အခန်း ၂၀၇
Vol. 21 Ch. 207
Chapter 207
'သူက ယင်းယန်ကို မိဘအိမ် ပြန်ပို့တာ လအနည်းငယ်ပဲ ရှိသေးတယ်လေ၊ ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ၊ သူက ယင်းယန်ကို သဘောမကျဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ သူကိုယ်တိုင် ပြန်ပို့လိုက်ပြီး သူမကို လုံးဝ ဂရုမစိုက်ခဲ့ဘူးလေ၊ အခု ပြဿနာလာရှာနေတယ်၊ သတင်းရတာလည်း တော်တော် မြန်တာပဲ'
'ဒီခွေးကောင်တော့'
ယွီရွေ့ကျူး : "ဒီလူက ဘယ်လိုရုပ်မျိုးလဲဆိုတာကို ကျွန်မ တကယ် သိချင်မိတယ်၊ ယင်းယန်ကိုတောင် အထင်သေးရဲသေးတယ်"
'သူက သေချာပေါက် လူပျော့လေး ဖြစ်ရမယ်'
မည်သို့ပင်ဆိုစေကာမူ ဖြစ်လာသမျှ ပြဿနာများကို သူမ ဖြေရှင်းမည်သာ။ အကယ်၍ သူက ဆိုင်တွင် ထပ်မံ ပြဿနာလာရှာရဲပါက သူမက သူ့ကို ဖမ်းဆီးပြီး သူတို့ရှေ့တွင် ပြဿနာ မရှာနိုင်အောင် လုပ်ပစ်နိုင်သည်။
သို့သော် ယွီရွေ့ကျူး မမျှော်လင့်ထားသည်မှာ ဆိုင်တွင် အလုပ်များ ပြီးစီး၍ ထိုညနေ ရွာသို့ ပြန်ရောက်သောအခါ ရွာထဲတွင် လူပိုများနေပြီး ဆူညံပွက်လောရိုက်ကာ လူအများအပြား စုဝေး၍ စကားပြောနေကြခြင်းပင်။
သို့သော် သူတို့ ဆွေးနွေးနေသော အကြောင်းအရာမှာ ယင်းယန် ယောက်ျား မဟုတ်ဘဲ အခြားတစ်ယောက် ဖြစ်နေသည်။
ဟော်ချန်ယဲ့နှင့် ရင်းနှီးသူ တစ်ဦးက သူ့ထံသို့ လာပြောသည်။
"ချန်ယဲ့... ရွှမ်ကျစ်တို့ မိသားစု ပြန်ရောက်နေပြီ"
ထိုနာမည်ကို ယွီရွေ့ကျူး မသိသော်လည်း ဟော်ချန်ယဲ့ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
"အို... သနားစရာပဲ၊ သူတို့ မြို့ပေါ်မှာ အဆင်မပြေလို့ ပြန်လာရတာလေ၊ အစကတည်းက ဘာလို့များ အဲဒီလို လုပ်ခဲ့ကြတာလဲ"
"ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ်ဆိုတာ တကယ်ပဲကိုး၊ ဘုရားသခင်က ငါတို့ကို အပေါ်ကနေ စောင့်ကြည့်နေတာ
အဲဒီလို လူမျိုးတွေက တစ်မိသားစုလုံး ဘယ်တော့မှ ကြီးကြီးမားမား ပိုက်ဆံရှာနိုင်မှာ မဟုတ်ဘူး၊ သူတို့ စရိုက်က တအား ဆိုးတာ"
"သူတို့ မြို့ပေါ်မှာ အဆင်မပြေဘူးလို့ ငါ ပြောသားပဲ၊ ငါပြောတာ မှန်တယ်မလား၊ သူတို့ အိမ်ဟောင်းမှာ လူမနေတာ ကြာပြီဆိုတော့ တအား ကြပ်ညပ်နေတာ
အခု အိမ်သစ် တစ်လုံး ရှာပြီး ပြန်ဆောက်ရဦးမယ်၊ တကယ် အလုပ်ရှုပ်တာပဲ"
"အဲဒီတုန်းက သူတို့ အမှားကို ဝန်ခံလိုက်သင့်တာ၊ အခု ပြဿနာတွေ အားလုံးက သူတို့ဟာ သူတို့ ရှာထားတာတွေချည်းပဲ"
"..."
ရွာက လူကြီးများမှာ မိုးမခပင်ဘေးတွင် ထိုင်ကာ ဆေးလိပ်သောက်ရင်း စကားပြောကာ သက်ပြင်းချမိသည်။
အများစုကမူ ဟော်ချန်ယဲ့ကို မကြာခဏ လှမ်းကြည့်ပြီး စကားပြောရန် တုံ့ဆိုင်းနေသည်။
သို့သော် ဟော်ချန်ယဲ့မှာ တိတ်ဆိတ်စွာရှိဆဲပင်။
ယွီရွေ့ကျူးက တစ်ခုခုကို ခံစားမိပြီး အိမ်ရောက်ပြီးနောက် ဟော်ချန်ယဲ့ကို မေးရာ ထင်သည့်အတိုင်း အဖြေကို ရရှိခဲ့သည်။
ဟော်ချန်ယဲ့ "ရွှမ်ကျစ်က ကိုယ် မီးထဲကနေကယ်ခဲ့တဲ့ ကလေးရဲ့ အဖေလေ"
ယွီရွေ့ကျူး ချက်ချင်း မှတ်မိသွားသည်။ ဟော်ချန်ယဲ့က ထိုကလေးကို ကယ်တင်ခဲ့သော်လည်း ကျေးဇူးတင်ရမည့်အစား ထိုမိသားစုက သူ ဒဏ်ရာရသွားမည်ကို စိုးရိမ်ကာ ဆေးဖိုးအတွက် ငွေညှစ်ရန် ကြိုးစားခဲ့ပြီး မနှစ်မြို့ဖွယ် စကားများစွာ ပြောဆိုကာ ရွာမှ မြို့သို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ် သည်။
'ဒါဆို သူတို့ပေါ့'
မကောင်းမှု ပြုသူများသည် ပြစ်ဒဏ်ခံရမည်ဟု ရွာသားများ ပြောကြသည်မှာ မဆန်းတော့ပေ။
သူတို့ မြို့ပေါ်တွင် ငွေမရှာနိုင်ဘဲ အရှက်တကွဲဖြင့် ထောင်ဟွာရွာသို့ ပြန်လာရခြင်းက ရွာသားများ လှောင်ပြောင်မှုကို ပိုမို အားပေးလိုက်သလိုဖြစ်သွားသည်။
ရွှမ်ကျစ်တို့ မိသားစုက သူတို့ မြို့ပေါ်တွင် ငွေမရှာနိုင်ကြောင်းကို မလိုမုန်းထားစွာဖြင့် တွေးထင်ခဲ့ကြသော်လည်း သူတို့ အလွန်အထင်သေးခဲ့သော ဟော်ချန်ယဲ့မှာ ယခုအခါ ရွာတွင် အချမ်းသာဆုံး မိသားစုဖြစ်နေသည်။
မည်သူသိနိုင်မည်နည်း၊ ရွှမ်ဇစ်တို့ မိသားစုသာ ရွာထဲတွင် ငွေရှာချင်ပါက ဟော်ချန်ယဲ့ကို သွားရောက် တောင်းပန်ရနိုင် သည်။ ဤသည်မှာ ကံကြမ္မာ လှည့်စားခြင်း မဟုတ်ပါလား။ ရွာသားများအားလုံး အားပေးကြသည်မှာ မဆန်းတော့ပေ။
'သူတို့ တကယ်ကို ခံထိုက်တယ်'
ယွီရွေ့ကျူးမှာ မနေနိုင်ဘဲ ပြုံးမိသည်။
"ကဲ... ဒါကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး ဆိုးတာလုပ်ရင် ဆိုးတာဖြစ်တယ်ဆိုတဲ့ သဘောတရားပဲ၊ ဒါပေမဲ့ သူတို့ ပြန်လာတဲ့အခါ ရှင့်အပေါ် ဘယ်လို သဘော ထားမျိုး ရှိမလဲဆိုတာ ကျွန်မ တကယ် သိချင်တယ်၊ သူတို့ မနှစ်မြို့စရာ စကားတွေ ပြောလာရင်လည်း စိတ်ထဲ မထားနဲ့နော်"
ဟော်ချန်ယဲ့က သူမကို ငုံ့ကြည့်ကာ သူမ လက်ဖဝါးကို ပွတ်သပ်လေသည်။
"သေချာပေါက် ကိုယ် ဂရုမစိုက်ပါဘူး၊ အခုလောလောဆယ် ကိုယ် ဂရုစိုက်တဲ့ တစ်ဦးတည်းသော သူက မင်းပဲ ရွေ့ကျူး"
သူ မျက်မှောင်ပင် မကြုတ်ဘဲ လေးနက်စွာ ပြောပြီး သူ့ နက်မှောင်သော မျက်လုံးများက ယွီရွေ့ကျူးအပေါ်တွင် စွဲကပ်နေသည်။
သူပြောသည့်အတိုင်းပင် ရွှမ်ကျစ်တို့ မိသားစုကို သူ သိပ်ဂရုမစိုက်တော့ပေ။သူ ယွီရွေ့ကျူးကိုသာ ဂရုစိုက်သည်။
ယခင်က သူ စိတ်ထဲ ထားခဲ့ကောင်း ထားခဲ့နိုင်သော်လည်း ယခုအခါ သူ့ အတွင်းစိတ် ပဋိပက္ခများကို ဖြေရှင်းပြီးဖြစ်လေသည်။
ယွီရွေ့ကျူးထက် မည်သူကမျှ ပိုအရေးမကြီးရာ ထိုမသက် ဆိုင်သူများ၏ သဘောထားများကို သူ ဘာကြောင့် ဂရုစိုက်ရမည်နည်း။
ယွီရွေ့ကျူး ကျေနပ်စွာ ခေါင်းညိတ်သည်။
"ကောင်းတယ်၊ အရင် ထမင်းစားကြရအောင်၊ ပြီးရင် ယင်းယန် သူ့ယောက်ျားနဲ့ ကွာရှင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်းစားကြမယ်"
"ဒါနဲ့ ဟော်ချန်ယဲ့... အံစာတုံးကစားတာတို့ အမြင့်အနိမ့် ခန့်မှန်းတာတွေ ဒါမှမဟုတ် အဲဒီလို လောင်းကစားမျိုး ကျွမ်းကျင်တဲ့ အသိရှိလား"
"လျန်စစ်ရှိတယ်၊ ကိုယ်တို့ နှစ်သစ်ကူးတုန်းက ဖဲအတူတူ ကစားခဲ့ကြတယ်လေ၊ သူက အရင်က တစ်ယောက်ယောက်ဆီကနေ လောင်းကစားပညာ သင်ခဲ့ဖူးတယ်
ဒါပေမဲ့ လောင်းကစားက နှစ်ဖက်စလုံးကို ဒုက္ခရောက်စေတယ်လေ၊ လျန်စစ်က ဘယ်တော့မှ ပိုက်ဆံနဲ့ လောင်းကစား မလုပ်ဘူး
သူ သိတဲ့လူတွေက လောင်းကစားလုပ်လို့ အဖမ်းခံရဖူးတယ်၊ ဒါကြောင့် အခု သူက အပျော်သက်သက်ပဲ ကစားတာ"
"အဲ့လိုကို"
"မင်း ဘာလို့ အဲဒါကို မေးတာလဲ"
ယွီရွေ့ကျူးက ခေါင်းခါပြီး ဟော်ချန်ယဲ့ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဗလုံးဗထွေးဖြင့်သာ ပြောသည်။
"ဒီအတိုင်း ပေါ့ပေါ့ပါးပါး မေးကြည့်တာပါ၊ ဒါနဲ့ ရှင် ကျွန်မ ဗိုက်ကို နည်းနည်း ပွတ်ပေးလို့ ရမလား၊ မနေ့ညကတည်းက နည်းနည်း အနေရခက်ပြီး ကိုက်ခဲနေလို့၊ ရှင် အားအရမ်း သုံးလိုက်လို့များလား"
ဟော်ချန်ယဲ့ နားရွက်များမှာ ချက်ချင်းပင် နီရဲသွားပြီး သူ့အသံမှာ တုန်ရီသွားသည်။
"အင်း၊ အင်း... ဒါဆို နောက်တစ်ခါကျရင် ကိုယ် နည်းနည်း ပိုညင်သာပေးမယ်နော်"
သူ့လက်မှာ တုံ့ဆိုင်းသွားပြီးနောက် ယွီရွေ့ကျူး ဝမ်းဗိုက်ပေါ်သို့ ညင်သာစွာ ကျရောက်လာသည်။
ယွီရွေ့ကျူးက ကျေနပ်စွာဖြင့် မျက်လုံးများကို မှေးထားမိသည်။
သူမခါးမှာ အလွန် သေးသွယ်လှသည်။ ဟော်ချန်ယဲ့က သူမ ခါးကို လက်နှစ်ဖက်ဖြင့်ပင် ပွေ့ဖက်နိုင်သည်ဟု ခံစားရပြီး သူမ ခါးတွင် အဆီတစ်စက်မျှ မရှိပေ။
ဟင်းချက် ကျွမ်းကျင်သူ တစ်ဦးဖြစ်သော်လည်း ယွီရွေ့ကျူးမှာ အစား အလွန်နည်းသဖြင့် ဟော်ချန်ယဲ့က သူမကိုကျွေး မွေးရန်နှင့် အစားစားရန် မည်မျှပင် ကြိုးစားတိုက်တွန်းစေကာမူ သူမမှာ ဝလာပုံမပေါ်ဘဲ သွယ်လျဆဲပင်။
သူက သူမကို နာရီလက်တံအတိုင်း နှိပ်နယ်ပေးရင်း ခေတ္တမျှ တွေးတောကာ ယွီရွေ့ကျူးကို မေးသည်။
"မင်း ဓမ္မတာ လာတော့မလို့လား၊ လာရင် သုံးလို့ရအောင် အိမ်မှာ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေ ကိုယ် ထပ်ဝယ်ထားလိုက်မယ်"
ယွီရွေ့ကျူး အိပ်ချင်မူးတူးနှင့် ခေါင်းညိတ်ပြသည်။
"အွန်း..
...
နောက်တစ်နေ့တွင် ယွီရွေ့ကျူးမှာ ယင်းယန် ယောက်ျားကို မတွေ့ရသေးသော်လည်း ရွှမ်ကျစ်ကိုမူ တွေ့လိုက်ရသည်။
ဟော်ချန်ယဲ့ ထွန်စက်ဖြင့် မြို့သို့ သွားစဉ် ရွာထိပ်တွင် လက်ညှိုးထိုးခံနေရသော ထိုယောက်ျားကို သူမ ချက်ချင်းပင် မြင်လေသည်။ ထိုအမျိုးသားက အနီးအနားရှိ လူများကို အနေရခက်စွာဖြင့် ပြုံးပြသည်။
ထွန်စက်သံကို ကြားသောအခါ သူက ယွီရွေ့ကျူးကို အံ့အား သင့်စွာ မော့ကြည့်သည်။
သို့သော် သူ့ ရှုထောင့်အရ ဟော်ချန်ယဲ့ကို မမြင်ရဘဲ လေထဲတွင် လွင့်ဝဲနေသော ယွီရွေ့ကျူး ဆံပင်များနှင့် သူမ ဖြူဖွေးသော မျက်နှာတစ်ဝက်ကိုသာ မြင်ရသည်။
ယွီရွေ့ကျူးက ထပ်မကြည့်တော့ဘဲ အကြည့်လွှဲကာ ထိုနေ့ ဆိုင်မှ ကိစ္စများကိုသာ စဉ်းစားသည်။
ထိုနေရာတွင် မှင်သက်စွာ ရပ်နေဆဲဖြစ်သော ရွှမ်ကျစ်မှာ သတိမဝင်သေးပေ။ သူက ပတ်ဝန်းကျင်မှ လူများ အကြည့်များကို လျစ်လျူရှုကာ အနီးရှိ လူတစ်ယောက် အဝတ်အစားကိုဆွဲပြီး မနေနိုင်ဘဲ မေးမိသည်။
"ငါတို့ရွာကို ဒီလောက်လှတဲ့ မိန်းမ တစ်ယောက် ဘယ်တုန်း ကရောက်လာတာလဲ၊ သူ ထွန်စက်ပေါ်မှာ ထိုင်နေတာလား၊ ငါတို့ ရွာထဲမှာ ထွန်စက်ဝယ်နိုင်တဲ့သူ ရှိလို့လား၊ သူက ဘယ်သူ့အိမ်ကလဲ၊ ပြီးတော့ ထွန်စက်က ဘယ်သူ့ဟာလဲ"
ယနေ့ခေတ်တွင် ထွန်စက်ဝယ်နိုင်သူ အလွန်ရှားပါးလှသည်။
ရွှမ်ကျစ်မှာ မြို့ပေါ်တွင် ရှိနေစဉ်ကတည်းက ထွန်စက်ကို အကြိမ်အနည်းငယ်သာ မြင်ဖူးခဲ့ပြီး ယခု ထောင်ဟွာရွာ ကဲ့သို့သော ရွာမျိုးတွင် တွေ့လိုက်ရသဖြင့် သူ မည်သို့ မအံ့သြဘဲ နေနိုင်မည်နည်း။
လယ်ထဲသွားရန် ပြင်ဆင်နေကြသော ရွာသားအချို့မှာ မနေနိုင်ဘဲ ရယ်မောမိသည်။
မနေ့က လူအများအပြားက သူ့ကို ပြောချင်ခဲ့သော်လည်း အခြေအနေက အနည်းငယ် ရှုပ်ထွေးပြီး ရွှမ်ကျစ်တို့ မိသားစုက ဟော်ချန်ယဲ့ကို ရှောင်နေပုံရသဖြင့် သူတို့ သိပ်မပြောဖြစ်ခဲ့ကြပေ။
ယခုမူ ရွှမ်ကျစ်က သူ့ကို မေးနေခြင်း ဖြစ်သည်။
လူအများအပြားက ရွှမ်ကျစ်ကို အကဲခတ်ကာ ခေါင်းခါရင်း ပြောသည်။
"အဲဒါ ငါတို့ရွာကလူ မဟုတ်ဘူး၊ တာတုန်းရွာက၊ ငါတို့ရွာကို အိမ်ထောင်ကျလာတဲ့ မိန်းမလေ"
ထို့နောက် အခြားတစ်ယောက်က မိုးကြိုးပစ်ချလိုက်သည့်အလား စကားတစ်ခွန်း ပြောလာရာ ရွှမ်ကျစ်မှာ တုန်ရီသွားသည်။
"အဲဒါ ချန်ယဲ့ မိန်းမလေ၊ ထွန်စက်ကလည်း ချန်ယဲ့ဟာပဲ"
ရွှမ်ကျစ်မှာ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားသည်။ အစပိုင်းတွင် သူက ပတ်ဝန်းကျင်ရှိ လူများက ဟော်ချန်ယဲ့နှင့် သူ့ဆက်ဆံရေးကို သိသဖြင့် နောက်ပြောင်နေကြသည်ဟု ထင်ခဲ့သည်။
သို့သော် ဘေးဘီကို ဝေ့ကြည့်ရာ လှောင်ပြောင်ခြင်း၊ ခေါင်း ခါခြင်း၊ သက်ပြင်းချခြင်းနှင့် ရယ်စရာကောင်းနေသော မျက်နှာအမူအရာများကို မြင်တွေ့ရသောအခါ သူတို့ထဲမှ မည်သူကမျှ သူ့ကို ပြန်လည် ချေပရန် ရည်ရွယ်ချက် မရှိကြောင်း သူ သဘောပေါက်သွားတော့သည်။
ရွှမ်ကျစ် အသက်ကို ပြင်းပြင်းရှူလိုက်ရာ သူ့ခေါင်းများ ထူပူသွားတော့သည်။
'ဟော်ချန်ယဲ့က... ပိုက်ဆံတွေ အများကြီး ရှာနိုင်နေပြီလား၊ သူက ထွန်စက်တောင် ဝယ်နိုင်နေပြီလား'