အခန်း ၂၂၃
Vol. 23 Ch. 223
Chapter 223
"ဒီကိစ္စက အရမ်း ရယ်ရတာပဲ သမီးရဲ့၊ အမေ့အမြင်ကို ပြောရရင်တော့ ငါ့သမီး လန်လန်က ကံကောင်းတာပဲ၊ အမာရွတ်တွေနဲ့ အဲဒီ ဟော်ချန်ယဲ့ကို မရလိုက်တာ ကောင်းတယ်
အခု ယွီရွေ့ကျူးကို ကြည့်စမ်း၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ရွာထဲမှာ သူ့ထွန်စက်ကြီးနဲ့ ကြွားလုံးထုတ်နေတာ
အခုတော့ ဘာဖြစ်သွားပြီလဲ ကြည့်... သူ့လင်ကလည်း ထောင်ထဲရောက်၊ သူ့စက်ရုံလည်း ပိတ်ခံလိုက်ရပြီ"
သူမက အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီး ခေါင်းကို နောက်သို့ ပစ်ကာ ဆက်ပြောသည်။
"ပြီးခဲ့တဲ့ အချိန်တိုလေးက စားသောက်ပွဲမှာ ငါ့အပေါ် မလေးမစား လုပ်ခဲ့တဲ့ သူ့အပြစ်နဲ့ သူ တန်တာပဲ
အဲဒီ ခပ်စွာစွာ ကောင်မစုတ်လေး အခုတော့ သူ့ဘဝ ပျက်စီးသွားတဲ့ အခါးအရသာကို မြည်းစမ်းနေရပြီ မဟုတ်လား... မှတ်ရော"
ယွီကွေ့ရှန်က ချင်စုလန် လက်ကို ဆုပ်ကိုင်ရာ ယခင်က သူမ မောက်မာသော အမူအရာများ လုံးဝ ပျောက်ကွယ်သွားပြီး ဟော်ချန်ယဲ့ကို မြှူဆွယ်ရန် အသုံးပြုခဲ့သော ပုံစံမျိုး မဟုတ်တော့ပေ။ သူမ အသံတွင် မာနထောင်လွှားမှု အရိပ်အယောင်များ ပါဝင်သည်။
"သူ့ရဲ့ အဲဒီ စီးပွားရေးတွေက အနှေးနဲ့အမြန် ပျက်စီးသွားမှာပဲ၊ သမီးလေး... သူတို့နဲ့ ဝေးဝေးနေစမ်းပါ၊ ဟော်ချန်ယဲ့က သမီးကို ပြန်တွေ့နိုင်ပါဦးမလား ဆိုတာက တခြားကိစ္စတစ်ခုပဲ
ပြီးတော့ ယွီရွေ့ကျူးကို တွေ့ရင်လည်း ဂရုစိုက်မနေနဲ့၊ နောက်ကျရင် သူက ငါတို့ဆီက ပိုက်ဆံများ လာချေးမလား ဘယ်သူသိမှာလဲ"
ချင်စုလန်က အခြေအနေများ ထိုလောက်အထိ ဆိုးရွားနိုင်မည်ဟု မထင်ထားပေ။ ဟော်ချန်ယဲ့က ယခုလေးတင် အဖမ်းခံရခြင်း ဖြစ်ပြီး သူတို့ အခြေအနေကို မသိရသေးပေ။
ယွီရွေ့ကျူးနှင့် ပတ်သက်၍မူ သူမ ဝက်သားနှပ်ဆိုင်မှာ အလွန် ရောင်းကောင်းနေဆဲဖြစ်ရာ သူတို့ထံမှ ငွေလာချေးရန် အဘယ်ကြောင့် လိုအပ်မည်နည်း။
သို့သော် သူမက ထွက်ခွာသွားသော ယွီရွေ့ကျူး ကားကို တစ်ချက်ကြည့်ပြီး ယွီကွေ့ရှန် ဆွဲခေါ်ရာသို့ ခြေလှမ်းအနည်း ငယ် ယိမ်းထိုးလိုက်ပါသွားကာ အဆုံးတွင် တိတ်ဆိတ်နေတော့သည်။
ဟော်မိသားစု အိမ်ထဲတွင်တော့ အတော်လေး မှောင်မိုက်နေပြီဖြစ်ပြီး လေးလံသော တိမ်တိုက်များက ဖိဆင်းကာ အလင်းရောင်ကို ကွယ်ဝှက်ထားသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးမှာ သေမတတ် တိတ်ဆိတ်လေသည်။
ခြံဝင်းထဲရှိ ကြက်များက ရံဖန်ရံခါ တိုးတိုးလေး တွန်ကျူးပြီး တံခါးအနီးရှိ သစ်ပင်များက လေတိုက်သဖြင့် တရှဲရှဲ မြည်နေသည်မှလွဲ၍ အရာအားလုံးက တိတ်ဆိတ်လှသည်။
၎င်းမှာ အလွန် တိတ်ဆိတ်လွန်းခြင်းပင်။
၁၉၈၀ ပြည့်လွန်နှစ်များဆီသို့ ယွီရွေ့ကျူး အချိန်ခရီး မသွားမီက သူမသည် အချိန်အတော်ကြာ တစ်ယောက်တည်း နေထိုင်ခဲ့ရသည်။
ကလေးဘဝက သူမ မိဘများ လာမခေါ်ခဲ့သော နှစ်များတစ်လျှောက် သူမသည် ခြံဝင်းထဲတွင် အမြဲတမ်းတစ်ယောက်တည်း ရှိနေခဲ့သည်။
အိမ်နီးနားချင်း အဒေါ်များနှင့် ဦးလေးများက တစ်ခါတစ်ရံ လာရောက် လည်ပတ်တတ်သော်လည်း ကျန်အချိန်များတွင် သူမ တစ်ယောက်တည်း အချိန်ဖြုန်းကာ မကြောက်လန့်စေရန် ကိုယ့်ကိုယ်ကိုယ် အမြဲဖြေသိမ့်ခဲ့သည်။
အရွယ်ရောက်လာပြီး သီးခြား အလုပ်လုပ်ကိုင်ချိန်တွင်လည်း သူမက အိမ်ငှား၍ နေထိုင်သည်။
ထိုအချိန်က တစ်ယောက်တည်း နေထိုင်ရသည်မှာ ဤမျှလောက် အထီးကျန်သည်ဟု တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ ယခုအခါတွင်မူ ယွီရွေ့ကျူးမှာ အရာအားလုံးက လွန်ကဲစွာ တိတ်ဆိတ်သည်ဟု ခံစားနေသည်။
သူမက ခန်းပေါ်တွင် ကွေးကွေးလေး လဲလျောင်းနေပြီး ဗိုက်ဆာနေသော်လည်း ဘာမျှ မစားနိုင်ပေ။ အော့အန်ချင်စိတ်များက တရိပ်ရိပ် တက်လာသဖြင့် သူမ မျက်မှောင်ကြုတ်ကာ အသက်ရှူ မြန်လာသည်။
တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သူမ လက်ချောင်းများမှာ သွေးဆုတ်ကာ ဖြူရော်နေပြီ ဖြစ်သည်။ နာရီသံက သူမ နားထဲတွင် ပြည့်နှက်နေသည်။ သူမက အလိုအလျောက်ပင် အနောက်သို့ လက်လှမ်းပြီး ပြောမိသည်။
"ဟော်ချန်ယဲ့... ကျွန်မ ဗိုက်နာနေလို့၊ နည်းနည်းလောက် ပွတ်ပေးပါလား"
သို့သော် ဘာတုံ့ပြန်မှုမျှ မရှိခဲ့ပေ။ ယွီရွေ့ကျူး ထိုင်ကာ အနောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ဟာလာဟင်းလင်း ဖြစ်နေသော အခန်းကိုသာ တွေ့လိုက်ရသည်။
သူမက နှုတ်ခမ်းကို ရုတ်တရက် ဖိကိုက်မိပြီး သူမ ရင်ထဲရှိ ခံစားချက်ကို မည်သို့ ဖော်ပြရမည်မှန်းပင် မသိတော့ပေ။
ဟော်ချန်ယဲ့က သူမအတွက် အမြဲတမ်း အသင့်ရှိနေခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ ဤအဖော်ပြုပေးမှုကို သူမက သဘာဝကျကျ အကျင့်ပါနေခဲ့သည်။
ယခု ဟော်ချန်ယဲ့ မရှိတော့ချိန်တွင်မှ ဤအကျင့်အပေါ် သူမ မည်မျှအထိ မှီခိုခဲ့မိပြီလဲဆိုတာကို သိလိုက်သဖြင့် သူမ အလွန်တုန်လှုပ်သွားရသည်။
သူမက ပြန်လှဲချပြီး မျက်လုံးများကို မှိတ်ထားရာ ဗိုက်ထဲတွင် လှိုင်းထန်ဆဲပင်။ သူမ နှစ်ကြိမ်တိုင်တိုင် အန်ထားခဲ့ပြီး ဘာကိုမှ မစားချင်တော့ပေ။ စောင်လိပ်နှစ်ခုကို မှီကာ သူမ အိပ်မောကျသွားသည်။
မအိပ်ပျော်မီတွင် သူမက အလိုအလျောက်ပင် ခွေခွေလေး အိပ်ကာ ဘေးဘက်သို့ မှီရန် ပြင်သော်လည်း ဟော်ချန်ယဲ့ မရှိတော့သဖြင့် မှီစရာမရှိသလို ဖက်ထားပေးမည့်သူလည်း မရှိတော့ပေ။
အိပ်မပျော်မီ ယွီရွေ့ကျူး စိတ်ထဲတွင် အရှင်းလင်းဆုံး အတွေးတစ်ခုကို တွေးမိသည်။
'ဒီလိုတော့ မဖြစ်သေးဘူး၊ မနက်ဖြန် အမှန်တရားကို
ဖော် ထုတ်ပြီး ဟော်ချန်ယဲ့ကို မြန်မြန် ပြန်ခေါ်လာနိုင်အောင် လုပ်ရမယ်'
နောက်တစ်နေ့ နံနက်စောစောတွင် ယွီရွေ့ကျူးက ပစ္စည်းများ သိမ်းဆည်းကာ မြို့ပေါ်သို့ ကားမောင်းသွားသည်။
သို့သော် အကြောင်းတစ်ခုခုကြောင့် ရဲစခန်းက တွေ့ဆုံခွင့် မပြုဘဲ ယွီရွေ့ကျူး ပြင်ဆင်လာသော ဟော်ချန်ယဲ့အတွက် စောင်များနှင့် အစားအစာများ အားလုံးကို သိမ်းဆည်းလိုက်သည်။
သူမ မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် အသေးစိတ် အခြေအနေများကို မေးမြန်းရန် စုန့်ချင်းရှန်းထံ သွားရန် ဆုံးဖြတ်လေသည်။
ယခင်ကဆိုလျှင် စုန့်ချင်းရှန်းကသာ သူမထံ အမြဲလာရောက် တတ်ပြီး သူမကပင် သူ့ကို မထင်မှတ်ဘဲ ဝင်တိုက်မိတတ် သည်။ ယခု သူမက စုန့်ချင်းရှန်းကို တစ်ခုခု မေးချင်သော အခါ ထိုလူယုတ်မာမှာ အရိပ်အယောင်မျှပင် ရှာမတွေ့တော့ပေ။
ယွီရွေ့ကျူးက ထိုင်စောင့်မနေနိုင်တော့ဟု ဆုံးဖြတ်ပြီး သက်သေအထောက်အထားများ စတင်ရှာဖွေကာ ဟော်ချန်ယဲ့ ဝက်သားဆိုင်မှ အသားသွင်းပေးသူများထံသို့ တစ်ယောက်ပြီးတစ်ယောက် သွားရောက်ခဲ့သလို စားသောက်ဆိုင် ပိုင်ရှင်များထံသို့လည်း သွားရောက်၍ ကိစ္စအသေးစိတ်ကို အလုပ်ရှုပ်စွာ မေးမြန်းတော့သည်။
သူမ အလွန်ပင် အလုပ်များခဲ့သည်။ လျန်စစ်က မနေနိုင်ဘဲ ပြောလာသည်။
"မရီးရယ်၊ ဒီလိုတွေ လိုက်ရှာနေတာ အလကားပါပဲ၊ ဟိုဘက်မှာက ငါတို့အသားတွေကို ရေထိုးထားတယ်ဆိုတဲ့ သက်သေ ရှိနေတယ်လေ
ရေမထိုးထားတဲ့ တခြားအသားတွေကို ငါတို့ ရှာတွေ့ရင် တောင် အဖမ်းခံရတဲ့ အသားတွေမှာ ပြဿနာမရှိဘူးလို့ ဆိုလိုတာမှ မဟုတ်တာ"
ယွီရွေ့ကျူး ခေါင်းပင်မမော့ဘဲ ပြန်ပြောသည်။
"အသားတွေ အားလုံးကို တစ်သုတ်တည်းကနေ ယူလာပြီးမှ ခုတ်ထစ်ထားတာ၊ ပြဿနာရှိတယ်ဆိုရင် တစ်သုတ်လုံးမှာ ပြဿနာ ရှိနေသင့်တာပေါ့
အသားတချို့မှာပဲ ရေထိုးထားတယ်ဆိုတဲ့ အချက်က တကယ်ကို ပြဿနာ တစ်ခုခု ရှိနေတာကို ပြနေတာပဲ"
အမှန်တော့ ဟော်ချန်ယဲ့ ချောက်ချခံရခြင်း ဖြစ်ကြောင်း ယခုအခါ သူတို့ဘက်မှ လူတိုင်း သိနေကြပြီ ဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် သူတို့တွင် အဆက်အသွယ် မရှိသလို ၎င်းကို ချေပရန် သက်သေ အထောက်အထားလည်း ရှာမတွေ့ခဲ့ဘဲ တရားဥပဒေရေးရာများနှင့် ပတ်သက်၍လည်း ဘာမျှ နားမလည်ကြပေ။
ယွီရွေ့ကျူးက အသက်ပြင်းပြင်း တစ်ချက်ရှူရာ ရင်ဘတ်ထဲတွင် ပိုမို တင်းကျပ်လာသလို ခံစားရပြီး မနေနိုင်တော့ဘဲ ဘေးသို့ ပြေးသွားကာ နံရံကို မှီ၍နောက်တစ်ကြိမ် ထပ်အန်ရပြန်သည်။
အနားသို့ အပြေးအလွှား ရောက်လာသော ယွီရှားမှာ သူမ ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ အလွန် တုန်လှုပ်သွားပြီး ကျောကို အမြန် ပွတ်သပ်ပေးကာ စိုးရိမ်တကြီးဖြင့် မေးသည်။
"ဘာဖြစ်လို့လဲ ကျူးအာ၊ ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ အန်နေတာလဲ၊ နင့်ယောကျ်ားရဲ့ အခြေအနေကို ငါ ကြားတယ်
စိတ်မပူပါနဲ့၊ အခုအချိန်မှာ နင့်ကျန်းမာရေးက အရေးကြီးဆုံးပဲ၊ တခြား ဘာမှ မတွေးနဲ့တော့"
ယွီရှားက ဤကိစ္စကို သိနေလိမ့်မည်ဟု ယွီရွေ့ကျူး မမျှော် လင့်ထားခဲ့ပေ။
ယွီရှား နားဆီသို့ သတင်းရောက်လာပြီဆိုလျှင် ဤကိစ္စ ပျံ့နှံ့မှုက သူမ မျှော်လင့်ထားသည်ထက် ပိုကျယ်ပြန့်နေပြီဟု ဆိုလိုခြင်းပင်။
ယွီရွေ့ကျူး ရင်ထဲတွင် လေးလံသွားတော့သည်။
ထင်သည့်အတိုင်းပင် သူမ မော့ကြည့်လိုက်ချိန်တွင် ဟော်ချန်ယဲ့အတွက် သက်သေ ရှာဖွေပေးရန် အလုပ်များနေသဖြင့် သိပ်ဂရုမစိုက်ခဲ့သော လမ်းသွားလမ်းလာများနှင့် ဖောက် သည်များက ယခုအခါတွင် သူမ ဝက်သားနှပ်ဆိုင်ကို လက်ညှိုးထိုးကာ ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် တီးတိုး ပြောဆိုနေသည်ကို တွေ့လိုက်ရသည်။
"အရင်ကလည်း ပြဿနာ ရှိခဲ့တယ် မဟုတ်လား၊ ဈေးပေါပြီး အရည်အသွေးညံ့တဲ့ ဝက်သားတွေလေ၊ အခုကျတော့ ရေထိုးထားတဲ့ ဝက်သားတွေတဲ့
အကုန်လုံးက ဒီဆိုင်နဲ့ ဆက်စပ်နေတာလား၊ သူတို့ အသားတွေက တကယ်ပဲ သန့်ရှင်းရဲ့လား၊ ငါတော့ မစားရဲတော့ဘူး..."
"ပိတ်သိမ်းခံလိုက်ရတဲ့ သားသတ်ရုံက သူ့ယောကျ်ားပိုင်တာ မဟုတ်ဘူးလား၊ ဒီနှစ်ယောက်က မိသားစု တစ်ခုတည်းပဲ မဟုတ်လား၊ ဝက်သားပေါင်းဆိုင်က အသားတွေကို သူ့ယောကျ်ားက ပေးတာများလား"
"ဒါဆို အဲဒါကလည်း ရေထိုးထားတဲ့ ဝက်သားတွေပဲ မဟုတ်ဘူးလား၊ အထက်က လူတွေက ဒီဝက်သားပေါင်းဆိုင်ကို စစ်ဆေးပြီးပြီလား၊ ဒီဆိုင်မှာလည်း ပြဿနာတွေ ရှိနေမလား၊ ဒုက္ခပါပဲ၊ သွားရအောင်... ငါတော့ မစားရဲတော့ဘူး"
"..."
လတ်တလောတွင် ဝက်သားပေါင်းဆိုင်၌ အရောင်းအဝယ် သိပ်မကောင်းလှကြောင်း ယွီရွေ့ကျူး သိထားသော်လည်း ဤကောလဟာလများ ပျံ့နှံ့နေသည့် အမြန်နှုန်းအရဆိုလျှင် သူမ ဆိုင်မှာလည်း ပိတ်သိမ်းရမည့် အချိန်နှင့် သိပ်မဝေးတော့ကြောင်း ခန့်မှန်းမိသည်။
သူမအတွက်ဖြစ်စေ၊ ဟော်ချန်ယဲ့အတွက်ဖြစ်စေ ဤကိစ္စကို သေချာပေါက် စုံစမ်းစစ်ဆေးပြီး သူတို့ အပြစ်ကင်းစင်မှုကို သက်သေပြရမည်။
ယွီရွေ့ကျူးက နှုတ်ခမ်းကို ဖိကိုက်ပြီး သူမ စိတ်ထဲတွင် အသားကိစ္စများကိုသာ တွေးတောနေဆဲ ဖြစ်သည်။ ယွီရှားကို ပြန်ဖြေချိန်တွင် သူမ စကားပြောသံမှာ နှေးကွေးနေသည်။
"ကျွန်မ အဆင်ပြေပါတယ်၊ လတ်တလော အစားအသောက် သိပ်မစားချင်လို့ပါ၊ ချန်ယဲ့ အဖမ်းခံရတာနဲ့ ဘာမှမဆိုင်ပါဘူး၊ ဒီလို နေမကောင်းဖြစ်နေတာ နည်းနည်း ကြာနေပြီ..."
၎င်းကို ကြားသောအခါ ယွီရှားက မဝံ့မရဲဖြင့် မေးမိသည်။
"အော့အန်တယ်၊ အစားအသောက် မစားချင်ဘူးတဲ့လား၊ ကျူးအာ... နင့်ရဲ့ ရောဂါလက္ခဏာတွေက တစ်ခုခု လွဲနေသလိုပဲ၊ နင် ကိုယ်ဝန်များ ရှိနေတာလား"