန်သွားချေပြီ။ သို့ပေမည့် ယနေ့တွင် ခမည်းတော်အား သူ၏ စွမ်းရည်များကို ပြသလိုသည့် ရည်ရွယ်ချက်ကမူ အထမြောက်သွားခဲ့ပြီ ဖြစ်၏။
လီယွမ်ကျောက်သည် မြေပေါ်တွင် ခပ်စောင်းစောင်းလေး လဲကျနေလျက် နှုတ်ခမ်းထောင့်ကို ကော့ကာ ခေါင်းမာသော လေသံဖြင့် ပြောလိုက်သည်။ "ထိသလား၊ မထိဘူးလား ဆိုတာကိုသာ ပြောပါ။"
"စကားပြန်ပြောနေသေးတာလား။" ကျင်းဘုရင်သည် ဒေါသအမျက် ထွက်လာကာ လှံရှည်ကို ပြောင်းပြန်ကိုင်၍ လီယွမ်ကျောက်၏ တင်ပါးဆီသို့ အားကုန် ရိုက်ချလိုက်၏။
ထိုအချက်သည် မြန်ဆန်ပြီး ပြင်းထန်လှကာ တင်ပါးဆီမှ ဖြန်းခနဲ မြည်သံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။
သို့သော် လီယွမ်ကျောက်ကမူ မနာကျင်သည့်အလား အရူးတစ်ယောက်ကဲ့သို့ ပြုံးဖြီးဖြီးလုပ်ကာ ကျင်းဘုရင်ကို ကြည့်လိုက်၏။ "သားတော် နိုင်သွားပြီ။"
"..."
ကျင်းဘုရင်သည် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိသည်။
ယခုအခါ ရိုက်၍ပင် မရတော့ပြီလား။ အဘယ်ကြောင့် ဤမျှလောက် အရှက်အကြောက်မရှိသော သားမျိုးကို မွေးဖွားမိခဲ့ပါသနည်း။
လီယွမ်ကျောက်သည် ယိုင်နဲ့နဲ့ဖြင့် မတ်တပ်ရပ်လိုက်ပြီး ကိုယ်ပေါ်ရှိ ဖုန်များကို ခါထုတ်ကာ ပြောလိုက်၏။ "ခမည်းတော် ... အခု စစ်ဗျူဟာကိုလည်း မေးပြီးပြီ၊ သိုင်းပညာကိုလည်း စစ်ဆေးပြီးပြီ ဆိုတော့ သားတော် ခမည်းတော်နဲ့အတူ လိုက်သွားလို့ ရပြီ မဟုတ်လား။"
ကျင်းဘုရင်၏ မျက်နှာပေါ်တွင် လက်မှိုင်ချချင်ဖွယ် အရိပ်အယောင်တစ်ခု ပေါ်လာ၏။ "ကိုယ်တော်က မင်းအတွက် တစ်သက်စာ စစ်ပွဲတွေ အကုန်လုံးကို တိုက်ပေးခဲ့လို့ ရနေတာပဲ။ မင်းက ဘာဖြစ်လို့ ကိုယ့်ဒုက္ခကိုယ် ရှာချင်နေရတာလဲ။
မင်းက ငယ်ငယ်ကတည်းက စစ်တိုက်ချင်စိတ် ပြင်းပြတယ် ဆိုတာကို ကိုယ်တော် သိပါတယ်။ ဒါပေမဲ့ စစ်မြေပြင်ကို သွားရတာက ကောင်းတဲ့အလုပ် မဟုတ်ဘူး။ တချို့ကိစ္စတွေက မင်း စိတ်ကူးယဉ်ထားသလိုမျိုး မဟုတ်ဘူး။ စစ်နိုင်ခဲ့ရင်တောင်မှ စစ်သည်ဘယ်လောက်များများ သေဆုံးဒဏ်ရာရခဲ့သလဲ ဆိုတာကို မင်း သိရဲ့လား။ စစ်ပွဲတိုင်းက မတတ်သာတဲ့အဆုံးမှ လုပ်ရတဲ့ အရာတွေချည်းပဲ။"
လီယွမ်ကျောက်က ခေါင်းမာစွာဖြင့် ပြောလိုက်၏။ "သားတော်ကတော့ သွားကို သွားမှာပဲ။ ကိစ္စတစ်ခု ကြုံလာတိုင်း ပုန်းရှောင်နေမယ် ဆိုရင် တစ်သက်လုံး ဘာအောင်မြင်မှုမှ ရနိုင်မှာ မဟုတ်ဘူး။"
ထိုစကားကို ကြားချိန်မှာတော့ ကျင်းဘုရင်သည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ကျေနပ် ဂုဏ်ယူသည့်ဟန်ဖြင့် ပြောလိုက်သည်။ "ကောင်းပြီ။ ဒါဆိုလည်း ကိုယ်တော်နဲ့အတူ လိုက်ခဲ့ချေ။ ဒါပေမဲ့ မင်းဆီမှာ လူအင်အား ရှိနေမှတော့ ကိုယ့်စစ်တပ်ကို ကိုယ်တိုင်ပဲ ဦးဆောင်သွား။ တစ်ချက်တော့ ရှိတယ် ... စစ်တပ်ထဲမှာ အရာရာတိုင်းကို ကိုယ်တော့်အမိန့်အတိုင်း နာခံရမယ်။ အမိန့်ကို ဖီဆန်တာနဲ့ တစ်ပြိုင်နက် မြို့တော်ကို ချက်ချင်း ပြန်လှည့်သွားရလိမ့်မယ်။
သန်ဘက်ခါကျရင် တပ်တော်ကြီး စစ်ချီထွက်ခွာမယ်။ မင်း အရင်ပြန်ပြီး ပြင်ဆင်ထားလိုက်တော့။"
လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာ၏။ "နားလည်ပါပြီ ခမည်းတော်။ ဒါဆို သားတော် အရင် သွားနှင့်ပါရစေ။"
ခမည်းတော်၏ အစီအစဉ်ကို နာခံရမည် ဟုတ်လား။ သူ့အတွက် ထောက်ပို့တပ် တစ်ခုတော့ စီစဉ်ရပေလိမ့်မည်။ နယ်စပ်တံခါးပေါက်မှ ထွက်သွားပြီးသည်နှင့် ခမည်းတော်၏ သဘောအတိုင်း ဖြစ်လာတော့မည် မဟုတ်ချေ။
ခြေထောက်တစ်ဖက်ကို ဆွဲကာ ထွက်ခွာသွားသော လီယွမ်ကျောက်၏ ကျောပြင်ကို ကြည့်ရင်း ကျင်းဘုရင်သည် သဘောကျစွာ ပြုံးလိုက်မိ၏။ သွားချင်လည်း သွားပါစေတော့။ ယခုအခါ သူကိုယ်တိုင်လည်း မထိန်းချုပ်နိုင်တော့သလို၊ မရိုက်နိုင်တော့ပြီ မဟုတ်ပါလား။
ဤမျှလောက် အရည်အချင်းရှိနေမှတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် စိတ်ပူစရာ မလိုတော့ချေ။ သူ့ကို အတွေ့အကြုံ ရစေရန် လွှတ်ပေးလိုက်ခြင်းကလည်း ကောင်းပေသည်။ သူသည် ဖန်ကျန်းရီကို စိတ်ပူနေခြင်းလည်း ဖြစ်နိုင်၏။
ဖန်ကျန်းရီကို သတိရမိချိန်မှာတော့ ကျင်းဘုရင်သည် သက်ပြင်းရှည်ကြီးတစ်ခုကို ညည်းညူစွာ ချလိုက်မိသည်။ ဤသမက်တော်လေးသည် အပြင်ဘက်တွင် မည်မျှလောက် ဒုက္ခဆင်းရဲများကို ခံစားနေရရှာလိမ့်မည်နည်း။
...
ဖန်ထိုက်မြို့၊ တည်းခိုခန်းအတွင်း၌ ဖြစ်၏။
ဖန်ကျန်းရီ၊ ကျန်းပြောင်နှင့် ကျိုးထျဲ့တို့ သုံးဦးသည် စားပွဲတစ်လုံးတွင် ဝိုင်းထိုင်နေကြသည်။
သူတို့သည် ဖန်ကျန်းရီ ကိုယ်တိုင်လုပ်ထားသော ဆင်းဒဝစ်ချ်ကို တိတ်ဆိတ်စွာ ကိုက်စားနေကြ၏။ ရေမပါသော နွားနို့စစ်စစ်ဖြင့် ဖုတ်ထားသည့် ရွှေဝါရောင် ပေါင်မုန့်ချပ်များအကြားတွင် အမဲသားနှပ်နှင့် အနှစ်မကျက်တကျက် ကြက်ဥတစ်လုံးကို ညှပ်ထားခြင်း ဖြစ်၏။
ဝူထူ ထွက်သွားသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်၏။ သူ မြို့မှထွက်သွားကတည်းက ဖန်ကျန်းရီသည် အပြင်သို့ လုံးဝ မထွက်ခဲ့ချေ။ သံတမန်အဖွဲ့ဝင်များ အားလုံးသည်လည်း အလွန်အမင်း အောင်အီးပိတ်လှောင် နေခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် တိရစ္ဆာန်များ မဟုတ်ကြသည့်အတွက် တည်းခိုခန်းအတွင်းရှိ ပတ်ဝန်းကျင်က မည်မျှပင် ကောင်းမွန်နေစေကာမူ ကြာရှည် ခံနိုင်ရည်မရှိကြပေ။ တစ်နေ့လျှင် လူသုံးဦးစီ အလှည့်ကျ လေညင်းခံ ထွက်ခွင့် ပြုထားရ၏။
ဖန်ကျန်းရီကမူ တည်းခိုခန်းအတွင်း၌သာ အေးဆေးစွာ အနားယူနေခဲ့သည်။ နေ့ခင်းဘက်တွင် ကျန်းပြောင်နှင့်အတူ လေ့ကျင့်ခန်းလုပ်ပြီး ညဘက်ရောက်လျှင် ချူချင်ဟန် ညီအစ်မနှစ်ဦးနှင့် စကားစမြည်ပြော၏။ တစ်ခါတစ်ရံတွင် မီးဖိုချောင်သို့သွား၍ ဟင်းချက်နည်းများကို လေ့လာစမ်းသပ်သည်။ သူ၏ ဘဝနေထိုင်မှုမှာ အလွန် သာယာဖြောင့်ဖြူးနေသည်ဟု ဆိုနိုင်သည်။
ကျိုးထျဲ့သည် ဆင်းဒဝစ်ချ်ကို စားပြီးသွားချိန်မှာတော့ လက်ကိုခါကာ ပြောလိုက်၏။ "သခင်လေး ... ကျုပ်တို့တွေ ဒီမှာ ဘယ်အချိန်အထိ နေရအုံးမှာလဲ။ တကယ်လို့ ဝူထူတို့ဘက်က စစ်စတိုက်ပြီး မီးပေါက်လက်နက်တွေ ထွက်လာရင် ကျုပ်တို့တွေ အကုန် ဇာတ်သိမ်းသွားပြီ မဟုတ်လား။
စောင့်ရမယ်။ အာလီပိုင် ရောက်လာမယ့် အချိန်ကို စောင့်ရမယ်။ အဲဒီကောင်လေးက ရည်မှန်းချက်တော့ ရှိပေမဲ့ နေရာမရဖြစ်နေတာ။ ငါ့အထင်တော့ သူ ငါ့ဆီကို လာသင့်နေပြီ။ အခု ငါတို့ဘေးနားမှာရှိနေတဲ့ သက်တော်စောင့်တွေ အကုန်လုံးက ဖါးပါး ထည့်ထားတဲ့ လူတွေချည်းပဲ။ ငါ့ဘက်က အရင်သွားတွေ့ရင် ပြဿနာ တက်သွားနိုင်တယ်။"
ထိုကိစ္စကို ပြောမိချိန်မှာတော့ ဖန်ကျန်းရီသည် ခံတွင်းပျက်သွားကာ ဆင်းဒဝစ်ချ်ထဲမှ အမဲသားနှင့် ကြက်ဥကိုသာ ရွေးစားလိုက်ပြီး ပေါင်မုန့်ကို ဘေးသို့ ပစ်ထားလိုက်၏။ ပုံမှန်အားဖြင့်ဆိုလျှင် အာလီပိုင်သည် သူ၏ထံသို့ ရောက်လာသင့်နေပြီ ဖြစ်သည်။
ဤလမ်းပျောက်နေသော သိုးငယ်လေးသည် အဘယ်ကြောင့် ယခုထက်တိုင် ရောက်မလာသေးပါသနည်း။ သူ တိုက်ကျွေးထားသော စိတ်ဓာတ်ခွန်အားပေး စကားများ၏ အရှိန်ကုန်သွားကာ အသုံးမကျသော ပုံစံသို့ ပြန်လည်ရောက်ရှိသွားခြင်းများ ဖြစ်နေမည်လား။
ထို့ကြောင့် နောက်တစ်ဆင့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် စောင့်ဆိုင်းနေရဆဲ ဖြစ်၏။
ထိုသို့ စဉ်းစားနေဆဲမှာပင် အခန်းတံခါး ခေါက်သံ ထွက်ပေါ်လာခဲ့သည်။
"အမတ်မင်းဖန် ရှိပါသလား။"
ဖန်ကျန်းရီသည် ချက်ချင်းပင် လန်းဆန်းတက်ကြွသွား၏။ သူတို့သုံးဦးသည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီးနောက် ကျိုးထျဲ့က ကမန်းကတန်း ထကာ တံခါးသွားဖွင့်ပေးလိုက်၏။
တံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် အာလီပိုင်သည် အလျင်အမြန် ဝင်လာခဲ့၏။ သူ၏ မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သော ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ အခန်းထဲတွင် သူစိမ်းများ မရှိသည်ကို မြင်ချိန်မှာတော့ သူက မေးလိုက်၏။ "ဆရာ ... ဒီအတောအတွင်းမှာ ဘာဖြစ်လို့ ကျုပ်ဆီ လာမတွေ့တာလဲ။"
ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် မေးလိုက်၏။ "မင်းကို ရှာပြီး ဘာလုပ်ရမှာလဲ။ မင်းက အခု မြို့ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ယူထားရတာ မဟုတ်ဘူးလား။"
အာလီပိုင်က မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။ "ဆရာက မြို့ကို ကာကွယ်ရင်းနဲ့ အောင်မြင်မှု အသေးစားလေး တစ်ခုလောက် အရင်ယူဖို့ ပြောခဲ့တာလေ။ ဒါပေမဲ့ အခု ဒီလိုကိစ္စ သေးသေးလေးမှာတောင် ကျုပ်က အဓိက တာဝန်ခံ မဟုတ်ဘူး။ မြို့ကို အုပ်ချုပ်တဲ့နေရာမှာလည်း ကျုပ်အတွက် ဘာနေရာမှ မရှိဘူး။
မြို့ကို ကာကွယ်ဖို့ အဓိက တာဝန်ယူထားရသူက အီရှီပူပဲ။ သူက အရင်တုန်းက ခမည်းတော်နဲ့အတူ စစ်မြေပြင်ကို လိုက်ပါခဲ့ဖူးတဲ့ စစ်သူကြီး တစ်ဦးလေ။ ကျုပ် ဘာအလုပ်မှ လုပ်စရာမလိုတော့ အောင်မြင်မှု သေးသေးလေး တစ်ခုတောင် ရလိုက်တဲ့ ပုံစံမပေါ်ဘူးလို့ ခံစားနေရတယ်။"
ဖန်ကျန်းရီက ပြောလိုက်၏။ "မင်းလက်ထဲမှာ စစ်သားတွေ မရှိဘူးလား။ စစ်တပ်ကို လေ့ကျင့်ပေးလေ။"
အာလီပိုင်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ "ကျုပ်ကို စစ်သား နှစ်ထောင်ပဲ ခွဲပေးထားတာ။ အဲဒါကလည်း အိုမင်းမစွမ်းတွေ၊ ဒုက္ခသည်တွေနဲ့ ရောဂါသည်တွေချည်းပဲ။ ဘာများ သွားပြီး လေ့ကျင့်ပေးလို့ ရမှာလဲ။"
ဖန်ကျန်းရီ၏ မျက်နှာထားမှာ တဖြည်းဖြည်း တည်ကြည်လာ၏။ "ဘောင်းဘီကို အရင်ဝတ်ပြီးမှ ဖိနပ်ကို စီးရတယ်။ မြေးအဖြစ် အရင်နေပြီးမှ အဘိုး နေရာကို ရောက်လာတာ။ ကိစ္စတစ်ခုက သေးငယ်လွန်းတယ် ဆိုပြီးတော့ မလုပ်ဘဲ မနေနဲ့။ အခုချိန်မှာ မင်းလုပ်ရမယ့် အရာက အတွေ့အကြုံ စုဆောင်းဖို့ပဲ။ ဒီစစ်သား နှစ်ထောင်ကို သေချာ လေ့ကျင့်ပေးနိုင်ခဲ့ရင် မင်းအတွက် ကိုယ်ပိုင် အင်အားစုတစ်ခု ရလာပြီလို့ သတ်မှတ်လို့ရတယ်။ မင်း သေချာ စဉ်းစားကြည့်ဖူးလား ... မင်းသာ သူတို့ကို သေချာ လေ့ကျင့်ပေးနိုင်ခဲ့ရင် နောင်တစ်ချိန် စစ်တပ်ထဲမှာ ဒီလူနှစ်ထောင်က မင်းအတွက် အကြီးအကျယ် ဝါဒဖြန့်ပေးကြလိမ့်မယ်။ အဲဒီအခါကျရင် မင်းရဲ့ နာမည်က ကြီးလာပြီ မဟုတ်လား။"
အာလီပိုင်သည် စကားပြောရန် ဟန်ပြင်ပြီးမှ ပြန်လည် မြိုသိပ်လိုက်၏။ "ဒါပေမဲ့ ..."
ဖန်ကျန်းရီက စားကြွင်းစားကျန် ပေါင်မုန့်ချပ်များကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "ဘာမှ ဒါပေမဲ့ လုပ်မနေနဲ့။ မင်း ရောက်လာတာ အတော်ပဲ။ ထမင်းစားပြီးပြီလား။ ဆရာလုပ်ထားတဲ့ ပေါင်မုန့်ချပ်ကို မြည်းကြည့်စမ်း။ ဒါက အနောက်တိုင်း အစားအစာပဲ။"
"ဒါက သိပ်ပြီးတော့လည်း မထူးဆန်းပါဘူး။"
"စားသာ စားလိုက်စမ်းပါ။"
အာလီပိုင်သည် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားကာ ပေါင်မုန့်ချပ်ကို ကောက်ကိုင်လိုက်၏။ "မဟုတ်ဘူး ဆရာ ... ဆရာက နည်းနည်းလေးတောင် စိတ်ပူရကောင်းမှန်း မသိဘူးလား။ ကျုပ်တို့ ရွှေတိုင်းပြည်နဲ့ တာ့ကျင်းတို့ စစ်ဖြစ်နေကြတာလေ။ ဆရာက တာ့ကျင်းသား တစ်ယောက် ဖြစ်နေလျက်နဲ့ ဒေါသထွက်တဲ့ ပုံစံလေးတောင် မပြဘူးလား။ ဆရာ့ပုံစံက အပြင်ထွက်ပြီး လေညင်းခံ အပန်းဖြေနေတဲ့ လူတစ်ယောက်လိုပဲ။"
ဖန်ကျန်းရီက ပြုံးလိုက်၏။ "မှတ်ထား ... ဒေါသ မထွက်နဲ့။ ဒေါသက မင်းရဲ့ ဉာဏ်ပညာကို လျော့ကျသွားစေလိမ့်မယ်။ ကိုယ်တိုင်က ဘာမှ မတတ်နိုင်တော့မယ့် အတူတူ လက်ရှိအချိန်လေးကို သာသာယာယာ ဖြတ်သန်းလိုက်တာက ပိုကောင်းပါတယ်။ ဆရာ့ရဲ့ လက်ရာကိုသာ အရင် မြည်းကြည့်လိုက်စမ်းပါ။"
အာလီပိုင်သည် ပေါင်မုန့်ချပ်ကို တစ်ဖဲ့ ဖဲ့စားလိုက်ပြီး ပြောလိုက်သည်။ "အင်း ... အရသာရှိသားပဲ။ ဆရာ ... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီစစ်ပွဲမှာ ဘယ်သူက နောက်ဆုံး အနိုင်ရမယ့်သူ ဖြစ်လာမယ်လို့ ထင်သလဲ။"
"ဒီမေးခွန်းကို ငါ့ကို မေးစရာမလိုဘူး။ ကျန်းပြောင်တောင် သိတယ်။ ကျန်းပြောင် ... မင်းပဲ ပြောပြလိုက်ပါ။"
ကျန်းပြောင်သည် လေးနက်စွာ စဉ်းစားဟန်ပြုပြီး ပြောလိုက်၏။ "တာ့ကျင်း နိုင်ဖို့ အခွင့်အရေး ရှိတယ်။ ဒါပေမဲ့ တာ့ကျင်း နိုင်သွားဖို့ ဆိုတာကလည်း သိပ်တော့ မဖြစ်နိုင်ဘူး။"
အာလီပိုင်သည် ဇဝေဇဝါ ဖြစ်သွားသည်။ "ဟင် ... တကယ်တမ်း ဖြစ်နိုင်တာလား၊ မဖြစ်နိုင်ဘူးလား။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒါလေးတောင် နားမလည်ဘူးလား။ မသိဘူးလေ။ ဒါပေမဲ့ ဘယ်သူပဲ နိုင်နိုင် ဆရာ့အမြင်မှာတော့ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိတာချည်းပဲ။"
အာလီပိုင်သည် အလွန်အမင်း နားရှုပ်သွားတော့၏။ "ဘယ်လိုလုပ်ပြီး နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိနိုင်မှာလဲ။"
ဖန်ကျန်းရီသည် ပြုံးစိစိဖြင့် လက်နှစ်ချောင်းကို ထောင်ပြလိုက်၏။ "ရွှေတိုင်းပြည် နိုင်ရင် ငါက အကျိုးဆောင်ဖူးတဲ့အတွက် အမတ်လုပ်လို့ရတယ်။ တာ့ကျင်းနိုင်ရင်တော့ ငါက အိမ်ကို တန်းပြန်ရုံပဲ။ နှစ်ခါတောင် နိုင်တာပေါ့။"
အာလီပိုင်က မျက်နှာရှုံ့မဲ့ကာ ပြောလိုက်သည်။ "အင်း ... ဆရာ့ရဲ့ စိတ်ထားကတော့ တကယ့်ကို ကောင်းလွန်းပါတယ်။ လေးစားလိုက် ရပါပြီ။"
"ဟမ့် ... ဒါတွေကို အရင် မပြောကြေး။ မင်း အခု ဆရာ့ဆီကို လာတာ တကယ်တမ်း ဘာကိစ္စ ရှိလို့လဲ။"
အာလီပိုင်သည် စိတ်ထဲတွင် လွန်ဆွဲနေလျက် ပြောလိုက်၏။ "တကယ်တော့ ဆရာ့ဆီ လာတာ မြို့စောင့်မယ့် ကိစ္စကို မေးချင်လို့ပါ။ ကျုပ်ရဲ့ ညီငယ်လေးတွေကလွဲပြီး ကျန်တဲ့ ညီလေးယောက်ထဲမှာ အသက်ငယ်လွန်းလို့ စစ်မြေပြင်ကို မလိုက်သွားရသူတွေကလွဲရင် ကျုပ် တစ်ယောက်တည်းကပဲ မြို့ထဲမှာ ဒီလို အေးဆေးတဲ့ အလုပ်မျိုးကို လုပ်နေရတာပါ။
အခု မြို့ကို အုပ်ချုပ်ဖို့ ဆိုတာက မဖြစ်နိုင်တော့ဘူး။ ဆရာက ကျုပ်ကို စစ်တပ် လေ့ကျင့်ပေးဖို့ ပြောတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကောင်းအောင် လေ့ကျင့်ပေးနိုင်ပါစေ ဘယ်သူမှ ဂရုစိုက်ကြလိမ့်မယ် မထင်ဘူး။ ခမည်းတော် စစ်နိုင်ပြီး ပြန်လာတဲ့အခါကျရင် ကျုပ်ရဲ့ ညီအစ်ကိုတွေ အားလုံးက နေရာကောင်းတွေ ရသွားကြလိမ့်မယ်။ ကျုပ် တစ်ယောက်တည်း ဘာအောင်မြင်မှုမှ မရှိဘူးဆိုရင် နောက်ထပ် ဘာစွမ်းဆောင်ရည်မှ ပြသခွင့် ရတော့မှာ မဟုတ်ဘူး။
ဆရာ ... ကျုပ်ကို ကူညီပေးလို့ရမယ့် တခြားနည်းလမ်း တကယ်ပဲ မရှိတော့ဘူးလား။ ကျုပ် အရင်တုန်းကလိုမျိုး အသုံးမကျတဲ့ လူတစ်ယောက်အဖြစ် ဆက်ပြီး မနေချင်တော့ဘူး။"
လာပြီ။ မင်း ပါးစပ်ဟလာမယ့် အချိန်ကိုပဲ စောင့်နေခဲ့တာ။
ဖန်ကျန်းရီသည် ခေါင်းကိုငုံ့ထားကာ အာလီပိုင်၏ စိတ်ကို ဆွဲဆန့်ထားလိုက်၏။ "အင်း ..."
အာလီပိုင်က အလျင်စလို ပြောလိုက်သည်။ "ဆရာ ... တစ်ခုခု ပြောပါ။"
ဖန်ကျန်းရီသည် ခေါင်းမော့လာပြီး အာလီပိုင်၏ ပခုံးကို ပုတ်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်၏။ "ငါ့ဆီမှာ နည်းလမ်း ရှိတာပေါ့။"