အနန္တရထား (၂)
Vol. 71 Ch. 1133
လင်းရှန်၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေသည်။ ကင်းစခန်း ၃၄၇ က သူ့ကို သွေးပဲစေ့များအပါအဝင် ရိက္ခာအမြောက်အမြားထောက်ပံ့ပေးခဲ့သဖြင့် ရထားပေါ်ရှိ အသစ်ထုတ်လုပ်ထားသော အမှောင်စွမ်းအင်ကြိမ်နှုန်း တုံးရှီစွမ်းအင်စက်ကွင်းထုတ်လုပ်စက်ကို အသက်သွင်းနိုင်ခဲ့ပြီး အနန္တရထားအတွင်းရှိ အရင်းအမြစ်များ ဆွေးမြည့်ပျက်စီးခြင်းမှ ကာကွယ်နိုင်ခဲ့သလို သူ့ကိုရော ကီကီကိုပါ တိုက်စားတတ်သော သွေးနီရောင်မြူ၏ အန္တရာယ်မှ ကာကွယ်ပေးထားနိုင်သည်။
ထိုသို့ဖြစ်လင့်ကစား သူ မပေါ့ဆရဲပေ။ အဘယ်ကြောင့်ဆိုသော် ထူးဆန်းသောကုဗတုံးသည် အနန္တရထားပေါ်တွင် မရှိတော့သလို သွေးကပ်ဘေးပန်း သို့မဟုတ် ငွေနဂါးဆယ်ဆပန်းကဲ့သို့သော လုံခြုံရေးအစီအမံများလည်းမရှိတော့သောကြောင့် ဖြစ်သည်။ သူနှင့် ကီကီ နှစ်ယောက်တည်းသာရှိပြီး ဟိန်းဟောက်မောင်းနှင်နေသော ရထားကြီးက သွေးနီရောင်မြူထဲက ထူးဆန်းသောသတ္တဝါတွေကို အချိန်မရွေးဆွဲဆောင်နိုင်ပေသည်။
ထိန်းချုပ်ခန်းအတွင်း လင်းရှန်သည် ရေသန့်ဘူးကို မော့ကာ ရေတစ်ဝက်ကျော်မျှ သောက်ချလိုက်သည်။ သန့်စင်ထားသော ရေထဲတွင် ပိုးသတ်ဆေးနံ့နှင့် ကန့်နံ့များ ပြင်းထန်စွာပါဝင်နေသဖြင့် ရှူလိုက်မိသည်နှင့် ခေါင်းပင် မူးနောက်သွားစေသည်။
ရှေ့ဘက်လမ်းကြောင်းကို စောင့်ကြည့်နေစဉ် သူ့စိတ်ထဲတွင် ယခင်က မြင်တွေ့ခဲ့ရသည့် ကြယ်နက်ပန်းပဲဖိုနှင့် ယဉ်ကျေးမှုပုံတူပွားစက်လုံးထဲမှ မြင်ကွင်းများ ပြည့်နှက်နေမိသည်။
သူ ဘာကြောင့် ဂြိုဟ်ကြီးရဲ့ ဦးခေါင်းခွံကို မြင်ခဲ့ရတာလဲဆိုတာကို သူ နားမလည်နိုင်ဖြစ်နေသည်။
ဒါက သလင်းကျောက်ဆင့်ကဲပြောင်းလဲခြင်းနဲ့ ဘယ်လိုပတ်သက်နေတာလဲ။
“ရှင် ဘာတွေတွေးနေတာလဲ”
လင်းရှန်၏ ရှုပ်ထွေးနေသောအမူအရာကို မြင်သောအခါ ကီကီလည်း မမေးဘဲမနေနိုင် ဖစ်သွားသည်။
“ငါ စဉ်းစားနေတာ... ငါတို့သာ အဲဒီတုန်းက သလင်းကျောက်ဆင့်ကဲပြောင်းလဲခြင်းကို မလုပ်ခဲ့ရင်...”
ကီကီက ခပ်ဖွဖွရယ်ကာ ပြောသည်။
“ဟာသပဲ… ရှင်က သလင်းကျောက်ဆင့်ကဲပြောင်းလဲခြင်းကို မလုပ်ခဲ့ရင်လည်း သွေးနီရောင်ကပ်ဘေးက ပေါက်ကွဲလာမှာပဲ မဟုတ်ဘူးလား။ အာရုဏ်ဦးဗဟိုစင်တာက တိုက်ခိုက်ခံရမှာပဲ မဟုတ်ဘူးလား။ ဒါမှမဟုတ် ကျွန်မတို့က နဂါးတောင် ၁၊ ငွေကြယ်နဲ့ အနန္တရထားပေါ်က ကျွန်တို့ရဲ့ ရဲဘော်ရဲဘက်တွေဖြစ်တဲ့ လျန်လေး၊ လီယီ၊ လူအိုကြီးမို၊ ရှောင်ပိုင်၊ လော့လော့၊ ရှောင်မင်၊ အစ်ကိုရှီ၊ ကျန်းရှုဝေတို့ကို သွားမကယ်ဘဲ နေမှာမလို့လား။ ဒီလောက် လူအများကြီးကို ရှင်က တကယ်ပဲပစ်ထားခဲ့နိုင်မှာမလို့လား”
လင်းရှန် တိတ်ဆိတ်သွားသည်။ ကီကီက ရှေ့ကို စိုက်ကြည့်ကာ ဒေါသတကြီးဆက်ပြောသည်။
“အဲဒီအမှောင်ဂိုဏ်းက ခွေးသူတောင်းစားတွေကိုပဲ အပြစ်တင်ရမယ်။ လူအများကြီးကို သူတို့ ဒုက္ခပေးခဲ့တာလေ”
လင်းရှန် ထိုစကားကို ကြားသောအခါ လေးနက်စွာ ပြန်ပြောသည်။
“ကြည့်ရတာ ဖီးနစ်ရဲ့ အရင်က သံသယက မှန်နိုင်တယ်ထင်တယ်”
“ဘာလဲ”
လင်းရှန်က ပြောသည်။
“အမှောင်ထု... မဟုတ်ဘူး အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက လူသားတွေကို တကယ်ပဲ နားမလည်တာလေ။ ဒါကြောင့်မို့လို့ ဖောင်ဒေးရှင်းလို အဖွဲ့အစည်းတွေကို လူသားတွေရဲ့ အထဲမှာ သတင်းပေးအဖြစ် အသုံးချခဲ့တာပေါ့။ ဒါပေမဲ့ ဇီဝဗေဒဆိုင်ရာ စမ်းသပ်မှုတွေပဲဖြစ်ဖြစ်၊ ထိရောက်တဲ့ ထောက်လှမ်းရေးသတင်းတွေပဲဖြစ်ဖြစ် ကောက်ချက်တစ်ခုကတော့... အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက လူသားတွေကို အနိုင်ယူနိုင်မယ်လို့ ရာနှုန်းပြည့်ယုံကြည်ချက်မရှိတာပဲ”
ကီကီက သဘောတူစွာ ခေါင်းညိတ်သည်။
“ပြီးတော့ အခြားအကြောင်းရင်းတစ်ခုရှိသေးတယ်၊၊ သူတို့က အတော်လေးအားနည်းနေတာပဲ”
“ဒါပေမဲ့လည်း မသေမျိုးတွေ တိုက်ခိုက်ကြတဲ့အခါ သာမန်လူတွေပဲ ဒုက္ခရောက်ရတာပဲ။ အခုဆိုရင် တွင်းနက်၊ သွေးနီရောင်မြူတွေနဲ့ ကမ္ဘာ့အဆင့်ကပ်ဘေးတွေက လူသားတွေ လုံးဝမကျော်လွှားနိုင်တဲ့ စိန်ခေါ်မှုတွေဖြစ်နေပြီ။ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုဆိုတာ ငါတို့ရဲ့ ကမ္ဘာဂြိုဟ်ကို အသုံးချပြီး ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ ပျက်စီးလုနီးပါးယဉ်ကျေးမှုတစ်ခုဆိုတာသိနေရင်တောင် ငါတို့ ဘာတတ်နိုင်ဦးမှာလဲ...”
လင်းရှန် မျက်လုံးမှိတ်ကာ သက်ပြင်းချလိုက်မိသည်၊၊ ထွက်ပြေးသွားကြတဲ့သူတွေက ဒါကို အစောကြီးကတည်းက သဘောပေါက်ထားကြတာကိုး…
ထို့နောက် သူ့မျက်လုံးများက တောက်ပလာကာ မေးလိုက်သည်။
“သလင်းကျောက်ဆင့်ကဲပြောင်းလဲတုန်းက ငါဘာမြင်ခဲ့လဲ မင်းသိလား”
ကီကီက သူ့ကို လှည့်ကြည့်လိုက်ပြီး လင်းရှန်သည် ရထားအပြင်ဘက်က အခြေအနေကို ဒရုန်းဖြင့် ဂရုတစိုက်စောင့်ကြည့်ရင်း သူ သတိမေ့မြောနေစဉ်မြင်တွေ့ခဲ့ရသည့် စိတ်အာရုံများကို ကီကီကို အသေးစိတ်ပြန်လည်ပြောပြလိုက်သည်။
ကီကီက သေချာနားထောင်နေပြီး သူမ၏ နုနယ်သော မျက်ခုံးများက အတွေးနက်ရင်း တွန့်ချိုးသွားခဲ့သည်။
“ဂြိုဟ်တွေကို ဝါးမျိုတဲ့ ဘီလူးကြီးက အလင်းတန်းတစ်ခုကြောင့် ပျက်စီးသွားတာဟုတ်လား။ ဒါက အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အဆင့်မြင့်ယဉ်ကျေးမှုရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတဲ့ ယူနီအာဂါရဲ့ အခြေအနေနဲ့ မတူဘူးလား”
“ငါလည်း အဲဒါကို စဉ်းစားမိတယ်”
လင်းရှန်က မျက်မှောင်ကုတ်လျက် စဉ်းစားခန်းဖွင့်သည်။ “ဒါပေမဲ့ အဲဒီအလင်းတန်းထဲမှာ ဘာလို့ သတ္တုအန်စာတုံးရှိနေရတာလဲ”
သူက သူ၏ ခန့်မှန်းချက်ကို ထုတ်ပြောလိုက်သည်။ “အဆင့်မြင့်မျှော်စင်ယဥ်ကျေးမှုကို ဖျက်ဆီးခဲ့တာက ပိုမြင့်မားတဲ့ဒိုင်မေးရှင်းက လူသားတွေ ဖြစ်နေနိုင်မလား”
ကီကီ ထိုစကားကို ကြားသောအခါ မျက်လုံးများတောက်ပသွားသည်။
“ရှင့် အတွေးက အတော်ခရီးရောက်တာပဲ၊၊ အဲဒါ တကယ်ဖြစ်နိုင်ခြေရှိတယ်”
“ဒါပေမဲ့ ဆင်ခြင်တုံတရားအရတော့ မကိုက်ညီဘူး...” လင်းရှန် သက်ပြင်းချသည်။
“ပိုမြင့်မားတဲ့ဒိုင်မေးရှင်းက လူသားတွေမှာ အဲဒီလိုစွမ်းအားမျိုးရှိနေရင် ကမ္ဘာဂြိုဟ်ပေါ်မှာ ကပ်ပါးကောင်လုပ်နေတဲ့ မျှော်စင်လူသားတွေကို ဘာလို့ တိုက်ရိုက်မချေမှုန်းရတာလဲ။ ဒါ့အပြင် မျှော်စင်လူသားတွေက ပိုမြင့်မားတဲ့ဒိုင်မေးရှင်းလူသားတွေရဲ့ ချေမှုန်းခြင်းကိုခံရပြီးမှ ကမ္ဘာမြေပေါ်က လူသားယဉ်ကျေးမှုကို ခိုလှုံရာနေရာအဖြစ် လာရွေးချယ်တယ်ဆိုတာက ရူးနှမ်းရာမကျဘူးလား”
“ဒါက သူတို့ကိုယ်တိုင် လူလုံးမပြချင်ဘဲ… ရှင့်ကိုပဲ ဒီပြဿနာကို ဖြေရှင်းဖို့ လမ်းညွှန်ပေးနေတာကို ပြနေတာမဟုတ်ဘူးလား”
ကီကီက ထိုးဖောက်တွေးကာ ခန့်မှန်းလိုက်သည်။
“ရှင့်မှာ မျှော်စင်လူသားတွေကို တကယ်ခြိမ်းခြောက်နိုင်တဲ့ ယန္တရားစွမ်းအားရှိနေလို့ပဲ သူတို့က ရှင့်ကို ပစ်မှတ်ထားနေကြတာပဲ။ ဟွာရှောင်လင်းက ရှင့်ကို လာရှာတာလည်း ဒါကြောင့်ပဲမဟုတ်ဘူးလား”
“မင်းပြောပုံအရဆိုရင် သူတို့အတွက် ငါ့ကို တိုက်ရိုက်သတ်ပစ်လိုက်တာက အကောင်းဆုံးဖြစ်မနေဘူးလား”
လင်းရှန်က ပြန်ချေပလိုက်သည်။
“အဲလိုလည်း မဟုတ်နိုင်ဘူး”
ကီကီက နောက်ပြောင်ပြောလိုက်သည်။
“စကားပုံရှိတယ်လေ... စစ်ပွဲဖြစ်ရင် သံတမန်ကို မသတ်ရဘူးတဲ့။ ဖြစ်နိုင်တာက ရှင့်ကို သတ်လိုက်ရင် အဲဒီအဆင့်မြင့်ယဉ်ကျေးမှုကို စိတ်ဆိုးအောင်လုပ်မိမှာ စိုးရိမ်လို့ ရှင့်ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံနေတာဖြစ်မယ်”
လင်းရှန် “...”
လင်းရှန် ပါးစပ်ပိတ်သွားသည်ကို မြင်သောအခါ ကီကီက ထူးဆန်းသောအမူယာဖြင့် ရယ်မောလိုက်သည်။
“ကောင်းပြီ... အခုတော့ ကျွန်မတို့ အနန္တရထားပေါ်ပြန်ရောက်နေပြီ၊၊ ရှေ့ကို တဟုန်ထိုးချီတတ်ပြီး ဘီလူးသရဲသဘက်မိစ္ဆာမှန်သမျှကို ရှင်းလင်းကြတာပေါ့”
သူမက စိတ်လှုပ်ရှားစွာ ပြောပြီးနောက် လင်းရှန်ဘက် လှည့်လာသည်။
“အော်... ဒါနဲ့ မေ့တော့မလို့။ ရှင် အခုတင်ပဲ ပြောခဲ့တယ် မဟုတ်လား၊၊ အဲဒီသတ္တုအန်စာတုံးက မျက်နှာပြင် ၆ခုလုံးက လည်ပတ်နေတယ်ဆိုတာလေ”
“တစ်ခုခုတွေးမိလို့လား” လင်းရှန်က မေးလိုက်သည်။
ကီကီက ပုခုံးတွန့်ပြသည်။
“၆ နဲ့ ၄ ဆိုတော့ အချိန်လည်း မဟုတ်ဘူး၊၊ ကိုဩဒိနိတ်လည်းမဟုတ်ဘူး၊၊ အချိန်ရေတွက်မှုလည်း မဟုတ်ဘူး။ ဒါဆို ဘာဖြစ်နိုင်မလဲ... ၆+၄ က ၁၀ မလို့လား။ ၁၀... ၁ နဲ့ ၀ ပေါ့။ ဟေး... ဘိုင်နရီစနစ်ကလည်း ၁ နဲ့ ၀ ပဲလေ။ မော့စ်ကုဒ်နဲ့လည်း စမ်းကြည့်လို့ရနိုင်တာပဲ၊၊ စမ်းကြည့်ချင်လား”
လင်းရှန် သူမ၏ အတွေးကြောင့် အံ့အားသင့်သွားသည်။
“အဲဒါ တကယ်ပဲ အလုပ်ဖြစ်ပါ့မလား”
ကီကီက ရယ်ကာ ရှေ့က သွေးနီရောင်ကို စိုက်ကြည့်လိုက်ပြီး သူမ မျက်လုံးထဲတွင် ထက်မြက်သောအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ်... တစ်ခါတလေကျရင် ထိုင်ပြီး ခန့်မှန်းနေတာထက် လက်တွေ့လှုပ်ရှားလိုက်တာက အဖြေကို ပိုမြန်မြန်ရှာတွေ့နိုင်တာပဲ...”
“မဟုတ်ဘူးလား”
….
ဂျုံး ဂျုံး ဂျက် ဂျက်၊၊
သွေးနီရောင်ကောင်းကင်ယံအောက်တွင် အနန္တရထား၏ သံမဏိဘီးများသည် တောင်မြောက်ရထားသံလမ်းအတိုင်း စည်းချက်ညီညီမြည်ဟီးလျက် ခရီးနှင်နေသည်။ ရထားဘီးများ၏ တုန်ခါသံကို လင်းရှန် မကြားရသည်မှာ မည်မျှကြာသွားပြီလဲဟူသည်ကို သူ ကောင်းကောင်းမမှတ်မိတော့ပေ။ အန္တရာယ်ကို သတိကြီးစွာ စောင့်ကြည့်နေရင်းနှင့်ပင် သူ၏ စိတ်ထဲ၌ ထူးဆန်းသောလွမ်းဆွတ်မှုတစ်ခုကို ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်သည် စက်ခေါင်းတွဲ၏ ကျဉ်းမြောင်းသော စင်္ကြံလမ်းကို ဖြတ်သန်းပြီး နောက်ဘက်ရှိ ရထားတွဲများဆီသို့ ကျရောက်သွားသည်။ သူ မှတ်မိပါသေးသည်... ကျိအန်းမြို့မှ စတင်ထွက်ခွာလာစဉ်တုန်းကလည်း ရထားကြီးမှာ ယခုကဲ့သို့ပင် ဗလာဖြစ်နေခဲ့ပြီး လူသုံးယောက်သာပါရှိခဲ့သည်။
ယခုမူ ဆရာချန်မရှိတော့ဘဲ လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ဤသံမဏိရထားကြီးပေါ်တွင် သူနှင့် ကီကီ နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
ဝူး...
လင်းရှန် အတွေးလွန်နေစဉ်မှာပင် ရှေ့ဘက်ရှိ သွေးရောင်မြူထုက ရုတ်တရက် လိမ်တွန့်သွားပြီး သွေးနီရောင်သတ္တဝါအနည်းငယ်က အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ ထိုမိစ္ဆာကောင်များ၏ ပုံသဏ္ဌာန်ကို သူ သေချာပင် မမြင်ရသေးမီ အနန္တရထားခေါင်းပိုင်းရှိ ရေဒါစနစ်က ၎င်းတို့ကို ဖမ်းမိပြီးသားဖြစ်သည်။ အနီးကပ်ကာကွယ်ရေးစနစ်၏ ပလာစမာအလင်းတန်းဖွဲ့စည်းပုံက တိတ်တဆိတ်အသက်ဝင်လာပြီး အလွန်မြင့်မားသော အပူချိန်ရှိသည့် ရောင်ခြည်များကို ရှေ့သို့ ပစ်ခတ်လိုက်ရာ ပြေးဝင်လာသော အနီရောင်သတ္တဝါများသည် လေထဲ၌ပင် ချက်ချင်းအပိုင်းပိုင်းအစစဖြစ်သွားတော့သည်။