အနန္တရထား (၁)
Vol. 71 Ch. 1132
လင်းရှန်က ပိုပြီး သင့်တော်မည့် စကားလုံးကို ရှာဖွေရင်း ပြောသည်။
“အကြမ်းဖျင်းအားဖြင့်တော့ အဲလိုပုံစံမျိုးပဲ၊၊ ဒါပေမဲ့ ဒီလောက်ကြီးတော့ တိုက်ရိုက်မကျဘူး”
“သေစမ်း... ဒီအရာက စိတ်ထိန်းချုပ်စနစ်ပဲကိုး”
ရေမွန်က စာပွဲပေါ်က ယဉ်ကျေးမှုပုံတူပွားစက်လုံးကို ကြည့်ပြီး အံ့သြတသစွာ နှာခေါင်းရှုံ့လိုက်သည်။
“ဂြိုဟ်သားတွေရဲ့ နည်းလမ်းတွေက တကယ့်ကို စုံလင်တာပဲ။ ငါက ဒီလိုအရာမျိုးတွေ gameထဲမှာပဲရှိတယ် ထင်နေတာ”
ကီကီက ဤနေရာတွင် သဘောပေါက်သွားလေသည်။
“ဒါဆို ချူယန်ရဲ့ အသိစိတ်က ဝါးမျိုခံခဲ့ရပေမဲ့ သူမရဲ့ စိတ်ဝိညာဉ်စွမ်းရည်ကြောင့် အဲဒီအစိတ်အပိုင်းကို အသုံးချပြီး ရှင်ဝါးမျိုမခံရအောင် ကာကွယ်ပေးခဲ့တာပေါ့။ တစ်ချိန်တည်းမှာပဲ ရှင့်ကို အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုရဲ့ သမိုင်းတစ်ခုလုံးကို နားလည်အောင် ကူညီပေးခဲ့တာလား”
ရှီဝေတုံက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြကာ လက်ညှိုးထိုးလျက် ပြောသည်။
“အများကြီးကျိုးကြောင်းဆီလျော်တဲ့ ကောက်ချက်ပဲ။ ချူယန်က မြောက်အမေရိကပေါင်းစည်းတပ်ဦးရဲ့ ထိပ်တန်းစစ်သည်ဖြစ်သလို တပ်မှူးယဲ့ကလည်း သူမကို ယုံကြည်တယ်။ ဒါက ချူယန် သစ္စာမဖောက်သေးဘူးဆိုတာကို ပြနေတာပဲ...”
လင်းရှန် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
“ခေါင်းဆောင်ရှီ… အချိန်က သိပ်မရှိတော့ဘူး။ ကျုပ် အခုချက်ချင်း ထွက်ခွာရမယ်”
“ယူရှူးယာကိုလား”
“မဟုတ်ဘူး” လင်းရှန်၏ မျက်လုံးများက တောက်ပစွာ လင်းလက်နေသည်။
“မြောက်ဘက်ကို ဦးတည်ပြီး ကော်လိုရာဒိုချောက်ကမ်းပါးကြီးဆီသွားမယ်။ ကျုပ်ယာဉ်တန်းကို ပြန်ခေါ်ထုတ်နိုင်မယ့် နည်းလမ်းကို ရှာရမယ်”
“ဘာ” စုန့်ဝေ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
“ကပ္ပတိန်လင်း... တောင်မြောကအရထားလမ်းက ပြတ်တောက်သွားပြီလေ။ အရင်က အာရုဏ်ဦးဗဟိုစင်တာက ဖီးနစ်မြို့တော်နဲ့ နောဧ၏ တိုက်ကြီးချိတ်ဆက်အဖွဲ့ (၃) နဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေးအတွက် အကြီးစားလေကြောင်းတပ်ဖွဲ့ကို စေလွှတ်ခဲ့တာတောင် အားလုံးရှုံးနိမ့်ခဲ့တယ်...”
“ညလမ်းလျှောက်သူဘက်မှာလည်း ပထမတပ်ခွဲနဲ့ တတိယတပ်ခွဲက အဖွဲ့ဝင်ဘယ်လောက်တောင် ဆုံးရှုံးသွားခဲ့ပြီလဲ မသိရဘူး” ရေမွန်ကလည်း ဝင်ပြောသည်။
“သွေးနီရောင်မြူတွေက အမှောင်ထုနဲ့ မတူဘူး။ အန္တရာယ်ရှိတဲ့ အတိုင်းအတာကို လုံးဝခန့်မှန်းလို့မရဘူး”
ရှီဝေတုံက ဆက်ပြောသည်။
“ဟုတ်တယ် မင်းရဲ့ စိတ်ခံစားချက်ကို ငါနားလည်ပါတယ်။ မင်းရဲ့ အဖွဲ့ဝင်တွေ အဲဒီမှာအန္တရာယ်ကြုံနေရတာကို သိနေတာကိုး။ ဒါပေမဲ့ မြောက်အမေရိကတိုက်တစ်ခုလုံးက သွေးနီရောင်မြူတွေရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရပြီ။ ကော်လိုရာဒိုချောက်ကမ်းပါးရဲ့ မြေပြင်အနေအထားကလည်း အဲဒီကမ္ဘာ့အဆင့်ကပ်ဘေးကြီးကြောင့် ပုံစံပြောင်းလဲသွားခဲ့ပြီ။ အဲဒီက လူတွေကို ကယ်တင်ဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်တော့ဘူး”
လင်းရှန်က ခေါင်းခါပြကာ ရေမွန်နှင့် အခြားသူများကို လေးနက်စွာ အကဲခတ်ရင်းပြောလိုက်သည်။
“အန္တရာယ်တွေကို ကျုပ် ကောင်းကောင်းသိပါတယ်။ ကမ္ဘာပျက်ကပ်နေ့ကစပြီး ကျုပ်က အခုလိုမျိုး မိုက်မဲပြီး စိတ်လိုက်မာန်ပါမဖြစ်ခဲ့ဖူးဘူး။ ဒါပေမဲ့ ကျုပ်သွားရမယ်။ ပထမအချက်အနေနဲ့ ဂြိုဟ်ပတ်ရထားလမ်းအဖွဲ့မှာ အရင်းအမြစ်အများအပြားရှိနေတယ်။ ဒါတွေမရှိရင် ဝင်ရိုးစွန်းဒေသ ခွန်းလွန်မြို့ဟာ ကောင်းကင်အကာကွယ်ကနေ မလွတ်မြောက်ခင်အထိ ကြံ့ကြံ့ခံနိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် အစွမ်းထက်တဲ့ ယန္တရားတပ်ဖွဲ့အချို့လည်း အထဲမှာပိတ်မိနေတယ်”
“ဒုတိယအချက်ကတော့... သူတို့က ကျုပ်လူတွေပဲ။ အခြားအကြောင်းပြချက်မလိုဘူး”
“ဒါပေမဲ့...”
“ဒါ့အပြင်”
လင်းရှန်က ရှီဝေတုံ၏ စကားကို ဖြတ်ပြောလိုက်ကာ တည်ငြိမ်သောအကြည့်ဖြင့် စကားဆိုသည်။
“ခဗျား အခုတင်ပဲ ပြောခဲ့တယ် မဟုတ်ဘူးလား။ ကျုပ်က အသက်ရှင်ကျန်ရစ်သူတွေကြားထဲက ဆန္ဒနဲ့ စံနမူနာတစ်ခုပဲဆိုတာ။ ရထားအုပ်စုရဲ့ ကပ္ပတိန်တစ်ယောက်အနေနဲ့ ကျုပ်ကသာ အဖွဲ့ဝင်အားလုံးကို စွန့်ပစ်ပြီး ခွန်းလွန်ကို တစ်ယောက်တည်းသွားမယ်ဆိုရင် ကျုပ်က ဘာကိုကိုယ်စားပြုမှာလဲ။ ဘယ်လိုစံနမူနာမျိုးကို ပြသရာရောက်မှာလဲ”
ရှီဝေတုံ ခဏမျှဆွံ့အသွားပြီး တိတ်ဆိတ်သွားတော့သည်။
“ကောင်းလိုက်တဲ့ စကား။ ကျွန်မ သိနေသားပဲ.. ဒါကြောင့် အဆင်သင့်ပြင်ထားပြီးပြီ”
ကီကီက တောက်ပစွာ ပြုံးလိုက်ပြီး လင်းရှန်ကို ကြည့်ကာ မတ်တတ်ရပ်လိုက်သည်။
“အတူသွားကြမယ်”
“ငါ မင်းနဲ့အတူလိုက်ပါဖို့ လှုပ်ရှားမှုအဖွဲ့အားလုံးကို စေလွှတ်ပေးမယ်”
ရှီဝေတုံက လင်းရှန်ကို လေးနက်စွာ ကြည့်သည်။
“မင်းက ဒီစခန်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ကွပ်ကဲနိုင်ပါတယ်”
“မလိုပါဘူး… ခဗျားတို့ အမြန်ဆုံးဆုတ်ခွာဖို့ပဲ လိုတယ်။ ပြီးတော့ ယဉ်ကျေးမှုပုံတူပွားစက်လုံးအကြောင်းနဲ့ ချူယန်ရဲ့ သတင်းကို ဌာနချုပ်ဆီ ချက်ချင်းပြန်ပို့ပေးပါ။ ဒါမှ နောက်ထပ်အလှည့်အပြောင်းတွေ မဖြစ်မှာ”
လင်းရှန်က ပြန်ဖြေသည်။
ရှီဝေတုံ တုံ့ဆိုင်းစွာ မေးလိုက်သည်၊၊
“ဒါဆို မင်းက ဘယ်လိုသွားဖို့ စိတ်ကူးထားလဲ”
လင်းရှန်၏ အကြည့်က ကီကီ၏ မျက်နှာထံဖြတ်သွားပြီးနောက် ရှီဝေတုံနှင့် အခြားသူများထံ ကျရောက်သွားသည်။
“ကျုပ်မှာ ရထားတစ်စင်းရှိတယ်ဆိုတာ ခဗျားတို့ကို ပြောဖို့ မေ့သွားလို့”
ရှီဝေတုံ “…”
…
ဘန်း။ ဘန်း။
ပဲရီတာမြို့ရှိ စွန့်ပစ်ထားသော ရထားဘူတာရုံဟောင်းပေါ်တွင် ဖုန်မှုန့်များ ဝေ့ဝဲနေသည်။ စနိုက်ပါသမား လုဇ်သည် ထိုနေရာကို အကာအကွယ်ယူကာ အမြင့်တစ်နေရာတွင် ပုန်းကွယ်လျက် အနီရောင်မြူ၏ အန္တရာယ်ကို ခုခံကာကွယ်ရန် သူ၏ စနိုက်ပါရိုင်ဖယ်ဖြင့် ချိန်ရွယ်ထားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် မူလက ဗလာဖြစ်နေသော သံလမ်းထက်၌ သတ္တုသံကျယ်ကြီးနှင့်အတူ သွေးနီရောင်မြူထဲမှ အနက်နှင့် အနီရောင်စပ်ထားသည့် လေးလံသော သံလမ်းသုံးရထားကြီးတစ်စင်း ခန့်ညားထည်ဝါစွာ ပေါ်ထွက်လာရာ မြင်ကွင်းကြီးများကို မြင်တွေ့ဖူးနေကျဖြစ်သော လုစ်ဇ်ပင် အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
“ဘုရားရေ... အဲဒါ ဘာကြီးလဲ။ သူ ဒါကို ဘယ်ကနေ ဆွဲထုတ်လိုက်တာလဲ”
သူ့ဘေးနားတွင် မှန်ပြောင်းကို ကိုင်ဆောင်ကာ သတိအနေအထားဖြင့် ဆောင့်ကြောင့်ထိုင်နေသော စုန့်ဝေကလည်း ဤမြင်ကွင်းကို ကြည့်ပြီး အသက်ရှူမှားကာ ညည်းတွားလိုက်သည်။
“အခုမှပဲ ဘာလို့ မြင့်မြတ်မြို့တော်က လူတွေ သူ့အလောင်းကိုတောင် ချန်မထားခဲ့ရဲတာလဲဆိုတာ ငါတို့ နားလည်တော့တယ်...”
ဂျစ်… ဂျစ်
ရှီဝေတုံသည် ကာကွယ်ရေးအဖွဲ့ကို ကိုယ်တိုင်ဦးဆောင်လှုပ်ရှားနေသည်။ ယခုအချိန်တွင် သူသည် အဆောက်အအုံတစ်ခုအတွင်း ပုန်းကွယ်နေပြီး သူ၏ စွမ်းအင်ဝတ်စုံရှိ ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ရထားပေါ်ရှိ လင်းရှန်ကို ဆက်သွယ်လိုက်သည်။
“ညလမ်းလျှောက်သူဘက်က သွေးနီရောင်မြူတွေနဲ့ ပတ်သက်ပြီး စုဆောင်းထားတဲ့ အချက်အလက်အားလုံးကို ပို့ပေးလိုက်ပြီ။ ဒါပေမဲ့ မင်းသတိထားရမယ်နော်။ သွေးပဲစေ့တွေက သွေးနီရောင်မြူထဲက သတ္တဝါတွေကို ဆွဲဆောင်နိုင်တယ်ဆိုတာ ငါတို့တွေ့ရှိထားလို့ပဲ။ ဒါကိုစွမ်းအင်စက်ကွင်းနဲ့လည်း ကာကွယ်လို့မရဘူး၊၊ ဒါကြောင့် အထူးသတိထားပါ”
“ကျေးဇူးတင်ပါတယ်”
လင်းရှန်သည် အနန္တရထား၏ နျူကလီးယားစွမ်းအင်သုံး Sky Star 5Cတွဲ၏ သံမဏိထိန်းချုပ်ခန်းအတွင်း ထိုင်နေပြီး ကီကီကမူ လက်ထဲတွင် လက်ပ်တော့တစ်လုံးကို ကိုင်ကာ သူ့ဘေး၌ ထိုင်လျက် မူလရထား၏ ကင်းထောက်စောင့်ကြည့်ရေးစနစ်ကို ပေါင်းစပ်ပြီး အီလက်ထရို-အော့ပတစ် စောင့်ကြည့်ရေးစနစ်နှင့် လေဆာရေဒါစနစ်များကို ပြန်လည်စတင်နေသည်။
သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် နားကြပ်ကို ဖိကာ ရှီဝေတုံကို စကားပြောလိုက်သည်။
“ခဗျားတို ယာဉ်တန်းကို အသုတ်လိုက်ခွဲပြီး ဆုတ်ခွာဖို့ ကျုပ်အကြံပြုချင်တယ်။ မြင့်မြတ်မြို့တော်က လူတွေ ခဗျားတို့ကို စောင့်ကြည့်နေလောက်တယ်။ ခဗျားတို့ တောင်ဘက်ကို ဦးတည်သွားရင် သူတို့က ကျုပ်ကို လိုက်ပါပို့ဆောင်တဲ့ တတာဝန်ယူထားတယ်လို့ ထင်သွားကြလိမ့်မယ်”
“ဒါကိုတော့ မစိုးရိမ်နဲ့”
ရှီဝေတုံက ချက်ချင်းပြန်ဖြေသည်။
“သတ်မှတ်ထားတဲ့ အချိန်အရဆိုရင် ငါတို့ ၃၃ရက်အတွင်း ဆုတ်ခွာရမှာ ဖြစ်ပြီး ယုရှူးယာရဲ့ စတားဖလိ့စစ်တပ်ရောက်လာဖို့ ရက် ၄၀ထက် မပိုဘူး။ အဲဒီအချိန်ကျရင် တောင်အမေရိကတိုက်တစ်ခုလုံးနဲ့ ကမ္ဘာ့သမုဒ္ဒရာကြီးတွေပါ ဝါးမျိုခံရလိမ့်မယ်၊၊ ဝင်ရိုးစွန်းဒေသတွေရဲ့ နေ့တာရှည်တဲ့ ရာသီဥတုကလည်း ညမှောင်လာတော့မှာပဲ။ ဒါကြောင့် မင်း တကယ်ပဲ အောင်မြင်ခဲ့ရင် ဒီဆုတ်ခွာမယ့် အချိန်ထက် မကျော်လွန်စေနဲ့”
“ကောင်းပါပြီ ကျုပ်နားလည်ပြီ”
လင်းရှန် ထိုစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ်ကြုတ်လျက် စိတ်ထဲမှ တွက်ချက်လိုက်သည်။
ထို့နောက် သူ အများကြီးဆက်မပြောတော့ဘဲ ကီကီနှင့် အကြည့်ချင်းဖလှယ်ကာ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ ယန္တရားနှလုံးသားကို ချက်ချင်းအသက်သွင်းလိုက်ရာ အနန္တရထား၏ ရေရှည်ငြိမ်သက်နေသော စွမ်းအင်ဗဟိုချက်က စတင်အသံမြည်လာတော့သည်။ အိုင်းယွန်းတုန်ခါမှုများနှင့်အတူ နဂါးအဆင့် ဆွဲအားခေါင်းတွဲနှင့် ဝေးလ်03E လေးလံသော တာဘိုင်စက်ခေါင်းတွဲတို့၏ အင်ဂျင်များ ရုန်းကြွဟိန်းဟောက်လာပြီး သံလိုက်တွန်းကန်ဘီးများသည် ဟောင်းနွမ်းနေသောသံလမ်းပေါ်တွင် မြဲမြံစွာကပ်လျက် ဖြည်းဖြည်းချင်းလည်ပတ်လာသည်။ တန်ချိန်ထောင်ချီလေးလံသော လက်နက်ဆင်ဆင်ထားသည့် သံမဏိရထားကြီးသည် မြောက်ဘက်ရှိ သွေးနီရောင်မြူထဲသို့ ဦးတည်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
စွန့်ပစ်ထားသော အဆောက်အအုံအတွင်း၌ ရှီဝေတုံသည် သွေးနီရောင်မြူထဲသို့ ရထားကြီးပျောက်ကွယ်သွားသည်ကို ကြည့်နေမိပြီး မကြာမီမှာပင် အချက်ပြစနစ်ပြတ်တောက်သွားသည်။ သူ လေးနက်သောအမူအရာဖြင့် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်မိသည်။
ရေမွန်က လက်နက်ကြီးကို ကိုင်ဆောင်ကာ သူ့နောက်တွင် ရပ်နေပြီး ဤအချိန်တွင် စကားပြောလာသည်။
“ခေါင်းဆောင်ရှီ... ဒါကို တပ်မှူးကို ရှင်းပြဖို့ တော်တော်ခက်လိမ့်မယ် ထင်တယ်...”
ရှီဝေတတုံက အသက်ကို ပြင်းပြင်းရှူကာ သက်ပြင်းချရင်းပြန်ဖြေသည်။
“တပ်မှူးက သူ့ရဲ့ အမိန့်တွေကို လိုက်နာဖို့ပဲ ညွှန်ကြားခဲ့တာလေ၊၊ သူ့ကို ဝင်ရိုးစွန်းဒေသဆီ အတင်းအကျပ်ခေါ်လာဖို့ မပြောခဲ့ဘူး။ ဒါက သူမအနေနဲ့ ဒီလိုအခြေအနေမျိုးဖြစ်လာလိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်းထားလို့ပဲ ဖြစ်မှာပေါ့။ ငါဘာတတ်နိုင်မှာလဲ”
“ဒီကောင်လေးကတော့ သေကြောင်းကြံတဲ့ တာဝန်ကို ဇွတ်သွားတာပဲ” ရေမွန်က ပြောသည်။
“ပြီးခဲ့တဲ့အကြိမ်ကတင် ကံကောင်းလို့ အသက်ဘေးက လွတ်ခဲ့တာကို”
“ငါ မင်းကို တစ်ခုပြောပြမယ်”
ရှီဝေတုံက ရှုပ်ထွေးသောအမူအရာဖြင့် ပြောလိုက်သည်။
“မင်းသာ ငါ့လိုမျိုး အာရုဏ်ဦးမြို့တော်တိုက်ပွဲကို ကြုံတွေ့ခဲ့ဖူးရင် မင်းရဲ့အမြင်က ပြောင်းလဲသွားလိမ့်မယ်။ ဒီကောင်က တကယ်ပဲ ဂြိုဟ်ပတ်လမ်းတပ်ဖွဲ့တွေကို ရှာတွေ့သွားနိုင်တယ်”
ထိုသို့ပြောပြီးနောက် သူ လှည့်လိုက်ပြီး “အားလုံးကို ဘန်ကာထဲအမြန်ဆုံးဆုတ်ခွာဖို့ အကြောင်းကြားလိုက်”
“ဟုတ်ကဲ့”