← Chapters

အခန်း ၈၀၁

Vol. 42 Ch. 801

အခန်း ၈၀၁

Vol. 42 Ch. 801

အပိုင်း (၈၀၁) တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲမှုကြီး။

ဖန်ကျန်းရီက ဆက်လက် ပြောဆိုရန် ဟန်ပြင်နေဆဲမှာပင် သာမန် စစ်သားလေး တစ်ဦးသည် အပြင်ဘက်မှနေ၍ ကမန်းကတန်း ပြေးဝင်လာကာ အီရှီပူ၏ ဘေးသို့ လျှောက်သွားပြီး နားထဲသို့ တိုးတိုးတိတ်တိတ် ကပ်ပြောလိုက်၏။

အီရှီပူ၏ မျက်လုံးများ အနည်းငယ် ပြောင်းလဲသွားပြီး ဖန်ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။ "အမတ်မင်းဖန် ... လူတစ်ယောက် မရောက်သေးဘူး ဆိုတာကို မင်း မေ့နေပုံရတယ်။"

ဖန်ကျန်းရီသည် ဘေးဘီဝဲယာသို့ နှစ်ပတ်ခန့် ဝေ့ကြည့်လိုက်ပြီး မေးလိုက်၏။ "စစ်သူကြီး ပြောတာက ဒုတိယ မင်းသားကို ပြောတာလား။"

အီရှီပူက ပြောလိုက်သည်။ "မှန်တယ်။ ဖိတ်စာကို မင်းနဲ့ ဒုတိယ မင်းသားတို့ ပူးတွဲပြီး ထုတ်ထားတာ မဟုတ်ဘူးလား။ အခု ဒုတိယ မင်းသားက ဘယ်မှာလဲ။"

ပတ်ဝန်းကျင်ရှိ လူအများက သူ၏လေသံ အနည်းငယ် မကောင်းသည်ကို ရိပ်မိလိုက်ကြပြီး မျက်လုံးများမှာ ဖန်ကျန်းရီ၏ အပေါ်သို့ စုပြုံကျရောက်သွားကြ၏။

ဖန်ကျန်းရီသည် အနည်းငယ်မျှ မလောပေ။ "ဒါက ... ထားလိုက်ပါတော့။ မူလကတော့ ကျုပ်က လျှို့ဝှက် ထားချင်သေးတာ။ ဒါပေမဲ့ စစ်သူကြီးက မေးလာမှတော့ ကျုပ်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါတော့မယ်။

ဒုတိယ မင်းသားက မကြာသေးခင်က စစ်တပ် လေ့ကျင့်တဲ့ နေရာမှာ အတော်လေး တတ်မြောက်ထားတယ်။ ဒါကြောင့် ကျုပ် ကောက်ရိတ်သိမ်းပွဲတော်ကို ကျင်းပမယ် ဆိုတာကို သိသွားတော့ လူပုံအလယ်မှာ စစ်ရေးပြသဖို့ ကိုယ်တိုင် တောင်းဆိုလာခဲ့တယ်။ စစ်သူကြီးနဲ့ လူကြီးမင်းတို့က စစ်ဆေးပေးကြပါ။ ယနေ့မှာ ရွေးချယ်ထားတဲ့ စစ်သား အယောက်ဆယ်ဂဏန်းလောက်ကို ခေါ်လာပြီး စစ်သူကြီး အိမ်တော် အပြင်ဘက်မှာ စောင့်နေပါတယ်။ ခဏနေမှ သူ အထဲကို ဝင်လာပါလိမ့်မယ်။"

အီရှီပူသည် ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။ "ဒီလိုကိုး ... ဒါဆိုလည်း အမတ်မင်းဖန် စတင်ပါတော့။"

ဒုတိယ မင်းသားသည် စစ်သား အယောက်ဆယ်ဂဏန်းခန့်ကို ခေါ်ဆောင်ကာ စစ်သူကြီး အိမ်တော် အပြင်ဘက်တွင် တပ်စွဲထားကြောင်း သတင်းရရှိခဲ့စဉ်က တစ်စုံတစ်ရာ ကိစ္စရှိနေမည်ဟု ထင်မှတ်ခဲ့မိ၏။

သို့ပေမည့် ယခုအခါ ဖန်ကျန်းရီက ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာသည့်အတွက် မည်သည့် သံသယမှ မရှိတော့ချေ။

မည်သို့ပင်ဆိုစေကာမူ လူအယောက်ဆယ်ဂဏန်းလောက်ဖြင့် ဘာပြဿနာများ ဖန်တီးနိုင်မည်နည်း။

လူအများ၏ စိတ်ထဲတွင် သံသယ ကင်းရှင်းသွားပြီ ဖြစ်ကြောင်း မြင်ချိန်မှာတော့ ဖန်ကျန်းရီသည် စားပွဲရှေ့သို့ လျှောက်သွားကာ အရက်တစ်ခွက် ငဲ့လိုက်ပြီး အရက်ခွက်ကို ကိုင်ဆောင်လျက် ပြောလိုက်သည်။ "ဒီ ကောက်ရိတ်သိမ်းပွဲတော်က ကျုပ် ဇာတိရွာရဲ့ အရေးအကြီးဆုံး ပွဲတော်တစ်ခုပါ။ နာမည်အတိုင်းပဲ သီးနှံတွေ အထွက်တိုးတာကို အောင်ပွဲခံဖို့ ကျင်းပတာ။ အဲဒီနေ့မှာ မိသားစုထဲက လူကြီးတွေက အရင်က သိမ်းဆည်းထားတဲ့ ဂျုံစေ့တွေကို ဂျုံမှုန့်အဖြစ် ကြိတ်ပြီး အိမ်ထဲမှာ အများကြီး ပစ်ပေါက် ဖြန်းထုတ်ကြတယ်။ အဲဒါက နောက်နှစ်မှာလည်း သီးနှံတွေ ထပ်ပြီး အထွက်တိုးဖို့ ဆုတောင်းတဲ့ သဘောပဲ။

ခဏနေကျရင် ဂျုံမှုန့်တွေ ဖြန်းတော့မယ်။ သီးနှံတွေ အပြင်ဘက်ကို မလွင့်စင်သွားစေဖို့ တံခါးနဲ့ ပြတင်းပေါက်တွေကို သေချာ ပိတ်ထားရမယ်။ မဟုတ်ရင် နိမိတ်မကောင်းဘူး။ လူကြီးမင်းတို့ အနေနဲ့ အချိန်တိုအတွင်းမှာ အနည်းငယ် နေရခက်သွားနိုင်ပါတယ်။ ကျုပ်က ဝတ်ရုံတွေနဲ့ လက်ကိုင်ပဝါတွေကို ကြိုတင် ပြင်ဆင်ခိုင်းထားပါတယ်။ စတင်တဲ့ အချိန်ကျရင် အားလုံးက အဝတ်အစားပေါ်မှာ လွှမ်းခြုံထားပြီး နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးထားကြပါ။ ဂျုံမှုန့်တွေ ဖြန်းပြီးသွားတဲ့ အခါကျရင် လူကြီးမင်းတို့ရဲ့ မျက်လုံးတွေကို လင်းလက်သွားစေမဲ့ လှည့်ကွက်ကောင်း တစ်ခု ရှိပါသေးတယ်။

နောက်တစ်ခုက ... ဒီတစ်ကြိမ်က ကျုပ် အနေနဲ့ တာ့ကျင်းရဲ့ အမတ်တစ်ယောက်အဖြစ် နောက်ဆုံးအကြိမ် ပွဲတော် ကျင်းပရခြင်းပါ။ မနက်ဖြန်က စပြီး ကျုပ် ဖန်ကျန်းရီက ရွှေတိုင်းပြည်ရဲ့ အမတ် ဖြစ်သွားပါပြီ။ ဒီမှာရှိနေတဲ့ သူတွေ အားလုံးက ကျုပ်ထက် ရာထူး၊ အသက် ကြီးမားသူတွေချည်းပါပဲ။ နောင်တစ်ချိန်ကျရင် ဒီကလူတွေအားလုံးနဲ့ အတူတကွ လက်တွဲပြီး ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်ကို ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်။"

ထိုသို့ ပြောပြီးနောက် ဖန်ကျန်းရီသည် ခွက်ထဲရှိ အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။

ထိုနေရာတွင် ရှိနေသော လူအများကလည်း မျက်နှာသာပေးကာ အရက်ခွက်များကို ကိုင်၍ တစ်ခွက်စီ မော့သောက်လိုက်ကြသည်။

ကြိုတင် ပြင်ဆင်ထားသော ဝတ်ရုံများနှင့် လက်ကိုင်ပဝါများကို တစ်ခုချင်းစီ ဝေငှပြီးနောက် လူအများက ဝတ်ဆင်လိုက်ကြ၏။

ဖန်ကျန်းရီသည် တံခါးဝသို့ လျှောက်သွားကာ အပြင်ဘက်တွင် ဂျုံမှုန့်အိတ်များကို ကိုင်ဆောင်စောင့်ဆိုင်းနေသော သက်တော်စောင့် အနည်းငယ်ကို လက်ကို အားကုန် ဝှေ့ယမ်းပြလိုက်သည်။

သက်တော်စောင့်များသည် ဂျုံမှုန့်များကို ကိုင်ဆောင်လျက် အိမ်တွင်းသို့ ဝင်လာကြပြီး အိတ်များကို ဖွင့်လိုက်ကြ၏။

"လူကြီးမင်းတို့ ... နှာခေါင်းနဲ့ ပါးစပ်ကို သေချာ ဖုံးထားကြပါ။ ဒီ ဂျုံမှုန့် ဖြန်းတဲ့ အစီအစဉ်က မြန်မြန်ဆန်ဆန် ပြီးသွားပါလိမ့်မယ်။ စိတ်အေးအေးထားကြပါ။ အခု စတင်ပါပြီ။"

ဖန်ကျန်းရီ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ကြိုတင် မှာကြားထားပြီးဖြစ်သော သက်တော်စောင့်များသည် ဂျုံမှုန့်အိတ်များထဲသို့ လက်နှစ်ဖက်ကို ချက်ချင်း နှိုက်လိုက်ကြပြီး ဂျုံမှုန့် တစ်ဆုပ်ကို အားကုန် ဆွဲထုတ်ကာ လေထဲသို့ ပစ်ပေါက် ဖြန်းထုတ်လိုက်ကြတော့သည်။

ဂျုံမှုန့် ဆုပ်များကို လေထဲသို့ အဆက်မပြတ် လွင့်စင်သွားကြရာ မကြာမီမှာပင် လေထုထဲတွင် ဂျုံမှုန့် အမှုန်အမွှားများဖြင့် ပြည့်နှက် ဖုံးလွှမ်းသွားခဲ့၏။

လူအများအပြားသည် မျက်မှောင်ကြုတ်ကာ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ထားကြသည်။

ဤအရာက အတော်လေး ဆန်းသစ်သော်လည်း ... နေရာအနှံ့အပြားတွင် ဂျုံမှုန့်များဖြင့် ပြည့်နှက်နေသောကြောင့် အနည်းငယ်တော့ နေရခက်လှ၏။

ဖန်ကျန်းရီသည်လည်း ပါးစပ်ကို ဖုံးကာ သေသေချာချာ ကြည့်ရှု အကဲခတ်နေခဲ့သည်။

ယခုအခါတွင် ဂျုံမှုန့်များ လေးဘက်လေးလံသို့ လွင့်ပျံနေမှုမှာ အိမ်တွင်း၌ ပျောက်ကွယ်မသွားနိုင်သော မြူခိုးထူထူကြီး တစ်အုပ် ဖုံးလွှမ်းနေသည့်အလား ဖြစ်နေချေပြီ။

အော်လောက်ပြီ ဖြစ်၏။ အမှုန်အမွှား ပေါက်ကွဲမှုကို ပထမဆုံးအကြိမ် စမ်းသပ်ကစားကြည့်ခြင်း ဖြစ်သော်လည်း ဤသိပ်သည်းဆက လုံလောက်အောင် မြင့်မားနေလောက်ပြီ ဖြစ်ပေသည်။

သာမန် အလုပ်ရုံများတွင်ပင် ဤမျှလောက် များပြားသော ဖုန်မှုန့်များ မရှိနိုင်ချေ။

ပါးစပ်ကို ဖုံးထားရပြီး အိမ်တစ်ခုလုံးတွင် ဂျုံမှုန့်များ ဖရိုဖရဲ လွင့်ပျံကာ မှိုင်းမှိုင်းဝေဝေ ဖြစ်နေမှုကြောင့် တဖြည်းဖြည်း နေရခက်လာကြပြီ ဖြစ်ရာ နောက်ဆုံးတွင်တော့ တစ်ယောက်ယောက်က မနေနိုင်ဘဲ မေးလိုက်၏။ "အမတ်မင်းဖန် ... ဒီဂျုံမှုန့်တွေကို ဘယ်အချိန်အထိ ဖြန်းနေအုံးမှာလဲ။ လှည့်ကွက်ကို ဘယ်အချိန်ကျမှ ပြမှာလဲ။"

ဖန်ကျန်းရီက အော်ပြောလိုက်သည်။ "အခုချက်ချင်းပဲ …. အခုချက်ချင်း ပြီးတော့မယ်။ အခမ်းအနားရဲ့ နောက်တစ်ဆင့်ကို ဆက်လုပ်ဖို့ တခြားသူတွေကို ကျုပ် အရင် သွားခေါ်လိုက်အုံးမယ်။ ကျုပ် ပြန်လာတာနဲ့ ပြီးသွားပါပြီ။ အားလုံး ခဏလောက် စောင့်ပေးကြပါ။"

"မင်းတို့တွေ ဆက်ဖြန်းနေကြ။ လောလောဆယ် မရပ်နဲ့အုံး။"

ဖန်ကျန်းရီသည် ထိုသို့ ပြောပြီးနောက် တံခါးကို တွန်းဖွင့်ကာ အိမ်ပြင်သို့ ပြေးထွက်သွား၏။

ယခုအခါတွင် အပြင်ဘက် ခြံဝန်း၌ ကျန်းပြောင်နှင့် ကျိုးထျဲ့တို့နှင့်အတူ သက်တော်စောင့် အနည်းငယ် ရှိနေဆဲ ဖြစ်သည်။ သို့ပေမည့် အာလီပိုင်သည်လည်း သူတို့နှင့်အတူ ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။

ဖန်ကျန်းရီသည် အလျင်အမြန် လျှောက်သွားလိုက်ပြီး သက်တော်စောင့်များကို ပြောလိုက်၏။ "မီးရှူးတိုင် ... မီးရှူးတိုင်တွေကို ထွန်းလိုက်။ အခု ချက်ချင်း အိမ်ထဲကို ဝင်။ အရင်က ငါ မှာထားတဲ့အတိုင်း အိမ်ထဲမှာ မီးရှူးတိုင်နဲ့ အဝိုင်း လှည့်ပြကြ။"

သက်တော်စောင့်များသည် ကြိုတင် ပြင်ဆင်ထားသော မီးရှူးတိုင်များကို ထုတ်ယူလိုက်ကြပြီး မီးခြစ်ကျောက်ကို ထုတ်ကာ မီးညှိလိုက်ကြသည်။

အာလီပိုင်သည် ဖန်ကျန်းရီကို ကြည့်ကာ ပြုံးရင်း မေးလိုက်၏။ "ဆရာ့ရဲ့ ကိုယ်ပေါ်မှာ ပေနေတာတွေက ဘာတွေလဲ။"

ဖန်ကျန်းရီသည် စကားမပြောဘဲ သက်တော်စောင့်များ မီးရှူးတိုင်ကို ထွန်းညှိပြီး အိမ်တွင်းသို့ လျှောက်လှမ်းသွားသည်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။

ဤသည်မှာ အန္တရာယ်များသော ခြေလှမ်းတစ်ခု ဖြစ်၏။ အောင်မြင်နိုင်မည်၊ မအောင်မြင်နိုင်မည်ကို သေချာ မသိရသော်လည်း ယခုအခါတွင် ဤအတိုင်းသာ လုပ်ဆောင်၍ ရတော့သည်။

ဖန်ကျန်းရီသည် စိတ်ထဲမှ ရေရွတ်လိုက်၏။ "သိပ္ပံပညာကိုသာ ယုံကြည်လိုက်စမ်းပါ။"

လက်တစ်ဖက်သည် အာလီပိုင်၏ ပခုံးပေါ်သို့ ရောက်ရှိလာ၏။ ထို့နောက် ပြောလိုက်သည်။ "တပည့်လေး ... အဲဒီအိမ်ကို သေသေချာချာ ကြည့်ထားစမ်းပါ။ သေသေချာချာ ကြည့်ထား ... ဒီမြင်ကွင်းကို မင်း တစ်သက်လုံး မမေ့နိုင်ဘူးလို့ ဆရာ အာမခံတယ်။ အခုချိန်က စပြီး မင်းက ဖန်ထိုက်မြို့ရဲ့ ဘုရင်ပဲ။"

ဖန်ထိုက်မြို့၏ ဘုရင် ဟုတ်လား။ ဆရာ၏ ဤစကားက ဘာအဓိပ္ပာယ်နည်း။

အာလီပိုင်သည် တိတ်တဆိတ် အံ့သြသွားသည်။ သို့နှင့် အားနာပါးနာ ရယ်မောလိုက်၏။ "ဆရာ ... ဆရာ ပြောတဲ့ စကားကို ကျုပ် ဘယ်လို နားလည်ရမလဲ ဆိုတာ ..."

"ဘုန်း ..."

မျှော်လင့်မထားသော မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံ အကျယ်ကြီးသည် စစ်သူကြီး အိမ်တော် တစ်ခုလုံး၏ ကောင်းကင်ယံသို့ ရုတ်တရက် ပဲ့တင်ထပ် သွားခဲ့တော့သည်။

အာလီပိုင်၏ မျက်လုံးများမှာ ချက်ချင်းပင် ကြောင်တောင်တောင် ဖြစ်သွားကာ ခြေထောက်နှစ်ဖက် တုန်ယင်ပြီး မြေပေါ်သို့ ဘုန်းခနဲ လဲကျသွားခဲ့၏။ သူ၏ ဝိညာဉ်များပင်လျှင် ပေါက်ကွဲမှုကြောင့် လွင့်စင်သွားသည့်အလား ဖြစ်နေချေပြီ။

ဦးနှောက်ထဲတွင် ဘာတစ်ခုမှ မရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်သွား၏ ... နားထဲတွင်လည်း တခြား မည်သည့် အသံကိုမျှ မကြားရတော့ချေ။

စောစောက မီးရှူးတိုင် ကိုင်ဆောင်ထားသော ထိုသက်တော်စောင့်များ အိမ်တွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဤကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော အပြောင်းအလဲကြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲသံ ကျယ်ကြီးနှင့်အတူ ပြတင်းပေါက်များနှင့် တံခါးမကြီးတို့သည် အဝေးသို့ လွင့်စင် ထွက်သွားကြပြီး မီးလျှံများသည် ပြတင်းပေါက်များမှနေ၍ အပြင်သို့ ပန်းထွက်လာခဲ့၏။

မရေမတွက်နိုင်သော အပျက်အစီး အစအနများသည် ကောင်းကင်ယံသို့ လွင့်ပျံသွားကြသည်။

အထဲမှနေ၍ စူးစူးဝါးဝါး အော်ဟစ်သံ တစ်ချက်လေးပင် ထွက်ပေါ်မလာခဲ့ပေ။ ထူးခြားသော အခြေအနေများ မရှိပါက အားလုံးသည် တိမ်းပါး သေဆုံးသွားကြပြီ ဖြစ်လောက်၏။

ဖန်ကျန်းရီသည်လည်း အလွန်အမင်း ချီးကျူးနေမိသည်။

ဤအရာကို ရှမ့်သခင်လေး ဝတ္တုထဲတွင်သာ ဖတ်ခဲ့ဖူးခြင်း ဖြစ်၏။ သေးငယ်သော ဂျုံမှုန့်လေးက ဤမျှလောက် ပြင်းထန်သော အစွမ်းသတ္တိ ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။

သို့ပေမည့် ယခုအခါတွင် အခြေအနေများက တည်ငြိမ်သွားပြီ ဖြစ်ရာ နောက်ဆက်တွဲအနေဖြင့် အာလီပိုင် မည်သို့ စွမ်းဆောင်ပြမည်ကိုသာ ကြည့်ရှုရတော့မည်။

ကျန်းပြောင်နှင့် ကျိုးထျဲ့တို့သည်လည်း ပေါက်ကွဲမှုကြောင့် လန့်သွားခဲ့ကြသော်လည်း ... နောက်တစ်စက္ကန့်မှာပင် သူတို့သည် လက်များကို ခါးနောက်သို့ ပစ်ထားလိုက်ကြပြီး အာလီပိုင်ကို အချိန်မရွေး ဖမ်းဆီးထိန်းချုပ်ရန် ပြင်ဆင်လိုက်ကြ၏။

မြေပေါ်တွင် လဲကျနေသည်မှာ အချိန်အတော်ကြာမှသာ အာလီပိုင်သည် ပါးစပ်ကြီးဟကာ မျက်နှာပေါ်တွင် ထိတ်လန့် အံ့သြနေဆဲ ဖြစ်သော အရိပ်အယောင်များဖြင့် မေးလိုက်သည်။ "ဒါက ... ဒါက တကယ်တမ်း ဘာဖြစ်သွားတာလဲ။"

ဖန်ကျန်းရီသည် သတိဝင်လာပြီး သူ့ကို ကြည့်ကာ ပြောလိုက်၏။ "ဒီနေ့ကစပြီး မင်းက ဖန်ထိုက်မြို့ရဲ့ ဘုရင်ပဲလို့ ဆရာ မင်းကို ပြောခဲ့ပြီးပြီလေ။ နောင်ကျရင် ဘယ်သူကမှ မင်းကို အထင်သေးလို့ မရတော့ဘူး။ မင်း လုပ်ချင်တာ အကုန်လုံးကို လုပ်လို့ရပြီ။ အခု မင်း လုပ်ရမှာက စစ်သားတွေကို ခေါ်ပြီး လူတိုင်းကို စစ်သူကြီး အိမ်တော်ထဲမှာပဲ ဖမ်းဆီးထိန်းချုပ်ထား၊ အပြင်ကို ထွက်ခွင့်မပြုဖို့ပဲ။"

သတိဝင်လာသော အာလီပိုင်၏ မျက်လုံးများမှာ ဒေါသကြောင့် ကွဲထွက်မတတ် ဖြစ်နေကာ အော်ဟစ်လိုက်၏။ "ဖန်ကျန်းရီ ... ခင်ဗျား သူတို့ အကုန်လုံးကို သတ်ပစ်လိုက်တာလား။"

ယခုအခါတွင် ဖန်ကျန်းရီသည် သူ၏ မျက်စိထဲ၌ ရုတ်တရက် အလွန် သူစိမ်းဆန်သွားခဲ့သည်။

ဖန်ကျန်းရီက ခပ်အေးအေးပင် ပြောလိုက်၏။ "ဆရာက မင်းရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် ကြိုးစားပေးနေတာလေ။ ဘယ်လို နည်းလမ်းကို သုံးသလဲ ဆိုတာက အရေးမကြီးဘူး။ ရည်ရွယ်ချက် ပေါက်မြောက်ဖို့ပဲ လိုတယ်။

အခု မြို့ထဲမှာ မင်းအပေါ်ကို လွှမ်းမိုးနိုင်တဲ့၊ ဩဇာအာဏာရှိတဲ့ သူတွေ အကုန်လုံး သေသွားကြပြီ။ ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး မင်းက စစ်သူကြီး အိမ်တော်ကို အရင် ထိန်းချုပ်ရမယ်။ ဒီအိမ်တော်ထဲမှာရှိတဲ့ ရွှေငွေ ရတနာတွေ အကုန်လုံးကို သိမ်းကြုံးယူငင်ပြီး စစ်တပ်ဆီကို ချက်ချင်း ပြေး၊ စစ်သားတွေ အကုန်လုံးကို မင်းရဲ့ လက်အောက် ရောက်လာအောင် သိမ်းသွင်းရလိမ့်မယ်။

ဖိတ်စာကို မင်းနဲ့ ငါ့ရဲ့ ပူးတွဲနာမည်နဲ့ ထုတ်ထားတာမို့ မင်းမှာ နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး။ အများကြီး လျှောက်တွေးမနေနဲ့တော့ ... ဆရာ့ရဲ့ အစီအစဉ်အတိုင်းသာ နာခံ ..."

"ဆက်မပြောနဲ့တော့။ ခင်ဗျားက ကျုပ်ကို အသုံးချချင်ရုံ သတ်သတ်ပဲ မဟုတ်လား။" အာလီပိုင်သည် အံကို ကြိတ်ကာ မုန်းတီးစွာ ပြောလိုက်သည်။ ပြီးနောက် စိတ်ပျက် အားငယ်စွာဖြင့် အော်ဟစ်လိုက်၏။ "ခင်ဗျား တကယ်တမ်း လူဘယ်နှစ်ယောက်ကို သတ်ပစ်ခဲ့တာလဲ။"

ဖန်ကျန်းရီသည် လှောင်ပြုံးတစ်ခု ပြုံးလိုက်ပြီး အာလီပိုင်၏ နားအနီးသို့ ကိုင်းညွှတ်သွားခဲ့၏။ "ကိုယ်တိုင် ပေါင်မုန့်ချပ် ဘယ်နှစ်ချပ် စားဖူးခဲ့သလဲ ဆိုတာကို မှတ်မိရဲ့လား။"

All Chapters