အခန်း ၁၇၄
Vol. 18 Ch. 174
Chapter 174
သို့သော် ယွီရွေ့ကျူးမှာ ဂရုစိုက်ပုံမပေါ်ပေ။ ထိုအစား သူမက ဟော်ချန်ယဲ့နှင့် ဖန်ခွက်ချင်း တိုက်ကာ ပျော်ရွှင်စွာ သောက်ရင်း မျက်လုံးလေးများ မှေးကျကာ နှုတ်ခမ်းများမှာ အထက်သို့ ကွေးတက်နေသည်။
သူမက ဟော်ချန်ယဲ့ နားနားသို့ တိုးကပ်သွားပြီး ပြောသည်။
"ဟော်ချန်ယဲ့၊ ပွဲတော်နေ့မှာ ပျော်ရွှင်ပါစေ"
ဟော်ချန်ယဲ့ ခေတ္တမျှ ရပ်တန့်သွားပြီး သူမ ဝင်သက်ထွက်သက် အပူငွေ့ကြောင့် နားရွက်များ အနည်းငယ် နီရဲသွားသည်။
သူ အလိုအလျောက်ပင် လက်ကို မြှောက်ကာ နားရွက်များကို ပွတ်သပ်ပြီး သူမကို ငုံ့ကြည့်ကာ ပြုံး၍ ပြန်ပြောသည်။
သူ့ အကြည့်များ နူးညံ့သွားနေကာ လေသံက ချိုမြလှသည်။
"အင်း၊ ပွဲတော်နေ့မှာ ပျော်ရွှင်ပါစေ ရွေ့ကျူး"
သူတို့နှစ်ဦး ခြေထောက်များကို သက်တောင့်သက်သာ ရေစိမ်ပြီးနောက် တစ်ညတာ ကောင်းမွန်စွာ အနားယူလေသည်။
ဆောင်းဦးပေါက်ပွဲတော် အတွင်း သူတို့နှစ်ဦးစလုံး အတော်လေး ပင်ပန်းခဲ့ကြသည်။ ငွေရှာရန်နှင့် အခြားကိစ္စများဖြင့် အလုပ်များနေခဲ့သည်။
ပွဲတော်အပြီး မကြာမီမှာပင် ယွီရှားက ရွာမှ လက်ဆောင်အချို့ကို ယွီရွေ့ကျူး အိမ်သို့ ယူလာပြီး ဝေငှပေးသည်။
သူမ ယွီရွေ့ကျူးကို တစ်ချက်ကြည့်ပြီး နောက်ပြောင်လာသည်။
"ရွေ့ကျူး၊ မကြာခင် ဘုရားပွဲတော် လာတော့မယ်၊ အဲဒီမှာ ဖူးစာဆုံသစ်ပင်လည်း ရှိတယ်၊ နင်တို့ နှစ်ယောက် သွားရင် ကောင်းမယ်
ဒါနဲ့ စကားမစပ်... နင်တို့ လက်ထပ်ထားတာ အချိန်တစ်ခု ရှိနေပြီလေ ရွေ့ကျူး၊ နင် ကိုယ်ဝန် မရသေးဘူးနော်၊ ဒီဘုရား ပွဲတော်က တော်တော်လေး စွမ်းတယ်၊ နင်နဲ့ ရှောင်ဟော် သွားပြီး အတူတူ ဆုတောင်းကြပါလား"
ယွီရွေ့ကျူး "..."
သူတို့ ကိုယ်ဝန်တားထားဆဲဖြစ်ကြောင်း ယွီရှား မသိသလို ယွီရွေ့ကျူးကလည်း ယွီရှားကို မည်သို့ ပြောပြရမည်မှန်း မသိသဖြင့် ဖြစ်ကတတ်ဆန်း ခေါင်းညိတ်သည်။
"အင်း... အချိန်ရရင် အဲဒီအကြောင်း ပြောကြတာပေါ့"
"ဘုရားပွဲက ရက်အနည်းငယ်ပဲ လုပ်တာဆိုတော့ နင်တို့ အချိန်ရအောင် ကြိုးစားသွားသင့်တယ်"
"အင်းပါ"
ရိုးရိုးသားသား ပြောရလျှင် ယွီရွေ့ကျူးမှာ ကလေးယူရန် သိပ်ပြီး ဂရုမစိုက်သော်လည်း ဘုရားပွဲတော်ကိုမူ အနည်း ငယ် စိတ်ဝင်စားမိသည်။
မည်သို့ပင်ဆိုစေကာမူ ဤခေတ်ကာလတွင် သူမ ဘုရားပွဲ တော်သို့ တစ်ခါမျှ မသွားဖူးခဲ့သလို မည်သို့ ရှိမည်ကိုလည်း မသိပေ။ ထို့အပြင် ဖူးစာဆုံသစ်ပင်လည်း ရှိသေးသည်တဲ့လား။
ယွီရွေ့ကျူးက ဟော်ချန်ယဲ့ကို တုံ့ဆိုင်းစွာဖြင့် မေးသည်။
"ကျွန်မတို့ သွားလည်ကြမလား၊ ကလေးရဖို့ ဆုတောင်းစရာ မလိုပါဘူး၊ ပျော်ဖို့ပဲ"
ဟော်ချန်ယဲ့က သူမကို တစ်ချက်ကြည့်ပြီး လျင်မြန်စွာ ပြန်ဖြေသညထ။
"မင်း သဘော"
သူတို့ ဒေသခံ ဓလေ့ထုံးစံအရ ဘုရားကျောင်း နောက်ဖေးတွင် ဆယ်စုနှစ်ပေါင်းများစွာ သက်တမ်းရှိသော ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်ရှိသည်။
ဘုရားပွဲတော်နေ့တွင် သင်တို့ နှစ်ဦး၏ နာမည်များ ရေးသားထားသော အနီရောင်ဖဲကြိုးတစ်ခုကို ထိုသစ်ပင်အောက်တွင် ချိတ်ဆွဲကာ ဆုတောင်းပါက ဆုတောင်း ပြည့်ဝမည်ဖြစ်ပြီး ဖဲကြိုးပေါ်ရှိ လူနှစ်ဦးမှာ ထာဝရ အတူတကွ ရှိနေမည် ဖြစ်သည်။
ဟော်ချန်ယဲ့က ထိုအကြောင်းကို ကြားသာ ကြားဖူးသော်လည်း ငွေရှာရန်သာ အာရုံစိုက်နေသော လူပျိုကြီးတစ်ဦး အနေဖြင့် သူနှင့် လုံးဝ သက်ဆိုင်မှု မရှိခဲ့ပေ။
သူသည် ဘုရားပွဲတော်သို့ တစ်ခါမျှ မသွားဖူးသလို ဖူးစာဆုံသစ်ပင်ဆိုသည်ကိုလည်း တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သူ အလွန် အလုပ်များနေလျှင် ဘုရားပွဲတော်သို့ မသွားတော့ဟု မူလက တွေးထားခဲ့သော်လည်း သူ သိပ်ပြီး အလုပ်မများသဖြင့်နှင့် ယွီရှား တိုက်တွန်းမှုကြောင့် ယွီရွေ့ကျူးမှာ တုံ့ဆိုင်းနေခဲ့သော်လည်း ဟော်ချန်ယဲ့နှင့်အတူ လမ်းလျှောက်ထွက်လာခဲ့သည်။
ထို့နောက် သူတို့က နောက်ဖေးရှိ သစ်ပင်ကြီးကို မြင်လိုက်သည်။
၎င်းမှာ အလွန်ရှည်ပြီး ကောင်းကင်ကို လုံးဝနီးပါး ဖုံးကွယ်ထားလောက်အောင် သစ်ရွက်များ ထူထပ်နေသည်။
သစ်ပင်အောက်တွင် ရပ်ကာ အပေါ်သို့ မော့ကြည့်လိုက်ပါက သစ်ကိုင်းများနှင့် သစ်ရွက်များကိုသာ မြင်ရပြီး အခြားမည်သည့်အရာကိုမျှ မမြင်ရတော့ပေ။
ထို့နောက် လူတိုင်း ခေါင်းပေါ်တွင် လေပြေထဲ၌ ညင်သာစွာ ယိမ်းနွဲ့နေသော အနီရောင်ဖဲကြိုး အရေအတွက် မြောက်မြားစွာ တွဲလောင်းကျနေသည့် ခမ်းနားလှသော မြင်ကွင်းကို မြင်တွေ့လိုက်ရပြီး ၎င်းတို့ များပြားလှသော အရေအတွက်က အထူးသဖြင့် ဆွဲဆောင်မှုရှိလွန်းသည်။
အချို့သော ဖဲကြိုးများမှာ နှစ်ပေါင်းများစွာ လေဒဏ် နေဒဏ်ကြောင့် အရောင်အဆင်း မှိန်ဖျော့နေပြီး ရှင်းလင်းစွာ မမြင်ရတော့သော်လည်း အချို့မှာမူ ဝေဝါးသော အမှတ်အ သားများ ကျန်ရှိဆဲပင်။
ယွီရွေ့ကျူးမှာ အနည်းငယ် စိတ်ဝင်စားသွားပြီး အနီရောင်ဖဲကြိုးများပေါ်တွင် စာရေးရန် ဟော်ချန်ယဲ့ကို ဆွဲခေါ်သွားတော့သည်။
ဟော်ချန်ယဲ့က ယွီရွေ့ကျူး လုပ်ရပ်များကို ဂရုမစိုက်ဟန်ဖြင့် ပြောသည်။
"ဒါက အယူသီးတာပါ၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးရုံကလွဲပြီး ဘာမှ အသုံးမဝင်ဘူး..."
သို့သော် သူတို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ယွီရွေ့ကျူးထက်ပင် ပိုမို လျင်မြန်စွာ ဘောပင်ကို ကောက်ကိုင်လိုက်သည်။
ယွီရွေ့ကျူး : ...
ထိုမျှမက သူက ယွီရွေ့ကျူး ရေးနေသည်ကို မြင်အောင် ခိုးကြည့်သေးသည်။
ယွီရွေ့ကျူး သူ့ကို စူးရဲစွာ စိုက်ကြည့်သည်။
"အဲဒီလို လုပ်လို့ မရဘူးလေ၊ ရှင်ဟာ ရှင်ရေး၊ ကျွန်မဟာကို လာမကြည့်နဲ့"
ဟော်ချန်ယဲ့က ဘာမှမပြောဘဲ မေးစေ့ကို အနည်းငယ် မော့ကာ သူ့ ငွေစက္ကူများကို ယူပြီး ဘိလပ်မြေခုံကို တိတ်ဆိတ် စွာ မှီထားသော်လည်း သူ့ အကြည့်များက ယွီရွေ့ကျူးအပေါ်တွင် စွဲကပ်နေဆဲပင်။
သူ အလွန်လျင်မြန်စွာရေးလိုက်သည်။ ယွီရွေ့ကျူးလည်း မြန်ဆန်လှသည်။
သူတို့နှစ်ဦးစလုံး အနီရောင်ဖဲကြိုး တစ်ခုစီကို ယူကာ သစ်ပင်ပေါ်တွင် ချိတ်ဆွဲကြသည်။
မကြာမီမှာပင် ၎င်းတို့မှာ ထိုနေရာတွင် တွဲလောင်းကျနေပြီး လေထဲတွင် အနည်းငယ် လွင့်ဝဲနေသည်။
ဟော်ချန်ယဲ့က ယွီရွေ့ကျူး ဘာရေးထားသည်ကို ဖတ်နိုင်ရန် မျက်လုံးမှေးကြည့်သော်လည်း ခေါက်ထားမှုနှင့် လေတိုက်၍ ယိမ်းနွဲ့နေမှုတို့ကြောင့် သူ လုံးဝ မမြင်ရပေ။
ထိုအချိန်တွင် ယွီရွေ့ကျူးက နောက်ထပ် လည်ပတ်စရာ နေရာသို့ သွားရန် ပြင်ဆင်ရင်း သူ့ကို ဆွဲခေါ်နေပြီ ဖြစ်သည်။
ဟော်ချန်ယဲ့က ရုတ်တရက် ပြောလေသည်။
"ကိုယ် တစ်ခုခု မေ့နေသလိုပဲ၊ ခဏလောက် ပြန်သွားလိုက်ဦးမယ်၊ ရွေ့ကျူး... ကိုယ့်ကို ခဏစောင့်ဦးနော်"
သူ လျင်မြန်စွာ နောက်ကြောင်းပြန်လှည့်သွားပြီး သူ့ အရပ် အမောင်းကို အခွင့်ကောင်းယူကာ အနီရောင်ဖဲကြိုးများကြားတွင် လျှို့ဝှက်စွာ ရှာဖွေတော့သည်။
သို့သော် ထူးဆန်းသည်မှာ သူနှင့် ယွီရွေ့ကျူးတို့သည် သစ်ပင်အောက်တွင် အတူတကွ ရပ်ကာ ချိတ်ဆွဲရန် သစ်ကိုင်းများကို ရွေးချယ်ခဲ့ကြပြီး အကွာအဝေးမှာလည်း အတော်လေး နီးကပ်သော်လည်း ဟော်ချန်ယဲ့က သူ့ ကိုယ်ပိုင် ဖဲကြိုးကို တွေ့ရှိခဲ့သော်လည်း ယွီရွေ့ကျူး ဖဲကြိုးကိုမူ မရှာတွေ့ခဲ့ချေ။
ရာသီဥတုက ပူအိုက်လှပြီး အကြောင်းတစ်ခုခုကြောင့် လေ တိုက်ခတ်ခြင်း မရှိပေ။ ဟော်ချန်ယဲ့ မျက်မှောင်အနည်းငယ် ကြုတ်မိပြီး သူ့ နက်မှောင်သော မျက်လုံးများမှာ ထူးထူးခြားခြား စူးစိုက်နေကာ အထက်တွင် စုပုံနေသော အနီရောင်ဖဲကြိုးတောင်ကြီးကို စိုက်ကြည့်သည်။
သူ နဖူးမှ ချွေးများထွက်ကာ အသည်းအသန် ရှာဖွေနေစဉ်မှာပင် ယွီရွေ့ကျူး နောက်ပြောင်သော အသံလေးက သူ့ နောက်ကျောမှ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဟော်ချန်ယဲ့၊ ရှင် ဒါကို ရှာနေတာလား"
သူ လှည့်ကြည့်လိုက်ရာ ဖြူဖွေးသော အသားအရေနှင့် ပြုံးရွှင်နေသော မျက်နှာဖြင့် ယွီရွေ့ကျူးက သူ နောက်တွင် ရပ်နေသည်ကို မြင်လိုက်သည်။
သူမက သူ အသည်းအသန် ရှာဖွေနေခဲ့သော အနီရောင်ဖဲကြိုးလေး တစ်ခုကို လက်ထဲတွင် ဝှေ့ယမ်းပြသည်။
သူ မှင်သက်သွားပြီး ယွီရွေ့ကျူးဆီမှ လက်ပူးလက်ကျပ် ဖမ်းမိခြင်းကို ခံရသဖြင့် သူ့ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားကာ ဗလုံးဗထွေးဖြင့် ပြောသည်။
"ရွေ့ကျူး... ဒါက ဘယ်လိုလုပ် ဒီရောက်နေတာလဲ"
"တစ်စုံတစ်ယောက် နောက်ပြန်လှည့်ပြီး ခိုးကြည့်မယ်ဆိုတာ ကျွန်မ ခန့်မှန်းထားလို့ပေါ့"