အခန်း ၁၇၃
Vol. 18 Ch. 173
Chapter 173
ယွီရွေ့ကျူးက ခေါင်းမော့ကာ ကောင်းကင်ကိုသာ မော့ကြည့်ပြီးနောက် သူမ ဘေးရှိ ဟော်ချန်ယဲ့အပေါ်သို့ အကြည့်ရောက်သွားသည်။
'တကယ်ပါပဲ...'
'အဲဒီအပိုင်းမှာတော့ သူက တော်တော်လေး စွမ်းဆောင်နိုင်ပြီး အားသာချက် အကြီးကြီးတစ်ခု ရှိတာ မှန်ပေမဲ့ တစ်ညလုံးဆိုတာကတော့... အဲဒီလောက်ကြီးတော့ ဟုတ်ပါ့မလား'
ထိုနေ့က သူ အရက်မူးပြီး ရမ်းကားမှုကြောင့် ဖြစ်ပေါ်လာသော ဆူညံသံများကို အိမ်နီးချင်းများက ဝေဝါးစွာ ကြား လိုက်ရပြီး လွန်ခဲ့သော နှစ်ရက်အတွင်း ပိုပိုပြန့်နှံ့သွားတော့သည်။
ယွီရွေ့ကျူးပင်လျှင် လူများက အချင်းချင်း နောက်ပြောင်နေကြသည်ကို ကြားရသေးသည်။
"ဘာကို တစ်ညလဲ၊ ချန်ယဲ့က ခံနိုင်ရည်ကောင်းတယ်၊ သုံးရက် သုံးညတောင် သူက ကြောက်မှာ မဟုတ်ဘူး"
ယွီရွေ့ကျူး "..."
'အဲဒါဆိုရင်တော့ ငါလည်း သေသွားလောက်တယ်'
ဟော်ချန်ယဲ့အကြောင်း မကောင်းပြောနေသော ပတ်ဝန်းကျင်မှ လူများနှင့် သူမ ဆက်ပြီး အငြင်းပွားမနေတော့ဘဲ ခေါင်းငုံ့ကာ တိုးတိုးလေး ချောင်းဟန့်ပြီး ဟော်ချန်ယဲ့ကို မြန်မြန် မောင်းရန် တိုက်တွန်းသည်။ ပတ်ဝန်းကျင်မှ ညစ်ညမ်းသော စကားများကို သူမ သည်းမခံနိုင်တော့ပေ။
ကံကောင်းထောက်မစွာဖြင့် ဟော်ချန်ယဲ့ကလည်း သူမနှင့် အလားတူပင် ခံစားရသည်။
ထွန်စက်မှာ မြင်းလှည်းနှင့် နွားလှည်းထက် ပိုမြန်သဖြင့် လမ်းထောင့်တစ်ခု ကွေ့လိုက်ရုံမျှဖြင့် သူတို့ အိမ်သို့ ချက်ချင်းပင် ရောက်ရှိသွားသည်။
သို့သော်လည်း သူတို့ ခြံဝင်းမှာ ဟော်ချန်ယဲ့ မိဘများ ချန်ထားရစ်ခဲ့ခြင်း ဖြစ်သဖြင့် အတော်လေး ဟောင်းနွမ်းပျက်စီးနေပြီး ခြံဝင်းမှာလည်း မကျယ်ဝန်းလှရာ ထွန်စက်မှာ ခြံတံခါးထဲသို့ ဝင်၍မရဘဲ ခြံဝင်းအပြင်ဘက်ရှိ နံရံဘေးတွင်သာ ယာယီ ရပ်နားထားရသည်။
ယခင်က သူမဘက်မှ မားမားမတ်မတ် ရပ်တည်ကာ ရွာထဲမှ လူဆိုးများကို ဟော်ချန်ယဲ့ ပညာပေးခဲ့ခြင်းကြောင့် ယခုအခါ ထိုလူများက ယွီရွေ့ကျူးကို ကပ်ရောဂါတစ်ခုလို ရှောင်ရှားနေကြပြီး ဟော်ချန်ယဲ့ကိုလည်း အလွန် ကြောက်ရွံ့ကြသည်။ ယာဉ်ကို အပြင်ဘက်တွင် ထားခဲ့ခြင်းက မလိုလားအပ်သော အာရုံစိုက်မှုများကို မဆွဲဆောင်နိုင်လောက်ပေ။
သို့သော်လည်း ရွာသားများ လာရောက် ကိုင်တွယ်ကြည့်ရှုကြသဖြင့် ဆူညံပွက်လောရိုက်ကာ သူတို့ နေထိုင်မှုကို အနှောင့် အယှက် ဖြစ်စေမည်ကိုတော့ သူမ အနည်းငယ် စိုးရိမ်သည်။
ယခုအခါ ငွေရှာနေနိုင်ပြီဖြစ်ရာ ယွီရွေ့ကျူးက လာမည့် ရက်အနည်းငယ်အတွင်း သူတို့ အိမ်ကို ပြုပြင်မွမ်းမံရန်နှင့် ယာဉ်အတွက် အိမ်ရှေ့တွင် ကားဂိုဒေါင်တစ်ခု ဆောက်လုပ်ရန် စီစဉ်မိသည်။
သူမက ထိုအကြောင်းကို ဟော်ချန်ယဲ့နှင့် အကြမ်းဖျင်း တိုင်ပင်ရာ သူက သဘောတူကြောင်း ခေါင်းညိတ်လာသည်။
ယာဉ်ပေါ်တွင် ဝန်ထမ်းများအတွက် လက်ဆောင်များကိုလည်း တင်ဆောင်လာခဲ့သည်။ စောစောက သူတို့ ထွန်စက်စီးကာ ရွာထဲသို့ ဝင်လာသည်ကို လူများစွာ မြင်တွေ့ခဲ့ရသော် လည်း မည်သူကမျှ မမေးရဲကြဘဲ ရောင်းရန်ပြုလုပ်ထားသော ပစ္စည်းများဟုသာ ထင်မှတ်ကြလေသည်။
ဟော်ချန်ယဲ့က ဝန်ထမ်းများကို လက်ဆောင်လာယူရန် အကြောင်းကြားပေးဖို့ လျန်စစ်ကိုပြောသောအခါ သူတို့အားလုံးမှာ အံ့သြမှင်သက်သွားကြသည်။
မွေးမြူရေးခြံတွင် လူအတော်များများရှိသည်။ တောင်က တုံး မြေနေရာ အကျယ်အဝန်းနှင့် မွေးမြူထားသော တိရစ္ဆာန်အမျိုးအစားစုံလင်ကာ ဝက်များ၊ နွားများ၊ ကြက်များနှင့် ဘဲများ ကြောင့် တိရစ္ဆာန်များကို စီမံခန့်ခွဲရန်နှင့် ပြုစုစောင့်ရှောက်ရန် ပုံမှန် စားကျက်ချရန် တောင်ပေါ်သို့ ခေါ်ဆောင်သွားရန် တာဝန်ယူရသော ဝန်ထမ်းအယောက်နှစ်ဆယ်ကျော် ရှိသည်။
ယခုအခါ သူတို့ လက်ဆောင်များကို ယူရန် တောင်ပေါ်မှ ဆင်းလာကြချိန်တွင် လူတန်းရှည်ကြီး ဖြစ်ပေါ်နေပြီး တကယ်ကို မျက်စိပသာဒဖြစ်စရာ မြင်ကွင်းတစ်ခုပင်။
ရွာသားများမှာ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ ထွန်စက်ဝယ်နိုင်ခဲ့ခြင်းအတွက် စိတ်လှုပ်ရှားကာ မနာလိုဖြစ်နေကြပြီး ရွာထိပ်တွင် အမြဲတမ်းထိုအကြောင်းကိုသာ ပြောဆိုကြသည်။
လူအများအပြားက ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ အိမ်ပြန်ရောက်ပြီးနောက် ထွန်စက်ပုံပန်းသဏ္ဌာန်ကိုပင် မြင်ချင်ကြသေးသည်။
လူအယောက်နှစ်ဆယ်ကျော် မြင်ကွင်းက ပိုသိချင်စိတ်များကို ဆွဲဆောင်သွားပြီး ရွာသားများအားလုံးက ဘာတွေ ဖြစ်နေသနည်းဟု သွားရောက် ကြည့်ရှုကြသည်။
အဆုံးတွင် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့က ယာဉ်ပေါ်မှ ဝန်ထမ်းများကို လက်ဆောင်ဘူးများ ဝေငှနေသည်ကို သူတို့ မြင်လိုက်သည်။
ယွီရွေ့ကျူးက လှပစွာပြုံးရာ သူမ မျက်လုံးလေးများ မှေးကျသွားပြီး နူးညံ့သော လေသံဖြင့် ပြောသည်။
"ဒါက ကျွန်မတို့ မွေးမြူရေးခြံရဲ့ ပထမဆုံးနှစ်လေ၊ တောင်ပေါ်မှာ အားလုံး ဂရုစိုက်ပေးကြတဲ့အတွက် အရမ်း ကျေးဇူး တင်ပါတယ်၊ ကျွန်မတို့ အားလုံးအတူတကွ ပူးပေါင်းလုပ် ဆောင်နေသရွေ့ အားလုံး လစာကောင်းကောင်း ရကြမှာပါ
ဒါတွေက အားလုံးအတွက် ဆောင်းဦးပေါက်ပွဲတော် လက် ဆောင်တွေပါ၊ မနက်ဖြန် မိသားစုတွေနဲ့ ဝေစားဖို့ ယူသွားကြပါ၊ လက်ဆောင်ပေးဖို့လည်း အရမ်းကောင်းပါတယ်"
အဆင့်မြင့်ပုံပေါက်သော လမုန့် နှစ်ဘူးနှင့် ဝက်အူချောင်း ဘူးကြီးတစ်ဘူးစီမှာ လူတိုင်းအတွက် လုံလောက်နေပြီး ဝန်းရံနေသော ရွာသားများကို မှင်သက်သွားစေသည်။
'ဒီလောက်တောင် အခွင့်အရေးကောင်းတာလား'
'ဒီလောက်တောင် အများကြီးပေးတာလား'
'ဒါက စက်ရုံက ပေးတာထက်တောင် ပိုများနေသေးတယ်၊ ပြီးတော့ ဆီတစ်ပုံးကြီးတောင် ပါသေးတယ်
ဘုရားရေ... ယွီရွေ့ကျူးနဲ့ သူ့ယောက်ျားက ဘယ်လောက်တောင် ချမ်းသာနေတာလဲ
အရမ်း ရက်ရောတာပဲ၊ ပြီးတော့ ငွေသုံးဖို့ ဝန်မလေးဘူး၊ သူတို့ ဝန်ထမ်းတွေကို ဒီလောက်တောင် ကောင်းကောင်း ဆက်ဆံတာလား'
ထိုမြင်ကွင်းကို ကြည့်ရှုနေသော အိမ်နီးချင်းများမှာ နံရံပေါ်သို့ပင် တက်ကြည့်ကြပြီး များပြားလှသော လက်ဆောင်ပုံကြီးကိုကြည့်ကာ မနာလိုအားကျစိတ်များဖြင့် နှုတ်ခမ်းသပ်လျက် အလွန်အားကျမိကြသည်။
"ဟူး... လစာက ဒီလောက်ကောင်းမှန်း သိရင် ရွာမှာ ဟော်ချန်ယဲ့ အလုပ်သမား ခေါ်တုန်းက တောင်ကတုံး မွေးမြူရေးခြံမှာ ငါတို့ သွားလုပ်ခဲ့သင့်တာ
ပစ္စည်းတွေကလည်း အများကြီး၊ လစာကလည်း ကောင်း၊ လယ်ထဲမှာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရတာထက် အများကြီး ပိုကောင်းတာပဲ"
လက်ဆောင်များအားလုံး ဝေငှပြီးနောက် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ ယာဉ်ပေါ်မှ အတူတကွ ဆင်းလာသည်။
ဝန်းရံနေသော အိမ်နီးချင်းများက မနေနိုင်တော့ဘဲ တုံ့ဆိုင်းစွာဖြင့် မေးသည်။
"ချန်ယဲ့၊ မင်းတို့... မင်းတို့ဆိုင်မှာ လူလိုသေးလား၊ ငါတို့ လာလုပ်လို့ ရသေးလား"
ဟော်ချန်ယဲ့ မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်ပြီးပြောသည်။
"နောက်ပိုင်း လူထပ်လိုရင် အားလုံးကို အသိပေးပါ့မယ်"
"အေးပါ၊ အေးပါ..."
ထိုမောင်နှံနှစ်ဦး အိမ်ထဲသို့ ဝင်သွားပြီး တံခါးပိတ်သွားပြီးသည့်တိုင်အောင် ရွာသားများ စိတ်လှုပ်ရှားမှုမှာ မပြေ ပျောက်သေးပေ။ သူတို့က မရပ်မနား စကားများနေကြပြီး စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေတော့သည်။
"ဘုရားရေ... ချန်ယဲ့က ကံကောင်းတာပဲ၊ သူက အရမ်း တော်တဲ့ မိန်းမကို ရထားတာကိုး
သူတို့က တကယ်ကို သက်တောင့်သက်သာနေနိုင်ပြီး ငွေတွေ အများကြီး ရှာနိုင်နေပြီ၊ သူက တကယ်ကို သူဌေးကြီး ဖြစ်နေပြီပဲ"
"သူက ဝန်ထမ်းတွေကို အကျိုးခံစားခွင့်တွေ အများကြီးပေးတာပဲ၊ ကားတစ်စီးစာ အပြည့်လေ၊ သူတို့က မျက်တောင်တောင် မခတ်ဘူး
ပဲပိစပ်ဆီတွေတောင် ပေးသေးတယ်၊ ငါ့အိမ်မှာဆို အဲဒါမျိုး တစ်ခါမှ မသုံးဖူးဘူး၊ အမြဲတမ်း ဝက်ဆီပဲ သုံးရတာ၊ အရမ်း ဇိမ်ကျလွန်းတယ်"
"သူတို့က တကယ်ကို ရွှေတွင်းတူးမိတာပဲ၊ အခု သူတို့ ဘယ် လောက်တောင် ရှာနိုင်နေပြီလဲဆိုတာ ငါ မှန်းတောင် မမှန်းတတ်တော့ဘူး"
လူတစ်စုက ခေါင်းယမ်းကာ နှုတ်ခမ်းသပ်လျက် မနာလို အားကျနေကြသည်။
ယခုအခါ ဟော်ချန်ယဲ့ ပါးပြင်ပေါ်ရှိ အမာရွတ်ကို မည်သူမျှ ဂရုမစိုက်ကြတော့ပေ ထိုအမာရွတ်ကြောင့်ပင် သူတို့ ဤမျှ ကံကောင်းနေခြင်း ဖြစ်မည်ဟု လူအများက ထင်မြင်လာသည်။ သို့မဟုတ်ပါက ဤမျှလှပသော ဇနီးသည်က ဟော်ချန်ယဲ့ကို အဘယ့်ကြောင့် သဘောကျပါမည်နည်း။
ယခင်က ရွာထဲတွင် သူတို့ ဇနီးမောင်နှံ ဘယ်တော့ ကွာရှင်းမည်ကို အလောင်းအစား လုပ်ခဲ့ကြသေးသည်။
'ဟူး... ကွာရှင်းဖို့ကို မေ့လိုက်တော့၊ ဟော်ချန်ယဲ့ မျက်လုံးတွေက သူ့မိန်းမဆီမှာပဲ ကပ်နေတာ
သူမ ပြောသမျှ အကုန် လုပ်တာပဲ၊ သူက မိန်းမကြောက်တဲ့ ယောက်ျားထက်တောင် ပိုပြီးမိန်းမကြောက်သေးတယ်'
...
ဤဆောင်းဦးပေါက်ပွဲတော်ကြောင့် ယွီရွေ့ကျူးနှင့် သူမခင်ပွန်းတို့မှာ ငွေအများအပြား ရရှိခဲ့သည်။
ယွီရွေ့ကျူးမှာ ငွေသေတ္တာကြီးထဲတွင် ငွေများကို ရေတွက်ရင်း အလွန်ပျော်ရွှင်နေတော့သည်။
သူမက ဆိုင်စောင့်ရန် လိုအပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဆောင်းဦးပေါက်ပွဲတော်အတွက် အိမ်မပြန်ခဲ့ဘဲ သူမ မိဘများကို အကြောင်းကြားပေးရန်နှင့် ယွီရှား ယူသွားရန် လက်ဆောင်အချို့ကို ပေးအပ်လေသည်။
ဆောင်းဦးပေါက်ပွဲတော်နေ့တွင် ယွီရွေ့ကျူး ခန့်မှန်းထားသည့်အတိုင်းပင် မည်သူမျှ လာရောက် ဝယ်ယူခြင်း မရှိသလောက်ပင်။
လူအနည်းငယ်က လမုန့်များ ဝယ်ယူကြသော်လည်း သူတို့ကိုယ်တိုင် စားသုံးရန်အတွက်သာ ဖြစ်ပြီး လက်ဆောင်များကိုမူ ကြိုတင် ဝယ်ယူထားပြီး ဖြစ်ကြသည်။ ထိုနေ့ကလမ်း များပေါ်တွင် လူဟူ၍ သိပ်မရှိတော့ချေ။
မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ မိသားစုများ ပြန်လည်ဆုံစည်းရာ နေ့တစ်နေ့ ဖြစ်သည်မဟုတ်ပါလား။
ကံကောင်းထောက်မစွာဖြင့် မွန်းတည့်ချိန်တွင် လူသိပ်မရှိသဖြင့် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့က ဆိုင်နှစ်ဆိုင်စလုံးကို သော့ခတ်ကာ ပိတ်ကြောင်း စာကပ်ထားခဲ့ပြီး ထွန်စက်ပေါ်တွင် လက်ချင်းချိတ်ကာ အိမ်ပြန်လာခဲ့သည်။
'ဒါက မိသားစုတွေ ပြန်လည်ဆုံစည်းရမယ့် ပွဲတော်ပဲလေ၊ သူမက မိဘအိမ်ကို ပြန်ပြီး မိသားစုသံယောဇဉ် ပြဇာတ်သွားကမယ့်အစား ဟော်ချန်ယဲ့ နဲ့ သေချာ ပြန်လည်ဆုံစည်းဖို့ အိမ်ပြန်မှာပေါ့'
မွန်းလွဲပိုင်းတွင် ယွီရွေ့ကျူးက ဖက်ထုပ်အဆာများကို အထူးတလည် ပြင်ဆင်ပြီး ဟော်ချန်ယဲ့က မုန့်ညက်နယ်သည်။
၎င်းတို့နှစ်ဦး ဖက်ထုပ်များ ချက်ပြုတ်ကာ ဟင်းလျာများ အပြည့်တင်ထားသော စားပွဲကြီးတစ်ခုကို ပြင်ဆင်လိုက်ရာ အားလုံးမှာ အငွေ့တထောင်းထောင်း ထနေသည်။
ဟော်ချန်ယဲ့က အောင်ပွဲခံရန် ဝိုင်တစ်ပုလင်း ဖောက်ချင်သော်လည်း ယွီရွေ့ကျူး အရက်သောက်နိုင်စွမ်း ညံ့ဖျင်းမှုကို သတိရသွားသဖြင့် သူ့ စကားများကို လျင်မြန်စွာပင် မျိုချလေသည်။
"ကိုယ် သောက်စရာ တစ်ခုခု သွားဝယ်ဦးမယ်"
စတိုးဆိုင်တွင် ပုလင်းဖြင့်ထုပ်ပိုးထားသော အချိုရည်များသာ ရှိပြီး သောက်ပြီးပါက ပုလင်းပြန်အပ်ရကာ အရသာမှာလည်း အနည်းငယ် ပြုပြင်ဖန်တီးထားသည့်အလား ရှိလေသည်။