← Chapters

ချူယန် (၂)

Vol. 71 Ch. 1131

ချူယန် (၂)

Vol. 71 Ch. 1131

ဟွာရှောင်လင်းက မျက်လုံးအစုံကို အောက်ချလိုက်ပြီး ပြုံးကာ ခဏမျှ စဉ်းစားပြီးမှ ပြောသည်။

“ငါ နင့်ကိုမလိမ်ပါဘူး၊၊ နင်က ဖီးနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေသေးလို့ ပိုပြီး အသေးစိတ်ကျတဲ့အချက်အလက်တွေကို ပြောပြဖို့လည်း တာဝန်မရှိဘူး။ ဒါပေမဲ့... ငါ နင့်ကို ရှင်းရှင်းလင်းလင်းပြောပြနိုင်တာက လင်းရှန်ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားက အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုကမဟုတ်သလို လူသားယဉ်ကျေးမှုကလည်း မဟုတ်ဘူး။ ဒါက ပိုပြီး အဆင့်မြင့်တဲ့ယဉ်ကျေးမှုတွေရဲ့ လောင်းကစားတစ်ခုဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်... နင့်ကိုယ်နင်ကစားသမားတစ်ယောက်လို့ ဘယ်တော့မှ မထင်လိုက်နဲ့ ဖဲချပ်တစ်ခုလို့တော့ ပိုပြီးတော့တောင် မတွေးလိုက်နဲ့”

သူမ ခေါင်းမော့လိုက်ပြီး သူမ၏ အမူအရာက အေးစက်သွားသည်။

“ဒါကြောင့် လင်းရှန်ရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းက အရေးမကြီးဘူး။ ငါတို့ တားဆီးနေတာက...”

“သူ့ရဲ့ စိတ်ကူးယဉ် အတွေးအခေါ်တွေကိုပဲ”

…

“လူသားတွေရဲ့ ရှုထောင့်ကနေလား”

တိတ်ဆိတ်နေသော အစည်းအဝေးခန်းမအတွင်း၌ လင်းရှန်သည် တစ်ကိုယ်ထဲ တိုးတိုးလေးရေရွတ်နေမိသည်။ အချိန်မည်မျှ ကုန်လွန်သွားသည်မသိသော်လည်း ရှီဝေတုံနှင့် အခြားသူများက ဘေးတွင် စောင့်မျှော်နေဆဲဖြစ်သည်။ သူ နိုးလာသည်ကို မြင်သောအခါ အားလုံးက သတိအနေအထားဖြစ်သွားကြသည်။

“ပြီးသွားပြီလား” ကီကီက ဝေခွဲမရပဲ ရှုပ်ထွေးနေသော လင်းရှန်၏ အမူအရာကို ကြည့်ကာ ပထမဆုံးမေးလိုက်သည်။

လင်းရှန်လည်း သူ့လက်ထဲရှိ စက်လုံးကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက အနည်းငယ်ဗလာကျင်းနေသည်။

“ငါ ဘယ်လောက်ကြာကြာကြည့်လိုက်မိလဲ”

လင်းရှန်က မေးလိုက်သည်။

“လေးနာရီကြာတယ်” စုန့်ဝေက ပြောသည်။

“နင့်ရဲ့ အခြေအနေက နည်းနည်းပုံမှန်မဟုတ်သလိုပဲ… နင်အနားယူသင့်တယ် ထင်တယ်”

လင်းရှန် အစည်းအဝေးခန်းမ၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ကင်းစခန်းကြီးအတွင်း မီးရောင်များအောက်တွင် လူများအလုပ်ရှုပ်နေကြပြီး စင်္ကြံလမ်းတွင် ဒဏ်ရာရရဲဘော်များကို သယ်ဆောင်လာဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် သွေးနီရောင်မြူများ၏ ရိုက်ခတ်မှုကြောင့် ဤနေရာရှိ စွမ်းအင်စနစ်က မတည်မငြိမ်ဖြစ်နေပုံရကာ မီးလုံးများက တစ်ချက်တစ်ချက် လင်းချည်မှိတ်ချည်ဖြစ်နေပြီး လေထုထဲတွင် အလွန်ဖိနှိမ်ချုပ်ချယ်မှုကို ခံစားရစေသည်။

“ကင်းစခန်း ၃၇၄ ရဲ့ အဓိကရည်ရွယ်ချက်က ဟတ်ကိုစစ်မြေပြင်နဲ့ နောဧကို စုံစမ်းစစ်ဆေးဖို့ပဲ မင်းကိုရှာဖွေတွေ့ရှိတာကလည်း တာဝန်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ”

ရှီဝေတုံက စကားပြောလာသည်။

“မင်း ဆန္ဒရှိရင် တောင်ဘက်ကို လိုက်ပါပို့ဆောင်ပေးဖို့ အဖွဲ့တစ်ဖွဲ့ကို ငါချက်ချင်းစီစဉ်ပေးနိုင်ပါတယ်။ အမေဇုန်တောနက်နဲ့ ပန်ပါစ်ကုန်းပြင်မြင့်ကို ဖြတ်ကျော်သွားရုံပဲ။ ယုရှူးယာမှာ ငါတို့ရဲ့ စတားဖလိ့က စစ်အင်အားတစ်သန်းချထားတယ်… မင်းက အဲဒီမှာဘေးကင်းလိမ့်မယ်”

“ခဗျားတို့က သွေးနီရောင်မြူတွေဘေးကနေ သေချာပေါက်လွတ်မြောက်နိုင်မယ်လို့ အာမခံနိုင်လား”

လင်းရှန်က မေးလိုက်သည်။

ရေမွန်က ချောင်းတစ်ချက်ဟန့်ကာ လေးနက်စွာ ပြောသည်။

“သေချာပေါက်တော့ မပြောနိုင်ဘူး။ အနီရောင်မြူတွေထဲမှာ ထူးဆန်းတဲ့အရာတွေ အများကြီးရှိတယ်။ ထူးဆန်းတဲ့မွန်းစတားတွေကို ထားလိုက်ဦး... အဲဒီသွေးနီရောင်သန္ဓေပြောင်းဖုတ်ကောင်တွေတင်ကပဲ ငါတို့ အရင်က ကြုံဖူးတာထက် ပိုပြီး သေစေနိုင်တဲ့စွမ်းအားတွေ ရှိနေတယ်။ ပြီးတော့ အမဲလိုက်သတ္တဝါတွေလည်း ရှိသေးတယ်... သွေးနီရောင်မြူထဲက အဲဒီအရာက မုဆိုးတစ်ကောင်လိုပဲ ခြေရာလက်ရာမကျန်ဘဲ လာလိုက်သွားလိုက်လုပ်နိုင်တယ်။ စိတ်ဝိညာဉ်တုန်ခါမှုနှုန်း နှစ်သောင်းအောက်ရှိတဲ့ စွမ်းအားရှင်တွေဆိုရင် အဲဒါနဲ့ တိုးတာနဲ့ သေချာပေါက်သေရုံပဲ။ ဒါကို ရင်ဆိုင်ဖို့က အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ ပိုပြီး သေစေနိုင်တာကတော့... အရင်းအမြစ်ရှားပါးတာပဲ”

လင်းရှန် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။

“သွေးပဲစေ့နဲ့ အားဖြည့်ထားတဲ့ ဒီအမှောင်ကြိမ်နှုန်းတုံးရှီကိရိယာသာမရှိရင် အခြားအရာအားလုံးက ဆွေးမြည့်ကုန်မှာပဲ ရေတောင်မှ သောက်လို့ရမှာ မဟုတ်ဘူး”

“ဟုတ်တယ်” ရှီဝေတုံက ခေါင်းညိတ်သည်။

“အခုအချိန်မှာ အားလုံးက ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်။ အသက်ရှင်ကျန်ရစ်သူ အများစုက ခိုလှုံဖို့ ဝင်ရိုးစွန်းဒေသတွေဆီ ဦးတည်နေကြတယ်။ ခွန်းလွန်မြို့မှာတော့ ရေအရင်းအမြစ်က အဆင်ပြေပေမဲ့ ဝင်ရိုးစွန်းဒေသတွေက မူလကတည်းက ရိက္ခာမရှိတဲ့အပြင် အများကြီးပိုအေးတယ်။ ငါတို့ ဖီးနစ်ရဲ့ စိုက်ပျိုးရေးအခြေစိုက်စခန်းတွေက စွမ်းအင်ဖြည့်စိမ်းလန်းစိုပြည်ရေးဖန်လုံအိမ်တွေကို ဆောက်ရမယ်။ ဒါပေမဲ့ ဖန်လုံအိမ်တွေ ဘယ်လောက်ပဲဆောက်ဆောက် လူသန်းပေါင်းများစွာကိုတော့ မထောက်ပံ့နိုင်ဘူး”

လင်းရှန် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်၊၊

“အမှောင်ဂိုဏ်းကလည်း ဒါကို သိနေမှာပဲ။ ဒါကြောင့်မို့လို့ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးနဲ့ နောဧကုန်းကြောင်းသယ်ယူပို့ဆောင်ရေးရထားအုပ်စုက ခြုံခိုတိုက်ခိုက်ခံလိုက်ရတာလား”

“ဟုတ်တယ်၊၊ အခုအချိန်အထိလည်း မြင့်မြတ်မြို့တော်အဖွဲ့က နောဧရဲ့ ကျန်ရှိတဲ့ ရိက္ခာတွေကို ငါတို့ ရှာဖွေနေတာကို နှောင့်ယှက်နေတုန်းပဲ”

ရေမွန်က စီးကရက်တစ်လိပ်ကို ထပ်မံမီးညှိလိုက်ပြီး လွင့်ပျံနေသော မီးခိုးငွေ့များကြားမှ ဒေါသတကြီးဆဲလိုက်သည်။

“အဲဒီခွေးမသားတွေ... ကိုယ်တိုင်လည်းမရှင်သန်နိုင်ဘဲနဲ့ ငါတို့ရဲ့ ရှင်သန်ရေးလမ်းကြောင်းတွေကို နည်းမျိုးစုံနဲ့ ပိတ်ဆို့ဖို့ ကြိုးစားနေကြတယ်။ လူသားတွေဖြစ်ပြီးတော့ အောက်တန်းကျတဲ့ ဂြိုဟ်သားတွေကို ကူညီနေကြတယ် ခွေးxxx…”

ကီကီက သူ့စိတ်အခြေအနေ အနည်းငယ်ပြန်ကောင်းလာသည်ကို မြင်သောအခါ ခေါင်းကို အနည်းငယ် စောင်းလျက် မူလအကြောင်းအရာသို့ ပြန်လှည့်လာသည်။

“ဒါနဲ့ ဒီကစားပွဲကို ရှင်ကြည့်လို့ပြီးသွားပြီလား”

လင်းရှန်က ခေါင်းညိတ်သည်။

“အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှု... ဒါနဲ့ ပြောရဦးမယ် အဲဒီ လွင့်မျောနေတဲ့ အလောင်းကြီးက ဘာလဲ”

“သေဆုံးသွားတဲ့ အိန်ဂျယ်ဖြစ်လိမ့်မယ်” ကီကီက ပြောသည်။

“သေဆုံးသွားတာလား”

ကီကီက ပုခုံးတွန့်လိုက်သည်၊၊

“ဒါရိုက်တာတင်း မထွက်ခွာခင်က ကျွန်မကို ပြောခဲ့ဖူးတယ်။ သူမက ထူးဆန်းတဲ့သတ္တဝါတွေဆိုတာ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက အိန်ဂျယ်ရဲ့မျိုးရိုးဗီဇတွေကို အသုံးချပြီး သေဆုံးသွားတဲ့ လူသားတွေ ဒါမှမဟုတ် တိရစ္ဆာန်တွေရဲ့ ဇီဝပရိုတင်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ အမဲလိုက်စစ်တပ်ဖြစ်နိုင်တယ်လို့ သံသယဝင်နေတယ်။ အာခီစိုင်းကနေ ထွက်ခွာတုန်းက သူမ ထူးဆန်းတဲ့သတ္တဝါအစိတ်အပိုင်း အတော်များများကို စုဆောင်းခဲ့တာ ရှင်မှတ်မိဦးမှာပါ။ အဲဒါတွေအားလုံးက လူသားတွေရဲ့ အစိတ်အပိုင်းတွေကို ဖိသိပ်ထားတဲ့ ပစ္စည်းတွေ ဖြစ်နေတာကို တွေ့ခဲ့ရတယ်”

“ဒါဆိုရင် ငါတို့ ပင်လယ်ကျောက်ဆောင်မှာ ကြုံခဲ့ရတဲ့ သမုဒ္ဒရာနတ်ဘုရားကြီးကလည်း အိန်ဂျယ်ရဲ့ အကြွင်းအကျန်တွေနဲ့ သေချာပေါက်ပတ်သက်နေလိမ့်မယ်”

လင်းရှန် သက်ပြင်းတစ်ချက်ချလိုက်သည်၊၊

“ဖောင်ဒေးရှင်းက အဲဒါကို ယူနီဂါ ၁ လို့ အမည်ပေးခဲ့တာ မဆန်းတော့ပါဘူး...”

“အားလုံးကို ကြည့်ပြီးသွားတော့ ဘယ်လိုခံစားရလဲ။ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုရဲ့ ဦးနှောက်ဆေးတာကို ခံလိုက်ရပြီလား ဒါမှမဟုတ် ကျွန်မတို့ရဲ့ အနာဂတ်အတွက် ပိုပြီးတော့တောင် မျှော်လင့်ချက်ကင်းမဲ့သွားပြီလား”

ကီကီက လင်းရှန်ကို ကြည့်ကာ မေးလိုက်သည်။

ထိုစကားကြောင့် အစည်းအဝေးခန်းမအတွင်းရှိ လူအားလုံး၏ အကြည့်များသည် လင်းရှန်ထံသို့ ထူးထူးခြားခြားကျရောက်လာတော့သည်။

သူတို့၏ အကြည့်များကို မြင်သောအခါ လင်းရှန်က ချက်ချင်း ပြန်မေးလိုက်သည်။

“ဒီကစားပွဲကို လူတိုင်းကြည့်လို့ရတာတော့ မဟုတ်ဘူးမလား”

“သေချာပေါက်မဟုတ်ဘူးပေါ့” ရှီဝေတုံက ပြန်ဖြေသည်။

“ဖောင်ဒေးရှင်းက ယဉ်ကျေးပုံတူပွားစက်လုံးတွေကို အများကြီးထုတ်မထားဘူး”

လင်းရှန်က လက်ဝှေ့ယမ်းပြကာ “မဟုတ်ဘူး… အရင်ကပြောခဲ့တာ ဖီးနစ်ရဲ့ သုတေသနပညာရှင်အတော်များများက ဒီကစားပွဲကို လေ့လာခဲ့ဖူးပေမဲ့ တိုက်ရိုက်ပုံတူပွားမလုပ်ခဲ့ကြဘူးဆိုတာလေ”

ရှီဝေတုံ၏ အကြည့်များခိုင်မာသွားပြီး လင်းရှန် စကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို ရိပ်မိလိုက်ကာ ချက်ချင်းပင် အချက်အလက်တစ်ခုကို ထုတ်ပြောလာသည်။

“ညလမ်းလျှောက်သူအဖွဲ့စည်းက ဒီနယ်ပယ်မှာ လျှို့ဝှက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာ အမှန်ပဲ။ သစ္စာဖောက်သွားတဲ့ အဆင့်မြင့်အရာရှိတွေရဲ့ အနည်းဆုံး ၉၅ရာခိုင်နှုန်းဟာ ဒီယဉ်ကျေးမှုပုံတူပွားစက်လုံးနဲ့ ထိတွေ့ဖူးကြတယ်။ သူတို့ရဲ့ ပုံတူပွားအကြောင်းအရာတွေကို လေ့လာပြီးနောက်မှာ ငါတို့ သိလိုက်ရတာက ယဉ်ကျေးမှုပုံတူပွားစက်လုံးတွေကို ကြုံတွေ့ရတာက ပိုပြီးဘက်စုံကျတဲ့ စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုကို ဖြစ်စေတယ်ဆိုတာပဲ။ ဖြစ်နိုင်တာကတော့...”

“၉၅ရာခိုင်နှုန်း ဟုတ်လား”

လင်းရှန်က ချက်ချင်းဖြတ်မေးလိုက်ပြီး စာပွဲပေါ်ရှိ ယဉ်ကျေးမှုပုံတူပွားစက်လုံးကို ကြည့်ကာ ရှီဝေတုံကို မေးမြန်းလိုက်သည်။

“ဒီယဉ်ကျေးမှုပုံတူပွားကစားပွဲကို ခဗျားတို့ရှေ့မှာတင် စမ်းသပ်ပြီးတဲ့နောက် ကျုပ်လည်း သစ္စာဖောက်သွားမှာကို မစိုးရိမ်ဘူးလား”

ထိုစကား ထွက်လာသည်နှင့် အခန်းတွင်းရှိ လေထုသည် ရုတ်တရက်အေးခဲသွားတော့သည်။

စုန့်ဝေနှင့် အခြားသူများ၏ အမူအရာက အနည်းငယ်ရှုပ်ထွေးသွားပြီး ရှီဝေတုံကမူ ပုခုံးတွန့်ပြကာ လင်းရှန်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။

“တပ်မှူးယဲ့ရဲ့ အမိန့်အရ ငါတို့က ဓားကိုင်ဆောင်သူရဲ့ လှုပ်ရှားမှုနဲ့ ရပ်တည်ချက်မှန်သမျှကို ထောက်ခံပါတယ်”

“တိတိကျကျပြောရရင်တော့...” ရေမွန်က စီးကရက်ပြာကို ခါထုတ်လိုက်ရင်း လင်းရှန်ကို ကြည့်လိုက်သည်၊၊

“မင်းက ဒီကင်းစခန်း ၃၇၄ ရဲ့ တာဝန်ခံပဲ”

ယဲ့လန်နှင့် ဖီးနစ်၏ ကြီးမားလှသော ယုံကြည်မှုကို ကြားလိုက်ရသဖြင့် လင်းရှန် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးမှ မျက်ခုံးများပြေလျော့သွားကာ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး အရင်က သူမြင်တွေ့ခဲ့ရသည့် အခြေအနေများကို ပြန်လည်ပြောပြလိုက်သည်။

အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှု အမှတ် ၃၉၀၈၁ ရဲ့ အသေးစိတ်အချက်အလက်တွေက တကယ်တော့ ဖီးနစ်အတွင်းနဲ့ အသက်ရှင်ကျန်ရစ်သူအများအပြားကြားမှာ ပျံ့နှံ့နေခဲ့ပြီးသားဖြစ်သည်။ သို့သော် ရှီဝေတုံတို့ မသိတာတစ်ခုကတော့ လင်းရှန်သည် ချူယန်နဲ့ ဆုံတွေ့ခဲ့ရခြင်းပင်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမက ဘာလို့ အဲဒီမှာ ရှိနေရတာလဲ” ကီကီက မျက်မှောင်ကို တင်းကျပ်စွာကြုတ်လိုက်ပြီး ခဏမျှနားမလည်နိုင်ဖြစ်သွားသည်။

လင်းရှန်လည်း ခေါင်းခါပြကာ တိတ်ဆိတ်နေပြီးမှ စကားပြောလိုက်သည်။

“ဖြစ်နိုင်တာက သူမရဲ့ စိတ်ဝိညာဉ်စွမ်းရည်နဲ့ ပတ်သက်နေလိမ့်မယ်။ ငါက အရင်ကတည်းက သူမရဲ့ အသိစိတ်နဲ့ ဆက်သွယ်မှုတည်ဆောက်နိုင်ခဲ့တယ်လေ...”

“ဒါပေမဲ့...” ရုတ်တရက် သူက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။

“ဒီယဉ်ကျေးမှုပုံတူပွားကစားပွဲမှာ သေချာပေါက်ထူးခြားတာတစ်ခုရှိနေတယ်။ ချူယန်ရဲ့ စကားအရ သူမရဲ့ အသိစိတ်တစ်စိတ်တစ်ပိုင်းက ဝါးမျိုခံလိုက်ရတယ်တဲ့။ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုရဲ့ အိန်ဂျယ်တွေ ဝါးမျိုပေါင်းစပ်တဲ့ ပုံစံမျိုးပေါ့။ ဒါကြောင့် ငါ စဉ်းစားမိတာက ဒီကစားပွဲကို ကစားခဲ့တဲ့သူတွေအားလုံးဟာ ဒီလိုအခြေအနေမျိုးကိုပဲ ကြုံတွေ့ခဲ့ရပြီး စရိုက်လက္ခဏာတွေ ပြောင်းလဲကုန်ကြတာထင်တယ်”

ထိုစကားကို ကြားသောအခါ စုန့်ဝေ၏ မျက်လုံးများပြူးကျယ်သွားပြီး ရေရွတ်မိသည်။

“နင်ပြောချင်တာက သူတို့အားလုံး အတင်းအကျပ်ဦးနှောက်ဆေးခံလိုက်ရတာပေါ့ ဟုတ်လား”

All Chapters