← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

Chapter 194

ဟော်ချန်ယဲ့မှာ ကျောက်ကျစ်ဖန် ကဲ့သို့ အားနည်းခြင်း မရှိပေ။ သူက ယွီရွေ့ကျူးနှင့်အတူ ခေတ္တမျှ တည်ငြိမ်စွာ ရပ်နေသည်။

သူမ နေရာရွေးချယ်မှုမှာ ကောင်းမွန်လှသည်။ ဘေးရှိ စပါးကျီ၏ သစ်သားပျဉ်ပြားများက အရိပ်ရစေသဖြင့် နေပူထဲတွင် မရှိပေ။

ဟော်ချန်ယဲ့က ရေတစ်ငုံသောက်ကာ သူမ ကြက်သွန်ဖြူ ခွာနေသည်ကို ကြည့်နေသည်။

ခေါင်းမိုးပေါ်မှ ဆင်းလာချိန်တွင် သူ ချွေးများ ထွက်နေသော်လည်း လျင်မြန်စွာပင် ဆောင့်ကြောင့်ထိုင်ချကာ ကြက်သွန်ဖြူ တစ်မွှာကို ယူ၍ ခွာသည်။

"ကိုယ် လုပ်ပေးမယ်၊ မင်း ခဏ နားလိုက်"

"ကျွန်မဟာ ကျွန်မ လုပ်နိုင်ပါတယ်... ဪ ပြီးတော့၊ အိမ်ထဲမှာ သစ်သီးရှိတယ်၊ ဝင်ပြီး ရှင့်ဟာ ရှင် သွားလှီးစားလိုက်၊ ချွေးသုတ်ဖို့ တဘက်လည်း ရှိတယ်"

ဟော်ချန်ယဲ့က သူမကို တစ်ချက်လှမ်းကြည့်သည်။

"အင်း"

ယွီမားမားမှာ ရူးလုမတတ်ပင်။

ယွီရွေ့ကျူးမှာ အချစ်ရေး အတွေ့အကြုံ နည်းပါးပြီး စုန့်ချင်းရှန်း လှည့်စားခြင်းကို ခံခဲ့ရဖူးကြောင်း သိသဖြင့် သူမ ငယ်စဉ်ကတည်းက ဤသမီးအငယ်ဆုံးကို အစိုးရိမ်ဆုံး ဖြစ်ခဲ့ရသည်။ ဝေးလံသော ထောင်ဟွာရွာ တွင် သူမခင်ပွန်းနှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်မည်ကို စိုးရိမ်ခဲ့သည်။

ထို့အပြင် ဟော်ချန်ယဲ့မှာ စိတ်ထားကောင်းသူတစ်ဦးနှင့် မတူသလို မျက်နှာပေါ်ရှိ အမာရွတ်ကလည်း အနည်းငယ် ကြောက်စရာကောင်းသဖြင့် ယွီရွေ့ကျူးအတွက် ပိုလို့ပင် စိုးရိမ်နေမိတော့သည်။

သူမ အကြံဉာဏ်အချို့ ပေးချင်သော်လည်း ယွီရွေ့ကျူးက သူမကို လျစ်လျူရှုရုံသာမက သစ်သီးနှင့် ချွေးသုတ်ရန် တဘက်ကိုပါ သူ့ဟာ သူ သွားယူရန် ဟော်ချန်ယဲ့ကို အေးစက်စွာ ပြောသေးသည်။ ဤသည်မှာ အလွန်အလိုက်ကန်းဆိုး မသိရာကျလွန်းသည်။

ယွီမားမားမှာ စိုးရိမ်တကြီးဖြင့် ယွီရွေ့ကျူးအတွက် စကားအနည်းငယ် ဝင်ပြောပေးရန်နှင့် ဖရဲသီးလှီးရာတွင် ကူညီပေးရန် အိမ်ထဲသို့ လိုက်ဝင်သွားတော့သည်။

ယွီပါးပါးက ရွာသားတစ်ဦးထံမှ ဖရဲသီးတစ်လုံး ဝယ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ကြွပ်ရွပြီး ချိုမြိန်ကာ လက်ရှိ အခြေအနေနှင့် အလွန်ကိုက်ညီလှသည်။

သို့သော် သူမ အိမ်ထဲသို့ မဝင်နိုင်မီမှာပင် ဟော်ချန်ယဲ့က အပြင်သို့ ထွက်လာသည်။ ခြောက်ပေကျော် အရပ်ရှိသဖြင့် တံခါးဘောင်ပင်လျှင် သူ့လောက် မမြင့်ပေ။ ဟော်ချန်ယဲ့မှာ အပြင်သို့ ထွက်ရန် ခေါင်းငုံ့ကာ ထွက်ရသည်။

သူက လက်တစ်ဖက်တွင် ဖရဲသီးတစ်ပန်းကန်နှင့် အခြားလက်တစ်ဖက်တွင် တဘက်တစ်ထည်ကို ကိုင်ဆောင်လာသည်။

အပြင်သို့ ရောက်လာပြီးနောက် ယွီရွေ့ကျူးဆီသို့ သွားလေသည်။ အံ့သြမှင်သက်နေသော ယွီမားမား အကြည့်အောက်တွင် သူက ဆောင့်ကြောင့်ထိုင်ချကာ ယွီရွေ့ကျူးကို ဖရဲသီး တစ်စိတ် ကမ်းပေးပြီး သူ့ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာတော့သည်။

"စားလိုက်ဦး၊ ဒီလို ပူတဲ့ရာသီဥတုမှာ စားလိုက်ရင် နေလို့ ပိုကောင်းသွားမှာပါ"

ယွီရွေ့ကျူးမှာ သိပ်ပြီး မစားချင်လှပေ။ သူမ လက်ထဲတွင် ကြက်သွန်ဖြူ ခွာနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူမက မျက်မှောင်ကြုတ်မိသည်။

"တစ်စိတ်လုံး မစားနိုင်ဘူး၊ ကျန်တာ ရှင် စားမလား"

"ဟုတ်ပြီ"

ဟော်ချန်ယဲ့ ခေါင်းညိတ်ပြပြီး လေးနက်စွာဖြင့် မျက်လွှာချသည်။

"အပေါ်က ထိပ်ချွန်တဲ့ အပိုင်းလေးကိုပဲ စားလိုက်၊ အဲဒီနေရာက ချိုတယ်၊ နှစ်စိတ်စလုံး ယူလိုက် ရွေ့ကျူး... ကျန်တာကို ကိုယ် စားလိုက်မယ်"

ယွီရွေ့ကျူး "အွန်း"

သူမ ဟန်ဆောင်မနေတော့ပေ။ သူမ လက်များ ညစ်ပတ်နေသဖြင့် ဟော်ချန်ယဲ့ လက်ထဲမှ ဖရဲသီးကိုသာ တိုက်ရိုက် ကိုက်စားသည်။

အနီရောင် အသားလေးမှာ ကြွပ်ရွပြီး အရည်ရွှမ်းကာ သူမ ချက်ချင်းပင် ကျေနပ်စွာဖြင့် မျက်လုံးများကို မှေးမိတော့သည်။ နောက်ထပ် နှစ်ချက် သုံးချက်ခန့် ကိုက်စားပြီးနောက် ဖရဲစေ့ အနည်းငယ်ကို သူမ မြည်းစမ်းမိသည်။

ယွီရွေ့ကျူးက နှုတ်ခမ်းကို စေ့ကာ ဘေးရှိ မြေကြီးပေါ်သို့ ဖရဲစေ့တစ်စေ့ကို ထွေးထုတ်လေသည်။

၎င်းမှာ ကျေးလက် မြေသားလမ်းဖြစ်ပြီး အနီးအနားတွင် သခွားစင်များလည်း ရှိလေသည်။ အိမ်ထဲတွင် မဟုတ်သဖြင့် ပေါ့ပေါ့ပါးပါး ပြုလုပ်လိုက်ခြင်းသာ ဖြစ်သည်။

သို့သော် ယွီမားမားက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမကို လှမ်းခေါ်ကာ ပန်းကန်တစ်ချပ် ကမ်းပေးသည်။

"ကျူးအာ၊ ပန်းကန်ထဲ ထွေးထုတ်လိုက်၊ မဟုတ်ရင် နောက်နှစ်ကျ ဖရဲပင်တွေ ပေါက်လာရင် နှုတ်ပစ်နေရဦးမယ်၊ အဲ့တာဆို အလုပ်ရှုပ်နိုင်တယ်"

ယွီရွေ့ကျူး "အို..."

ဖရဲပင်များက ထိုမျှ အလွယ်တကူ ပေါက်လာနိုင်သည် မဟုတ်သဖြင့် ၎င်းမှာ အတော်လေး ထူးဆန်းသည်ဟု သူမ ထင်မိသည်။

သူမ ဘေးတွင် ရပ်နေသော ဟော်ချန်ယဲ့မှာ မျက်နှာအမူအရာ မပျက်ဘဲ သူ့ လက်မောင်းပေါ်တွင် တဘက်တစ်ထည်ကို တင်ထားကာ ယွီရွေ့ကျူး ပါးစပ်နားသို့ လက်ကို ဆန့်ထုတ်၍ ဖြန့်ထားပေးပြီး သူ့ မျက်နှာမှာ လေးနက်နေလေသည်။

"ကိုယ့် လက်ဖဝါးထဲသာ ထွေးထုတ်လိုက်၊ ကိုယ် နောက်မှ သွားပစ်လိုက်မယ်"

တံခါးဝတွင် ရပ်နေသော ယွီမားမားမှာ အရာအားလုံးကို ရှင်းလင်းစွာ ကြားရပြီး သူမမျက်နှာမှာ ချက်ချင်းပင် တောင့်တင်းသွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့ သည်။ သူမတင် မကဘဲ ယွီရှားပင်လျှင် မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်နေသည်။

သူတို့နှစ်ဦး ဆက်ဆံရေးမှာ ကောင်းမွန်ပုံရသည်ကို သူမ သိသော်လည်း ဤမျှလောက်အထိ ကောင်းမွန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လက်ထဲသို့ ဖရဲစေ့ ထွေးထုတ်ခိုင်းတာကို ဟော်ချန်ယဲ့က မရွံဘူးလား။

'ဒါက... ဒါက ယုံကြည်နိုင်စရာ မရှိဘူး၊ ဘယ်လို ယောက်ျားမျိုးက ဒီလောက်အထိ အလိုလိုက်နိုင်ရတာလဲ'

သူမ မနေနိုင်ဘဲ ကျောက်ကျစ်ဖန်ကို တစ်ချက် ပြန်ကြည့်ရာ သူက မြေကြီးပေါ်တွင် ထိုင်ကာ ဖရဲသီးကို အငမ်းမရ စားသောက်နေသည်ကို မြင်လိုက်သည်။

သူ့ မျက်နှာတွင် ဖရဲသီးအရည်များ ပေကျံနေပြီး အဝတ် အစားများနှင့် လက်ချောင်းများမှာလည်း စိုရွှဲနေကာ အလွန် ဖရိုဖရဲဖြစ်နေသဖြင့် သူ့ မျက်နှာပေါ်တွင်ပင် ဖရဲစေ့များ ကပ်နေသည်။

ပတ်ဝန်းကျင်ကို သတိမထားမိသော ကျောက်ကျစ်ဖန်က ယွီရှားကို နားမလည်နိုင်စွာ မော့ကြည့်သည်။

"ငါ့ကို ဘာလို့ ကြည့်နေတာလဲ၊ ဖရဲသီးစားလေ၊ မင်း မစားရင် ငါ အကုန် စားလိုက်မှာ"

ယွီရှားမှာ အကြောင်းတစ်ခုခုကြောင့် ဒေါသထွက်လာသည်။

"ရှင်ပဲ စားလိုက်"

ထိုစကားကို ကြားသောအခါ ကျောက်ကျစ်ဖန်က ဝမ်းသာအားရဖြင့် လက်ကိုထပ်မံ ဆန့်ထုတ်ပြီး ဖရဲသီး ပန်းကန်ကို ရင်ခွင်ထဲတွင်ပင် ပွေ့ထားကာ အငမ်းမရ ဆက်လက် စားသောက်တော့သည်။

သူတို့ ဘေးရှိ ယွီရွေ့ကျူးမှာလည်း အနည်းငယ် အံ့အားသင့်သွားသော်ငြား သူတို့နှစ်ဦးမှာ ထူးဆန်းသော နေရာမျိုးစုံတွင်ပင် နမ်းခဲ့ကြပြီးပြီဖြစ်ရာ နောက်ထပ် အနည်းငယ် ပိုလာရုံဖြင့် ဘာများ ကွာခြားသွားမည်နည်းဟု တွေးမိသည်။

သူမက လျင်မြန်စွာ စိတ်ကို စုစည်းလိုက်ပြီး ဖရဲစေ့များကို ဟော်ချန်ယဲ့ လက်ဖဝါးထဲသို့ တည်ငြိမ်စွာ ထွေးထုတ်လိုက်တော့သည်။

All Chapters