အခန်း ၁၉၈
Vol. 20 Ch. 198
Chapter 198
"ငါ ထမင်းထပ်ထည့်ဖို့ ပျင်းတယ်၊ မင်း မစားရင် ဒီပန်းကန် ငါ့ကိုပေး၊ မင်း စားချင်ရင် မင်းဟာ မင်း သွားခပ်"
ထို့နောက် ကျောက်ကျစ်ဖန် အသံအကျယ်ကြီးဖြင့် စတက် စားသောက်တော့သည်။
ယွီရွေ့ကျူး သူ့ကို အချိန်အတော်ကြာအောင် အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
သူမ ဘေးတွင် ထိုင်နေသော ဟော်ချန်ယဲ့က စားပွဲအောက်မှ သူမ လက်ကိုဆုပ်ကိုင်ကာ အလျင်စလို စကားမပြောရန် အချက်ပြသည်။
ယွီရွေ့ကျူး ဟော်ချန်ယဲ့ကို တစ်ချက်လှမ်းကြည့်ပြီး မျက်တောင်ခတ်ကာ လျင်မြန်စွာ အပြုံးတစ်ခုပေးသည်။
သူမ ပြုံးပြီးနောက် ဒေါသမထွက်သည့်အပြင် ကျောက်ကျစ်ဖန်ကို ရယ်မောကာ မတ်တတ်ရပ်ပြီး စားပွဲပေါ်ရှိ အစားအစာများကို သူ့ဆီသို့ တွန်းပို့ပေးကာ သူ့ကို ထမင်းတစ်ပန်းကန်ပင် ထပ်ခပ်ပေးသေးသည်။
"ခဲအို... ရှင် တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာ၊ ရှင်က အဓိက အလုပ်လုပ်ခဲ့တဲ့သူဆိုတော့ ရှင် ပိုစားသင့်တယ်၊
ရော့... ဒါတွေ အကုန်လုံး ရှင့်အတွက်ချည်းပဲ၊ ပြီးတော့ ဒါလည်း... ဒီအသုပ်က တအား အရသာရှိတယ်၊ အထဲမှာ ကြာဇံတောင် ထည့်ထားသေးတယ်၊ ရှင် ဒါကို စား၊ ဒါလည်း ကောင်းတယ်..."
ကျောက်ကျစ်ဖန်မှာ အစကတည်းက အများကြီး စားထားပြီးဖြစ်ရာ ယွီရွေ့ကျူး တိုက်တွန်းမှုကြောင့် သူ ပိုထိန်းမနိုင်သိမ်းမရ စားသောက်တော့သည်။ ယွီရွေ့ကျူးက သူ့ကို ကြက်သွန်ဖြူ တစ်မွှာပင် ပေးသေးသည်။
စပ်ဖျဉ်းဖျဉ်း အရသာက အထူးသဖြင့် ခံတွင်းမြိန်စေပြီး ကျောက်ကျစ်ဖန်လည်း အစားအစာများမှာ သူ့အတွက် ငွေမကုန်ဘူးဟု တွေးကာ အဝအပြဲ စားသောက်သည်။
သူ့ ပါးစပ်မှာ ဆီများ ပေကျံနေပြီး စားပွဲတွင် ထိုင်ကာ တူကိုပင် မကိုင်ရသေးသော အခြား သုံးယောက်ကို လျစ်လျူရှုလျက် အစားအစာ အားလုံးကို အငမ်းမရ စားသည်။
ယွီရွေ့ကျူးပင်လျှင် အံ့အားသင့်စွာဖြင့် မျက်ခုံးတစ်ဖက်ကို မပင့်ဘဲ မနေနိုင်တော့ပေ။ ကျောက်ကျစ်ဖန် ဤမျှ အစားကြီးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ကျောက်ကျစ်ဖန် စားသောက်ပြီးသွားသောအခါ နှုတ်ခမ်းသပ်ကာ ကုလားထိုင်ပေါ်တွင် ပျော့ခွေသွားပြီး အနည်းငယ် နေရခက်စွာဖြင့် သူ့ ဗိုက်ကို ကိုင်ထားသည်။
ဖောင်းကားနေသော သူ့ဗိုက်ကြောင့် မလှုပ်ရှားနိုင်ဖြစ်နေချိန်တွင် ယွီရွေ့ကျူးက အဆုံးတော့ အေးအေးဆေးဆေး မတ် တတ်ရပ်လေသည်။
ထို့နောက် သူမက ဟော်ချန်ယဲ့ကို လှမ်းခေါ်သည်။
"လာ..."
ကျောက်ကျစ်ဖန်မှာ ဖြည်းညင်းစွာ ထရပ်သော ဟော်ချန်ယဲ့ကို မှင်သက်စွာ ကြည့်ပြီး အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
"ဘယ်သွားမလို့လဲ"
"ရှင် အစားအစာတွေ အကုန်စားပြီးသွားပြီဆိုတော့ ကျွန်မတို့ တခြား တစ်ခုခု သွားရှာစားကြမလို့လေ"
သူမ စကားကြောင့် ကျောက်ကျစ်ဖန် လှောင်ပြောင်မိသည်။
'ဒီကျေးလက် ခြံဝင်းထဲမှာ ဘာစားစရာ ရှိဦးမှာလဲ၊ အရင်က စားခဲ့တဲ့ ခရမ်းသီးတွေ၊ ငရုတ်သီးတွေ၊ ပဲသီးတွေကလွဲပြီး ဘာမှ မရှိပါဘူး၊ အမှောင်ထဲမှာ သွားခူးရင်တောင် သေချာမှာ မဟုတ်ဘူး'
သူ ဂရုမစိုက်ဘဲ လှောင်ပြောင်လိုစွာ ပြန်ဖြေသည်။
"အင်းပါ... မင်းတို့ဟာ မင်းတို့ သွားရှာစားကြ၊ ငါကတော့ နားပြီး အိပ်တော့မယ်"
သူက သူ့ဘေးရှိ ဇနီးသည် ယွီရှားဆီမှ သိသာထင်ရှားနေသော ထူးဆန်းသည့် အမူအရာကို လျစ်လျူရှုကာ ဖောင်း ကားနေသော ဗိုက်ကြီးဖြင့် အနောက်ဘက်အခန်းသို့ သွားတော့သည်။
သူ ထွက်သွားသည်ကို မြင်သောအခါ ယွီရှားက ယွီရွေ့ကျူးကို အားနာစွာဖြင့် အနည်းငယ် မော့ကြည့်သည်။
"ရွေ့ကျူး... ငါ တောင်းပန်ပါတယ်နော်၊ ငါ နင့်ကို စိတ်ဆိုးအောင် လုပ်မိပြီ၊ ခဏနေရင် နင့်အတွက် ဟင်းချက်ပေးမယ်၊ နင် နားလိုက်ပါ ဒါပေမဲ့ အခုလောလောဆယ်တော့ ချက်စရာ ဘာမှမရှိဘူး၊ လိုအပ်ရင် ဖေဖေနဲ့ မေမေတို့ ဘာစားလဲ သွားကြည့်ပြီး ဟိုကနေ ဟင်းသီးဟင်းရွက် နည်းနည်း ယူလာခဲ့မယ်လေ"
ယွီရွေ့ကျူး "ရပါတယ်"
သူမက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ဆက်ပြောသည်။
"ခြံထဲမှာ ကြက်တွေ ရှိနေသေးတယ် မဟုတ်လား၊ နှစ်ကောင်လောက် ဖမ်းပြီး သတ်စားကြရအောင်"
ယွီရှားမှာ လန့်ဖြန့်သွားတော့သည်။အမြဲတမ်း စည်းကမ်းတကျတတ်သော သူမမှာ ထိုစကားကို ကြားသောအခါ ဗလုံးဗ ထွေးဖြင့် ငြင်းဆိုသည်။
"ဟင့်အင်း၊ ဟင့်အင်း၊ အဲဒီလို မရဘူးလေ... ကြက်တွေက ဥဥတယ်၊ ပိုက်ဆံရှာပေးတယ်၊ သူတို့က တအား အသုံးဝင်တယ်၊ ငါတို့ သူတို့ကို သတ်လို့ မရဘူး..."
ယွီရွေ့ကျူးက ဟော်ချန်ယဲ့ကို တံတောင်ဖြင့် တွတ်လိုက်သည်။ ဟော်ချန်ယဲ့လည်း သဘောပေါက်သဖြင့် အိတ်ကပ်ထဲမှ ငွေအချို့ကို လျင်မြန်စွာ ထုတ်ယူပြီး ယွီရွေ့ကျူး မဆုံသေးသော စကားကို သူက တည်ငြိမ်စွာ ဆက်ပြောသည်။
"မနက်ဖြန် နေ့ခင်းကျရင် အစားထိုးဖို့ ရွာထဲက တစ်ယောက် ယောက်ဆီကနေ နောက်ထပ် နှစ်ကောင်ထပ်ဝယ်လို့ ရတယ်"
ယွီရှားမှာ စကားမပြောနိုင်တော့ပေ။ သူမ ခေါင်းများ အနည်း ငယ် မူးဝေလာရသည်။ ကြက်သားစားခြင်းသည် ပွဲတော်ရက်များတွင်သာ လုပ်နိုင်သော အရာဟုသာ ခံစားရသည်။
အကြောင်းပြချက်မရှိဘဲ ကြက်သတ်ရခြင်းက သူမကို စိတ်မသက်မသာ ဖြစ်စေသည်။
'ပြီးတော့ လူသုံးယောက်က ကြက်နှစ်ကောင်ကို ဘယ်လိုလုပ် ခွဲစားမှာလဲ၊ အဲဒါက တအား ဖြုန်းတီးရာကျလွန်းတယ်၊ ငါကတော့ ကြက်သားတစ်ဖတ်လောက် မြည်းစမ်းရရင်ကို လုံးဝကျေနပ်နေပြီ'
သူမ ဘာမှမတုံ့ပြန်နိုင်မီမှာပင် ယွီရွေ့ကျူးက သူမကို ဆွဲခေါ်သွားသည်။
ဟော်ချန်ယဲ့ စူးရှသော မျက်လုံးများက ကြက်ခြံထဲရှိ ကြက် ကလေးများကို စိုက်ကြည့်နေသည်။ ထို့နောက် ယွီရွေ့ကျူးကို မေးသည်။
"ကိုယ်တို့ ဘယ်လို ချက်စားကြမလဲ"
ယခင်က ယွီရွေ့ကျူးမှာ အစားအသောက် သိပ်မပျက်ခဲ့ပေ။ ကျောက်ကျစ်ဖန်ကို မြင်ရသဖြင့် သူမ ပျို့အန်ချင်စိတ်ဖြစ် လာသောကြောင့်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ယခုအခါ သူမ ခံတွင်းပျက်မှုမှာ ကောင်းမွန်လာသည်။
သူမ နှုတ်ခမ်းကို သပ်ပြီး "တစ်ကောင်က မှိုနဲ့ ချက်မယ်၊ တစ်ကောင်က ကင်မယ်၊ သူတောင်းစား ကြက်ကင်လိုမျိုး"
ဟော်ချန်ယဲ့ "ဟုတ်ပြီ"
သူ ဘယ်သောအခါမျှ ယွီရွေ့ကျူးကို မငြင်းဆန်ခဲ့ပေ။ သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူက အဝဖြိုးဆုံးကြက်နှစ်ကောင်ကို မြင်သွားပြီး လည်ပင်းမှနေ၍ လက်တစ်ဖက်လျှင် တစ်ကောင်စီ ဖမ်းဆွဲလေသည်။
သူက မေးစေ့ကို တည်ငြိမ်စွာ ပင့်လျက် ပြောသည်။
"ကိုယ် အမွှေးနုတ်ဖို့ ရေနွေးကြိုလိုက်ဦးမယ်၊ ပြီးရင် ကြက် သားစားကြမယ်"
"ရေး..."