အခန်း ၂၀၀
Vol. 20 Ch. 200
Chapter 200
ဟော်ချန်ယဲ့ ရုတ်တရက် စကားစလိုက်သည်။
"ထမင်းစားပွဲမှာ မင်းတို့ဘာပြောလဲ ကိုယ်မကြားပေမယ့် မင်း အစ်မကို ကွာရှင်းဖို့ အကြံပေးနေတာကို ကိုယ်ကြား လိုက်တယ်"
ထို့နောက် သူ ပေါ့ပေါ့ပါးပါးဟန်ဖြင့် ဆက်ပြောသည်။
"ဒါဆို... မင်း မိဘအိမ်ကို ပြန်လာတုန်းက မင်း အစ်မကလည်း မင်းကို ကိုယ်နဲ့ ကွာရှင်းဖို့ အကြံပေးခဲ့တာပေါ့"
ဟော်ချန်ယဲ့သည် သူ့ဇနီးကို ဆုံးရှုံးရတော့မည့် အခိုက်အတန့်ကို တွေးမိသောအခါ ယွီရွေ့ကျူး ခါးကို တင်းကျပ်စွာဖက်ထားပြီး သူ့ ပါးလွှာသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားမိသည်။
ယွီရွေ့ကျူး "..."
"ရှင် ကျွန်မကို တအား တင်းကျပ်အောင် ဖက်ထားတော့ အသက်ရှူလို့ မရတော့ဘူး၊ လွှတ်ဦး"
"အို..."
သူ သဘောတူပြီးနောက် လျင်မြန်စွာ ကိုယ်ဟန်အနေအထား ပြောင်းပေးသော်ငြား ယွီရွေ့ကျူးကို ထပ်ဖက်ထားပြန် သည်။ သူ့ လှုပ်ရှားမှုများမှာ အနည်းငယ်တော့ လျော့ရဲသွားသည်။
ယွီရွေ့ကျူး မမြင်ချင်ယောင်သာ ဆောင်နေလိုက်သည်။
"အဲဒါက အရင်တုန်းက ဖြစ်ခဲ့တာလေ၊ အဲဒီတုန်းက ရှင့်မှာ အရမ်းအရမ်း ကောင်းမွန်တဲ့ ဂုဏ်သတင်းရှိနေဖို့ ဘယ်သူက ပြောလို့လဲ
ကျွန်မ အစ်မနဲ့ အမေက တအား ကြောက်နေကြတာ၊ ကျွန်မ ရှင့်ဆီမှာ နှိပ်စက်ခံနေရတယ်လို့ သူတို့ ထင်ကြတာလေ
ဒါကြောင့် ကျွန်မ လုံခြုံရေးအတွက် သူတို့ အမြန် စဉ်းစားပေးရမှာပေါ့"
ထိုစကားကို ကြားသောအခါ ဟော်ချန်ယဲ့သည် သူမ ပခုံးပေါ်တွင် ခေါင်းတင်ကာ တိမ်ဝင်နေသောအသံဖြင့် ပြန်ပြော သည်။
"ကိုယ်က လူတွေကို ဖြစ်ကတတ်ဆန်း မရိုက်ပါဘူး၊ မိန်းမတွေကို မရိုက်ဘူး၊ ပြီးတော့ မင်းကိုလည်း ဘယ်တော့မှ မရိုက်ပါဘူး ရွေ့ကျူးရယ်"
ယွီရွေ့ကျူးမှာ မနေနိုင်ဘဲ ရယ်မောမိပြီး သူ့ကို နှစ်သိမ့်ရန် နောက်သို့ လှည့်ကာ သူ့ပါးပြင်ကို အကြိမ်အနည်းငယ် ပွတ်သပ်ပေးပြီးနောက် ဆက်လက် ပြန်သည်။
"အစ်မ အခြေအနေက သူ့အပေါ်မှာပဲ မူတည်ပါတယ်၊ သူ စဉ်းစားလို့ ပြီးသွားရင် ပြောကြတာပေါ့၊ အပြင်လူတွေက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ အစ်မ မဟုတ်ဘူးလေ"
"ကဲပါ... အိပ်တော့၊ မနက်ဖြန် အလုပ်လုပ်ရဦးမယ်"
ဟော်ချန်ယဲ့က ယွီရွေ့ကျူး လည်ပင်းအနားသို့ တိုးကပ်သွားပြီး တိုးညှင်းစွာ ပြန်တုန့်ပြန်သည်။
"အင်း..."
နောက်တစ်နေ့ နံနက်တွင် ဟော်ချန်ယဲ့က ပုံမှန်အတိုင်း နံနက်စာ ပြင်ဆင်ရန် အစောကြီး ထသည်။
သူက ဤသို့ လုပ်လေ့လုပ်ထ ရှိသော်လည်း နံနက်စာပြင် ဆင်ရန် အစောကြီး ထလာသော ယွီရှားကိုမူ အံ့အားသင့်သွားစေသည်။
အစားအစာများကို အိုးထဲတွင် ပြန်နွှေးထားပြီးဖြစ်ကြောင်း ကြားသောအခါ ယွီရှား ဗလာကျင်းစွာဖြင့် ခေါင်းညိတ်ပြမိသည်။
ရှားရှားပါးပါး အလုပ်နားရက် ဖြစ်သဖြင့် ယွီရွေ့ကျူးမှာ အနည်းငယ် နောက်ကျမှ နိုးလာသည်။ သူတို့ အိပ်ရာများကို သိမ်းဆည်းပြီးဖြစ်သော အခြားသူများမှာ စားပွဲတွင် ထိုင်ကာ စားသောက်နေသည်။
ယွီရှားက သူမအတွက် သွားတိုက်တံနှင့် သွားတိုက်ဆေးကို ရှာပေးပြီး မျက်နှာသစ်ရန် ရေခပ်ပေးကာ သူမ ညီမလေးကို အမြဲတမ်းလိုလို ဂရုစိုက်ပေးတက်သည်။
ယွီရွေ့ကျူး မျက်လုံးများ မှိတ်ကာ သွားတိုက်နေပြီး တစ်ဝက်ခန့် အိပ်ပျော်နေဆဲ ဖြစ်သည်ကို မြင်သောအခါ သူမ မနေနိုင်ဘဲ သူမ မျက်နှာလေးကို ပွတ်သပ်ပေးမိသည်။
"ကျူးအာ... နင်က တကယ်ကို ကံကောင်းတဲ့ အပျင်းလေးပဲ၊ တအား ကောင်းတာပဲ"
ယွီရွေ့ကျူးမှာ အိပ်ချင်မူးတူး ဖြစ်နေဆဲဖြစ်ကာ မျက်လုံးများ မှိတ်ထားလျက် အလိုအလျောက်ပင် ဗလုံးဗထွေးဖြင့် ပြန်လည် ငြင်းဆိုသည်။
"အစ်မ... ကျွန်မက တအား လုံ့လဝီရိယ ရှိတာပါနော်"
'ကြည့်လေ... ဆိုင်စဖွင့်ခါစ အစောပိုင်း ကာလတွေတုန်းကဆို ငါလေး အမြဲတမ်း အစောကြီး ထပြီး နောက်ကျတဲ့အထိ အလုပ်လုပ်ခဲ့ရတာပဲ
နွားတွေ မြင်းတွေထက်တောင် စောစော အလုပ်စပြီး နောက် ကျမှ ပြီးရလောက်အောင် ဒီလောက်ကြိုးစားပမ်းစား အလုပ် လုပ်နိုင်လိမ့်မယ်လို့ ငါ အရင်က တစ်ခါမှ မထင်ထားခဲ့ဘူး'
ယွီရှားမှာ မနေနိုင်ဘဲ ရယ်မောမိသည်။
"အေးပါ၊ အေးပါ... အစ်မ မှားသွားပါတယ်၊ လိမ္မာတဲ့ ကျူးအာက အလုံ့လဝီရိယ အရှိဆုံးပါ"
ထိုအချိန်မှသာ ယွီရွေ့ကျူးက ကျေနပ်စွာ ခေါင်းညိတ်ပြတော့သည်။
ဟော်ချန်ယဲ့က နောက်ဆက်တွဲ ပြဿနာများကို သေချာ မရှင်းလင်းခဲ့မည်ကို စိုးရိမ်သဖြင့် သူမ အနည်းငယ် နိုးကြားသွားပြီးနောက် ကြက်ခြံကို သွားစစ်ဆေးသည်။
မနေ့က သူတို့ ခိုးလာခဲ့သော ကြက်နှစ်ကောင်မှာ အစားထိုးပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဟော်ချန်ယဲ့က ထိုနေ့ မနက်စောစောက ရွာသားများထံမှ ကြက်များ ဝယ်လာခဲ့ခြင်း ဖြစ်လိမ့်မည်။ သူမ မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်ကာ ကျေနပ်သွားတော့သည်။
သို့သော် ကျောက်ကျစ်ဖန် မှာမူ စိတ်ဓာတ်ကျနေသည်။
သူက မနက်စောစော စားပွဲအပြည့်ရှိ အရသာပေါ့ပျက်ပျက် အစားအစာများကို မှုန်ကုပ်ကုပ် မျက်နှာဖြင့် ကြည့်နေပြီး ကြက်သား တစ်ဖတ်မျှပင် မတွေ့ရချေ။ သူ ဒေါသတကြီး တုန်ရီလာပြီး အံ့ကို ကြိတ်ကာပြောသည်။
"မင်းတို့ သုံးယောက်က တကယ် အများကြီးစားနိုင်တာပဲ၊ အကုန်လုံး စားပစ်လိုက်တာ၊ အရိုးတစ်ချောင်းတောင် မကျန်ဘူး..."
"အဲဒီလောက်လည်း မဟုတ်ပါဘူး"
ယွီရွေ့ကျူး ဆံပင်ကျစ်ရင်း ပြုံးလာသည်။
"အရိုးနည်းနည်းတော့ ကျန်ပါသေးတယ်၊ ခွေးတွေ သူတို့ သွားသွေးဖို့ ပေးလိုက်တာလေ"
ကျောက်ကျစ်ဖန် "..."
သူ့ မျက်နှာမှာ ဒေါသကြောင့် ပိုနီရဲသွားတော့သည်။
ယွီရွေ့ကျူး သူ့ကို လျစ်လျူရှုကာ ပြင်ဆင်ပြီးစီးပြီးနောက် ယွီရှားနှင့်အတူ ဆွေမျိုးများအိမ်တွင် အိပ်နေကြသော သူမမိဘများထံသို့ သွားလည်ရန် ဆုံးဖြတ်လေသည်။
ထိုအချိန်တွင် ဟော်ချန်ယဲ့နှင့် ကျောက်ကျစ်ဖန်တို့က ခေါင်မိုးကို ပုံမှန်အတိုင်း ဆက်လက် ရှင်းလင်း ပြုပြင်ကြသည်။
ယွီရှားက သူမမိဘများ နေရာသစ်တွင် ကောင်းကောင်း အိပ်မပျော်နိုင်မည်ကို စိုးရိမ်သဖြင့် အိပ်ရာခင်းများနှင့် တစ်ခုခု လိုအပ်မည်လားဟု သိချင်၍ လိုအပ်သည်များကို ယူဆောင်လာမိသည်။
ယွီရွေ့ကျူးမှာ ရွာထဲရှိ ဆွေမျိုးများနှင့် သိပ်မရင်းနှီးသလို စကားစမြည် ပြောဆိုရသည်ကိုလည်း သိပ်မနှစ်သက်လှပေ။ သူမက ယွီရှားနှင့်အတူ လမ်းလျှောက်ထွက်ကာ စိတ်အပန်း ဖြေရန်သာ ထွက်လာခဲ့ခြင်းပင်။
သူမ မိသားစုအိမ် ပြန်မလည်မီက သူမ စူးစမ်းလေ့လာရန် အချိန်မရခဲ့သော်လည်း ယခုအခါ အခွင့်အရေး ရလာသည်။
ထောင်ဟွာရွာကဲ့သို့ပင် ဤရွာ အဝင်ဝတွင်လည်း မိုးမခပင်ကြီး တစ်ပင်ရှိသည်။
၎င်းမှာ သတင်းအချက်အလက် စုဆောင်းရာ နေရာတစ်ခု ဖြစ်မည်ဟု ယွီရွေ့ကျူး ခန့်မှန်းမိသော်လည်း မနက်စောစော ဖြစ်သဖြင့် လူသိပ်မရှိလှပေ။
ယွီရွေ့ကျူး အချိန်အတော်ကြာ လျှောက်သွားပြီးနောက် နောက်ကြောင်းပြန်လှည့်ရန် ပြင်လိုက်ချိန်တွင် သူမ မျက်နှာ ချင်းဆိုင် တောင်ပေါ်လမ်းမှ သူတို့ဆီသို့ လျှောက်လာသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။