← Chapters

အိန်ဂျယ် (၃)

Vol. 71 Ch. 1129

အိန်ဂျယ် (၃)

Vol. 71 Ch. 1129

Cha

မြို့ပြများတစ်ခုပြီးတစ်ခု၏ မီးရောင်များမှိန်ကျသွားကာ တစ်ကမ္ဘာလုံးကို ခြောက်ခြားမှုများဖုံးလွှမ်းသွားတော့သည်။

“ဒါက...”

“ကမ္ဘာပျက်ကပ်နေ့ တွင်းနက်ပဲ”

ကမ္ဘာမြေမြို့တော်၏ ကောင်းကင်ယံအထက်တွင် လင်းရှန်သည် ချူယန်၏အကြည့်နောက်သို့ လိုက်ကြည့်ရင်း အောက်ခြေမှ ပျက်စီးယိုယွင်းနေသော မြင်ကွင်းကို မြင်တွေ့လိုက်ရကာ ချက်ချင်းပင် အသက်ရှူကျပ်မတတ် ခံစားလိုက်ရသည်။

“အမှောင်ယဉ်ကျေးမှုက... ပျက်စီးသွားတဲ့ ယဉ်ကျေးမှုတစ်ခုလား” လင်းရှန်က အံ့အားသင့်စွာဖြင့် ရေရွတ်မိသည်။

“သူတို့က မဖော်ပြနိုင်တဲ့ လက်နက်တစ်ခုရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရပြီး တွင်းနက်ရဲ့ အမြန်နှုန်းလမ်းကြောင်းပေါ်မှာတင် ပျက်စီးသွားခဲ့တယ်။ ကမ္ဘာမြေပေါ်က တွင်းနက် ၁၃ခုဆိုတာ ရေတွက်လို့မရတဲ့ အပိုင်းအစတွေထဲက ၁၃ ခုတင်ပဲ ရှိသေးတယ်” ချူယန်၏ အသံထွက်ပေါ်လာသည်၊၊

“ဒါက ကမ္ဘာပျက်ကပ်နေ့ စတင်ဖြစ်ပေါ်လာပုံပဲ”

လင်းရှန် ခဏမျှ ဆွံ့အသွားပြီး “ဒါဆို အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက ကမ္ဘာမြေကို ကျူးကျော်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘဲ ငါတို့ကပဲ ကံဆိုးသွားတာပေါ့”

“မဟုတ်ဘူး… တကယ်တော့ သူတို့ရဲ့ အဓိကပစ်မှတ်က ကမ္ဘာမြေပဲလို့ ငါယုံကြည်တယ်။ ဒါမှမဟုတ် ကမ္ဘာမြေက သူတို့ရွေးချယ်စရာတွေထဲက တစ်ခုဖြစ်လိမ့်မယ်။ စကြာဝဠာယဉ်ကျေးမှုတွေကြားထဲမှာ ဒီလောက်တိုက်ဆိုင်မှုတွေ အများကြီးမရှိဘူး၊၊ သူတို့က အရှိန်ပြင်းလမ်းကြောင်းပေါ်ကနေ ပြုတ်ကျလာခဲ့တာပဲ”

မြင်ကွင်းများပျောက်ကွယ်သွားပြီး လင်းရှန်၏ အသိစိတ်ပြန်လည်နိုးထလာသောအခါ သူက ပန်းဝတ်ဆံအလယ်သို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။ မျက်နှာချင်းဆိုင်တွင်မူ ချူယန်က ရပ်နေပြီး သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

“ဒါက ကမ္ဘာပျက်ကပ်နေ့ပဲ။ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက ငါတို့ကို သက်သေအဖြစ် ကြည့်ခိုင်းတာလည်းဖြစ်တယ်”

လင်းရှန် မျက်မှောင်ကြုတ်ကာ အတွေးနက်သွားသည်၊၊

“သက်သေအဖြစ်... ဘာရည်ရွယ်ချက်နဲ့လဲ။ သူတို့ကို အပြစ်မဲ့ပြီး သနားစရာကောင်းတဲ့သူတွေအဖြစ်မြင်အောင်လို့လား”

ချူယန်က လင်းရှန်ကို တစ်ချက်ကြည့်ကာ လေးလံစွာ ပြောလိုက်သည်။

“လူသားတွေရဲ့ ရှုထောင့်ကနေရပ်တည်ပြီး စဉ်းစားရင် နားလည်ဖို့ ခက်လိမ့်မယ်။ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုအတွက်တော့ အပြစ်မဲ့တယ်… သနားစရာကောင်းတယ်ဆိုတာမျိုး စကားလုံးတွေ မရှိဘူး”

“ဒါဆို သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲ” လင်းရှန်က မေးမြန်းလိုက်သည်။

“သံသယဖြစ်စရာမလိုတော့ဘူးလေ… သူတို့က ကမ္ဘာမြေကို ဝါးမျိုဖို့ပဲ” ချူယန်က လေးနက်စွာ ပြန်ဖြေသည်။

“ယဉ်ကျေးမှုပုံတူပွားခြင်း gameကနေ ရလာတဲ့ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုအကြောင်း ငါတို့ရဲ့ နားလည်မှုရယ်… ဖီးနစ်က တွင်းနက်တွေဆီကနေ ရရှိထားတဲ့ အချက်အလက်တွေရယ် ပေါင်းစပ်လိုက်ရင် အဆုံးသတ်က အရမ်းကိုရှင်းလင်းနေတယ်။ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက ကမ္ဘာမြေကို သိမ်းပိုက်ပြီး တွင်းနက်ကိုသုံးပြီး ကမ္ဘာမြေရဲ့ ဒိုင်မေးရှင်းကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ထားတာပဲ။ ဒါမှ အိန်ဂျယ်မွေးဖွားလာဖို့အတွက် အဆင်ပြေအောင် ပြန်ပြုပြင်နိုင်မှာလေ၊၊ ကမ္ဘာမြေနဲ့ လူသားတွေဟာ မျှော်စင်လူသားတွေ ပြန်လည်ရှင်သန်နုပျိုဖို့အတွက် အာဟာရဓာတ်သက်သက်ပဲ”

လင်းရှန်၏အမူအရာ ချက်ချင်းပြောင်းလဲသွားသည်၊၊

“ဒါပေမဲ့ အတူတူပဲ မဟုတ်ဘူးလား။ အမှောင်ဂိုဏ်းက ဖန်တီးထားတဲ့ ဒီယဉ်ကျေးမှုပုံတူပွားကစားပွဲကြောင့် ဘာလို့ လူအများကြီးက သစ္စာဖောက်ကုန်ကြတာလဲဆိုတာ ငါနားမလည်နိုင်သေးဘူး”

“မျှော်စင်လူသားတွေရဲ့ နှစ်ပေါင်းသန်းချီတည်တံ့ခိုင်မြဲနေတဲ့ ထာဝရယဉ်ကျေးမှုစနစ်ကို မြင်လိုက်ရလို့လား။ ဒါမှမဟုတ် နာကျင်မှုနဲ့ သေခြင်းတရားကနေ လွတ်မြောက်ပြီး အိန်ဂျယ်တွေအဖြစ် စုစည်းထားတဲ့ အသိစိတ်တစ်ခုတည်းဖြစ်သွားချင်လို့လား။ ဒါမှမဟုတ် အဆင့်မြင့်ယဉ်ကျေးမှုတွေက ပိုမြင့်တဲ့ယဉ်ကျေးမှုတွေကို အလွယ်တကူဖျက်ဆီးပစ်နိုင်တာကို မြင်သွားလို့ သူတို့တွေက လုံးဝခုခံမှုကို စွန့်လွှတ်ပြီး ထွက်ပြေးဖို့ ဒါမှမဟုတ် ပူးပေါင်းဖို့ ရွေးချယ်လိုက်ကြတာလား”

လင်းရှန် အနည်းငယ်စိတ်လှုပ်ရှားသွားပြီးနောက် သက်ပြင်းချကာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ရင်း မိမိကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်နေမိသည်။

“အသိပညာရဲ့ သုံ့ပန်းပေါ့...”

အတော်ဆုံးသိပ္ပံပညာရှင်များ၊ ခေါင်းဆောင်များနှင့် ပညာရှင်များသည် အဘယ်ကြောင့်လွှမ်းမိုးခံရလွယ်သနည်းဟူသော အချက်အချို့ကို သူ ကူကယ်ရာမဲ့စွာ နားလည်သွားသည်။ ရန်သူ၏ လက်နက်သည် အကြမ်းဖက်မှုသက်သက်တင်မဟုတ်ဘဲ ယဉ်ကျေးမှုနှင့် တန်ဖိုးထားမှုဆိုင်ရာရိုက်ခတ်မှုများပါ ပါဝင်နေကြောင်း သူ လက်ခံရုံသာရှိတော့သည်။

“မင်းကော ဘယ်လိုလဲ” လင်းရှန် ဤနေရာတွင် ခေါင်းမော့လိုက်ပြီး ချူယန်ကို ကြည့်သည်၊၊

“လူသားတွေ နိုင်တော့မယ်လို့ မင်း မယုံကြည်တော့ဘူးလား”

ချူယန်က ခေါင်းခါပြ၏၊၊

“ငါ အဲလိုတစ်ခါမှ မတွေးခဲ့ဖူးဘူး”

“ဒါဆို မင်းဘာလို့ ဖီးနစ်ကနေထွက်သွားခဲ့တာလဲ”

“ငါ အရင်ကပြောခဲ့သလိုပဲ… လူသားတွေရဲ့ ရှုထောင့်ကနေ ရပ်တည်ကြည့်ရင် နားလည်ဖို့ခက်လိမ့်မယ်”

ချူယန်၏ အကြည့်က လင်းရှန်ထံသို့ ကျရောက်လာသည်။

သူမ၏ အကြည့်ထဲတွင် ပင်ပန်းနွမ်းနယ်မှုများနှင့် တွန့်ဆုတ်မှုများပါဝင်နေပုံရသည်။ စကားပြောပြီးနောက် သူမသည် လက်ကိုမြှောက်၍ ခေါင်းငုံ့ကြည့်ကာ ခြေတုလက်တုများဖြင့် ပြုပြင်မထားသော မိမိ၏ လူသားပုံစံအစစ်ကို ချီးကျူးဂုဏ်ယူနေသကဲ့သို့ ပြုံးလိုက်ပြီးမှ သက်ပြင်းချကာ ခေါင်းပြန်မော့လာသည်။ ထို့နောက် လေးနက်သောအမူအရာဖြင့် လင်းရှန်ကို စိုက်ကြည့်လိုက်သည်။

“ဒါပေမဲ့ လင်းရှန်... နင့်ကိုတော့ လူသားတွေရဲ့ ရှုထောင့်မှာပဲ အမြဲတမ်းရပ်တည်နေစေချင်တယ်”

“ဘာ...”

လင်းရှန် ထိုအဓိပ္ပာယ်ကို နားမလည်နိုင်ခင်မှာပင် သူ ခေါင်းမော့ကြည့်လိုက်စဉ် ကောင်းကင်ကြီးသည် ရုတ်တရက်မှောင်မိုက်သွားပြီး မုန်တိုင်းဗဟိုချက်ကဲ့သို့ ထူးဆန်းသောအပြုံးတစ်ခုရှိနေသည့် ကြီးမားလှသောပါးစပ်ကြီးတစ်ခုပေါ်လာကာ သူတို့ကို တစ်လုပ်တည်းဝါးမျိုရန် ကျရောက်လာတော့သည်။

…

နီရဲသော အလင်းရောင်များ ဖုံးလွှမ်းနေသည့် မြို့ပြတစ်ခု၏ အောက်ခြေတွင် ပျက်စီးယိုယွင်းနေသော မြို့အဆောက်အအုံအရိပ်အယောင်များသာကျန်ရှိတော့ပြီး မီးခိုးရောင် သံမဏိကြိုးအစုအဝေးများသည် သွေးနီရောင်မြူများပိတ်ဖုံးနေသည့် ကောင်းကင်ယံကို ထိုးခွဲထားကြသည်။ ‘ကြယ်တာရာရိပ်သာလမ်း’ ဟု ဆိုင်းဘုတ်ထိုးထားသော လမ်းပျက်ကြီးတစ်ခုပေါ်တွင် မီးခိုးရောင်အရေပြားနှင့် ဖုတ်ကောင်တစ်ကောင်သည် ကျိုးနေသောခြေထောက်ကိုဆွဲ၍ ရည်ရွယ်ချက်မရှိပဲ လှည့်လည်သွားလာနေသည်။ ၎င်း၏ ဆွေးမြည့်နေသော စစ်ဖိနပ်သည် တစ်ချိန်က ကမ္ဘာကျော်အနုပညာရှင်များလက်မှတ်ရေးထိုးခဲ့သည့် ကြယ်ပွင့်ပုံစံကျောက်ဆစ်ထုလုပ်မှုများပေါ်တွင် ပွတ်တိုက်မိပြီး ကျောက်မှုန်များလွင့်စင်ကာ ထူးဆန်းသောအသံများကို ထွက်ပေါ်စေသည်။

ဤမြေအောက် မီတာ ၅၀၀၀အနက်တွင်မူ တိုက်တေနီယမ်သတ္တုစပ်တံခါးတစ်ချပ်သည် အသံတိတ်ပွင့်သွားခဲ့သည်။

မတ်စောက်သော ဓာတ်လှေကားတွင်း အောက်ခြေမှ အေးစိမ့်သောအပြာရောင်အလင်းတန်းတစ်ခုဖြာထွက်လာသည်။ အလုံပိတ်ထားသော စင်္ကြံလမ်းအတွင်း၌ ဒေါက်မြင့်ဖိနပ်နှင့် သတ္တုစပ်ကြမ်းပြင် ရိုက်ခတ်သံပဲ့တင်ထပ်သွားသည်။ လမ်းဆုံးရှိ အလိုအလျောက်တံခါးပွင့်သွားသောအခါ စတုရန်းမီတာ ရာဂဏန်းရှိသော စက်ဝိုင်းပုံစံအနက်ရောင်ခန်းမကြီးတစ်ခုပေါ်လာသည်။ ဟွာရှောင်လင်းသည် ကွေးညွတ်နေသော ကွပ်ကဲထိုင်ခုံပေါ်တွင် မှီထိုင်နေပြီး အနက်ရောင်သားရေထိုင်ခုံက သူမ၏ သွယ်လျသောပခုံးများကို ပွေ့ဖက်ထားသကဲ့သို့ ရှိနေသည်။ သူမသည် ခြေထောက်ချိတ်ထိုင်ထားပြီး ဟိုလိုဂရမ်ပုံရိပ်သုံးခုက လေထုကိုဖြတ်သန်းကာ သူမ၏ ရှေ့တွင် လွင့်မျောနေသည်။

ဘယ်ဘက်တွင်မူ ဗျာဒိတ်တော်ဂိုဏ်း၏ ခေါင်းဆောင် ချန်ယန်ရွှီသည် ငွေရောင်အိတ်ဆောင်နာရီကို ကစားနေပြီး မျက်မှန်မှ အလင်းပြန်မှုက သူ့အမူအရာကို ဖုံးကွယ်ထားသည်။ သူမ၏ ညာဘက်တွင်မူ တည်ငြိမ်ပြီး အရိပ်ကျနေသောမျက်နှာနှင့် ရွှေအိုရောင်ဆံပင်ရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးရှိနေကာ ၎င်းသည် မြင့်မြတ်မြို့တော်အဖွဲ့အစည်း၏ ခေါင်းဆောင် ဗေလန်ပင် ဖြစ်သည်။ သူမနှင့် တည့်တည့်တွင်မူ နောက်သို့ သပ်တင်ထားသော ဆံပင်ဖြူများ၊ သံမဏိဓားသွားအလား တင်းမာသောမျက်နှာနှင့် စီးဆင်းနေသောဒေတာများကို ဖောက်ထွင်းမြင်နိုင်သည့်အလား လင်းယုန်မျက်လုံးများဖြင့် လူအိုကြီးတစ်ဦးရှိနေသည်။

လက်ထောက်တစ်ဦးက အမြန်ချဉ်းကပ်လာပြီး ဟွာရှောင်လင်း၏ နားနားကပ်၍ တိုးတိုးလေးသတင်းပို့သည်။ ထိူသူစကားမဆုံးခင်မှာပင် သူမက လက်ကိုမြှောက်လိုက်ပြီး ထိုသူကို လက်ဝှေ့ယမ်းကာ လွှတ်လိုက်သည်။ အလိုအလျောက်တံခါးပြန်ပိတ်သွားသောအခါ သူမ၏ ကျောပြင်သည် ထိုင်ခုံနောက်မှီမှ ဖြည်းညှင်းစွာ ခွာလိုက်ပြီး သူမ၏ အသံသည် အေးခဲနေသော တိတ်ဆိတ်မှုကို ထိုးခွဲလိုက်သည့် ရေခဲစူးကဲ့သို့ ထွက်ပေါ်လာသည်။

“ငါတို့ အခုပဲ သတင်းရတယ်… လင်းရှန်က အသက်ရှင်သေးပြီး အခု ကင်းစခန်း ၃၇၄ မှာ ရှိနေတယ်”

“ဘယ်လိုဖြစ်နိုင်မှာလဲ”

မြင့်မြတ်မြို့တော်ခေါင်းဆောင် ဗေလန်က ချက်ချင်းပင် အေးစက်စွာ ပြောလိုက်သည်။

“ငါတို့လူတွေ ဟတ်ကိုစစ်မြေပြင်ကို နှစ်လလုံးလုံး စောင့်ကြည့်နေတာပဲ၊၊ ဖီးနစ်ကလည်း သူ့ကို ရှာနေတာ… အဲဒီလောက်အထိ သွေးနီရောင်မြူတွေထဲမှာ အကြာကြီးရှိနေတာကို စွမ်းအားဝတ်စုံတောင် ပျက်စီးသွားလောက်ပြီ”

ဘယ်ဘက်မှ ချန်ယန်ရွှီ၏ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။

ဟွာရှောင်လင်း၏ မျက်ခုံးများ အနည်းငယ်မြင့်တက်သွားပြီး သူမ၏ လေသံက ထူးထူးခြားခြားတည်ငြိမ်နေသည်။

“အခုလေးတင်ပဲ သူက ယဉ်ကျေးမှုပုံတူပွားကစားပွဲ အမှတ် ၃၉၀၈၁ ကို အသက်သွင်းလိုက်တယ်”

ခန်းမတစ်ခုလုံး ရုတ်တရက် သေမင်းတမျှ တိတ်ဆိတ်သွားတော့သည်။ ဗေလန်၏ အမူအရာတောင့်တင်းသွားပြီး ချန်ယန်ရွှီ၏ အိတ်ဆောင်နာရီသည် ဂျောက်ခနဲ ပိတ်သွားကာ သူ့အကြည့်က အလယ်မှ လူအိုကြီးထံ ချက်ချင်းရောက်သွားသည်။

တော်တော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ လူအိုကြီးက တုန်ရီပြီး တိုးညှင်းသောအသံဖြင့် နောက်ဆုံးတွင် စကားပြောလာသည်။

“ရှုံးသွားတာလား”

“ဟုတ်တယ်”

ဟွာရှောင်လင်းက သာမန်လေသံဖြင့် ဆက်ပြောသည်။

“ချူယန်က သူမရဲ့ အသိစိတ်တစ်စိတ်တစ်ပိုင်းကို ယဉ်ကျေးမှုပုံတူပွားကစားပွဲစနစ်ထဲ ဖြတ်တောက်ထည့်သွင်းထားခဲ့တယ်၊၊ အဲဒီအပိုင်းက သခင်ကြီးရဲ့ ဝါးမျိုခြင်းကို ခံရမယ့်အပိုင်းဖြစ်ရမှာ”

“စိတ်ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုလား...”

ဗေလန်က မျက်မှောင်ကြုတ်ပြီး ချန်ယန်ရွှီကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ဗျာဒိတ်တော်ဂိုဏ်းက သခင်ကြီးရဲ့ စွမ်းအားကို အကျွမ်းကျင်ဆုံးဖြစ်ရမှာ မဟုတ်ဘူးလား။ ဟမ့်... ဒီလိုပုန်းကွယ်နေတဲ့ အန္တရာယ်ကို ချန်ထားခဲ့တာပဲ”

All Chapters