အခန်း ၈၀၅
Vol. 42 Ch. 805
အပိုင်း (၈၀၅) စစ်ပွဲကြီး စတင်ပြီ။
တဟုန်ထိုး ချီတက်လာသော ရွှေတိုင်းပြည်၏ တပ်မတော်ကြီးသည် လျူဟော့ဂိတ် ခံစစ်မျဉ်းကို ဖြတ်ကျော်ကာ ချန်ကောင်းဂိတ်ဆီသို့ တိုက်ရိုက် ဦးတည်သွားနေခဲ့ပြီ ဖြစ်၏။
နှစ်နိုင်ငံ ကုန်သွယ်ရေး ပြုလုပ်ရာတွင် တရားဝင် ကုန်သည်များ အရောင်းအဝယ် ပြုလုပ်မည် ဆိုလျှင် လျူဟော့ဂိတ် အတွင်းသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး ရှိသည်။ ဒါကြောင့် လူအင်အားကို ကြိုတင် ထည့်သွင်းထားရန် များစွာ ပို၍ အဆင်ပြေခဲ့ပြီး အတွင်းနှင့် အပြင် ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် လျူဟော့ဂိတ် သည် တစ်ချက်တည်းဖြင့် ပြိုကျပျက်စီးသွားခဲ့ရ၏။ နောက်ထပ် တံခါးပေါက် တစ်ခုကိုသာ ထပ်မံ ဖြတ်ကျော်နိုင်မည် ဆိုလျှင် မြို့တော်ကို တိုက်ရိုက် ခြိမ်းခြောက်နိုင်ပြီ ဖြစ်သည်။
ယခုအခါတွင် တပ်တော်ကြီးသည် ချန်ကောင်းဂိတ်၏ အောက်သို့ ရောက်ရှိ တိုက်ခိုက်နေခဲ့ပြီ ဖြစ်သည်။ မြင်းတပ်သားများ၏ အမြန်နှုန်းမှာ မူလကတည်းက အလွန် မြန်ဆန်လှပြီး သူတို့၏ မြင်းများကလည်း အလွန် ကောင်းမွန် သန်စွမ်းလှသောကြောင့် နံနက်ထွက်လျှင် ညနေရောက်သည်ဟု ဆိုနိုင်၏။
သို့ပေမည့် ထိုသို့ဖြစ်လင့်ကစား တစ်လမ်းလုံး အလျင်စလို ချီတက်လာရမှုကြောင့် လူရော မြင်းပါ ပင်ပန်း နွမ်းနယ်နေခဲ့ကြ၏။ ဤသည်မှာ အန္တရာယ်ကြီးမားသော တံခါးပေါက်တစ်ခု ဖြစ်ရာ တစ်ဟုန်ထိုး အားထုတ် တိုက်ခိုက် သိမ်းပိုက်ခြင်းက အကောင်းဆုံး ဖြစ်ပြီး လက်ရှိ အခြေအနေမှာ စစ်တိုက်ရန် မသင့်တော်ချေ။
ဝူထူသည် ချက်ချင်း ဆုံးဖြတ်ချက်ချကာ တပ်တော် တစ်ခုလုံးကို ထိုနေရာတွင်ပင် တပ်စွဲ စခန်းချရန် အမိန့်ပေးလိုက်သည်။
မျက်စိရှေ့ရှိ ခမ်းနား ခိုင်ခံ့သော တံခါးပေါက်ကြီးကို ကြည့်ရင်း ဝူထူ၏ ရင်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။
ရွှေတိုင်းပြည်တွင် နွားများနှင့် သိုးများ မရေမတွက်နိုင်အောင် ရှိနေသည် ဆိုသော်လည်း ဖြတ်သန်းရသော နေ့ရက်များမှာ ဆင်းရဲဒုက္ခ ရောက်ရဆဲပင် ဖြစ်သည်။ အိမ်တွင် ဥစ္စာဓန သန်းချီ ရှိနေသော်လည်း အမွေးပါသော အရာများကို ထည့်မတွက်နိုင်ရာ အန္တရာယ်ကို ရင်ဆိုင်နိုင်မည့် စွမ်းရည်မှာ အလွန် ညံ့ဖျင်းလှသည်။ ထို့အပြင် ကုန်ပစ္စည်း အမြောက်အမြား ဖြစ်သော ဆား၊ အသုံးအဆောင် ပစ္စည်းများနှင့် လက်ဖက်ခြောက် စသည့် နေ့စဉ်သုံး ပစ္စည်းများမှာ သူတို့အတွက် အလွန်အမင်း လိုအပ်နေသော အရာများ ဖြစ်၏။ ဖြစ်၏။
ဤတာ့ကျင်းမှ ကုန်သည်များသည် ကောက်ကျစ် ပါးနပ်ကြပြီး သယံဇာတများကို တစ်ဦးတည်း လက်ဝါးကြီးအုပ် ထားကြရာ ယခင်က အရောင်းအဝယ် ပြုလုပ်ရာတွင် တကယ့်ကို ခက်ခဲလှသည်။ သို့သော်ငြား မျက်စိရှေ့ရှိ ဤတံခါးပေါက်ကိုသာ ဖျက်ဆီး သိမ်းပိုက်နိုင်မည်ဆိုလျှင် ဤကျပ်တည်းလှသော အခြေအနေကြီးကလည်း သမိုင်းကြောင်း တစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့မည်။
ဘေးနားရှိ ဖါးပါးက မေးလိုက်၏။ “အရှင်မင်းကြီး ... ရန်သူ့ အခြေအနေကို စုံစမ်းဖို့အတွက် မိုးပျံပူဖောင်းတွေကို အခု လွှတ်တင်ရမလား။”
ဝူထူသည် အဝေးသို့ လှမ်းကြည့်လိုက်သည်။ “အင်း ... ဒီလောက် များပြားတဲ့ လူတွေကို သူတို့ တွေ့သွားလည်း ကိစ္စမရှိပါဘူး။ ဒါက အခက်ခဲဆုံးသော တံခါးပေါက်ပဲ။ ဒီတံခါးပေါက်သာ ပွင့်သွားရင် နောက်ကွယ်က နေရာတွေက တည်ငြိမ်သွားလိမ့်မယ်။”
ဖါးပါးက ထပ်မေးလိုက်၏။ “အရှင်မင်းကြီးက ဘယ်အချိန်ကျမှ စစ်ပွဲ စတင်ဖို့ ပြင်ဆင်ထားသလဲ။”
“မနက်ဖြန်ပဲ။ ဒီနေရာမှာ စုဝေး သွားလာနေကြတဲ့ သူတွေက လျူဟော့ဂိတ်ထက်တောင် ပိုများသေးတယ်။ ရိက္ခာ ပစ္စည်းတွေကို အမြန်ဆုံး လုယက်ပြီး တောင်ဘက်ကို စစ်ချီသွားရမယ်။
ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုပြီး အေးလာတယ်။ ဒီလောက် များပြားတဲ့ စစ်သားနဲ့ မြင်းတွေအတွက် ရိက္ခာ ထောက်ပံ့ဖို့ ခက်ခဲတယ် ... ဆက်ပြီး အချိန်ဆွဲနေရင် ငါတို့ တပ်တော်အတွက် အကျိုးမရှိ ဖြစ်သွားလိမ့်မယ်။ မင်း အရင်သွားပြီး စီစဉ်လိုက် ... သစ်ပင်ခုတ်ဖို့နဲ့ မြေကြီး၊ ကျောက်ခဲတွေ စုဆောင်းပြီး ကျောက်တုံးပစ် စက်ကြီးတွေကို ပြင်ဆင်ထားဖို့ လူတွေကို အရင် လွှတ်လိုက်။”
...
“သတင်းပို့ပါတယ် ...”
ကင်းထောက် စစ်သားသည် အလယ်ဗဟိုရှိ တပ်တော် တဲနန်းအတွင်းသို့ အလျင်အမြန် ပြေးဝင်လာကာ ဒူးထောက်လျက် သတင်းပို့လိုက်၏။ “အရှင်မင်းကြီး ... ဝူထူရဲ့ တပ်တော်ကြီးက ချန်ကောင်းဂိတ်အောက်ကို ရောက်ရှိနေပြီး အခု အဲနေရာမှာပဲ တပ်စွဲ စခန်းချထားပါတယ်။ ဒါ့အပြင် ကောင်းကင်ပေါ် မိုးပျံပူဖောင်းတွေကို လွှတ်တင်ပြီး ဘာတစ်ခုမှ ဖုံးကွယ်ထားခြင်း မရှိဘဲ ထောက်လှမ်းနေပါတယ်။”
အရှင်မင်းကြီးသည် စားပွဲရှေ့ရှိ ကြီးမားသော မြေပုံကြီးကို ကြည့်နေရင်း ခေါင်းမမော့ဘဲ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “သွားတော့။”
“မှူးမတ်တို့ ... ဒီဝူထူက လျူဟော့ဂိတ်ကို ဖောက်ထွက်လာခဲ့ပြီ။ အခြေအနေကို ကြည့်ရတာ လောလောဆယ် စစ်တပ်ကို အနားပေးပြီး မနက်ဖြန်၊ ဒါမှမဟုတ် သန်ဘက်ခါကျမှ တံခါးပေါက်ကို ဆက်တိုက်မယ့် ပုံပဲ။ ဒီအခြေအနေက ဖန်ကျန်းရီ ပေးပို့လိုက်တဲ့ လျှို့ဝှက်စာထဲက အကြောင်းအရာတွေနဲ့ သိပ်ပြီး ကွာခြားမှု မရှိဘူး။
စုန့်ဝူ၊ ကော်ယန် ... မင်းတို့နှစ်ယောက် စစ်သား နှစ်သောင်းစီကို ဦးဆောင်ပြီး ညတွင်းချင်း ချန်ကောင်းဂိတ်ဆီ သွား ကူညီကြ။ သေသေချာချာ ခံစစ်ဆင်ပြီး သူတို့ရဲ့ အင်အားတွေကို တတ်နိုင်သလောက် ဖြုန်းတီးပစ်ရမယ်။ အချိန်ဘယ်လောက် ဆွဲထားနိုင်သလဲ ဆိုတာက အရေးကြီးတယ်။ ဝူထူကို အလွယ်တကူ အနိုင်မပေးနဲ့။ အနိုင်မပေးနဲ့။
ငါတို့တွေ ရောက်လာတာ အရမ်း စောလွန်းနေတယ်။ ပြီးတော့ သူက အရမ်း လွယ်လွယ်ကူကူ နိုင်သွားမယ် ဆိုရင် သံသယ ဝင်သွားမှာ သေချာတယ် ... နောက်ပြီးတော့ ...”
...
တစ်ညတာ အနားယူပြီးနောက် ဝူထူ၏ ခွန်အားများသည် အကောင်းမွန်ဆုံးသော အခြေအနေသို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ မိုးလင်းကာစ အချိန်တွင်ပင် သူသည် အိပ်ရာမှထကာ စားပွဲရှေ့ရှိ သိုးရေ မြေပုံကြီးကို သေသေချာချာ ကြည့်ရှုနေပြန်သည်။
သို့ပေမည့် သူ့မျက်လုံး ကျရောက်နေသော နေရာတိုင်းမှာ ချန်ကောင်းဂိတ်၏ နောက်ကွယ်ရှိ နေရာများသာ ဖြစ်သည်။ တပ်တော် တစ်ခုလုံး ပြင်ဆင်ပြီးစီးကြောင်း သတင်း ရောက်လာချိန်မှာတော့ ဝူထူသည် တုံ့ဆိုင်းမနေတော့ဘဲ စားပွဲခုံကို အားကုန် ထုချလိုက်ကာ မျက်လုံးများထဲတွင် ရက်စက် ကြမ်းကြုတ်သော အရိပ်အယောင်များ တောက်ကြွားလျက် စကားတစ်ခွန်းကို ဟစ်ကြွေးလိုက်၏။ “တိုက်။”
တာ့ကျင်း၏ စစ်တပ်ကြီးသည် စတင် တိုက်ခိုက်တော့၏။
ချန်ကောင်းဂိတ် အထက်တွင်မူ မြို့စောင့် တပ်မှူးသည် မှန်ပြောင်းကို ကိုင်ဆောင်လျက် အခြေအနေများကို အဆက်မပြတ် ကြည့်ရှု အကဲခတ်နေရင်း အသက်ကို ပြင်းပြင်း ရှူသွင်းနေခဲ့သည်။
တံခါးပေါက်ကို စောင့်ရှောက်နေသော စစ်သားများမှာ ထိတ်လန့်နေခြင်း မရှိကြပေ။ မည်သို့ပင်ဆိုစေကာမူ အထက်မှနေ၍ ကြိုတင် အသိပေးထားပြီး ဖြစ်၏။ ရွှေတိုင်းပြည် စစ်တပ်များ လာရောက် တိုက်ခိုက်မည် ဖြစ်ကြောင်း၊ သေသေချာချာ ခံစစ်ဆင်ရန်နှင့် လူအင်အား ထပ်မံ တိုးချဲ့ပေးမည် ဖြစ်ကြောင်း ပြောထားပြီး ဖြစ်သည်။
ယခုအခါတွင် သူတို့အတွက် အရေးအကြီးဆုံးမှာ ယမ်းမှုန့်များကို အသုံးမပြုဘဲ ချန်ကောင်းဂိတ်ကို အသေအလဲ စောင့်ရှောက်ကာ ရွှေစစ်တပ်၏ အင်အားများကို ဖြုန်းတီးပစ်ရန်ပင် ဖြစ်သည်။ သံချပ်ကာဝတ် မြင်းတပ်သားများသည်သာ သူတို့အတွက် အဓိက အရေးအကြီးဆုံး ပစ်မှတ်များ ဖြစ်သော်လည်း မြို့ကို တိုက်ခိုက်ချိန်တွင် လုံးဝ ထွက်ပေါ်လာမည် မဟုတ်ချေ။ တခြားသော တပ်သားများကို လုံလောက်အောင် များများ ဖြုန်းတီးပစ်နိုင်မှသာ ...
နှစ်ဖက်သော တပ်တော်ကြီးများ မျက်နှာချင်းဆိုင် တိုက်ခိုက်ကြမည့် အချိန်တွင် ရွှေတိုင်းပြည်ဘက်မှ မြင်းတပ်ကြီး တစ်ခုလုံးကို ပုံအော ထည့်သွင်းလာနိုင်မည့် အခွင့်အရေး ပိုကြီးမားမည် ဖြစ်ပြီး ရှန်ကျီတပ်ဖွဲ့ အနေဖြင့် ရလဒ်ကောင်းများကို ပို၍ ရယူနိုင်ပေမည်။
တံခါးပေါက် နောက်ကွယ်ရှိ စစ်သားများနှင့် ပြည်သူများ အားလုံး လှုပ်ရှားလာကြပြီး မရေမတွက်နိုင်သော လူအုပ်ကြီးသည် မြို့ရိုးပေါ်သို့ တက်ရောက်လာကြ၏။
ကောင်းကင်ပေါ်ရှိ မိုးပျံပူဖောင်းများ လာရောက် တိုက်ခိုက်ပြီး အထက်မှနေ၍ ရေနံဆီ သို့မဟုတ် တခြားသော ပစ္စည်းများကို ပစ်ချလာမည်ကို ကာကွယ်ရန် အရာရှိများနှင့် စစ်သားများသည် မြို့တွင်းရှိ ပစ္စည်းအမြောက်အမြားကို စောစောစီးစီး သိမ်းဆည်းထားခဲ့ကြသည်။ မိုးပျံပူဖောင်းများကို အလားတူ လွှတ်တင်၍ ကောင်းကင်ပေါ်တွင် အပြန်အလှန် တိုက်ခိုက်စေသည့်အပြင် ... စားပွဲများနှင့် သစ်သားပြားများကို အသုံးပြုကာ ခြေတံရှည် 'တဲနန်း' များအဖြစ် ပြုပြင်ပြောင်းလဲပြီး မြို့ရိုးပေါ်တွင် တပ်ဆင်ထားကြ၏။ သို့မဟုတ်ပါက မိမိတို့ထက် ဆယ်ဆမက များပြားသော စစ်အင်အားကို ရင်ဆိုင်ကာ မြို့ကို စောင့်ရှောက်နေရသည့်အချိန်တွင် ကောင်းကင်ပေါ်မှ တိုက်ခိုက်မှုများကိုပါ ကာကွယ်နေရမည်ဆိုပါက တကယ့်ကို ခက်ခဲလွန်းလှပေလိမ့်မည်။
မြို့စောင့် အရာရှိများနှင့် စစ်သားများ၏ လှုပ်ရှားမှုမှာ အလွန် မြန်ဆန်လှပြီး ရန်သူ့ စစ်တပ် မြို့အောက်သို့ မရောက်လာသေးမီမှာပင် မြို့ရိုးပေါ်၌ သစ်သားဖြင့် ပြုလုပ်ထားသော 'ဥမင်လိုဏ်ခေါင်း' တစ်ခုကို တည်ဆောက်ပြီးစီးသွားခဲ့၏။
စစ်ချီလာမှုက အဝေးမှနေ၍ ကြည့်လိုက်လျှင် အလွန်အမင်း ခမ်းနား ထည်ဝါလှသည်။
မြေကြီး တစ်ခုလုံး တုန်ခါနေခဲ့ပြီး တောင်တွေ ပြိုကျကာ ပင်လယ်ရေတွေ လှိုင်းထနေသည့်အလား ပြင်းထန်လှသော သံခွာသံများနှင့်အတူ ... ရူးသွပ်နေသည့်အလား ချန်ကောင်းဂိတ်ဆီသို့ တဟုန်ထိုး ပြေးလွှား ဝင်ရောက်လာကြ၏။ နောက်ကွယ်ရှိ ကြီးမားသော ကျောက်တုံးပစ် စက်ကြီးများသည်လည်း သင့်တော်သော နေရာများဆီသို့ ဖြည်းညင်းစွာ ရွေ့လျားသွားနေကြ၏။
ဤကျောက်တုံးပစ် စက်ကြီးများကို ယာယီ တပ်ဆင်ထားခြင်း ဖြစ်ပြီး ပုံမှန် စစ်ပွဲကြီးများတွင် အဓိက အစိတ်အပိုင်းများကိုသာ သယ်ဆောင်လာကာ ပြန်လည်တပ်ဆင်ကြခြင်းပင်။
ကျောက်တုံးပစ် စက်ကြီးများကို စတင် အသုံးပြုလာကြပြီး မြို့တွင်းဆီသို့ ကြီးမားသော ကျောက်တုံးကြီးများကို အဝေးမှနေ၍ ပစ်လွှတ်လိုက်ကြ၏။
တစ်ဖက်တွင်လည်း တပ်တော် အစီအရင်များကို ပြင်ဆင်ဖွဲ့စည်းကာ လေးကြိုးများကို တင်းပြီး မြှားများကို တပ်ဆင်လိုက်ကြသည်။ နှစ်ဖက်သော တိုက်ခိုက်မှု အရှိန်အဟုန်များက စတင် ဖွင့်လှစ်နေပြီ ဖြစ်သည်။
များပြားလှသော သံချပ်ကာဝတ် မြင်းတပ်သားများသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြေးလွှားလာကြရာ မျက်စိတစ်မှိတ် အတွင်းမှာပဲ ကျုံးရေပြင် အနီးသို့ ရောက်ရှိလာကြပြီး ဦးခေါင်းထက်သို့ ကျရောက်နေသော မြှားမိုးများကို လုံးဝ ဂရုမစိုက်ဘဲ မြင်းကိုယ်ပေါ်ရှိ ဘယ်ညာ ကြိုးများကို ဖြုတ်ချလိုက်ကြ၏။ လက်တစ်ဖက်ဖြင့် အားကုန် ပစ်ပေါက်လိုက်ရာ ကြိုတင် ပြင်ဆင်ထားသော သဲနှင့် ကျောက်ခဲအိတ်များသည် မြစ်ရေထဲသို့ လျင်မြန်စွာ နစ်မြုပ်သွားကြပြီးနောက် မြင်းလှည့်ကာ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။ ပထမတစ်လှိုင်း ... ဒုတိယတစ်လှိုင်း ... တတိယတစ်လှိုင်း ... မရေမတွက်နိုင်သော မြင်းတပ်သားများသည် ရေတွက်၍ မရနိုင်သော သဲနှင့် ကျောက်ခဲအိတ်များကို ကျုံးရေထဲသို့ ပစ်ချနေခဲ့ကြရာ မြစ်ကမ်းဘေးတွင် ရေအောက်၌ နစ်မြုပ်နေသင့်သော သဲအိတ်များက တဖြည်းဖြည်း ပေါ်လွင်လာခဲ့၏။
မြို့စောင့် တပ်မှူးသည် အလွန်အမင်း ထိတ်လန့်သွားကာ ချက်ချင်း အော်ဟစ်လိုက်သည်။ “မြှားပစ်တာ ရပ်လိုက်။ မြှားပစ်တာ ရပ်လိုက်ကြ။”
ဝူထူတွင် ဤကဲ့သို့သော သတ္တိမျိုး ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။ ယခင်က စစ်ပွဲများတွင် ခြေလျင်တပ်သားများ သို့မဟုတ် အသေခံ တပ်သားများကို အသက်အန္တရာယ် ပေးပြီး သဲနှင့် မြေကြီးများကို ကိုင်ဆောင်ကာ မြစ်ကို ဖို့ခိုင်းလေ့ရှိသော်လည်း ... သူသည် အထက်တန်းစား တပ်သားများကို တိုက်ရိုက် ရှေ့သို့ ပို့ဆောင်ခဲ့သည်။ သို့ပေမည့် ဤသံချပ်ကာဝတ်စုံများကလည်း အလွန်အမင်း အစွမ်းထက်လှရာ မြို့ရိုးမှ ကျုံးရေပြင်အထိ အကွာအဝေးမှာ ထိုမြင်းတပ်သားများကို ထိခိုက် ဒဏ်ရာရစေရန် အင်အား မရှိနိုင်ခဲ့ပေ။ ဆက်ပစ်နေမည် ဆိုလျှင် မြှားများကို ဖြုန်းတီးရာသာ ရောက်ပေလိမ့်မည်။
မြို့စောင့် တပ်မှူး၏ ကိုယ်ရံတော် စစ်သားသည် မျက်လုံးများ ကွဲထွက်မတတ် ဒေါသထွက်နေရင်း ပြောလိုက်၏။ “စစ်သူကြီး ... ရန်သူတွေက မြစ်ကို ဖို့နေကြပြီ။ ကျုပ်တို့တွေ ဒီအတိုင်း ငေးကြည့်နေလို့ မရဘူးလေ။”
စိတ်ပိုင်းဆိုင်ရာအရ ကြိုတင် ပြင်ဆင်မှု ရှိထားခဲ့သည် ဆိုသော်လည်း ... ဤကဲ့သို့ ဖုံးလွှမ်းသွားမတတ် ပြင်းထန်သော တိုက်ခိုက်မှု အရှိန်အဟုန်ကြီးကို ရင်ဆိုင်ရပြီး ကိုယ်တိုင်က ဘာမှ မတတ်နိုင်ဖြစ်နေချိန်တွင် ရင်ထဲ၌ အကြိမ်ကြိမ် ကြောက်ရွံ့ တုန်လှုပ်မိခြင်းကိုတော့ ရှောင်လွှဲ၍ မရနိုင်ပေ။
“မင်း ပါးစပ် ပိတ်ထားစမ်းပါ။ အင်အားတွေကို သိမ်းဆည်းထားဖို့ အမိန့်ပေးလိုက် ... လွင့်စင်လာတဲ့ ကျောက်ခဲတွေကို သတိထားပြီး ရှောင်ကြ၊ ရန်သူကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြ။ ရန်သူ့ မိုးပျံပူဖောင်းတွေ ရောက်လာပြီမို့ ပစ္စည်းတွေကို အခု ချက်ချင်း သွားစစ်ဆေးချေ ... မီးသတ်အဖွဲ့ကို ပြာခြောက်တွေ ကိုင်ထားခိုင်းပြီး အချိန်မရွေး မီးသတ်ဖို့ ပြင်ဆင်ထားကြ။”
မြို့စောင့် တပ်မှူးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ဆက်ပြော၏။ “ဒီပုံစံကို ကြည့်ရတာ သူတို့က ကျုပ်တို့ကို တစ်ချက်တည်းနဲ့ သိမ်းပိုက်ချင်နေတဲ့ ပုံပဲ။ သူတို့ကို အလွယ်တကူ အောင်မြင်ခွင့် ပြုလို့ လုံးဝ မဖြစ်ဘူး ... ကျောက်တုံးတွေ၊ သစ်လုံးတွေနဲ့ သေးရည်ပူတွေ၊ ရေနံဆီပူတွေ အကုန်လုံး ယူခဲ့ကြစို့။”
ရွှေတိုင်းပြည် စစ်တပ်၏ ခမ်းနား ကြီးကျယ်သော အရှိန်အဟုန်ကြီးမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်၏။
ဝူထူသည် မြင်းပေါ်တွင် ထိုင်ကာ မျက်မှောင်ကြုတ်လျက် စူးစိုက်ကြည့်နေခဲ့သည်။ “ကိုယ်တော်က သူတို့ကို အထင်သေးလွန်းသွားတာပဲ။ အထင်သေးလွန်းသွားတာပဲ။ သူတို့တွေဆီမှာ မိုးပျံပူဖောင်းကို ရင်ဆိုင်မယ့် နည်းလမ်းတွေကိုတောင် စောစောစီးစီး ပြင်ဆင်ထားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး ... ဒီစစ်ပွဲက နည်းနည်းတော့ ခက်ခဲသွားပုံရတယ်။”
ဘေးနားရှိ ဖါးပါးက ပြောလိုက်၏။ “အရှင်မင်းကြီး ... အများကြီး စိုးရိမ်တော်မူစရာ မလိုပါဘူး။ ဒါက ကြိုတင် အစီအစဉ်ထဲမှာ ပါဝင်ပြီးသားပါ။ ကျွန်တော်မျိုးတို့ ရောက်လာတာ ရုတ်တရက် ဆန်လွန်းတော့ တစ်ဖက်လူက သေချာပေါက် ပြင်ဆင်မှု မလုံလောက်နိုင်ဘူးလေ။
ဘာတွေပဲ ပေးဆပ်ရပါစေ ငါးရက်အတွင်းမှာ ဒီတံခါးပေါက်ကို သေချာပေါက် သိမ်းပိုက်နိုင်လိမ့်မယ် ... တစ်ဖက်လူဆီက လက်နက် ထောက်ပံ့မှုတွေက အချိန်မီ ရောက်လာမှာ မဟုတ်ဘူး။ ကျောက်တုံးတွေနဲ့ သစ်လုံးတွေ ကုန်သွားပြီ ဆိုတာနဲ့ သူတို့တွေ ပြန်လည် ခုခံနိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ”
မြို့ကို တိုက်ခိုက်ခြင်း ... ယမ်းမှုန့် ကဲ့သို့သော ကောင်းကင်ကို လွန်ဆန်သည့် အရာမျိုး မရှိပါက လူ့အသက်များကို သုံးပြီး ဖို့ပစ်ရုံမှလွဲ၍ တခြားမရှိချေ။
ဝူထူသည် ခေါင်းညိတ်လိုက်သည်။ “အောက်ကလူတွေကို မရပ်ခိုင်းနဲ့။ အမိန့်ပေးလိုက် ... မြို့ရိုးပေါ်ကို တက်ရောက်နိုင်သူတိုင်း ရာထူးတိုးပေးပြီး ဆုလာဘ်တွေ ချီးမြှင့်မယ်လို့ ပြောလိုက်။”