← Chapters

ကျပန်းပစ်ခတ်ခြင်း (၁)

Vol. 71 Ch. 1134

ကျပန်းပစ်ခတ်ခြင်း (၁)

Vol. 71 Ch. 1134

လင်းရှန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ စွမ်းအားဝတ်စုံမျက်နှာပြင်ပေါ်ရှိ အမှတ်အသားအခြေအနေကို စစ်ဆေးလိုက်သည်။ သူသည် ယမန်နေ့က တွေ့ခဲ့ရသည့် ကြိုတင်သတိပေးချက်မရှိဘဲ ပေါ်လာတတ်သော တွင်းနက်မျက်နှာနှင့် သတ္တဝါများကို ပို၍ စိုးရိမ်နေခြင်းဖြစ်သည်။ အမှောင်အမှတ်အသားတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိသည်ကို မြင်ရသဖြင့် လင်းရှန်သည် ရထား၏အရှိန်ကို ပို၍ မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

ရထားအပြင်ဘက်တွင် ပျံသန်းရေးဒရုန်းရာပေါင်းများစွာက ဂြိုဟ်တုများကဲ့သို့ ပျံဝဲနေပြီး အနန္တရထားကို ဗဟိုပြု၍ ကောင်းကင်မှ မြေပြင်အထိ ထူထပ်သော အကာအကွယ်ကွန်ရက်တစ်ခုကို ဖွဲ့စည်းထားသည်။ ရေဒါကွန်ရက်သည် အလွန်တိကျသဖြင့် ခြင်တစ်ကောင် ချဉ်းကပ်လာလျှင်ပင် ချက်ချင်းပစ်မှတ်ချိန်ပြီးသားဖြစ်လိမ့်မည်။ ဤအရာများ ရှိနေသဖြင့် လင်းရှန်အနေဖြင့် အန္တရာယ်ကို အကဲဖြတ်ရန် မျက်စိအမြင်တစ်ခုတည်းအပေါ် အားကိုးနေစရာမလိုတော့ပေ။ သံလမ်းတွင် ပြဿနာတစ်ခုခုရှိလာပါကလည်း ကီကီက လျင်မြန်စွာ တုံ့ပြန်နိုင်မည် ဖြစ်သည်။

“ဘာဖြစ်လို့လဲ”

ရထားတွဲ အမှတ် ၂ အတွင်းရှိ သတင်းအချက်အလက်ဗဟိုစင်တာ၏ သူမနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားနေရာသို့ ကီကီ ပြန်ရောက်နေသည်။ သူမသည် လက်တစ်ဖက်၏ စိတ်စွမ်းအားဖြင့် လျင်မြန်စွာ လည်ပတ်နေသော သတ္တုအန်စာတုံးကို ထိန်းချုပ်နေပြီး အခြားလက်တစ်ဖက်ကမူ ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ တတောက်တောက်ရိုက်လျက် ရရှိလာသော ကိန်းဂဏန်းများကို မှတ်တမ်းတင်နေသည်။

“သန္ဓေပြောင်းဖုတ်ကောင် နည်းနည်းပါပဲ၊၊ ဘာမှမဖြစ်ဘူး” လင်းရှန်က ပြန်ဖြေလိုက်သည်။

ကီကီက သူမ၏ အလုပ်ကို ဆက်လုပ်ရင်း တည်ငြိမ်စွာ ပြောသည်။

“မထင်မှတ်ထားတာမျိုးမရှိရင်တော့ ကျွန်မတို့ သွေးနီရောင်မြူလှိုင်းတွေကို သွားပြီး မဆွသင့်ဘူး။ ဒါကြောင့် အဆင့်မြင့်သတ္တဝါတွေ၊ အမဲလိုက်သတ္တဝါတွေနဲ့ သံလမ်းရဲ့ အခြေအနေကိုပဲ ပိုပြီးစိတ်ပူရမယ်”

ထိန်းချုပ်ခန်းအတွင်းမှနေ၍ ရှေ့ဘက်ရှိ ကျဲပါးသော သွေးနီရောင်မြူကို ကြည့်ရင်း လင်းရှန်က မေးလိုက်သည်။

“မင်းပြောတဲ့ အမဲလိုက်သတ္တဝါဆိုတာ မျက်နှာမှာ တွင်းနက်ကြီးပါပြီး ချက်ချင်းတည်နေရာရွှေ့ပြောင်းနိုင်တဲ့ မွန်းစတားကောင်မျိုးကို ပြောတာလား”

“ဟုတ်တယ်… ဒါပေမဲ့ အဲဒါကို ချက်ချင်းနေရာရွှေ့ပြောင်းခြင်းလို့ မခေါ်ဘူး။ ကျွန်မတို့ ဟာဝိုင်အီကနေ ထွက်ခွာလာတုန်းက သွေးနီရောင်မြူထဲကနေ မွန်းစတားတွေ ထွက်လာတာ ရှင်မှတ်မိလား။ အဲဒီမွန်းစတားတွေရဲ့ အမြင်မှာတော့ ဒီသွေးနီရောင်နယ်ပယ်ဟာ ကျွန်မတို့မြင်ရတဲ့ သုံးဖက်မြင်ဒိုင်မေးရှင်းနဲ့ မတူဘဲ အခြားဒိုင်မေးရှင်းတစ်ခုပဲ”

“ဘာလို့ အမဲလိုက်သတ္တဝါလို့ ခေါ်တာလဲ” လင်းရှန်က မေးသည်။

“ထူးဆန်းတဲ့သတ္တဝါတွေနဲ့ ဘာကွာလို့လဲ”

“ဘာလို့လဲဆိုတော့ ဒီအရာက ဉာဏ်ရည်ရှိလို့ပဲ”

ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ကီကီ၏ အသံကထွက်ပေါ်လာသည်။ ထိုစကားကို ကြားသောအခါ လင်းရှန် မျက်မှောင်အနည်းငယ်ကြုတ်သွားသည်၊၊

“ဘာကိုဆိုလိုတာလဲ”

“အခြားထူးဆန်းတဲ့သတ္တဝါတွေက ယေဘုယျအားဖြင့် နှောင့်ယှက်ခံရတဲ့အခါ ဒါမှမဟုတ် အမှောင်အမှတ်အသားရှိတဲ့နေရာကိုပဲ ဦးတည်ပြီး တိုက်ခိုက်ကြတယ်။ ဒါပေမဲ့ ဒီအမဲလိုက်သတ္တဝါတွေကတော့ လှည့်လည်သွားလာနေတဲ့ လုပ်ကြံသတ်ဖြတ်သူတွေလိုပဲ။ စိတ်ဝိညာဉ်တုန်ခါမှုနှုန်းနဲ့လည်း ဖမ်းရခက်သလို အမှောင်အမှတ်အသားပေါ်မှာလည်း အခြေမခံဘူး။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ဆန်းကြယ်ပြီး သေစေနိုင်တယ်။ ကျွန်မတို့မှာတော့ အနန္တရထားလို အကာအကွယ် ရှိနေလို့ တော်သေးတာပေါ့။ အပြင်မှာဆိုရင် ကျွန်မတို့လို ထိပ်တန်းစွမ်းအားရှင်တွေတောင် သတိလက်လွတ်ဖြစ်သွားရင် ချက်ချင်းအသတ်ခံရနိုင်တယ်။ ဖီးနစ်ကတော့ ဒီသတ္တဝါတွေကို မျှော်စင်လူသားတွေက စနစ်တကျဒီဇိုင်းထုတ်ထားတာလို့ ယူဆတဲ့အတွက် အမဲလိုက်သတ္တဝါလို့ ခေါ်တာပဲ”

“ဒါ့အပြင် သာမန်အမဲလိုက်သတ္တဝါတွေအပြင် ပိုပြီးကြီးမားတဲ့ အထူးအမဲလိုက်သတ္တဝါတွေလည်း ရှိသေးတယ်။ သူတို့ရဲ့ အရွယ်အစားက အထူးအဆင့်လို့ ထင်ရပေမဲ့ သူတို့ ပေးနိုင်တဲ့ အန္တရာယ်က S-Class ထက်တောင် ပိုပြီးကြောက်စရာကောင်းတယ်။ အရင်က ဟတ်ကိုစစ်မြေပြင်မှာ တစ်ကောင်ပေါ်လာဖူးတယ်။ အဲဒီတုန်းက ပျမ်းမျှစိတ်ဝိညာဉ်တုန်ခါမှုနှုန်း နှစ်သောင်းရှိတဲ့ ဓားသွားလှုပ်ရှားမှုအဖွဲ့ဟာ တစ်မိနစ်တောင်မပြည့်ခင်မှာတင် အပြတ်အသတ်ချေမှုန်းခံလိုက်ရပြီး ဖီးနစ်မြို့တော်ရဲ့ ထောက်ပံ့ရေးတပ်ဖွဲ့တွေကို ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်စေခဲ့တယ်”

“ဒီလောက်တောင် ပြင်းထန်တာလား”

“အဆိုးဆုံးကတော့ အဲဒါကို အခုထိမချေမှုန်းနိုင်သေးဘူး၊၊ အဲဒီကောင်က အချိန်အခါကောင်းကို စောင့်ဖို့ ဆုတ်ခွာသွားတတ်တာပဲ”

လင်းရှန်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

“မင်းနဲ့ ရေမွန် အဲဒီတစ်ကောင်နဲ့ စတွေ့တုန်းကလည်း အတော်လေးထူးထူးဆန်းပေါ်လာတာပဲ။ အချိန်မီတုံ့ပြန်နိုင်ခဲ့လို့ တော်သေးတာပေါ့ မဟုတ်ရင် အားလွန်ကတော့ သေချာပေါက်သေသွားလောက်ပြီ”

“ဟုတ်တယ်… ကံကောင်းလို့ အဲဒီတုန်းက တစ်ကောင်တည်းဖြစ်နေပြီး သာမန်အဆင့်ပဲ ရှိသေးလို့ ကျွန်မတို့ ပူးပေါင်းပြီး အမြန်ရှင်းလင်းနိုင်ခဲ့တာပဲ။ အခြားသူတွေဆိုရင်တော့ ဒီလိုရမှာမဟုတ်ဘူး”

ကီကီက ဆက်ပြောသည်။

“ကြားဖူးတာကတော့ ဒီသတ္တဝါတွေကို ကြောက်ရွံ့စိတ်ခံစားရတာနဲ့ တစ်ပြိုင်နက် သူတို့က ရှင့်ရဲ့ နောက်ကျောဘက်မှာ ချက်ချင်းပေါ်လာတတ်တယ်တဲ့။ ဒါကြောင့်မလို့ ဘယ်အဖွဲ့ပဲ လှုပ်ရှားလှုပ်ရှား စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရမယ်၊၊ စိတ်ဓာတ်အခြေအနေတွေ မပြိုလဲစေရဘူး… မဟုတ်ရင် အဆင်ပြေမှာ မဟုတ်ဘူး”

ဂယား... ဂရူး…

လမ်းဘေးရှိ ထူးဆန်းသောသတ္တဝါအချို့နှင့် ထပ်မံတိုးမိသော်လည်း အနန္တရထား၏ လေဆာလက်နက်များကပင် ရှင်းလင်းပေးသွားသည်။ လင်းရှန်သည် ပိုမိုကြီးမားသော အာရုံစိုက်မှုများကို မဆွဲဆောင်မိစေရန် အပူစွမ်းအင်သုံးလက်နက်ကြီးများ၏ လုံခြုံရေးခလုတ်ကို မဖွင့်ခဲ့ပေ။

ဤအချိန်တွင် ကီကီ၏ စကားများကို ကြားသောအခါ သူသည် ယဉ်ကျေးမှုပုံတူပွားစက်လုံးထဲတွင် မြင်တွေ့ခဲ့ရသည်များကို ပြန်လည်တွေးတောရင်း စဉ်းစားမိသည်။

“မျှော်စင်လူသားတွေရဲ့ အိန်ဂျယ်ဆိုတဲ့အရာက ကြောက်ရွံ့စိတ်နဲ့ နာကျင်မှုကို ဖြတ်တောက်ထားပြီးသားပဲ။ ဒါပေမဲ့ အဆင့်မြင့်ယဉ်ကျေးမှုရဲ့ ဖျက်ဆီးခြင်းကို ခံရပြီးတဲ့နောက် ယူနီအာဂါရဲ့အသိစိတ်ထဲမှာ ကြောက်ရွံ့စိတ်နဲ့ နာကျင်မှုတွေဖြစ်ပေါ်လာပြီး အမှောင်ကျူးကျော်မှုနဲ့အတူ ပျံ့နှံ့လာပြီး လူသားတွေကို သန္ဓေပြောင်းလဲစေခဲ့တာပဲ။ အခုကြည့်ရတာ နာကျင်မှုနဲ့ ကြောက်ရွံ့စိတ်က မျှော်စင်လူသားတွေရဲ့ ယဉ်ကျေးမှုမှာ စိတ်ခံစားချက်သက်သက်တုံ့ပြန်မှုမဟုတ်တော့ဘဲ အဲဒီအသိစိတ်တွေကို အနုမြူစွမ်းအင်ပုံစံနဲ့ သတ်မှတ်ပြီး ရုပ်ပိုင်းဆိုင်ရာအရပါ သီးခြားခွဲထုတ်ထားပုံရတယ်။ ဒါဆိုရင် မင်းပြောတဲ့ အမဲလိုက်သတ္တဝါတွေက လူသားတွေရဲ့ ကြောက်ရွံ့စိတ်ကို သိရှိနိုင်တယ်ဆိုတာက တင်စားပြောတာသက်သက်မဟုတ်လောက်ဘူး...”

“အဲလိုလား။ ရှင်ပြောပုံအရဆိုရင် ချူယန်တော့ ဒုက္ခရောက်နေပြီ မဟုတ်ဘူးလား” ကီကီက ပြန်ပြောသည်။

“နှမြောစရာပဲ... ကျွန်မက သူ့အပေါ် တကယ်ပဲအမြင်ကောင်းရှိခဲ့တာ...”

လင်းရှန် တိတ်ဆိတ်သွားသည်။ ယဉ်ကျေးမှုပုံတူပွားစက်လုံးထဲတွင် ချူယန်၏ အသိစိတ်သည် သူ့ကို ကာကွယ်ရန်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သူ နားလည်သွားသည်။ သို့သော် ချူယန်က အိန်ဂျယ်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည့် မြင်ကွင်းကမူ ချူယန်၏ အသိစိတ် သို့မဟုတ် စိတ်ဝိညာဥ်အစိတ်အပိုင်းတစ်ခုမှာ ဖြတ်တောက်ခံလိုက်ရပြီဖြစ်ကြောင်း လင်းရှန်ကို သတိပေးနေသည်။ ထို့ကြောင့် ချူယန် ဖီးနစ်မှ ထွက်ခွာသွားပြီးနောက် သူမ၏ ရည်ရွယ်ချက်ကို မည်သူမျှ မခန့်မှန်းနိုင်ခြင်း ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လင်းရှန်၏ ခန့်မှန်းချက်အရ သူမသည် ယခုအခါ ‘အခြားချူယန်’ သို့မဟုတ် ‘ခံစားချက်များဖြတ်တောက်ခံထားရသော ချူယန်’ ဖြစ်နေနိုင်ပေသည်၊၊

လင်းရှန်ထင်သည့်အတိုင်းပင် ကြယ်နက်ပန်းပဲဖိုထဲသို့ သူ၏ အသိစိတ်ဖြင့် တိုက်ရိုက်ဝင်ရောက်ကာ ချူယန်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမျှရှိမလာခဲ့ပေ။

လုံခြုံရေးအတွက် သူသည် ကြယ်နက်ပန်းပဲဖိုအတွင်းမှ ပြတ်ပြတ်သားသားပြန်လည်ထွက်ခွာခဲ့ပြီး ထိုအခိုက်အတန့်တွင်ပင် ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော အသံတစ်ခုက သူ၏ နားထဲ၌ ရုတ်တရက်ဟိန်းထွက်လာခဲ့သည်။

[ကျွန်မ ဒီမှာရှိပါတယ်]

“ဂရေ့စ်...”

လင်းရှန်သည် ဤအသံမှာ ဂရေ့စ်၏ အသံဖြစ်နေလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့မိပေ။

[ဂရေ့စ်ပါ… မတွေ့ရတာ ကြာပြီနော်။ ရှင် အခုဘေးကင်းရဲ့လား]

လင်းရှန်က အလျင်အမြန်မေးလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ။ တောင်ဘက်ကောင်းကင်ဂိတ်က ထိန်းချုပ်မှု လွတ်သွားတာလား… ဒါမှမဟုတ် မင်းဘက်မှာ ပြဿနာတစ်ခုခုရှိလို့လား”

အပြာရောင်ဂြိုဟ်၏ တည်ငြိမ်ပတ်လမ်းနေရာတွင် တောင်ဘက်ကောင်းကင်ဂိတ် ခံစစ်ပလက်ဖောင်း၏ကြီးမားလှသော ဆိုလာပြားများသည် အလင်းတောင်ပံများကဲ့သို့ တိတ်တဆိတ်လည်ပတ်နေပြီး ရေတွက်၍မရနိုင်သော စက်မော်တာများက အင်အားပြင်းထန်လှသော နေမင်းဆီသို့ အလွိုင်းပြားများ၏ လက်မတိုင်းကို တိကျစွာ ထောင့်ဖြတ်ချိန်ရွယ်နေကြသည်။

၁၂ ကီလိုမီတာ အချင်းရှိသော ကွင်းပတ်ပုံသဏ္ဌာန် စွမ်းအင်သိုလှောင်မှု အခင်းအကျင်း၏ အပေါ်ဘက်ရှိ အဓိကပလက်ဖောင်းသည် အပြာရောင်လျှပ်စစ်များကို ထုတ်လွှတ်နေပြီး ကြည်လင်သောစောင့်ကြည့်ရေးခန်းအတွင်း၌ ဂရေ့စ်သည် ဘဲလေးကကချေသည်တစ်ဦးကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာရပ်နေကာ သူမ၏ အမြင်အာရုံစနစ်က ကောင်းကင်မျက်နှာကြက်ကို ဖြတ်သန်းကြည့်ရှုနေရင်း စောင့်ကြည့်ရေးပြတင်းပေါက်တွင် နီရဲနေသောဂြိုဟ်ကြီးကို ထင်ဟပ်နေစေသည်။

အပြာရောင်ဂြိုဟ်မျက်နှာပြင်၏ ၉၀ရာခိုင်နှုန်းခန့်မှာ စေးပျစ်သော သွေးနီရောင်မြူများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီဖြစ်ရာ နီရဲသောအမိုးခုံးကြီးသည် တိုက်ကြီးများနှင့် သမုဒ္ဒရာများကို ခဲသွားသော သွေးပင်လယ်ကဲ့သို့ ဝါးမျိုထားသဖြင့် နေရောင်ခြည်မှာ လုံးဝကွယ်ပျောက်နေခဲ့ပြီ ဖြစ်သည်။ အပြာရောင်ဂြိုဟ်သည် စကြာဝဠာ၏ သွေးနီရောင်ပိတ်စဖြင့် ထုပ်ပိုးထားသည့် သေဆုံးခါနီးဂြိုဟ်ကြီးတစ်ခုကဲ့သို့ အာကာသနက်ကြီးထဲတွင် အထင်ရှားပေါ်လွင်နေခဲ့သည်။

ဂရေ့စ်သည် ငွေကျည်ဆံနှင့် ချိတ်ဆက်ထားသော ဦးနှောက်-ကွန်ပျူတာ ဆက်သွယ်ရေးကိရိယာကို ကောက်ကိုင်လိုက်ရာ ၎င်း၏ အင်တာဖေ့စ်မီးများက တဖျတ်ဖျတ်လင်းလက်လာခဲ့သည်။

[ကျွန်မက ကြယ်တာရာကောင်းကင်ဓာတ်ခွဲခန်းက အချက်အလက်တွေကို သုံးပြီး အမှောင်စွမ်းအင်ကြိမ်နှုန်းကတစ်ဆင့် ငွေကျည်ဆံရဲ့ ဦးနှောက်-ကွန်ပျူတာ အချက်အလက်စီမံဆောင်ရွက်မှု မော်ဂျူးကို ပြန်လည်မွမ်းမံဖို့ ကြိုးစားခဲ့တယ်၊၊ အခုတော့ အောင်မြင်သွားပုံရတယ်]

“ကြယ်တာရာကောင်းကင်ဓာတ်ခွဲခန်း ဟုတ်လား” လင်းရှန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“သူတို့က အခုလိုအချက်အလက်တွေအများကြီးကို ပို့လွှတ်နိုင်လို့လား”

[ဟုတ်တယ်၊၊ ဒါက အမှောင်စွမ်းအင်ကြိမ်နှုန်းတုံးရှီကိရိယာနဲ့ တားမြစ်ပစ္စည်းတွေကြားက လှိုင်းနှုန်းတစ်မျိုးကို အသုံးပြုထားတာ...]

“နေဦး... ငါ မေးနေတာက ချူယန်အကြောင်း၊ သူမ မင်းနဲ့ ဆက်သွယ်မနေဘူးလား”

[မစ္စချူယန်က ကျွန်မကို နောက်ဆုံး ဆက်သွယ်ခဲ့တာက လွန်ခဲ့တဲ့ ၁၁ ရက်နဲ့ ၂၁ နာရီကပဲ။ သွေးနီရောင်မြူတွေရဲ့ သက်ရောက်မှုကြောင့် ကျွန်မက ၆ နာရီခြားတစ်ခါ ကြယ်တာရာကောင်းကင်ဓာတ်ခွဲခန်းနဲ့ အချက်အလက်တွေကို တစ်ပြိုင်တည်းဖြစ်အောင် လုပ်ဆောင်နေပြီး အဲဒီထဲမှာ ရှင့်ကို ဆက်သွယ်ဖို့ ကြိုးစားတဲ့ တုံ့ပြန်ချက်လုပ်ငန်းစဉ်လည်း ပါဝင်တယ်]

All Chapters