အခန်း ၁၇၆
Vol. 18 Ch. 176
Chapter 176
ဘုရားပွဲတော် အဖြစ်အပျက်ပြီးနောက် ဆောင်းဦးပေါက်ပွဲတော် လွန်သွားသည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဆိုင်မှာ ယခင်ကလောက် အလုပ်မများတော့ဘဲ သားသတ်ရုံနှင့် ဝက်သားနှပ်ဆိုင်မှ ဝန်ထမ်းများမှာ အလုပ်ဆင်းပြီးနောက် အသားကင်စားရန် ဝက်သားနှပ်ဆိုင် နောက်ဖေးသို့ သွားကြသည်။
လေထုမှာ အသက်ဝင်ကာ တက်ကြွနေသည်။ သူတို့က သားသတ်ရုံမှ အကောင်းဆုံး ဝက်သုံးထပ်သားနှင့် အခြားသော အသားအမျိုးမျိုးတို့ကို ကြိုတင်နယ်ထားသော ဟင်းသီးဟင်းရွက်များနှင့်အတူ ဖယ်ချန်ထားခဲ့ပြီး အားလုံးကို အချဉ်ရည်ဖြင့် တို့စားလိုက်ရာ အရသာမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ကောင်းမွန်လှသည်။
ယွီရွေ့ကျူး ဂရုစိုက်မှုအောက်တွင်သာ ဝန်ထမ်းများက ဤမျှ ကောင်းမွန်သော ဆက်ဆံမှုကို ရရှိခဲ့ကြခြင်းပင်။ သို့မဟုတ်ပါက အပြင်ဘက်တွင် ဤမျှ လွတ်လွတ်လပ်လပ် အသားစားရန် မည်သူက ရဲဝံ့မည်နည်း။
ရှဲ့ချီက အိမ်လုပ် သစ်သီးဝိုင် အချို့ကို ထုတ်ယူလာရာ ဟော်ချန်ယဲ့မှာ လျင်မြန်စွာပင် မျက်နှာတည်သွားပြီး ယွီရွေ့ကျူး တစ်စက်မျှ မသောက်မိစေရန် စောင့်ကြည့်နေတော့သည်။ သို့မှသာ သူမ အရက်မူးပြီး ထိုညကကဲ့သို့ ထပ်မံနေမကောင်း မဖြစ်တော့မည် ဖြစ်သည်။
ကျေနပ်အားရစွာ စားသောက်ပြီးနောက် လူစုမှာ စကားစ မြည်ပြောဆိုကာ ပုံပြင်များ စတင်ပြောကြတော့သည်။
ဟော်ချန်ယဲ့တွင် ထွန်စက် ရှိနေသောကြောင့် ပြန်ရမည့် ခရီးအတွက် မပူပန်ရသောကြောင့်လားမသိ ရှဲ့ချီနှင့် အခြားသူများမှာ မျက်နှာများ နီရဲလာသည်အထိ စားသောက်ခဲ့ကြသော်လည်း ပြန်ရန် ဆန္ဒမရှိကြသေးပေ။
ပတ်ဝန်းကျင်ရှိ လူတိုင်းနီးပါး ပုံပြင်များနှင့် နောက်လုံးပြောင်လုံးများ ပြောဆိုပြီးသွားသည်ကို မြင်သောအခါ ဟော်ချန်ယဲ့က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး သူ့ အကြည့်များက ယွီရွေ့ကျူးအပေါ်သို့ ရောက်သွားသည်။
"ငါ တစ္ဆေသရဲ ပုံပြင် တစ်ပုဒ် ပြောပြမယ်"
"ဟေး..."
သူ့ စကားကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ချက်ချင်းပင် အမူးပြေသွားသည်။
ယွီရွေ့ကျူး ပခုံးပေါ်တွင် မျက်နှာအပ်ကာ ပျင်းရိစွာ မှီနေသော ရှဲ့ယင်းယန်မှာ ခေါင်းကို အမြန်မော့လိုက်ပြီး ချမ်းစိမ့်သွားသဖြင့် အလိုအလျောက်ပင် သူမ လက်မောင်းကို ပွတ်သပ်မိသည်။
သူမက နှုတ်ခမ်းဆူကာ အထွန့်တက်သည်။
"မလုပ်ပါနဲ့ အစ်ကိုဟော်ရယ်... ကြောက်စရာကြီး..."
စွန်းရှို့ရှို့ နှင့် အခြားသူများမှာမူ စိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုသည်။
"တစ်ပုဒ်လောက် ပြောပြ၊ တစ်ပုဒ်လောက် ပြောပြ"
ဟော်ချန်ယဲ့က ရယ်မောပြီး ပြောသည်။
"သိပ်မကြောက်စရာကောင်းတဲ့ ရိုးရိုးလေး တစ်ပုဒ်ပဲ ပြောပြမှာပါ"
သို့သော် သူက မကြောက်ရဟု ပြောခဲ့သော်လည်း သူ့ သြရှရှအသံဖြင့် တည်ငြိမ်စွာပြောပြသော ပုံပြင်က ပတ်ဝန်းကျင်ရှိ လူတိုင်းကို ချက်ချင်းပင် တောင့်တင်းသွားစေသည်။
သူတို့မှာ ဆိုင်ပိတ်ပြီးမှသာ အတူတကွ လာရောက် စုဝေးခဲ့ကြခြင်းဖြစ်ပြီး အချိန်အတော်ကြာ စားသောက်ပြီးနောက် ကောင်းကင်မှာလည်း အတော်လေး မှောင်မိုက်နေသည်။
ဤပတ်ဝန်းကျင် အနေအထားမျိုးတွင် ဟော်ချန်ယဲ့က တစ္ဆေသရဲ ပုံပြင် ပြောပြနေခြင်းဖြစ်ပြီး ၎င်းမှာ အလွန်ကြောက် မက်ဖွယ် ကောင်းလှသဖြင့် လူအများအပြားမှာ သူတို့ လက်မောင်းများကို အလိုအလျောက် ပွတ်သပ်မိပြီး အသက်ရှူနှုန်းများပင် မြန်ဆန်လာတော့သည်။
ရှဲ့ယင်းယန်က အော်ဟစ်ကာ ယွီရွေ့ကျူး ရင်ခွင်ထဲသို့ ပစ်ဝင်သွားပြီး ဟော်ချန်ယဲ့ကို ယွီရွေ့ကျူးထံ တိုင်တောသည်။
"အစ်မရွေ့ကျူး... အစ်ကိုဟော်ကိုကြည့်ပါဦး၊ သူက တအား ကြောက်စရာကောင်းတာပဲ၊ တအားဆိုးတာပဲ၊ ကျွန်မ အစ်ကိုပါလာလို့ တော်သေးတယ်၊ မဟုတ်ရင် အိမ်ပြန်ရဲမှာတောင် မဟုတ်ဘူး"
ယွီရွေ့ကျူးက အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် တည်ငြိမ်စွာဖြင့် သူမကို နှစ်သိမ့်ရန် လက်မြှောက်လာသည်။
"အများကြီး မတွေးနဲ့လေ၊ ပုံပြင်သက်သက်ပဲဟာ၊ အားလုံးက အတုတွေချည်းပဲ၊ မတွေးရင် ဘာမှမဖြစ်တော့ဘူးနော်၊ ဟုတ်ပြီလား"
ရှဲ့ယင်းယန် : "ဝါး..."
ဟော်ချန်ယဲ့ တစ္ဆေသရဲ ပုံပြင်ကြောင့် လေထုမှာ အတော်လေး အေးစက်သွားတော့သည်။
နောက်ပိုင်းတွင် စွန်းမော်က သူ့ ကလေးဘဝမှ ရယ်စရာ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလိုက်မှသာ လေထုမှာ တဖြည်းဖြည်း ပြန်လည် အသက်ဝင်လာပြီး ရယ်မောသံများနှင့် စကားပြောသံများ ပြန်လည် ထွက်ပေါ်လာသည်။
ဟော်ချန်ယဲ့က စွန်းမော် ပြောနေသည်ကို နားမထောင်ဘဲ ယွီရွေ့ကျူးကိုသာ စူးစိုက်စွာ ကြည့်မိသည်။
ညမှာ မှောင်မိုက်လှပြီး ခြံဝင်းထဲရှိ တဖျပ်ဖျပ် လင်းလက်နေသော မီးရောင်လေးကသာ ယွီရွေ့ကျူး ပါးပြင် တစ်ဖက်ကို လင်းထိန်စေလသည်။
သူမက ခေါင်းငုံ့ကာ ဆားလှော်မြေပဲများကို အခွံခွာစားနေပြီး သေချာစွ ဖဲ့၍ စားသောက်နေကာ သူမ မျက်နှာအမူအရာမှာ လုံးဝကို ပုံမှန်အတိုင်းပင်ဖြစ်ပြီး သာမန်မျှသာ ဖြစ်နေသည်။
ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်သွားသည်။
'ငါကပဲ လိုတာထက်ပိုပြီး တွေးမိတာများလား'
ထိုညနေခင်းတွင် ထွန်စက်က ယွီရွေ့ကျူးကို မြို့မှ ရွာသို့ လမ်းတစ်လျှောက် တင်ဆောင်လာသည်။
ညဘက် တောင်ပေါ်လမ်းများတွင် အနီးအနားရှိ ရွာသားများ စိုက်ပျိုးထားသော အရပ်ရှည်ရှည် သစ်ပင်များ၊ ခြုံနွယ်များနှင့် ကောင်းကင်သို့ ထိုးထွက်နေသော ပြောင်းဖူးခင်းများ ရှိသည်။
ညမှာ အလွန် မှောင်မိုက်နေပြီး သီးနှံများမှာ လုံးဝ ဖုံးကွယ်နေကာ ကြီးမားသော အရိပ်မည်းကြီးများကိုသာ မြင်နိုင်သည်။
ထွန်စက်က လျင်မြန်စွာ ရွေ့လျားနေပြီး လမ်းဘေးတစ်ဖက် တစ်ချက်ရှိ သစ်ပင်များနှင့် ပြောင်းဖူးခင်းများ အရိပ်များမှာ မကောင်းဆိုးဝါးသတ္တဝါကြီးများကဲ့သို့ ရှည်လျားစွာ ဆန့်တန်းနေသည်။
ယွီရွေ့ကျူးက ၎င်းတို့ကို ခေတ္တမျှ ကြည့်ပြီးနောက် လျင်မြန်စွာ အကြည့်လွှဲသွားသည်။
"ဟော်ချန်ယဲ့"
"ဟော်ချန်ယဲ့"
ယခင် ဘုရားပွဲတော်တုန်းကမူ ဟော်ချန်ယဲ့က သူမ နာမည်ကို ခဏခဏ ခေါ်ခဲ့သော်လည်း ယခုအခါတွင်မူ ပြောင်းလဲသွားပြီး သူမကသာ ဟော်ချန်ယဲ့ နာမည်ကို ခဏခဏ ခေါ်နေတော့သည်။
ဟော်ချန်ယဲ့ဆီမှ မေးခွန်းထုတ်နေသော အကြည့်ကို ခံစားလိုက်သဖြင့် ယွီရွေ့ကျူးက နှုတ်ခမ်းကို ကိုက်ကာ မျက်နှာလွှဲပြီး သူ့ကို အပြစ်တင်လေသည်။
"ရှင် မောင်းတာ တအားမြန်နေပြီ၊ ချမ်းတယ်၊ ဖြည်းဖြည်း မောင်း"
ဟော်ချန်ယဲ့ ပြန်မပြောရသေးမီ သူမက လျင်မြန်စွာပင် စိတ်ပြောင်းသွားသည်။
"မဟုတ်ဘူး၊ ပိုမြန်မြန် မောင်း၊ အိမ်ရောက်ရင် သေချာ ရေ ချိုးရမယ်၊ ဒီနေ့ နည်းနည်း အအေးမိချင်သလို ဖြစ်နေတယ်"
ဟော်ချန်ယဲ့က နှေးကွေးစွာ မျက်တောင်ခတ်ပြီး ခေါင်းညိတ်သည်။
"ဟုတ်ပြီ"
ထွန်စက်မှာ ဆူညံသောအသံများ ထွက်ပေါ်ကာ အရှိန်မြှင့်သွားတော့သည်။
ယွီရွေ့ကျူးက သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချပြီး ရင်းနှီးကျွမ်းဝင်သော ရွာလေးကို မြင်တွေ့လိုက်ရချိန်တွင်စိတ်သက်သာရာ ရသွားတော့သည်။
ဟော်ချန်ယဲ့က ထွန်စက်ကို ပုံမှန်အတိုင်း ခြံစည်းရိုးနံရံဘေးတွင် ရပ်ပြီး ယွီရွေ့ကျူး လက်ကို ဆွဲကာ အထဲသို့ ခေါ်ဆောင်သွားပြီးနောက် အထဲတွင် စောင့်နေရန် ပြောသည်။
"ကိုယ် ရေသွားနွေးလိုက်ဦးမယ်"
ထင်းလိုအပ်သဖြင့် ဟော်ချန်ယဲ့က ထင်းယူရန် ခြံစည်းရိုးနံရံဘေးရှိ ထင်းပုံသို့ သွားရသည်။ သူက ထင်းများကို တောင်းထဲသို့ ထည့်လိုက်ချိန်မှာပင် သူ့ နောက်ကျောမှ အလောတ ကြီး ခြေသံများကို ကြားလိုက်သည်။
သူ ဘာမှမတုံ့ပြန်နိုင်သေးမီ တစ်စုံတစ်ယောက်က သူ့ကို အနောက်မှ လှမ်းဆွဲလေသည်။
"ဟော်ချန်ယဲ့..."