အခန်း ၂၁၃
Vol. 22 Ch. 213
Chapter 213
၎င်းမှာ မမှန်ကန်ကြောင်း သူ သိသော်လည်း စွန်းယောင်ကျူမှာ သူ့ အဒေါ် ယန်ချိုးကျွီးက ရင်းနှီးသော ဆွေမျိုးတစ်ဦးဖြစ်ပြီး အသိဉာဏ်ရှိကာ စကားပြောကောင်းသဖြင့် ဟော်ချန်ယဲ့ ခေါင်းမာပြီး ဆိုးရွားသော စိတ်သဘောထားထက် များစွာ ပိုကောင်းသည်။ ယန်ချိုးကျွီး မှာ သူ့အပေါ် များစွာ ပိုကြင်နာသည်။
ညဉ့်ယံမှာ မှောင်မိုက်နေပြီဖြစ်ပြီး အနည်းငယ် သောက်ထားသဖြင့် စွန်းယောင်ကျူမှာ သူ့ တည်းခိုရာသို့ ပြန်သွားပြီး အိပ်ရန်သာ လိုလားတော့သည်။
သို့သော် သူ ရွာရှိ စတိုးဆိုင်ကို ဖြတ်သန်းသွားစဉ် အထဲမှ အသက်ဝင်နေသော လေထုနှင့် စိတ်လှုပ်ရှားဖွယ် အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် စွန်းယောင်ကျူ ပါးပြင်များ နီမြန်းလာပြီး ခြေလှမ်းများမှာလည်း ယိမ်းယိုင်လာသည်။
သူ အထဲသို့ လှမ်းကြည့်ရာ လင်းထိန်နေသော ခြံဝင်းနှင့် ပြတင်းပေါက်များကို မြင်ရပြီး နှုတ်ခမ်းကို သပ်ကာ သိချင်စိတ် ပြင်းပြလာသည်။
ထို့ကြောင့် သူက ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားပြီးနောက် သတိထားကာ အနားသို့ ချဉ်းကပ်သွားသည်။
ညလေပြေက အနည်းငယ် အေးစက်စက်ရှိလှပြီး စွန်းယောင်ကျူ ကိုယ်ပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။ အရက်ရှိန်ကြောင့် သူ အနည်းငယ် နွေးထွေးနေသော်လည်း လက်ကိုပွတ်သပ်ကာ အိမ်ထဲသို့ ဝင်သွားသည်။
ဆောင်းရာသီ မရောက်သေးသဖြင့် အိမ်ထဲတွင် မီးလင်းဖို မရှိသော်လည်း အတော်လေး နွေးထွေးနေဆဲပင်။
ယနေ့ခေတ် ကျေးလက်ဒေသများရှိ ဆိုင်ခန်းများကိုများသောအားဖြင့် လူနေအိမ်များတွင်သာ တွဲလျက် ဖွင့်လှစ်လေ့ရှိပြီး ဘေးတွင် အခန်းငယ်တစ်ခု ပါတတ်သည်။
ဆိုင်ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲကာ နေ့စဉ်သုံး ပစ္စည်းများနှင့် စားသောက်ကုန်များကို ရောင်းချပြီး ဝင်ငွေ အနည်းအကျဉ်း ရှာဖွေသည်။
အခန်းတစ်ဖက်တစ်ချက်တွင် ကုန်ပစ္စည်းများ တင်ထားသော သစ်သားစင်များ ရှိပြီး အခြားတစ်ဖက်တွင် စားပွဲနှစ်လုံး ရှိသည်။ ထောင့်ချိုးတွင်တော့ ဆံပင်ညှပ်ဆိုင်ငယ်လေး တစ်ဆိုင် ရှိလေသည်။
များသောအားဖြင့် တရုတ်နှစ်သစ်ကူး ကာလဝန်းကျင်တွင် လယ်သမားများမှာ အလုပ်သိပ်မရှိကြသဖြင့် အပျော်သဘော ကစားခုန်စားများ ပြုလုပ်ရန် ဆိုင်ထဲတွင် စုဝေးလေ့ရှိသည်။
နှစ်သစ်ကူးချိန် မရောက်သေးသော်ငြား အိမ်ထဲတွင် လူများ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ အမျိုးသားများမှာ စိတ်လှုပ်ရှားစွာဖြင့် မျက်နှာများ နီမြန်းနေကြပြီး စားပွဲပေါ်ရှိ အန်စာတုံးများကို ငုံ့ကြည့်ကာ အော်ဟစ်ဆူညံနေသည်။
အသက်ဝင်လှုပ်ရှားနေသော လေထုကြောင့် ပြတင်းပေါက် မှန်ချပ်များပေါ်တွင်ပင် အခိုးအငွေ့များ ရိုက်ခတ်တော့သည်။
စွန်းယောင်ကျူ အထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက်ထိုဆူညံပွက်လောရိုက်နေသော မြင်ကွင်းကြောင့် လန့်ဖြန့်သွားကာ သူ့ ခန္ဓာကိုယ်မှ အရက်နံ့များပင် အတော်လေး လွင့်စင်သွားတော့သည်။
စားပွဲဝိုင်းမှ လူများ အကြီးအသေး လောင်းကစားနေကြသည်ကို အနီးကပ် မြင်လိုက်ရသောအခါ သူ ပိုတုန်လှုပ်သွားသည်။
'ထောင်ဟွာရွာမှာ လောင်းကစားဝိုင်းတွေ ရှိနေတာပဲ'
ထောင်ဟွာရွာမှ လူများမှာ သူတို့ရွာထက်များစွာပိုမို ချမ်းသာ ကြသည်မှာ အမှန်ပင်။ စွန်းယောင်ကျူတို့ ရွာတွင် လောင်း ကစားသမားများ ရှိလျှင်ပင် စားပွဲဝိုင်းတွင် ထိုင်နိုင်သူမှာ ခပ်ရှားရှားပင် ဖြစ်ပြီး ငွေများမှာလည်း မရှိတော့သည်က များသည်။
စွန်းယောင်ကျူသည် သူ့ ခါးပတ်ကြားတွင် သိုဝှက်သိမ်း ဆည်း ထားသော ငွေများကို မသိမသာ စမ်းကြည့်မိသည်။ သူ့ ခရီးစရိတ်များနှင့် ယွီရွေ့ကျူးထံမှ ရရှိထားသော ယွမ်တစ်ထောင်။ ဤပမာဏမှာ နည်းပါးလှသော ငွေကြေး မဟုတ်ပေ။
အခန်းတွင်းရှိ လေထုမှာ တက်ကြွနေပြီး စွန်းယောင်ကျူ မျက်လုံးများတွင် မနာလိုအားကျစိတ်များ အရိပ်အယောင် ပေါ်လွင်လာသော်လည်း သူက သတိထားဆဲဖြစ်ကာ ဝင်ရောက် ပါဝင်ရန် မဝံ့မရဲ ဖြစ်မိသည်။
လောင်းကစားသမား ဆယ်ယောက်တွင် ကိုးယောက်မှာ ရှုံးတတ်ကြောင်းကို သူ အရက်မူးနေသည့်တိုင် ကောင်းကောင်း သိထားသည်။
သို့သော် ထိုသို့ သိထားသည့်တိုင်အောင် သူ့ဘေးရှိ စားပွဲဝိုင်းနှစ်ခုမှ လောင်းကစားနေသည်ကို ထိုင်ကြည့်ရင်း ထိုဆွဲဆောင်မှုရှိသော လေထုကို ခံစားနေရချိန်တွင် သူ မည်သို့များ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
အထူးသဖြင့် လောင်းကစားတွင် အရှုံးအမြတ် ခွဲခြားမှုမှာ အလွန် ပြင်းထန်လှသည်။ ရှုံးသူတစ်ယောက်အတွက် နိုင်သူတစ်ယောက် အမြဲရှိနေတတ်ပြီး ပုံမှန် အလုပ်လုပ်၍ ရှာဖွေရသည်ထက် ငွေကို အချိန်တိုအတွင်း များစွာ ပိုမိုရရှိနိုင်သည်။
ဘေးစားပွဲမှ လူတစ်ယောက်မှာ စိတ်လှုပ်ရှားမှုကြောင့် မျက် နှာများ နီမြန်းနေပြီး လက်များ တုန်ယင်လျက် အော်ဟစ်လိုက်သည်ကို စွန်းယောင်ကျူ စောင့်ကြည့်မိသည်။
"ငါ... ငါ နိုင်ပြီ၊ ယွမ်သုံးဆယ်လုံး ငါ့ဟာတွေချည်းပဲ၊ ဒါက ငါ့တစ်လစာ လစာပဲလေ၊ ဒီလောက် မြန်မြန်ရလိုက်တာ၊ ထပ်လုပ်ကြရအောင်"
ထို့နောက် ထိုလူက တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက် နိုင်သွားသည်ကို သူ တွေ့လိုက်သည်။
အရှုံးများ ရှိသော်လည်း နိုင်လိုက်သည့်အခါတိုင်း ရှုံးသမျှ ငွေများ ပြန်လည်ရရှိလာပြီး နောက်ထပ် နိုင်သည့်ပွဲတွင် အမြတ်ငွေက နှစ်ဆ တိုးလာတော့သည်။
ဝန်းရံနေသူများကလည်း အားကျစွာဖြင့် တီးတိုး ရေရွတ်သည်။
"ဒီနေ့ ကံကောင်းလိုက်တာ၊ အားလုံး အရမ်း ကံကောင်းနေကြတာပဲ၊ ရွှမ်ကျစ်က တော်တော်များများ နိုင်သွားတာ၊ တရုတ်နှစ်သစ်ကူးအတွက် ဝက်သားဝယ်ဖို့တောင် ငွေလောက်ငှသွားပြီ၊ အားကျလိုက်တာ"
"အေးလေ၊ အေးလေ၊ နောက်မှ ငါလည်း ကံစမ်းကြည့်ဦးမယ်"
"ငါလည်း နိုင်ကောင်းနိုင်မှာပါ၊ လတ်တလော ငါ့ကံက တော်တော်လေး ကောင်းနေတာ"
သူ့ဘေးမှ လူက လက်ကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သဖြင့် စွန်းယောင်ကျူ မျက်ခုံးတစ်ဖက် ပင့်သွားပြီး သူ၏ လက်များကို ငုံ့ကြည့်မိသည်။
'ကံကောင်းတာအကြောင်း ပြောရင်... ဒီနေရာမှာ ဘယ်သူက ငါ့ကို ယှဉ်နိုင်မှာလဲ
လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ငါက ရှဲ့ယင်းယန်နဲ့ အောင်မြင်စွာ ကွာရှင်းနိုင်ခဲ့ရုံသာမက သူတို့ဆီက ယွမ်တစ်ထောင်ကိုတောင် ရရှိခဲ့သေးတယ်
ဒီငွေက ငါတို့ မိသားစုရဲ့ အကြွေးတွေကို ဆပ်ဖို့နဲ့ ပစ္စည်းတွေ အများကြီး ဝယ်ဖို့တောင် လုံလောက်နေပြီပဲ'
'ဒါပေမယ့် ငါ နောက်အိမ်ထောင် ထပ်ပြုချင်သေးရင်တော့ ဒီငွေနဲ့ လောက်ငှမှာ မဟုတ်ဘူး'
စွန်းယောင်ကျူ တုံ့ဆိုင်းသွားပြီး အခန်းတွင်းရှိ အသက်ဝင်နေသော လေထုမှ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။ လူများစွာ အကြီးအသေး လောင်းနေကြသည်ကို မြင်လိုက်ရသဖြင့် သူ မနေနိုင်တော့ဘဲ မတ်တပ်ရပ်သည်။
"ငါ… ငါလည်း စမ်းကြည့်မယ်"
သူ တုံ့ဆိုင်းစွာဖြင့် ယွမ်ငွေတစ်ယွမ်ကို ထုတ်ကာ အသေးဘက်တွင် စမ်းသပ် လောင်းကြည့်သည်။
အခန်းတွင်းရှိ အခြားလူများက သူ့ကို မသိမသာ အကဲခတ်ကြပြီး အန်စာတုံး လှုပ်နေသော လျန်စစ်က ပို၍ပင် ပြုံးရွှင်စွာဖြင့် ပြောသည်။
"လောင်းကြပါ… ဖွင့်ပြီ"
သတင်းကောင်းကတော့ စွန်းယောင်ကျူ နိုင်သွားခြင်းပင်။
သို့သော်လည်း သူက အလောင်းအစားနည်းသဖြင့် သူ့ဘေးမှ လူများက ငွေများစွာ ပို၍ နိုင်သွားကြသည်။ ထိုသူတို့က ငွေစက္ကူများကို သူတို့ အိတ်ကပ်ထဲသို့ စိတ်လှုပ်ရှားစွာ ထိုးထည့်နေပုံက စွန်းယောင်ကျူကို အလွန် အားကျသွားစေသည်။
ပတ်ဝန်းကျင်မှ လူများက လှောင်ပြောင်သလို ပြောလာသည်။
"လောင်းကစားဆိုတာ ကံတရားပဲလေ၊ နည်းနည်းလေး ကစားတာက သိပ်ပြီး ပျော်စရာမကောင်းဘူး၊ အလောင်း အစား ကြီးလေ ပိုစိတ်ဝင်စားဖို့ ကောင်းလေပဲ၊ တစ်ပွဲနိုင်တာနဲ့ အရင်ပွဲတွေက ရှုံးသမျှ အကုန် ပြန်ရနိုင်တယ်၊ ဒီတစ်ခါတော့ ငါ အကြီးအကျယ် လောင်းပြီ"
စွန်းယောင်ကျူက လိုက်ပြောသည်။
"ငါရောပဲ"
လောင်းကစားဆိုသည်မှာ ကစားသူရော ဒိုင်ကိုပါ ဒုက္ခပေးတတ်သည်။ အဓိကအားဖြင့် ၎င်းက လူ့သဘာဝကို စမ်းသပ်တတ်သောကြောင့်ပင်။
အချိန်မီ ရပ်တန့်နိုင်လျှင်တော့ အဆင်ပြေသော်လည်း စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားပါက ပိုနစ်မွန်းသွားရုံသာ ရှိတော့ သည်။
ကြောက်စရာအကောင်းဆုံးမှာ အရှုံးမဟုတ်ဘဲ ယခင်က ရရှိခဲ့ဖူးသော အနိုင်များပင် ဖြစ်သည်။ သင် ငွေအများအပြား နိုင်ဖူးပါက နောက်ပိုင်းတွင် မည်မျှပင် ရှုံးစေကာမူ နောက်တစ်ပွဲဆိုရင် အကုန် ပြန်နိုင်မှာပါဟူသော စိတ်ဓာတ်မျိုး ဝင်လာတတ်သည်။
ထိုအခြေအနေသို့ ရောက်သွားပြီဆိုလျှင် စားပွဲဝိုင်းမှ ထွက်ကာ လောင်းကစားရပ်ရန် ပြောလျှင်ပင် သူတို့ သဘောတူကြမည် မဟုတ်တော့ပေ။
မည်သို့ပင်ဆိုစေ သူတို့ အရင်းအနှီးများကို ပြန်မရသေး၍ ဖြစ်သည်။ နောက်ထပ် တစ်ပွဲ၊ ထို့နောက် တဖန်တစ်ပွဲဖြစ်ကာ သူတို့ အရင်းပြန်ရသွားသည်နှင့် နောက်ထပ် နည်းနည်းလေး ထပ်နိုင်ချင်လာပြန်ပြီး ထပ်ထပ်လိုချင်လာသည်။
'ရှုံးသွားရင်လည်း ကိစ္စမရှိဘူး၊ နောက်တစ်ပွဲ ရှိသေးတာပဲ'
ဤအရာက ပို၍နစ်မွန်းသွားစေရန်သာ ဦးတည်သွားပြီး သူတို့ ရှုံးလေလေ စိတ်အစွဲအလမ်း ကြီးလေလေ၊ စွဲလမ်းလာပြီး ပိုရူးသွပ်လာခြင်းသာ ဖြစ်တော့သည်။
ထိုမျှလောက် ငွေများစွာ ရှုံးထားပြီးဖြစ်ရာ လယ်လုပ်ခြင်း သို့မဟုတ် ကြမ်းတမ်းသော အလုပ်ကြမ်းလုပ်ခြင်းဖြင့် ထိုငွေများကို ပြန်ရှာရန် အချိန်များစွာ ယူရမည်ကို စွန်းယောင်ကျူ ကောင်းကောင်း သိသည်။
သို့သော် လောင်းကစားတွင်တော့ ထာဝရ ဆက်တိုက်ရှုံးနေအောင် သူ ထိုမျှလောက် ကံဆိုးမည် မဟုတ်ဟု တွေးမိသည်။ ဤသို့သော စိတ်ကူးဖြင့် သူ အနည်းငယ် အသိဉာဏ်ရှိစွာ စတင်ခဲ့ပြီး ဖြည်းဖြည်းနှင့် သတိထား၍ လောင်းရန်၊ အမြတ်ရချိန်တွင် ရပ်တန့်ကာ အချိန်မီ စားပွဲမှ ထွက်ခွာရန် ကိုယ့်ကိုယ်ကိုယ် သတိပေးသည်။
သို့သော် နောက်ပိုင်းတွင်မူ သူသည် အခန်းထဲတွင် အရူးသွပ်ဆုံး သူတစ်ယောက် ဖြစ်လာသည်။
သူ တစ်ယောက်တည်းသာ ရှုံးနိမ့်နေပြီး အရာအားလုံး ပျက် စီးမည့် အစွန်းတစ်ဖက်သို့ ရောက်ရှိနေပြီဖြစ်သည်။ အလောင်းအစားတိုင်းတွင် သူ အလွန် အလေးအနက်ထားကာ မျက်လုံးများက အန်စာတုံးများဆီမှ မခွာချေ။
သို့သော် စွန်းယောင်ကျူ လုံးဝမသိခဲ့သည်မှာ အန်စာတုံးများကို ထိန်းချုပ်နေသော လျန်စစ်သည် ဆရာတစ်ဆူ ဖြစ်နေခြင်းပင်။
သူက အလောင်းအစားများ အားလုံးပြီးဆုံးသွားသည့်တိုင် အန်စာတုံးများကို သူ အလိုရှိသလို အကြီး သို့မဟုတ် အသေး ကျစေရန် ပြုလုပ်နိုင်စွမ်း ရှိသည်။
ဤအရာက စွန်းယောင်ကျူကို ပိုပိုရှုံးစေပြီး တစ်ခါတစ်ရံ အခြေအနေကို ပြောင်းလဲရန် အနိုင်ရသော်လည်း အဆုံးတွင် ထပ်မံ ရှုံးနိမ့်သွားစေတော့သည်။
သူက ဆက်တိုက် ရှုံးနိမ့်နေရမည်ကို မကြောက်ပေ။ သူ ကြောက်သည်မှာ ရှုံးနေစဉ်တွင် အနိုင်ရလိုက်ခြင်းမျိုး ဖြစ်ပြီး အနိုင်ရခြင်း မြှူဆွယ်မှုဖြင့် သူ့ကို ဆက်လက် စွဲလမ်းနေစေရန် ပြုလုပ်ခြင်းပင်။
၎င်းမှာ မြည်းတစ်ကောင်ရှေ့တွင် မုန်လာဥနီကို တွဲလောင်းချိတ်ကာ ပြသထားသော်လည်း တကယ်တမ်း စား၍ မရနိုင်သည့်အလား ဖြစ်လေသည်။
ညဉ့်နက်လာသည်နှင့်အမျှ တစ်ယောက်က သမ်းဝေလိုက်ရာ ထို့နောက် အခန်းထဲတွင် သမ်းဝေသည့် အသံများ ပြည့်နှက်သွားသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က စိတ်လှုပ်ရှားနေခဲ့သော အမျိုးသားများမှာ ယခုအခါ နွမ်းနယ်နေပုံပေါ်သည်။
"တော်လောက်ပြီလား၊ မှောင်နေပြီ၊ ဆိုင်ပိတ်ပြီး အိမ်ပြန်ရမယ့် အချိန်ရောက်ပြီ"
"အေးလေ၊ အေးလေ၊ ဆက်မဆော့ကြတော့နဲ့၊ မဟုတ်ရင် မိန်းမတွေ ရစ်တော့မှာ"
"ဟီးဟီး၊ ဒီနေ့ ငါ ငါးယွမ် နိုင်တယ်၊ နောက်မှ ငါ့မိန်းမအတွက် စားစရာကောင်းကောင်းလေးတွေ ဝယ်သွားရမယ်၊ သူ အရမ်းပျော်သွားမှာ"
"ငါရောပဲ၊ ငါရော နိုင်တယ် ဟားဟား"
"..."
လျန်စစ် အန်စာတုံးများကို တည်ငြိမ်စွာ လှုပ်ခါပြီး ဘေးသို့ တွန်းဖယ်ကာ ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်သည်။