ချူယန် (၁)
Vol. 71 Ch. 1130
ထိုစကားကို ကြားသောအခါ ချန်ယန်ရွှီ၏ မျက်လုံးထဲတွင် ဒေါသအရောင်လက်ခနဲဖြစ်သွားသော်လည်း တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်သည်။
“ငါ့အလုပ်က လင်းရှန်နဲ့ ချူယန်ကြားက စိတ်ဝိညာဉ်ဆက်သွယ်မှုကို စုံစမ်းစစ်ဆေးပြီး ဖြတ်တောက်ဖို့ လင်းရှန်က ဖီးနစ်နဲ့ အဆက်အသွယ်မလုပ်နိုင်အောင် တားဆီးဖို့ပဲ။ အခြားကိစ္စတွေက ငါနဲ့မဆိုင်ဘူး”
“မဆိုင်ဘူး ဟုတ်လား”
ဗေလန်က နှာခေါင်းရှုံ့လိုက်ပြီးနောက် အလယ်က လူအိုကြီးကို ပြောလိုက်သည်။
“ဆရာရှီ… ဖီးနစ်ရဲ့ လှုပ်ရှားမှုတွေအရ ငါတို့ရဲ့ သံသယတွေက အတည်ဖြစ်လုနီးပါးပဲ။ ဒီကောင် အသက်ရှင်နေသေးတယ်ဆိုတဲ့ အချက်ကတင် ပြဿနာကို သက်သေပြနေတာပဲ”
ဆရာရှီဟုခေါ်သော လူအိုကြီးက ဟွာရှောင်လင်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“ရှောင်လင်း… သခင်ကြီးက ရောက်လာတော့မယ်၊ ယဲ့လန်မှာလည်း အစီအစဉ်တွေ ရှိလောက်တယ်။ မင်းဘယ်လိုပြင်ဆင်ထားလဲ”
“ဆရာ” ဟွာရှောင်လင်းက တည်ငြိမ်စွာ ပြောသည်။
“ပထမဆုံးအနေနဲ့ လင်းရှန် အသက်ရှင်နေတာက ကျွန်မတို့အတွက် သတင်းကောင်းပဲ။ ယဉ်ကျေးမှုပုံတူပွားကစားပွဲစနစ်ကနေတစ်ဆင့် သူ့ရဲ့ ယုံကြည်မှုအသိစိတ်ကို ဖြတ်တောက်ပြီး အစားထိုးမယ့် အစီအစဉ်ရှုံးနိမ့်သွားခဲ့ရင်တောင် အရမ်းကြီးစိုးရိမ်စရာမလိုဘူးလို့ ကျွန်မယုံကြည်တယ်”
“အို” ချန်ယန်ရွှီက စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။
“ဒီလူကို အခု သတ်လို့မရဘူး၊၊ သူ့ရဲ့ သေဆုံးမှုက အသက်ရှင်နေတာထက် ပိုပြီးပြဿနာများစေလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုက ရှုံးသွားပြီ ချူယန်က သူ့ကို ဘာတွေပြောပြလိုက်လဲ ဘယ်သူမှမသိဘူး။ နောက်ဆို သူ သတိထားနေမှာ သေချာပေါက်ပဲ၊၊ ဒီလိုအခြေအနေမျိုးမှာတောင် မင်းက စိုးရိမ်စရာမလိုဘူးလို့ ထင်နေတုန်းပဲလား”
“သူတို့က လင်းရှန်ကို ဝင်ရိုးစွန်းဒေသဆီ တိုက်ရိုက်ပို့မလား ဒါမှမဟုတ် ရထားအုပ်စုကို ဆက်ရှာဖို့ စီစဉ်နေကြတာလား”
ဗေလန်က ဤနေရာတွင် မေးလိုက်သည်။
“ပြောရခက်တယ်။ ဖီးနစ်က လင်းရှန်ကို သေချာပေါက်ကာကွယ်မှာပဲ၊၊ ဒါပေမဲ့ ဒီလင်းရှန်ဆိုတဲ့ကောင်က... သူ့ရဲ့ အရင်လှုပ်ရှားမှုတွေကို ကြည့်ရင် သူက သူ့ယာဉ်တန်းကို စွန့်ပစ်မှာမဟုတ်ဘူး”
ချန်ယန်ရွှီက ပြန်ဖြေသည်။
ဟွာရှောင်လင်းက တင်းမာသော မျက်နှာဖြင့် တိုက်ရိုက်ပင်တုံ့ပြန်လိုက်သည်။
“ပထမအချက်က ငါတို့လိုချင်တာနဲ့ ယှဉ်ရင် ယဲ့လန်ရဲ့ အတွေးအခေါ်တွေနဲ့ အစီအစဉ်တွေက တကယ့်အန္တရာယ်မဟုတ်ဘူး။ ဒုတိယအချက်က လင်းရှန်က အာရုဏ်ဦးမြို့တော်မှာ ချူယန်ကို ကယ်တင်ဖို့အတွက် ကောင်းကင်အကာကွယ်ကို ဖြတ်သန်းဖို့ ငွေကျည်ဆန်ကို စွန့်စားအသုံးပြုခဲ့တယ်။ ဒါကြောင့် သူ့စိတ်နေစိတ်ထားအရ သူက ယဉ်ကျေးမှုပုံတူပွားစက်လုံးကို သေချာပေါက်ထပ်ပြီး အသက်သွင်းဦးမှာပဲ။ တတိယအချက်က သူ ကော်လိုရာဒိုကို သေချာပေါက်သွားလိမ့်မယ်...”
သူမ၏ မျက်လုံးများ လင်းလက်သွားပြီး “မမေ့နဲ့ဦး… ငါတို့ဆီမှာ ဖဲချပ်အသေရှိသေးတယ်”
“အန္တရာယ်ရှိမရှိဆိုတာ ငါတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး”
ချန်ယန်ရွှီ၏ မျက်လုံးအစုံ အနည်းငယ်ကျဉ်းမြောင်းသွားပြီး ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။
“သခင်ကြီးအတွက်တော့ တည်ရှိခြင်း ဒါမှမဟုတ် မတည်ရှိခြင်းပဲ ရှိတယ်။ ဒါက ငါတို့ ယဉ်ကျေးမှုရှင်သန်နိုင်မယ့် အခွင့်အရေးကို ထိန်းသိမ်းနိုင်မလားဆိုတဲ့ အချက်အပေါ်မှာပဲ မူတည်တယ်ဆိုတာ မင်းရော ငါရောသိတာပဲ မဟုတ်ဘူးလား”
“တော်ပြီ… သခင်ကြီးမရောက်ခင် ငါတို့ လုပ်စရာတွေ အများကြီးရှိသေးတယ်။ ငါတို့မုန်တိုင်းပင်လယ်ကာကွယ်ရေးလိုင်းကို အားနည်းအောင်လုပ်ရမယ် ခွန်းလွန်မြို့ထဲကိုလည်း ထိုးဖောက်ဝင်ရောက်ရမယ်။ ရေရှည်ခုခံနေတာက သခင်ကြီးအတွက်ရော… လူသားတွေအတွက်ပါ နှစ်ဦးနှစ်ဖက်နစ်နာမှုပဲ။ သေးငယ်တဲ့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ နောက်ကာလက အရမ်းအရေးကြီးတယ်”
ဆရာရှီက ဟွာရှောင်လင်းကို ကြည့်လိုက်သည်။
“အမြန်စီစဉ်လိုက်တော့။ အခုကစပြီး လင်းရှန်နဲ့ ပတ်သက်တဲ့အလုပ်မှန်သမျှ မင်းရဲ့ ဌာနကပဲ တာဝန်ယူရမယ်”
“နားလည်ပါပြီ” ဟွာရှောင်လင်းက ပြန်ဖြေသည်။
ချက်ချင်းပင် ဟိုလိုဂရမ်ပုံရိပ်သုံးခုသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အခန်းထဲတွင် တိတ်ဆိတ်ခြင်းနှင့် မှောင်မိုက်ခြင်းများသာ ပြန်လည်ကြီးစိုးသွားတော့သည်။
ဟွာရှောင်လင်းက မျက်လုံးကို အနည်းငယ် မှိတ်ထားပြီး တစ်ခုခုကို စဉ်းစားနေပုံရသည်။ ခဏမျှ တည်ငြိမ်သွားပြီးနောက် သူမက ရုတ်တရက် စကားပြောလိုက်သည်။
“ခံစားချက်တွေဆိုတာ လူသားတွေရဲ့ အနှောင်အဖွဲ့ပဲ။ နင် အဲဒါကို အခုသေချာနားလည်သွားပြီမဟုတ်ဘူးလား”
ဖျတ် ဖျတ်၊၊
ညင်သာသောခြေသံများ ထွက်ပေါ်လာပြီး မှောင်မိုက်သောထောင့်စွန်းတစ်ခုထဲမှ အရပ်ရှည်ရှည်နှင့် ထင်ရှားပြတ်သားသောပုံရိပ်တစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
ချူယန်၏ မျက်နှာသည် မည်သည့်ခံစားချက်အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်အေးစက်နေသည်။ သူမသည် ဟွာရှောင်လင်း၏ ရှေ့တွင် လာရပ်လိုက်သည်၊၊
“ငါ နင်တို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်မှာ မစိုးရိမ်ဘူးလား”
ဟွာရှောင်လင်းက အနည်းငယ်ပြုံးကာ ပြန်ပြောသည်။
“ဘယ်အစီအစဉ်လဲ။ လင်းရှန်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့လား။ ဖီးနစ်နဲ့ ဆွေးနွေးပွဲတွေကို အရှိန်မြှင့်ဖို့လား။ ဒါမှမဟုတ် လူသားယဉ်ကျေးမှုရဲ့ မျိုးစေ့ကို ထိန်းသိမ်းဖို့ ကြိုးပမ်းတဲ့အစီအစဉ်လား”
သူမသည် ထိုင်ခုံမှ ဖြည်းဖြည်းချင်းထကာ ဘေးဘက်သို့ အေးဆေးစွာ လျှောက်သွားပြီး ရေတစ်ခွက်ငှဲ့လိုက်သည်။ ထို့နောက် ခေါင်းမလှည့်ဘဲ ဆက်ပြောသည်။
“လူတစ်ယောက်က ပိုပြီး ထုံထိုင်းလေးလံလေ… ရပ်တည်ချက်တွေ ခံစားချက်တွေနဲ့ လူတန်းစားဆန့်ကျင်ဘက်တွေကို ပိုပြီး လိုအပ်လေပဲ။ သမိုင်းတစ်လျှောက် ခေတ်စနစ်တွေကို ပြောင်းလဲခဲ့တဲ့ ခေါင်းဆောင်တွေအားလုံးဟာ ဒါကိုပဲ အသုံးချခဲ့ကြတယ်။ ငါတို့ရဲ့ ရန်သူက လူသားမဟုတ်တော့တဲ့အခါ ငါတို့ယဉ်ကျေးမှုက မယှဉ်နိုင်တဲ့ စွမ်းအားစုတစ်ခုဖြစ်လာတဲ့အခါမှာတော့ ခံစားချက်တွေ၊ ရပ်တည်ချက်တွေ၊ လူတန်းစားတွေနဲ့ ဘာသာရေးတွေက အဓိပ္ပာယ်မရှိတော့ဘူး”
ဟွာရှောင်လင်းက လှည့်လာပြီး ရေတစ်ငုံသောက်လိုက်ရင်း ချူယန်ကို စိုက်ကြည့်သည်။ “သိပ္ပံပညာတစ်ခုပဲ ရှိတော့တယ်”
ချူယန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူမက ပြန်မေးလိုက်သည်။
“နင့်အနေနဲ့ နာကျင်မှုခံစားချက်ကို ဆုံးရှုံးသွားတာကိုပဲ ကျေးဇူးတင်သင့်တယ်။ အဲဒါက ငါတို့ကို အခုထိဒုက္ခပေးနေတုန်းဆိုပေမဲ့ အခုဆိုရင် နင်က ငါတို့ရဲ့ ဦးတည်ချက်ကို ပိုပြီး အလွယ်တကူနားလည်နိုင်လောက်ပါပြီ”
ချူယန်က နှာခေါင်းရှုံ့ကာ “ဟုတ်သားပဲ အညံ့ခံပြီး ရှင်သန်ခွင့်ရှာတာကလည်း တကယ့်ကို ရှင်သန်ရေးမဟာဗျူဟာတစ်ခုပဲကိုး”
ထိုစကားကို ကြားသော်လည်း ဟွာရှောင်လင်းသည် မည်သည့်စိတ်လှုပ်ရှားမှုမျှ မပြဘဲ အေးဆေးစွာပင် ပြန်တုံ့ပြန်သည်။
“ကြောင်တွေကို သိလား။ သူတို့မှာ လူသားတွေနဲ့ တူတဲ့ ဝိသေသအချို့ ရှိတယ်... ထိခိုက်လွယ်တာ၊ ဘေးကင်းမှုမရှိဘူးလို့ ခံစားရတာနဲ့ ကိုယ့်ကိုယ်ကို ဉာဏ်ကောင်းလှပြီလို့ ထင်နေတာမျိုးပေါ့။ အချို့သောအခြေအနေတွေမှာ ကြောင်တွေက တကယ့်ကို အဆင့်မြင့်အမဲလိုက်သမားတွေပဲ။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီလိုဖျတ်လတ်ပြီး တုံ့ပြန်မှုမြန်ဆန်တဲ့အပြင် ကိုယ်ပိုင်အတွေးအခေါ် ရှိလှချည်းဆိုတဲ့ လိမ္မာတဲ့ ကြောင်တွေကပဲ လမ်းပေါ်မှာ ကားကြိတ်ခံရပြီး အသေဆုံးများတတ်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ခွေးတွေကတော့ အဲလိုမဖြစ်ဘူး။ သူတို့က ကားကြီးတစ်စီးကိုမြင်ရင် ရှောင်ရမှန်းသိကြတယ်။ ဘာလို့လဲဆိုတော့ ခွေးတွေက ကားကို မနိုင်ဘူးဆိုတာသိကြသလို ကားတွေကလည်း ဖြတ်သွားရုံသက်သက်ပဲဆိုတာ သိလို့ပဲ...”
ချူယန်က သူမကို စိုက်ကြည့်လိုက်သည်၊၊
“မျှော်စင်လူသားတွေက ငါတို့ကို ချန်ထားခဲ့လိမ့်မယ်လို့ နင်က အတော်လေးယုံကြည်ချက်ရှိနေပုံပဲနော်”
ဟွာရှောင်လင်းက ခေါင်းခါပြသည်။
“နင် မှားသွားပြီ။ ကမ္ဘာမြေဆိုတာ မျှော်စင်လူသားတွေအတွက် ခဏအနားယူပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ ခိုလှုံရာနေရာတစ်ခုသက်သက်ပဲ။ လူသားတွေ မျိုးတုံးသွားမလား… ကမ္ဘာမြေပျက်စီးသွားမလားဆိုတာ သူတို့ဂရုမစိုက်ဘူး”
သူမ တစ်ဖက်သို့လှည့်လိုက်ပြီး “ဘာလို့ ဒီလောက်များပြားတဲ့ သိပ္ပံပညာရှင်တွေက ငါတို့နဲ့ ပူးပေါင်းပြီး ငါတို့ကို အသိအမှတ်ပြုကြလဲ နင်သိလား။ ဘာလို့လဲဆိုတော့ ယဉ်ကျေးမှုပုံတူပွားစက်လုံးက သူတို့ရဲ့ နာကျင်မှုတွေကို ခွဲထုတ်ပေးလို့ပဲ၊၊ နာကျင်မှုက လူတွေကို ဆင်ခြင်တုံတရားပျောက်ဆုံးစေတယ်။ အခုတော့ အကြွင်းမဲ့ဆင်ခြင်တုံတရားက သူတို့ကို တိုက်ရိုက်သိမြင်စေပြီ... ခုခံနေတာက အဓိပ္ပာယ်မရှိဘူးဆိုတာကိုပေါ့။ ဆန့်ကျင်ဘက်အနေနဲ့ သခင်ကြီးကို အသိအမှတ်ပြုတာ ဒါမှမဟုတ် သိပ္ပံနည်းကျယဉ်ကျေးမှုရဲ့ ရှုထောင့်ကနေ ကြီးမားတဲ့ပုံရိပ်ကို လက်ခံတာကမှ လူသားယဉ်ကျေးမှုကို ပိုပြီး ထိန်းသိမ်းနိုင်လိမ့်မယ်။ နင်သာ အရူးအမူးမခုခံခဲ့ရင် ကော်လိုရာဒိုနဲ့ ဟတ်ကိုက ဝမ်းနည်းစရာကိစ္စတွေဖြစ်လာမှာ မဟုတ်ဘူး။ လူသားတွေက အတွေးခေါ်အယူဝါဒကို ရွေးချယ်သည်ဖြစ်စေ… အိန်ဂျယ်နဲ့ ပေါင်းစပ်ခြင်းကိုပဲ ရွေးချယ်သည်ဖြစ်စေ… ငါတို့ယဉ်ကျေးမှုအတွက်တော့ ဒါက ကြီးမားတဲ့ ခြေလှမ်းကျယ်တစ်ခုပဲ။ ကမ္ဘာတစ်ခုလုံးက ဒိုင်မေးရှင်းတွေ မြင့်တက်နေတာကြောင့် ဉာဏ်ပညာရှိတဲ့ မျိုးစိတ်တွေပဲ ဆက်လက်တည်ရှိနိုင်မှာ။ ဉာဏ်ပညာရှိတဲ့ မျိုးစိတ်တွေက သိကြတယ်... ငါတို့မှာ အခြားရွေးချယ်စရာမရှိဘူးဆိုတာကို”
“ဒါဆို နင်တို့ လိုချင်တာက ငါ့ကို လင်းရှန်နဲ့ ပြန်ပြီး အဆက်အသွယ်လုပ်ခိုင်းဖို့ ဒါမှမဟုတ် သူ့ကို ရှာဖွေပေးဖို့နဲ့ သူ့ရဲ့ နာကျင်မှုတွေကို ဖြတ်တောက်ပေးဖို့ပေါ့ ဟုတ်လား”
ချူယန်က တင်းမာစွာ မေးလိုက်သည်။
ဟွာရှောင်လင်က ပြန်ဖြေသည်။
“နင် သတိထားမိလား။ ငါတို့ သူ့ကို နာကျင်အောင် မလုပ်ဘူး။ ငါတို့လိုချင်တာက သူ့ကို ပိုပြီး ဆင်ခြင်တုံတရားရှိစေချင်တာပဲ… ပိုပြီးတော့ အမှန်တရားတွေကို မြင်တွေ့နိုင်စေချင်တာ… ဒါက မကောင်းတဲ့အရာလား ဒါမှမဟုတ် ဖီးနစ်က အသက်ရှင်ကျန်ရစ်သူတွေကို အမှန်တရားမမြင်စေချင်တာလား”
“နောက်ဆုံးမေးခွန်း” ချူယန်က သူမကို စိုက်ကြည့်လိုက်သည်၊၊
“ဘာလို့ လင်းရှန်ဖြစ်နေရတာလဲ”
ချူယန်သည် ဟွာရှောင်လင်း၏ မျက်လုံးထဲတွင် တစ်စုံတစ်ခုသော အရိပ်အယောင်ကို ရှာဖွေရန် ကြိုးစားနေသကဲ့သို့ စိုက်ကြည့်နေမိသည်။