အခန်း ၂၂၂
Vol. 23 Ch. 222
Chapter 222
အရှေ့ဘက်ရှိ ဆိုင်များ ပုံမှန် လည်ပတ်မှုကို မနှောင့်ယှက်စေရန် ယွီရွေ့ကျူးက သားသတ်ရုံ ဝန်ထမ်းများကို အနောက်ဘက် ခြံဝင်းထဲတွင် ငွေထုတ်ရန် တန်းစီစေပြီး အထူး မှာကြားသည်။
သူတို့ မဝံ့မရဲ တန်းစီချိန်တွင် သူမက ဝက်သားပေါင်းဆိုင်သို့ သွားကာ သူမ ငွေသေတ္တာကို ထုတ်ယူခဲ့ပြီး ယင်းယန်ကို ဘေးတွင်ခေါ်ကာ ဝန်ထမ်းတစ်ဦးချင်းစီအတွက် နာမည်နှင့် ငွေပမာဏများကို မှတ်တမ်းတင်ရန် စက္ကူနှင့် ဘောပင်ကို ယူလေသည်။
အလုပ်ရုံ ကြီးကြပ်ရေးမှူးများထံတွင် ဝန်ထမ်း ဒါဇင်ပေါင်းများစွာ တစ်ဦးချင်းစီအတွက် လစဉ် တာဝန်ပြီးမြောက်မှုနှင့် ပုတ်ပြတ် အရေအတွက် မှတ်တမ်းများ ရှိသည်။ ယွီရွေ့ကျူးက ငွေမဝေငှမီ ကြီးကြပ်ရေးမှူးများ အချက်အလက်များနှင့် မှတ်တမ်းများကို စစ်ဆေးသည်။
သူမက ငွေရေတွက်ကာ ဝေငှနေစဉ် ယင်းယန်က မှတ်တမ်းတင်ရန် တာဝန်ယူပေးသည်။
အနောက်ဖေး ခြံဝင်းထဲတွင် မီးဖိုကို ကြည့်နေသော စွန်းမော်လည်း ရောက်လာပြီး လျန်စစ်နှင့်အတူ ဝန်ထမ်းများကို စနစ်တကျ တန်းစီ၍ ငွေထုတ်ယူနိုင်ရန် ကူညီ လမ်းညွှန်ပေးလေသည်။
ဤလုပ်ငန်းစဉ် တစ်ခုလုံးမှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။
ငွေများ ဝေငှပြီးချိန်တွင် ငွေသေတ္တာမှာ တစ်ဝက်ကျော် ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပြီး မိုးလည်း ချုပ်နေပြီ ဖြစ်သည်။
ကောင်းကင်ယံတွင် ရောင်စုံတိမ်တိုက်များဖြင့် လှပနေပြီဖြစ်ကာ အေးစက်သော လေပြေကြောင့် ယွီရွေ့ကျူးမှာ ခေါင်းကိုက်လာရသည်။ သူမက ရေကို အဆက်မပြတ် သောက်ကာ အော့အန်ချင်စိတ်ကို ဖိနှိပ်ထားသည်။
အရာအားလုံး ပြီးစီးသွားပြီးနောက် ဝန်ထမ်းများမှာ ငွေများ လက်ခံရရှိပြီး ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် ထွက်ခွာသွားသည်။ ထိုအခါမှသာ ယွီရွေ့ကျူးမှာ အလုပ်ရုံ ကြီးကြပ်ရေးမှူးနှင့် လျန်စစ်ကို မေးရန် အချိန်ရတော့သည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ"
လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ သူမ နေမကောင်းဖြစ်ကာ အိမ်တွင် နှစ်ရက်ခန့် အနားယူနေခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာလိမ့်မည်ကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။
အလုပ်ရုံ ကြီးကြပ်ရေးမှူးမှာလည်း အတော်လေး တင်းမာနေပုံရပြီး အဖြေတစ်ခုရရန် ခေါင်းစားမိသည်။
"ဒီလို မဖြစ်သင့်ပါဘူး၊ ကျွန်တော်တို့က ဘယ်လိုလုပ် ရေထိုးထားတဲ့ ဝက်သားကို သုံးရမှာလဲ၊ လွန်ခဲ့တဲ့ အချိန်တိုလေးက မြို့ပေါ်မှာ တော်တော်လေး ဆူပွက်သွားခဲ့သေးတယ်
အနီးအနား ရွာတွေက လူတွေ ရေထိုးထားတဲ့ ဝက်သားတွေ ဝယ်မိတယ်လို့ တိုင်ကြားခဲ့ကြလို့လေ၊ အဲဒါကြောင့် ဆိုင်တွေ၊ စက်ရုံတွေ၊ မွေးမြူရေးခြံတွေကို တစ်ခုပြီးတစ်ခု လာရောက် စစ်ဆေးတဲ့လူတွေ အများကြီး ရောက်လာခဲ့တာ
အစပိုင်းက ကျွန်တော်တို့ အသားတွေက အဆင်ပြေပုံရပြီး သူတို့လည်း မြန်မြန်ပဲ ထွက်သွားခဲ့တယ်၊ ဒါပေမယ့် ဘာအကြောင်းကြောင့်မှန်း မသိဘူး၊ နောက်ပိုင်း စစ်ဆေးရေး အဖွဲ့တချို့ ထပ်ရောက်လာပြီး ဒီနေ့ကျတော့ စက်ရုံကို တကယ်ကြီး ပိတ်သိမ်းပစ်လိုက်တာပဲ"
လျန်စစ်က ဒေါသတကြီးဖြင့် ပြောသည်။
"သူတို့ ဘာလို့ ဒီလို လုပ်ရတာလဲ၊ သူတို့က ငါတို့အပေါ် အငြိုးရှိလို့လား၊ ဒါမှမဟုတ် ချန်ယဲ့တို့ လင်မယား ပိုက်ဆံ အများကြီး ရှာနိုင်တာကို မနာလိုဖြစ်ပြီး တမင် ပြဿနာရှာနေတာလား
လောလောဆယ်တော့ မွေးမြူရေးခြံက အဆင်ပြေသေးတယ်၊ ဒါပေမယ့် နောက်ကျရင် ဘာအကြောင်းပြချက်နဲ့များ ပိတ်သိမ်းပစ်ဦးမလဲ ဘယ်သူသိမှာလဲ..."
"ဖွဟဲ့ ဖွဟဲ့... ရှင် ဘာတွေ လျှောက်ပြောနေတာလဲ၊ ကိုယ့်ဘာသာ နိမိတ်မရှိတာတွေ မပြောစမ်းပါနဲ့"
အပြေးအလွှား ရောက်လာသော ယင်းယန်နှင့် ရှဲ့ချီတို့က စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ပြောကြသည်။
လျန်စစ် ချက်ချင်းပင် သူ့ ပါးစပ်ကို ပိတ်မိသည်။
"ငါ့အမှားပါ၊ ထပ်မပြောတော့ဘူး"
သူက တီးတိုးရေရွတ်ပြီး အမှန်ပင် စကားဆက်မပြောတော့ဘဲ ခြံဝင်းထောင့်တွင် ခေါင်းငုံ့ကာ ဆောင့်ကြောင့်ထိုင်လျက် သက်ပြင်းပြင်းပြင်း တစ်ချက်ချမိသည်။
ယွီရွေ့ကျူးက ခြံဝင်းထဲရှိ လူတိုင်း မျက်နှာအမူအရာများကို မော့ကြည့်ရာ အများစုမှာ လေးလံပြီး စိတ်ဓာတ်ကျနေသော အခြေအနေတွင် ရှိနေကြောင်း တွေ့လိုက်ရသည်။
သူမက သူတို့ကို နှစ်သိမ့်ရန် စကားအနည်းငယ် ပြောပြီးနောက် နက်ရှိုင်းသော အတွေးများထဲသို့ နစ်မြုပ်သွားသည်။
တစ်စုံတစ်ယောက်က သူတို့အပေါ် အငြိုးထားကာ မနာလိုဖြစ်ပြီး တမင် ချောက်ချခြင်းဖြစ်နိုင်သည်ဟု လျန်စစ် ပြောခဲ့သည်။ ၎င်းမှာ မဖြစ်နိုင်သောအရာတော့ မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူတို့ လင်မယားနှင့် အဆင်မပြေသူ အတော်များများ ရှိနေပြီး သူတို့ထဲမှ အများစုမှာ သူမတို့ လင်မယား အရှက်ကွဲသည်ကို မြင်ချင်နေကြသူများ ဖြစ်သည်။
ဥပမာအားဖြင့် အဒေါ် ယန်ချိုးကျွီးတို့ မိသားစု၊ ဆရာဝန်ချင်မိခင် ယွီကွေ့ရှန်နှင့် သူမတို့ လှည့်စားမှုကို ခံလိုက်ရသဖြင့် တစ်ပြားတစ်ချပ်မှ မရတော့ဘဲ အိမ်သို့ သနားစရာကောင်းလောက်အောင် လမ်းလျှောက်ပြန်ခဲ့ရသည့် ယင်ယန် ခင်ပွန်းဟောင်း စွန်းယောင်ကျူတို့ ဖြစ်သည်။
ထို့အပြင် မြို့ပေါ်တွင် သူတို့ ဈေးစရောင်းစဉ်က ပထမဆုံး ပြိုင်ဘက်များဖြစ်သည့် ကျောက်နာတို့ ဇနီးမောင်နှံလည်း ရှိသေးသည်။
မကြာခင် အချိန်တိုလေးက တာတုန်းရွာတွင် သူတို့နှင့် ဆုံခဲ့ပြီး သူမကြောင့် သူ့ရည်းစားဖြစ်သူ အတွင်းရေးမှူး သမီးနှင့် လမ်းခွဲခဲ့ရသည်ဟု သံသယဖြစ်ဖွယ် ရှိနေသော စုန့်ချင်းရှန်းလည်း ပါသေးသည်။
'ပြောရမယ်ဆိုရင်...'
ယွီရွေ့ကျူးက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီးမော့ကြည့် ချိန်တွင် သူမ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
အကယ်၍ ဤအရာများ အားလုံးက အမှန်ကို ချောက်ချမှု တစ်ခုသာ ဖြစ်ပြီး တစ်စုံတစ်ယောက်က သူတို့ကို မနှစ်မြို့သဖြင့် ဟော်ချန်ယဲ့ စက်ရုံကို ပိတ်သိမ်းသည်အထိ ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်မည်ဆိုလျှင် ကျွမ်းကျင်မှု အရည်အသွေးများရော အဆက်အသွယ်ပါ ရှိနေသူတစ်ဦးက အလွန်ပင် လွယ်ကူအဆင်ပြေနေလိမ့်မည်။
မျက်မှန်တပ်ထားပြီး ယဉ်ကျေးသိမ်မွေ့သော အမူအရာရှိသည့် စုန့်ချင်းရှန်းပုံရိပ်က ယွီရွေ့ကျူး စိတ်ထဲတွင် ပေါ်လာသည်။
ယွီရွေ့ကျူးက မူလက ရဲစခန်းသို့ သွားရောက်ကာ ဟော်ချန်ယဲ့ကို တွေ့ဆုံပြီး အသေးစိတ် အခြေအနေများကို စုံစမ်းချင်ခဲ့သော်လည်း အချိန်မတော် ဖြစ်နေပြီဖြစ်ကာ ရှင်းလင်းရမည့် ပြဿနာများကလည်း အပုံအပင် ရှိနေလေသည်။
ထို့ကြောင့် သူမက ဝက်သားပေါင်းဆိုင်၏ အနောက်ဖေး ခြံဝင်းရှိ ခုံတန်းလျားပေါ်တွင် ခေတ္တမျှ ထိုင်ပြီးနောက် လျန်စစ်နှင့်အတူ ထောင်ဟွာရွာသို့ ပြန်လာခဲ့သည်။
သူတို့ ပြန်ရောက်ချိန်တွင် အတော်လေး မိုးချုပ်နေပြီဖြစ်သော်လည်း လမ်းဘေးတွင် လူအများအပြား စုရုံးနေကြပြီး ယနေ့ ဖြစ်ပွားခဲ့သော ဟော်ချန်ယဲ့ ကိစ္စအကြောင်းကို တီးတိုး ပြောဆိုကြဆဲပင်။
ရွာထဲတွင် ဤမျှ ကြီးလေးသော ကိစ္စမျိုး ယခင်က တစ်ခါမျှ မဖြစ်ဖူးသလောက်ပင်။ ပုံမှန်အားဖြင့် အရှက်ကွဲစရာ သတင်းလေး တစ်ခုလောက်ဆိုလျှင်ပင် ရွာလုံးကျွတ် အတင်းအဖျင်း ပြောစရာ ဖြစ်သွားတတ်ရာ ဟော်ချန်ယဲ့လို နာမည်ကြီးသူ တစ်ယောက် အဖမ်းခံရခြင်းမျိုးကတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ယနေ့မွန်းလွဲပိုင်းက လျန်စစ် ပြာပြာသလဲနှင့် ယွီရွေ့ကျူးကို လာရှာပြီး နာရီဝက်ပင် မပြည့်သေးချိန်မှာတင် လူအများအပြားက ဤအကြောင်းကို စတင် ပြောဆိုနေကြပြီ ဖြစ် သည်။ ဟော်ချန်ယဲ့ အဖမ်းခံရစဉ်ကဆိုလျှင် ဝိုင်းကြည့်နေသူ အတော်များများပင် ရှိသည်။
ယခု နာရီပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင်တော့ ဤသတင်းကို ရွာတစ်ရွာလုံးနီးပါး သိရှိနေကြပြီ ဖြစ်သည်။
ယွီရွေ့ကျူး အိမ်သို့ မောင်းပြန်လာချိန်တွင် လမ်းဆုံလမ်းခွ၌ အဓိပ္ပာယ် အမျိုးမျိုး ပါဝင်နေသော အကြည့်ပေါင်းများစွာက သူမအပေါ် ကျရောက်လာသည်။
အချို့က သူမကို မနေနိုင်ဘဲ သနားသွားသည်။
"သူတို့ လက်ထပ်ထားတာ သိပ်မကြာသေးဘူးလေ၊ ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းရတော့မယ်လို့ ထင်ထားတာ၊ ချန်ယဲ့ ဒီလောက် မြန်မြန် အဖမ်းခံရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ ရွေ့ကျူးလို လှလှပပ ဇနီးသည်လေး တစ်ယောက်တည်း ဘယ်လိုများ ရှေ့ဆက် ရပ်တည်ပါ့မလဲ"
"အေးလေ၊ အဲဒီလို သေးသွယ်နုနယ်တဲ့ ခန္ဓာကိုယ်လေးနဲ့ ဘာတွေများ ဆက်ဖြစ်မလဲ မသိဘူး"
လူများစွာက သက်ပြင်းချကြသည်။
"သူ ဘာလို့ အဖမ်းခံရတာလဲဆိုတာ ငါတို့လည်း မသိဘူး၊ အသားတွေမှာ ပြဿနာရှိတယ်လို့တော့ ပြောကြတာပဲ၊ ဒါဆို ငါတို့ ချန်ယဲ့ရဲ့ သားသတ်ရုံကနေ ဝယ်စားခဲ့တဲ့ အသားတွေ အားလုံးက ပြဿနာ ရှိနေတာလား၊ ဘာတွေ ဖြစ်ကုန်တာလဲ၊ သူတို့ကို လျော်ကြေး တောင်းလို့ ရသေးလား"
"သူတို့နှစ်ယောက်က သဟဇာတ မဖြစ်ဘူး၊ ကွာရှင်းရလိမ့်မယ်လို့ ငါတို့ ပြောခဲ့သားပဲ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့ စီးပွားရေးတွေ တအားကောင်းနေတော့ ငါတို့ ထင်တာ မှားသွားပြီလို့ တွေးခဲ့သေးတာ
အခုကျတော့ သူတို့ရဲ့ ရာသီခွင်တွေ၊ ဇာတာတွေကများ တိုက်ခိုက်နေလားလို့ တွေးမိလာပြီ၊ မဟုတ်ရင် ချန်ယဲ့ရဲ့ ဝက်သားလုပ်ငန်းက နှစ်ပေါင်းများစွာ အဆင်ပြေနေခဲ့ပြီးမှ ဒီဇနီးသည်လေးနဲ့ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ သူ ထောင်ကျသွားရတာလဲ..."
"အဲဒီလိုတွေ လျှောက်မပြောနဲ့.၊ အခု ချန်ယဲ့ရဲ့ အခြေအနေက ဘယ်လိုရှိလဲ၊ သူ ပြန်ထွက်လာနိုင်ဦးမလား၊ စုံစမ်းစစ်ဆေးဖို့ ဖမ်းသွားတာလား၊ ဒါမှမဟုတ် တကယ်ပဲ ထောင်ကျသွားပြီလား၊ အတွင်းရေး သတင်း သိတဲ့သူ ရှိလား"
လူတစ်စုက အချင်းချင်း ဆွေးနွေးနေပြီး ရွာသားအချို့မှာ အသေးစိတ် အခြေအနေများကို မေးမြန်းရန် ယွီရွေ့ကျူးထံ ချဉ်းကပ်ဖို့ပင် တုံ့ဆိုင်းမိလေသည်။
မည်သို့ပင်ဆိုစေ သူ့ဇနီးဖြစ်သူ ယွီရွေ့ကျူးလောက် ဤအခြေအနေကို မည်သူကမျှ ပိုသိနိုင်မည် မဟုတ်ပေ။ ထို့အပြင် သူမက မြို့ပေါ်မှ ယခုလေးတင် ပြန်လာခဲ့ခြင်းဖြစ်ရာ အတွင်းရေး သတင်းများကို သေချာပေါက် သိထားမည်။
သို့သော်လည်း ယွီရွေ့ကျူး ပုံပန်းသဏ္ဌာန်ကို မြင်ရချိန် လူများစွာက သူတို့ အတွေးများကို ချက်ချင်းပင် လက်လျှော့လိုက်သည်။
ယွီရွေ့ကျူး မျက်နှာလေးမှာ အနည်းငယ် ဖြူရော်နေသည်။ ယနေ့ သူမ အစားသိပ်မစားရသေးဘဲ အကြိမ်ကြိမ်လည်း အန်ထားခဲ့သည်။
မြို့နှင့် ရွာကို အသွားအပြန် လုပ်ရခြင်း ဟော်ချန်ယဲ့ ပြဿနာတက်ခြင်းတို့ ပေါင်းစပ်သွားရာ သူမကို စိတ်ညစ်စေခဲ့ပြီး သူမ ပုံပန်းသဏ္ဌာန်မှာလည်း ကြည့်မကောင်းလှပေ။
ယွီရွေ့ကျူးကို ပိုပြင်းထန်သော စိတ်ဒုက္ခများ ပေးမိမည်စိုးသဖြင့် ရွာသားများအားလုံးက ချက်ချင်းပင် စိတ်ထား နူးညံ့သွားကြပြီး ဘေးနားမှ လူများကို ဆွဲဖယ်ကာ မေးခွန်းများ သွားရောက် မေးမြန်းခြင်းမှ တားဆီးသည်။
ထို့နောက် မှောင်မိုက်သော ညဉတွင် လေးလံသော သက်ပြင်း ချသံများကို ရံဖန်ရံခါ ကြားနေရသည်။
ယွီရွေ့ကျူး မည်သည့်အရာကိုမျှ သတိမထားမိပုံရဘဲ အိမ်သို့ တန်းတန်းမတ်မတ် မောင်းနှင်သွားကာ လက်ရှိ အကျပ် အတည်းကို မည်သို့ ဖြေရှင်းရမည်နည်းဟု သူမ စိတ်ထဲတွင် အပြင်းအထန် စဉ်းစားနေသည်။
သို့သော်လည်း အနီးအနားတွင်တော့ ဤအရာအားလုံးကို စောင့်ကြည့်ကာ ဝမ်းသာအားရ ရယ်မောနေသူ တစ်ဦး ရှိသည်။
ချင်စုလန် မျက်မှောင်ကြုတ်ကာ မေးသည်။
"အမေ၊ ဘာကို ရယ်နေတာလဲ"
ယွီကွေ့ရှန်မှာ အလွန်စိတ်အားထက်သန်နေပြီး မနေနိုင်ဘဲ ရယ်မိသည်။