အခန်း ၈၀၀
Vol. 42 Ch. 800
အပိုင်း (၈၀၀) တစ်ပွဲတည်းနှင့် နာမည်ကျော်ကြားသွားစေရန် ဆရာ ဖန်တီးပေးမည်။
သူ၏ စိတ်ခံစားချက်များ တည်ငြိမ်သွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။ "ဒီကိစ္စအတွက် မင်း စိတ်လောနေစရာ မလိုဘူး။ လူတိုင်းက မင်းကို ငြင်းပယ်ပြီး အထင်သေးနေကြတယ် ဆိုပေမဲ့ ဆရာကတော့ မင်းရဲ့ ဘေးနားမှာ အမြဲတမ်း ရပ်တည်ပေးသွားမှာပါ။ အခု ဆရာ့ဆီမှာ အတွေးသစ်တစ်ခု ရနေပြီ။ မင်းကို တစ်ပွဲတည်းနဲ့ နာမည်ကျော်ကြားသွားစေမယ့် နည်းလမ်းမျိုးပဲ။"
တစ်ပွဲတည်းနှင့် နာမည်ကျော်ကြားသွားမယ် ဟုတ်လား။
အာလီပိုင်၏ မျက်နှာထားမှာ တဖြည်းဖြည်း တည်ကြည်လာ၏။ "ဆရာက တကယ်ကို တော်တာပဲ။ ပြောပြပါအုံး။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "နောက်ထပ် နှစ်ရက်ကြာရင် မင်း အရင်က ပေးထားတဲ့ စာရင်းထဲက လူတွေ အကုန်လုံးကို စုစည်းမလို့ ဆရာ ပြင်ဆင်ထားတယ်။ သူတို့အားလုံးကို တစ်နေရာတည်း စုပြီး တိုင်ပင်ကြတာပေါ့။ လူများတော့ အလုပ်ဖြစ်တာပေါ့။
တကယ်လို့ သူတို့တွေ အားလုံး တစ်နေရာတည်းမှာ စုဆုံမိသွားကြပြီ ဆိုရင် ဘယ်သူကမှ မင်းရဲ့ မျက်နှာကြောင့် ငြင်းပယ်ရဲကြမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် မင်းရဲ့ ပုံစံကို ပြောင်းလဲပေးနိုင်မဲ့ အခွင့်အရေးကို ဆရာ ရှာမယ်။ မင်းဆီမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိနေတယ် ဆိုတာကို သူတို့ နားလည်သွားစေရမယ်။ ငါတို့ ကစားရင် အကြီးကြီးပဲ ကစားကြမယ်။ သေးသေးမွှားမွှားတွေ လုပ်နေရတာ အဓိပ္ပာယ်မရှိဘူး။"
အာလီပိုင်က မေးလိုက်၏။ "တစ်နေရာတည်း စုပြီး အကြီးကြီး ကစားမယ် ဟုတ်လား။ ဘယ်လို ခေါင်းစဉ်မျိုးနဲ့လဲ။ ဆရာ ဘယ်လို လုပ်မလဲ ဆိုတာကို ကျုပ် တကယ် နားမလည်နိုင်အောင် ဖြစ်နေပြီ။"
ဖန်ကျန်းရီသည် ခေါင်းကိုငုံ့ကာ ခတ္တမျှ စဉ်းစားလိုက်သည်။ "ဘယ်လို ခေါင်းစဉ်နဲ့လဲ ဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက သူတို့ကို တစ်နေရာတည်း ရောက်လာအောင် စုစည်းနိုင်ဖို့ပဲ။
ဆရာ့ဘက်က ကိစ္စတွေ အောင်မြင်အောင် မဆွေးနွေးနိုင်ခဲ့ဘူး ဆိုပေမဲ့ အမှန်အတိုင်းပြောရရင် သူတို့နဲ့ ဆက်ဆံရတာ အတော်လေး ပျော်စရာ ကောင်းပါတယ်။ အဲဒီအချိန်ကျရင် မင်းနဲ့ ငါ့ရဲ့ ပူးတွဲနာမည်နဲ့ ဖိတ်စာတွေ အများကြီး ဖြန့်လိုက်မယ်။ မြို့ထဲက အရာရှိကြီးတွေကို ဧည့်ခံပြီး တစ်နေရာတည်း စုမိသွားအောင် လုပ်မယ်။ ခေါင်းစဉ်ကတော့ ... နောက်နှစ်ရက်ကြာရင် ဆရာ့ရဲ့ ဇာတိရွာမှာ ကောက်ရိတ်သိမ်းပွဲတော် ရှိတယ်။ အဲဒီနေ့မှာ ရွာသားတွေ အကုန်လုံး စုပြီး အောင်ပွဲခံကြတာ။ ဆရာတို့ ဒေသရဲ့ အရေးအကြီးဆုံး ပွဲတော်တစ်ခုပဲ။"
"ဆရာက အခု တာ့ကျင်းကို ပြန်လို့မရတော့ဘူးလေ။ ရွှေတိုင်းပြည်မှာပဲ ဆက်ပြီး အလုပ်လုပ်နေရတော့မှာ။ နောင်တစ်ချိန် အတူအလုပ်လုပ်ကြမဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဆရာ့အတွက် ကျင်းပပေးတဲ့ အခမ်းအနား တစ်ခုလို့ပဲ သတ်မှတ်လိုက်ကြတာပေါ့။"
အာလီပိုင်သည် ပြန်လည် စဉ်းစားဟန်ပြုရင်း ပြောလိုက်၏။ "ကောက်ရိတ်သိမ်းပွဲတော် ... ဒီလို ခမ်းနားတဲ့ ပွဲတော်မျိုးကို ကျုပ် တစ်ခါမှ မကြားဖူးဘူး။ ဒါဆို အဲဒီအချိန်ကျရင် ကျုပ် သွားရမှာလား။"
ဖန်ကျန်းရီ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်အဝါများ တောက်ကြွားနေခဲ့သည်။ "မင်းက သေချာပေါက် သွားရမှာပေါ့။ လူအယောက်ဆယ်ဂဏန်းလောက် ရွေးထားလိုက် ... အထက်တန်းစား စစ်သားတွေ ဖြစ်ရမယ်။ အဲဒီလူတွေကို စစ်သူကြီး အိမ်တော် အနီးအနားမှာ ထားလိုက်။ ရောက်ရင် ဆရာ့အစီအစဉ်အတိုင်း လုပ်။ တကယ်လို့ စစ်သူကြီးအိမ်တော်ထဲကနေ ထူးဆန်းတဲ့ အသံတစ်ခု ထွက်လာတာကို ကြားတာနဲ့ တစ်ပြိုင်နက် စစ်သားတွေကို ခေါ်ပြီး အထဲကို အမြန်ဝင်လာ၊ ဖျော်ဖြေရေး အစီအစဉ်ကို တင်ဆက်လိုက်တော့။"
"ဘာ ထူးဆန်းတဲ့ အသံလဲ။ ပြီးတော့ ဘာ ဖျော်ဖြေရေး အစီအစဉ်ကို တင်ဆက်ရမှာလဲ။"
ဖန်ကျန်းရီက ပြုံးစိစိဖြင့် ပြောလိုက်၏။ "အဲဒါက အခမ်းအနားရဲ့ အသံလေ။ အချိန်ကျရင် မင်း ကြားလိုက်တာနဲ့ သဘောပေါက်သွားလိမ့်မယ်။ မင်း သေချာပေါက် ကြားရမှာပါ။
အဲဒီအချိန်ကျရင် မင်းက အထက်တန်းစား စစ်သားတွေကို ခေါ်လာခဲ့။ အချိန်ကို ဆရာ သေချာ ချိန်ဆပေးမယ်။ မင်းက ဒီအခွင့်အရေးကို အသုံးချပြီးတော့ ဒီအတောအတွင်း မင်း လေ့ကျင့်ပေးထားတဲ့ ရလဒ်တွေကို စစ်သူကြီး အီရှီပူကို ပြသလိုက်။ မင်းဘက်ကသာ သေချာ လိုက်လျောညီထွေ လုပ်ဆောင်နိုင်မယ် ဆိုရင် အဲဒီနေ့က စပြီး မင်းရဲ့ ဘဝကြီးက အကြီးအကျယ် တောက်ပလာလိမ့်မယ်လို့ ဆရာ အာမခံတယ်။
မင်းကို အထင်သေးတဲ့သူတွေ အကုန်လုံးက မင်း မကောင်းကြောင်း တစ်ခွန်းတောင် ပြောရဲကြတော့မှာ မဟုတ်ဘူး။ မင်းကိုယ်မင်း ဂုဏ်ယူနိုင်အောင် လုပ်ရမယ်၊ ဆရာ့အတွက်လည်း မျက်နှာပွင့်အောင် လုပ်ပေးရမယ်။
တပည့်ကောင်းလေး ... မင်းက မင်းသား တစ်ပါးဖြစ်ပြီး မွေးရာပါ အင်အားကြီးသူ တစ်ယောက်ဆိုတာကို အမြဲတမ်း မှတ်ထားစမ်းပါ။ ဒီတစ်ကြိမ်မှာ ငါတို့ လိုချင်တာက အနိုင်ကြီး နိုင်ဖို့ပဲ။ အဲဒီနောက်မှာ မင်းကို ကြိုဆိုနေမှာက တစ်ကြိမ်ပြီး တစ်ကြိမ် ရရှိလာမယ့် အောင်ပွဲတွေချည်းပဲ။ သေသေချာချာ စွမ်းဆောင်ပြပြီးတော့ မင်း ဆုံးရှုံးခဲ့ရတဲ့ အရာတွေ အကုန်လုံးကို ပြန်ယူလိုက်စမ်းပါ။ ကြိုးစားလိုက်စမ်းပါ။”
အာလီပိုင်၏ အသက်ရှူနှုန်းများမှာ တဖြည်းဖြည်း မြန်ဆန်လာကာ ရင်ထဲတွင် အလွန်အမင်း လှိုင်းထနေခဲ့၏။ "ဆရာ ... ဘယ်လိုလုပ်တာကို အနိုင်ကြီး နိုင်တယ်လို့ ခေါ်တာလဲ ဆိုတာကို ကျုပ် လုံးဝ စိတ်ကူးကြည့်လို့ မရဘူး။"
ဖန်ကျန်းရီသည် တံခါးကို ဖွင့်ကာ ဧည့်ခံပြန်လွှတ်လိုက်သည်။ "မရသေးဘူး ... မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က သိပ်မခိုင်မာသေးဘူး။ ကြိုပြောပြလိုက်ရင် မင်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်သွားမှာ စိုးရိမ်ရတယ်။ လောလောဆယ် မင်းလုပ်ရမှာက ဆရာ့ရဲ့ အစီအစဉ်နောက်ကို လိုက်ဖို့ပဲ။ အခု မင်း အရင်ပြန်ပြီး စစ်တပ်ကို ပြင်ဆင်ထားလိုက်တော့။ ဆရာက မင်းအတွက် အံ့သြစရာ လက်ဆောင်တစ်ခု ပေးမယ်လို့ အာမခံပါတယ်။"
...
နောက်တစ်နေ့တွင် သူ့ကိုယ်စား ချူချင်ဟန် ရေးသားပေးထားသော ဖိတ်စာများကို ဖန်ကျန်းရီ ကိုယ်တိုင် တစ်အိမ်တက်ဆင်း လိုက်လံ ပေးပို့ခဲ့၏။
ဤအတောအတွင်း ကြိုးစားအားထုတ်ခဲ့ရမှုများသည် အချည်းနှီး မဖြစ်ခဲ့ပေ။ ဖိတ်စာကို လက်ခံရရှိသူတိုင်းက ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ထမင်းတစ်နပ် စားရုံသတ်သတ်ဖြင့် အချိန်များစွာ ကုန်ဆုံးမည် မဟုတ်ပေ။
ထို့အပြင် ဖန်ကျန်းရီနှင့် ဒုတိယမင်းသားတို့ ပူးပေါင်းထားခြင်း ဖြစ်သောကြောင့် လူအများက အတော်လေး ဆန်းသစ်သည်ဟု ခံစားခဲ့ကြရ၏။
ဧည့်ခံပွဲ ကျင်းပမည့် နေရာအတွက်မူ အီရှီပူက အလွန် သဘောထားကြီးစွာဖြင့် မည်သည့်စကားမျှ မဆိုဘဲ ငှားရမ်းပေးခဲ့သည်။
နောက်ထပ် တစ်ရက် ကူးသွားချိန်မှာတော့ ဖန်ကျန်းရီသည် အမှားအယွင်းမရှိစေရန် ကြိုတင် ပြင်ဆင် မွမ်းမံထားပြီး ဖြစ်၏။ ယခုအခါတွင် သူသည် တည်းခိုခန်း၏ တံခါးပြင်၌ ရပ်ကာ လက်အောက်ငယ်သားများကို အဆက်မပြတ် မှာကြားနေခဲ့၏။
ဖါးပါးဆိုသော ထိုလူသည် သူ့ကို စောင့်ကြည့်ရန် လူအင်အား ထပ်မံ တိုးချဲ့ထားခဲ့သော်လည်း ... ပြဿနာ မရှာသရွေ့ ဤသက်တော်စောင့်များသည် တောင်းဆိုသမျှကို လိုက်လျောပေးကြပြီး အတော်လေး အသုံးဝင်လှပေသည်။
ပြုလုပ်ရမည့် ကိစ္စရပ်များကို နောက်တစ်ကြိမ် ထပ်မံ ပြောဆိုပြီးနောက် ဖန်ကျန်းရီသည် ရှေ့ဆုံးတန်းတွင် ရှိနေသော သက်တော်စောင့် အနည်းငယ်ကို လက်ညှိုးထိုးပြလိုက်သည်။ "မင်းက ဘာလုပ်ရမလဲ ဆိုတာကို ပြောပြစမ်းပါ။"
သက်တော်စောင့်က ကြောင်တောင်တောင်ဖြင့် ပြန်ဖြေ၏။ "ဂျုံမှုန့် ဖြန်းရမှာပါ။ တစ်ယောက်ကို အသက်ရှူကြိမ် နှစ်ဆယ် အတွင်းမှာ ဂျုံမှုန့် နှစ်အိတ် ကုန်အောင် ဖြန်းရပါမယ်။ ဖြန်းနိုင်သလောက် အကုန် ဖြန်းထုတ်ရမှာပါ။"
"အင်း အင်း အင်း ... မဆိုးဘူး။ မှတ်ထားနိုင်ရင် ပြီးတာပဲ။ ငါ့ကို လုံးဝ အရှက်မကွဲစေနဲ့။ ပြီးတော့ မီးရှူးတိုင် ကိုင်ပြီး ကရမယ့် ကောင်တွေ ... ရေတွက်လို့ ပြီးသွားမှ အိမ်ထဲကို ဝင်ကြ။ အထဲရောက်သွားရင် မီးရှူးတိုင်ကို အဝိုင်းကြီးကြီး ဝိုင်းပြဖို့ သေချာ မှတ်ထား။ ဟန်ပန်အမူအရာက လူတိုင်းကို ပါးစပ်ဟ အံ့သြသွားစေလောက်တဲ့ အထိ ဖြစ်နေရမယ်။ မဟုတ်ရင် ငါ့ရဲ့ ဧည့်ခံပွဲက ကျရှုံးသွားပြီလို့ သတ်မှတ်ရလိမ့်မယ်။
အခု စပြီး ထွက်ခွာကြစို့။"
ဖန်ကျန်းရီ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးသည် စစ်သူကြီး အိမ်တော်ဆီသို့ စတင် ရွေ့လျား သွားကြတော့သည်။
စစ်သူကြီး အိမ်တော်၏ အပြင်ဘက်တွင်မူ ရထားလုံးများနှင့် မြင်းများက ကြိတ်ကြိတ်တိုး စည်ကားနေခဲ့ပြီ ဖြစ်၏။
ဆယ်ရက်ကျော်ခန့် အဆက်မပြတ် ရင်းနှီးမှု ရယူထားခဲ့ခြင်းနှင့် ဖန်ထိုက်မြို့ အထက်အောက်တွင် အလုပ်ကိစ္စ သိပ်မများပြားလှခြင်းတို့ကြောင့် လာရောက်သူများမှာ အတော်လေး စုံလင်လှပေသည်။
ဖန်ကျန်းရီသည် စစ်သူကြီး အိမ်တော်ထဲသို့ ဝင်ရောက်သွားပြီးနောက် အီရှီပူထံသို့ နွေးထွေးပျူငှာစွာ ချက်ချင်း လျှောက်သွားလိုက်၏။ "စစ်သူကြီး ... ဒီနေ့မှာ ကျုပ်အတွက် အခမ်းအနား ကျင်းပဖို့ ခမ်းနားတဲ့ နေရာကို ငှားရမ်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခဏနေကျရင် ကျုပ်ဆီမှာ စစ်သူကြီးကို တင်ဆက်ပြသချင်တဲ့ ရိုးရာ အစီအစဉ်တစ်ခု ရှိတယ်။ စစ်သူကြီးက သေသေချာချာ ကြည့်ရှုခံစားပေးပါ။"
အီရှီပူက အသံထွက်ကာ ရယ်မောလိုက်သည်။ "လွယ်ပါတယ် ... အခြေအနေကို နားလည်သူကမှ ထက်မြက်တဲ့သူပဲ။ အမတ်မင်းဖန်က ကျုပ်တို့ ရွှေတိုင်းပြည်ထံ ရိုးသားစွာ သစ္စာခံချင်နေမှတော့ ကျုပ်က နေရာလေး ငှားပေးရုံလောက်က ဘာများ အရေးကြီးနေမှာလဲ။
ဒီအထဲမှာ လုပ်ဖော်ကိုင်ဖက် တော်တော်များများ ရောက်နေကြပြီ။ မကြာသေးခင်က မင်း အိမ်လည်ထွက်တာ မနည်းဘူးလို့ ကျုပ် ကြားတယ်။ လူအများအပြားက မင်းအပေါ် သဘောထား အရမ်း ကောင်းနေကြတာ။ ဒီတစ်ကြိမ်က လူတိုင်း တရားဝင် ပြန်လည် တွေ့ဆုံကြတာလို့ သတ်မှတ်လို့ရပြီး နောက်ကျရင် တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီလို့ ရတာပေါ့။ ကြွပါ။"
သူတို့နှစ်ဦးသည် အိမ်တွင်းသို့ အတူတကွ လျှောက်လှမ်းဝင်ရောက်သွားကြ၏။ ယခုအခါတွင် လူအများအပြားသည် နေရာအသီးသီး၌ ထိုင်နေကြပြီး နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စုဖြင့် စကားစမြည် ပြောဆိုနေကြသည်။
ဖန်ကျန်းရီ ဝင်လာသည်ကို မြင်ချိန်မှာတော့ တစ်ချို့က ခေါင်းညိတ် နှုတ်ဆက်ကြပြီးနောက် ဘေးနားရှိ လူများနှင့် တိုးတိုးတိတ်တိတ် ဆက်လက် စကားပြောနေကြပြန်၏။
လူအများစု ရောက်ရှိနေပြီ ဖြစ်သည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီသည် အီရှီပူနှင့် စကားအနည်းငယ် ပြောဆိုနှုတ်ဆက်လိုက်ပြီး အလယ်သို့ လျှောက်သွားကာ လက်နှစ်ဖက်ကို မြှောက်၍ ပြောလိုက်သည်။ "လူကြီးမင်းတို့ ... ကျုပ်ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး စစ်သူကြီး အိမ်တော်ဆီ လာရောက် တွေ့ဆုံပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျုပ်က ဖန်ထိုက်မြို့မှာ နေထိုင်လာခဲ့တာ လဝက်ကျော် ရှိနေပါပြီ။ ဒီမှာရှိနေတဲ့ လူကြီးမင်းတို့ အားလုံးကိုလည်း ကျုပ် တစ်ယောက်ချင်းစီ လိုက်လံ တွေ့ဆုံပြီးလောက်ပြီ ထင်ပါတယ်။ ကျုပ်ရဲ့ စိတ်ရင်းကို အားလုံး နားလည်ကြမှာမို့ ထပ်ပြီး အများကြီး မပြောတော့ပါဘူး။
ယနေ့ အားလုံးကို စုစည်းလိုက်ရတာက ... တစ်ချက်က ကျုပ် ဇာတိရွာရဲ့ ပွဲတော်ကို ကျင်းပချင်လို့ပါ။ ဒါက ကျုပ်ရဲ့ ဘဝမှာ ဒီပွဲတော်ကို နောက်ဆုံးအကြိမ် ကျင်းပရခြင်းလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ နောင်တစ်ချိန် ကျုပ်ကို မြှောက်စားကူညီပေးကြမယ့် လူကြီးမင်းတို့ကို ကျေးဇူးတင်ချင်လို့ပါ။
ကဲ ... စကားပိုတွေ မပြောတော့ဘူး။ ကျုပ် ဇာတိရွာရဲ့ ဓလေ့ထုံးစံကို အားလုံးကို အရင် မိတ်ဆက်ပေးပါရစေ။ လူကြီးမင်းတို့ အားလုံး ယနေ့မှာ စိတ်ကြိုက် သောက်စားပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။"