← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

Chapter 219

ဆောင်းဦးရာသီတွင် အရာအားလုံးက အလုပ်များတတ်သည်။

ဟော်ချန်ယဲ့က ပြောင်းဖူးများ တင်ဆောင်ရန် သူ့ ထွန်စက်ကို ပြောင်းခင်းထဲသို့ မောင်းနှင်သွားသည်။

ရင့်မှည့်နေသော ပြောင်းဖူးများကို စားနပ်ရိက္ခာအတွက် အထူး စိုက်ပျိုးထားခြင်း ဖြစ်သည်။ အချိုပြောင်းများလောက် အရည်ရွှမ်းကာ ချိုမြိန်ခြင်း မရှိသော်လည်း အထွက်နှုန်းတော့ ကောင်းမွန်လေသည်။

ဆောင်းဦးတွင် ပြောင်းဖူးပင်များ ခြောက်သွေ့သွားပြီးနောက် ပြောင်းဖူးများကို အပင်မှ လူအင်အားဖြင့် ချိုးယူကာ အိမ်သို့ သယ်ယူကြရသည်။

ကျန်ရစ်သော ပြောင်းဖူးရိုးတံများကိုလည်း ခုတ်ထစ်ကာ စည်းနှောင်ပြီး မီး ခန်းအတွက် လောင်စာအဖြစ် အသုံးပြုရန် သယ်ဆောင်သွားသည်။

၎င်းမှာ အလွန် အလုပ်များသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ယခင်ကဆိုလျှင် ရွာသားများမှာ ချိုးပြီးသား ပြောင်းဖူးများကို အိတ်များထဲထည့်ကာ လက်တွန်းလှည်းများဖြင့် အိမ်သို့ တွန်းပို့ခဲ့ကြသည်။

ပြောင်းခင်းနှင့် သူတို့အိမ်များမှာ သိပ်မဝေးသော်လည်း အသွားအပြန် လုပ်ရသည်မှာ အတော်လေး ဒုက္ခများလှပြီး တစ်ခေါက်လျှင် အိတ်သုံးလုံးခန့်သာ သယ်ဆောင်နိုင်သည်။ ပြောင်းခင်းတစ်ခုလုံးမှ ပြောင်းဖူးများအားလုံးကို သယ်ယူရန် အချိန်ကုန်လူပန်း ဖြစ်ရသည်။

ယခု ဟော်ချန်ယဲ့တွင် ထွန်စက်ရှိနေပြီဖြစ်ရာ များစွာ သက် သာသွားခဲ့ပြီ ဖြစ်သည်။ ကားနောက်ခန်း အပြည့်ဆိုလျှင် သူတို့ ပြောင်းဖူးအိတ်များ အားလုံးဆံ့ပြီး တစ်ခေါက် နှစ်ခေါက် အသွားအပြန် လုပ်ရုံဖြင့် ပြောင်းခင်းထဲမှ ကောက်ပဲသီးနှံ များ အားလုံးကို အိမ်သို့ သယ်ဆောင်နိုင်ပြီ ဖြစ်သည်။ ပြောင်းဖူးရိုးတံများ အတွက်လည်း ထိုနည်းတူပင်။

ဟော်ချန်ယဲ့က အမြဲတမ်း သွက်လက်မြန်ဆန်သည်။ ဤကဲ့သို့သော လယ်ထဲမှ အလုပ်များကို သူက ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ရွာထဲတွင် သူ့ထက် စွမ်းဆောင်ရည်ပြည့်ဝသော လယ်သမားဆို၍မရှိတော့ပေ။

ယွီရွေ့ကျူးမှာ အဝတ်အစားလဲကာ ပြောင်းဖူးရိုးများ ကူခုတ်ပေးရန် တံစဉ်းတစ်ခုကို ကိုင်ဆောင်ပြီး ရောက်လာခဲ့သော် လည်း သူမ ကူညီရန် အခွင့်အရေးပင် မရလိုက်မီ ဟော်ချန်ယဲ့က လယ်ထဲရှိ အလုပ်များအားလုံးကို မျက်စိတစ်မှိတ်အတွင်း ပြီးစီးအောင် လုပ်ဆောင်လေသည်။

မွန်းလွဲပိုင်း နေရောင်ခြည်က ဟော်ချန်ယဲ့ မျက်နှာထက်သို့ ကျရောက်နေပြီး အလုပ်လုပ်ထားသဖြင့် သူ့ ကိုယ်ပေါ်တွင် ချွေးများ ဖုံးလွှမ်းနေသည်။

ဂျုံရောင်အသားအရေမှာ ပိုမို ရင့်မည်းသွားသော်လည်း သူ့ မျက်လုံးများကမူ ထူးကဲစွာ နက်ရှိုင်းပြီး တောက်ပဆဲပင်။

သူက ယာခင်းထဲတွင် ရပ်ကာ ယွီရွေ့ကျူးကို ကြည့်ရင်း သူ့ မျက်လုံးများတွင် အပြုံးရိပ်များ သန်းနေလျက် ပြောသည်။

"ဒီမှာ အလုပ်မလုပ်ဖြစ်တာ နည်းနည်း ကြာသွားပေမယ့် ကိုယ့်လက်ရေတွေကတော့ မကျသေးပါဘူးကွာ"

ယွီရွေ့ကျူး သူ့ကို တစ်ချက်ကြည့်ကာ ရေကမ်းပေးသည်။

"ကျွန်မလည်း လုပ်နိုင်ပါတယ်နော်၊ နောက်ဆိုရင် ရှင် တစ် ယောက်တည်း အကုန်လုပ်လို့ မရဘူးလေ၊ ကျွန်မလည်း မိသားစုဝင် တစ်ယောက်ပဲဟာကို"

"ကိုယ် တစ်ယောက်တည်း မလုပ်နိုင်ရင်တောင် မင်းက ဒီလိုအလုပ်မျိုးနဲ့ မသင့်တော်ပါဘူး ရွေ့ကျူးရာ"

ဟော်ချန်ယဲ့က သူမ နူးညံ့ဖြူဖွေးသော လက်ချောင်းလေးများနှင့် သွယ်လျသော ခါးလေးကို တစ်ချက်ကြည့်ပြီး ယွီရွေ့ကျူး ဘာပဲပြောပြော တိတ်ဆိတ်နေကာ သူမကို လယ်ထဲတွင် အလုပ်လုပ်ခွင့်အား ပြတ်သားစွာ ငြင်းဆန်သည်။

ဟော်ချန်ယဲ့ စိတ်ထဲတွင်တော့ သူ့ရွေ့ကျူး လက်လေးများက စာရင်းဇယားများ တွက်ချက်ရန်နှင့် ငွေရေတွက်ရန်အတွက်သာ သင့်တော်ပြီး သူ့လိုမျိုး အကြမ်းပတမ်း အလုပ်များ လုပ်ရန် မဟုတ်ပေ။ မိသားစုထဲတွင် သူ တစ်ယောက်တည်း ဤသို့ လုပ်နေလျှင် လုံလောက်ပြီ ဖြစ်သည်။

သူ စကားဆက်မပြောတော့ဘဲ လယ်ထဲသို့ ဆင်းကာ ယွီရွေ့ကျူး ယူလာပေးသော ထမင်းဘူးထဲမှ ပေါက်စီတစ်လုံးကို ယူ၍ အားပါးတရ ကိုက်စားသည်။

ယွီရွေ့ကျူးက ပေါက်စီကို အလယ်မှခွဲကာ အသားများ ထည့်ပြီး ဟင်းရည် ဆမ်းထားခဲ့ခြင်းဖြစ်သည်။

အပြင်ပန်းကြည့်လျှင် ပေါက်စီနှင့် တူသော်လည်း အမှန်တွင် ၎င်းမှာ ခွန်အားပြန်လည် ပြည့်ဝစေရန် အကောင်းဆုံးဖြစ်သည့် အသားညှပ်ပေါက်စီပင်။

ဟော်ချန်ယဲ့က မြန်ဆန်စွာ အရသာရှိရှိ စားသောက်နေပုံက သူ့ကို ကြည့်နေသော ယွီရွေ့ကျူးကိုပင် အနည်းငယ် ဗိုက်ဆာစေသည်။

ထူးဆန်းသည်မှာ သူမကိုယ်တိုင် အစားအစာ ပြင်ဆင်နေချိန်က ဗိုက်ဆာခြင်းမျိုးနှင့် စားချင်စိတ် မရှိခဲ့သော်လည်း ဟော်ချန်ယဲ့ စားနေသည်ကို ကြည့်ရင်း ဆာလောင်လာခြင်းပင်။

အဓိကအားဖြင့် ဟော်ချန်ယဲ့ စားသောက်ပုံက သွားရည်ကျချင်စရာကောင်းလွန်းသည်။

အကယ်၍ ဤသည်ကသာ ခေတ်သစ်လူ့အဖွဲ့အစည်း ဖြစ်မည်ဆိုပါက ဟော်ချန်ယဲ့မှာ စားသောက်ပြသည့် Mukbang ချန်ပီယံ တစ်ဦးအဖြစ် အလွန်လိုက်ဖက်ပေလိမ့်မည်။

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ ဘေးတွင် ဝင်ထိုင်ပြီး သူ့ ရင် ဘတ်ကို လက်လေးဖြင့် ထိုးကာ ရှေ့သို့ ကိုင်းညွတ်လျက် ပြောသည်။

"ကျွန်မကို တစ်လုတ်လောက် ကျွေး"

စားသောက်ရာတွင် အာရုံနစ်ဝင်နေသော ဟော်ချန်ယဲ့က ဘေးသို့ လှည့်ကြည့်ပြီး အသားအပြည့်ပါကာ အစားကောင်းဆုံး ဖြစ်မည့် ရိုးကျားမော့ ထောင့်စွန်းကို ယွီရွေ့ကျူး နှုတ် ခမ်းနားသို့ တေ့ပေးသည်။

"ပါးစပ် ဟပါ‌ဦး"

ယွီရွေ့ကျူးက မတုံ့ဆိုင်းဘဲ ကိုက်စားရန် ပြင်သည်။

သို့သော် သူမ အနီးသို့ ရောက်လာသည်နှင့် တပြိုင်နက် အသား အနံ့အသက်က သူမ ဗိုက်ထဲတွင် ကလိကလိ ဖြစ်သွားစေပြီး ယခင်က ဖြစ်ပေါ်နေသော စိတ်အားထက်သန်မှုနှင့် စားချင်စိတ်များ အားလုံး လွင့်စင်သွားကာ အော့အန်ချင်စိတ်များသာ ဖြစ်ပေါ်လာသည်။

"ဝေါ့"

ယွီရွေ့ကျူး ပါးစပ်ကို အုပ်ကာ မျက်နှာလွှဲပြီး အန်ချင်သလို ဖြစ်သွားရသည်။ သူမက အနည်းငယ် နေရထိုင်ရ ခက်သွားပြီး ခေါင်းငုံ့ကာ အန်ထုတ်ချင်သွားသော်လည်း လတ်တ လောတွင် အစားသိပ်မစားထားသဖြင့် ဘာမှ ထွက်မလာခဲ့ပေ။

ဟော်ချန်ယဲ့ လန့်ဖြန့်သွားသည်။

သူက ကိုင်ထားသော အစားအစာကို အမြန်ချပြီး သူမအနီးသို့ လာကာ ကျောကို ပွတ်သပ်ပေးလျက် စိုးရိမ်တကြီးဖြင့် မေးသည်။

"ဘာဖြစ်လို့လဲ ရွေ့ကျူး၊ လတ်တလော မင်းဗိုက် သိပ်မကောင်းဘူးလား၊ ကိုယ် ဆေးရုံ လိုက်ပို့ပေးရမလား၊ ဘာလို့ အန်ချင်နေရတာလဲ"

ယွီရွေ့ကျူးက ခေါင်းကို အဆက်မပြတ် ခါယမ်းပြသည်။ သူမ ပါးစပ်ထဲတွင် ချဉ်စူးစူး အရည်များ ပြည့်နေသဖြင့် စကားမပြောနိုင်တော့ပေ။

ဟော်ချန်ယဲ့ စားချင်သောက်ချင်စိတ်ကို ထိခိုက်သွားမည်စိုး၍ သူမက အမြန် မတ်တပ်ရပ်ကာ သူနှင့် ခပ်ခွာခွာသို့ သွားသည်။

နှာခေါင်းထဲမှ ပြင်းထန်သော အသားနံ့များ ကင်းဝေးသွားချိန်တွင်တော့ ယွီရွေ့ကျူး အနည်းငယ် သက်သာသွားလေသည်။ ရေအနည်းငယ် သောက်ပြီးနောက် သူမက တည်ငြိမ်စွာဖြင့် ပြောသည်။

"ကျွန်မလည်း မသိဘူး... လတ်တလော အသားတွေကို သိပ်မကြိုက်တော့သလိုပဲ၊ အနံ့ကိုလည်း မခံနိုင်ဘူး ဖြစ်နေတယ်"

အသားနံ့ရရုံဖြင့် အော့အန်ချင်လျှင် သူမ မည်သို့ အလုပ်သွားလုပ်နိုင်မည်နည်း။ ယွီရွေ့ကျူး အလုပ်ခွင်မှာ ဝက်သားနှပ်များဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလား။

ဟော်ချန်ယဲ့ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်သွားသည်။

"ဆရာဝန် သွားပြကြည့်ပါလား"

ယွီရွေ့ကျူး အကြိမ်ကြိမ် ငြင်းဆန်သည်။

သူမက ဆေးသောက်ရန်ကိုရော ဆရာဝန်ပြရန် မကြိုက်သလို ဆေးရုံသွားရမည်ကို ပိုမနှစ်မြို့ပေ။ ထို့အပြင် ဤအရာများမှာ ထူးဆန်းသော ရောဂါလက္ခဏာများဟု သူမ မထင်ထားသဖြင့် သွားပြရန် ပိုလို့ဆန္ဒမရှိဖြစ်မိသည်။

သူမက ခေတ္တမျှ ရပ်တန့်ပြီးနောက် ပြောသည်။

"ကျွန်မ အရင် ပြန်နှင့်မယ်၊ ဟော်ချန်ယဲ့... ရှင် ဒီမှာ ဖြည်း ဖြည်းချင်းပဲ လုပ်၊ အလုပ်ပြီးသွားရင် ရွာသားတွေ ပြောင်းဖူးရိတ်တာကို ကူညီပေးလိုက်ဦး၊ ကျွန်မ အိမ်ပြန်ရောက်ရင် သက်သာသွားမှာပါ၊ လတ်တလော အစားမှားထားလို့ ထင်တယ်"

"အင်း"

ဟော်ချန်ယဲ့က နှုတ်ဖြင့် သဘောတူသော်လည်း ယွီရွေ့ကျူး ထွက်သွားပြီးနောက် သူ လုပ်လက်စအလုပ်များကို လျင်မြန်စွာ အဆုံးသတ်သည်။

လယ်ထဲမှ ပြောင်းဖူးများကို ရိတ်သိမ်းပြီးနောက် ယွီရွေ့ကျူးအား တိုက်ရန် ရည်ရွယ်လျက် အစာအိမ်နာအတွက် ဆေးဝယ်ရန် ရွာဆေးခန်းသို့ ပြောင်းဖူးများကို သယ်ဆောင်သွားသည်။

ထိုအချိန်တွင် ယွီရွေ့ကျူးမှာ လတ်တလော၌ ပုံမှန်မဟုတ်ဘဲ စိတ်ကလေးလံနေကာ မျက်ခွံများလည်း လေးလံနေသည်။

အိမ်ပြန်ရောက်ပြီးနောက် သူမက ပေါ့ပေါ့ပါးပါး ဆန်ပြုတ်နှင့် အရံဟင်းလျာ အချို့ကို စားသောက်ပြီး ကုတင်ပေါ်တွင် လဲလျောင်းကာ အိပ်မောကျသွားသည်။

ယွီရွေ့ကျူး အိပ်မက်တစ်ခု မက်လေသည်။

၎င်းမှာ အိပ်မက်တစ်ခုသာ ဖြစ်ကြောင်း သူမ မသိစိတ်က ပြောပြသော်လည်း ထိုမသိစိတ်က လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။

သူမ မိဘများကို အိပ်မက်ထဲတွင် မက်လေ့ သိပ်မရှိသော် လည်း ယခုအခါတွင်မူ သူတို့ကို တွေ့နေရသည်။ နာရေးအခမ်းအနားတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း ဇနီးမောင်နှံက ထောင့်တစ်နေရာ၌ တင်းမာ သော မျက်နှာထားများဖြင့် ရပ်နေကြပြီး အသက် ခုနစ်နှစ် ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက် လက်ကို ဆွဲထားသည်။

"သား အစ်မ သေသွားပြီလား၊ ဒါဆို သား အတွက် ဘယ်သူက ငွေရှာပေးတော့မှာလဲ"

ဘာမှနားမလည်သော ထိုကောင်လေးက သူ့ လက်ချောင်းများကို စုပ်ကာ သူ့အထက်ရှိ လူကြီးနှစ်ဦးကို အပြစ်ကင်းစင်ဟန်ဖြင့် မော့ကြည့်သည်။

"ပေါက်ကရတွေ လျှောက်မပြောနဲ့"

အမျိုးသမီးက ခပ်အေးအေးပင် ဆူပူလိုက်သည်။ ထို့နောက် ချက်ချင်းပင် မျက်နှာထား နူးညံ့သွားကာ ကောင်လေးကို ဖက်၍ ချော့မော့ပြောဆိုသည်။

"လိမ္မာတယ်နော်၊ အစ်မအကြောင်း ထပ်မပြောနဲ့တော့၊ သွား... အပြင်မှာ သူငယ်ချင်းတွေနဲ့ သွားဆော့ချေ"

"ရေး"

ယွီရွေ့ကျူးက ထိုကောင်လေး စကားများကြောင့် ဝမ်းနည်းမသွားဘဲ အနည်းငယ်သာ အံ့သြမိသည်။ နာရေးအခမ်း အနားရှိ အမွှေးတိုင်များ ပူဇော်ထားရာ လားရာအတိုင်း လိုက်ကြည့်ရာ အနက်ရောင်နှင့် အဖြူရောင် ဓာတ်ပုံထဲတွင် ပြုံးလိုက်လျှင် မျက်လုံးလေးများ မှေးကျသွားတတ်သော အသားဖြူဖြူနှင့် လှပသည့် မိန်းကလေး တစ်ဦးကို မြင်လိုက်ရသည်။

'သြော်... ဒါဆို ငါ သေသွားခဲ့ပြီပဲ'

အခန်းထဲမှ တိုးညင်းသော ငိုကြွေးသံများ ထွက်ပေါ်သော် လည်း ထိုသက်လတ်ပိုင်း ဇနီးမောင်နှံ မျက်နှာပေါ်တွင် မျက်ရည်တစ်ပေါက်မှမရှိဘဲ တောင့်တင်းကာ ခံစားချက် ကင်းမဲ့နေပုံရသည်။

သို့သော် ယွီရွေ့ကျူးကမူ ယဉ်ပါးနေခဲ့ပြီဖြစ်သည်။ သူမက မိဘများနှင့် တစ်ခါမှ ရင်းနှီးကျွမ်းဝင်ခဲ့ခြင်းမရှိခဲ့ချေ။

All Chapters