← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

Chapter 224

ယွီရွေ့ကျူးက အခြေအနေကို မတုံ့ပြန်နိုင်သေးဘဲ မှ ဖြည်းဖြည်းချင်း တစ်ခုခုကို သဘောပေါက်သွားတော့သည်။

သူမက ယွီရှားကို ကမန်းကတန်း မော့ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ပြောသည်။

"အစ်မ... ကျွန်မမှာ ကိုယ်ဝန်ရှိတယ်လို့ ပြောလိုက်တာလား၊ မဖြစ်နိုင်တာ"

သူမနှင့် ဟော်ချန်ယဲ့တို့ သုံးကြိမ်သာ အတူနေခဲ့ဖူးပြီး ထိုအချိန်တွေတုန်းကလည်း ကွန်ဒုံး အသုံးပြုခဲ့သည်ဟု တွေးကာ သူမက ပြတ်ပြတ်သားသား ငြင်းဆန်ခြင်းပင်။

သို့သော် ထို့နောက်တွင် ယွီရွေ့ကျူးက ရုတ်တရက် ထူးဆန်းစွာ တိတ်ဆိတ်သွားတော့သည်။

'တစ်ခေါက်က ကွန်ဒုံးသုံးဖို့ မေ့သွားခဲ့တယ်၊ နောက်တစ်ခေါက်ကျတော့ ပေါက်သွားတယ်မလား...'

'ဒါဆို တကယ်လို့ ကိုယ်ဝန်ရှိနေမယ်ဆိုရင်တောင်... သိပ်တော့ အံ့သြစရာ မကောင်းလောက်ပါဘူးလေ'

'ဒါပေမယ့်...'

ယွီရွေ့ကျူး မနေနိုင်တော့ဘဲ မျက်နှာကို လက်ဖြင့် အုပ်မိသည်။

'မဖြစ်နိုင်တာ၊ ဟော်ချန်ယဲ့ကို ကွန်ဒုံးသုံးဖို့ ငါ ဒီလောက်တောင် အတင်းအကျပ် လုပ်ခဲ့တာတွေက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ'

'ငါ အလကား အားထုတ်ခဲ့တာပါလား၊ မယုံနိုင်စရာပဲ'

ပုံမှန်မဟုတ်သော ကိုယ်လက်မအီမသာ ဖြစ်မှုများက ကိုယ် ဝန်ရှိပြီဟု အတည်ပြုရန် မလုံလောက်သေးသော်လည်း ၎င်းမှာ အလေးအနက်ထားရမည့် ကိစ္စဖြစ်သဖြင့် ယွီရှားက ယွီရွေ့ကျူးကို မြို့နယ်ဆေးရုံသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမှုများ ပြုလုပ်စေသည်။

စစ်ဆေးနေစဉ်အတွင်း ယွီရွေ့ကျူးမှာ သူမ ခံစားချက်ကို မည်သို့ ဖော်ပြရမည်မှန်းပင် မသိတော့ပေ။ စိုးရိမ်ပူပန်မှုလား. မျှော်လင့်တောင့်တမှုလား မသိသော်လည်း နှစ်ခုစလုံးလည်း မဟုတ်လောက်ပေ။ သူမမှာ ကြောင်အမ်းအမ်းသာ ဖြစ်နေခဲ့သည်။

ဘဝနှစ်ဆက်လုံးတွင် ဤသည်မှာ သူမ ပထမဆုံး ကိုယ်ဝန် ဆောင်ခြင်းဖြစ်ရာ အလွန် ဆန်းသစ်လွန်းသော အတွေ့အ ကြုံက သူမကို မိန်းမောတွေဝေ သွားစေသည်။

ကလေးတစ်ယောက်ကို ကြိုဆိုရန် သူမ အဆင်သင့် မဖြစ်သေးပေ။ သူမနှင့် ဟော်ချန်ယဲ့တို့ အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်လောက်တော့ ကလေးယူဖြစ်ဦးမည် မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း အရာအားလုံးက ဤမျှ မြန်ဆန်စွာ ဖြစ်လာသည်။

"မင်းမှာ ကိုယ်ဝန်ရှိနေပြီ"

အသက်အရွယ်ကြီးရင့်သော ဆရာဝန်ကြီးက မျက်မှန်ကို ပင့်တင်ရင်း ပြတ်သားစွာ ပြောသည်။

၎င်းကို ကြားသောအခါ ယွီရှားက ချက်ချင်းပင် သက်ပြင်းချလာသည်။

"ငါ သိသားပဲ၊ အဲဒီ လက္ခဏာတွေက ငါသိတဲ့ တခြား အိမ် ထောင်ရှင်မလေးတွေဆီမှာ ဖြစ်တတ်တဲ့ ကိုယ်ဝန်ဆောင် အော့အန်တာမျိုးတွေနဲ့ တူနေတာကိုး၊ ကျူးအာ... နင့်မှာ တကယ် ကိုယ်ဝန်ရှိနေပြီပဲ"

ယွီရွေ့ကျူးမှာ မှင်သက်သွားရသည်။

သူမက အလိုအလျောက်ပင် လက်ကိုမြှောက်ကာ ဗိုက်လေးကို စမ်းကြည့်မိသည်။

စောလွန်းသေးသဖြင့် အပြင်ပန်းတွင် သိသာထင်ရှားသော အပြောင်းအလဲများ မရှိသေးသလို ဗိုက်ထဲတွင်လည်း ထူးခြားမှုကို သူမ မခံစားရသေးပေ။

သို့သော် ဆရာဝန်က ကိုယ်ဝန်ရှိပြီဟု ပြောသည်ဖြစ်ရာ သူမသည် ဟော်ချန်ယဲ့နှင့် သူမတို့ ရင်သွေးလေးကို လွယ်ထားရပြီဆိုသည့် သဘောပင်။

ယွီရွေ့ကျူးမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသည်။

အတိတ်က အတွေ့အကြုံများကြောင့်လားမသိ သူမက ကလေးတစ်ယောက်အတွက် သိပ်ပြီး မျှော်လင့်မနေခဲ့သလို အနည်းငယ်ပင် ငြင်းဆန်လိုစိတ် ရှိခဲ့သည်။

ဟော်ချန်ယဲ့နှင့်သာဆိုလျှင်တော့ မဆိုးပါဘူးလေဟု သူမ တွေးခဲ့ဖူးသော်လည်း ယခုအခါတွင်မူ...

သူမက ဗိုက်လေးကို ညင်သာစွာ ပွတ်သပ်လိုက်ရာ နွေးထွေးသော အတွေ့အထိကို ခံစားရပြီး ထူးဆန်းသော စိုးရိမ်ပူပန်မှုတစ်ခုက ဝင်ရောက်လာသည်။

ယွီရွေ့ကျူးကို ဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးသူ အတော်များများ ရှိလေသည်။ ဝက်သားနှပ်ဆိုင်မှာ ယခင်ကလောက် မလုပ်ရှုပ်တော့သဖြင့် အစောပိုင်းက ငှားရမ်းထားသော စားပွဲထိုးမလေး အနည်းငယ်ကိုသာ ဆိုင်စောင့်ရန် ထားခဲ့သည်။ ယင်းယန်၊ စွန်းရှို့ရှို့နှင့် လျန်စစ်တို့ အားလုံး ရောက်ရှိနေသည်။

ယွီရွေ့ကျူးတွင် တကယ် ကိုယ်ဝန်ရှိနေကြောင်း ကြားသော အခါ သူတို့ အားလုံး အလွန် ဝမ်းသာသွားကြသည်။ လျန်စစ်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောသည်။

"မရီး... ဒါ အရမ်းကောင်းတဲ့ သတင်းပဲ၊ မရီးမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကိုသာ အစ်ကိုချန်ယဲ့ သိရင် သူ အရမ်းပျော်လွန်းလို့ အိပ်တောင်ပျော်မှာ မဟုတ်ဘူး"

သူ စကားပြောပြီးသည်နှင့် တပြိုင်နက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

လျန်စစ်က ဟော်ချန်ယဲ့ လက်ရှိ အခြေအနေကို နောက်ကျမှ သတိပြုမိသွားသည်။ သူ အဖမ်းခံထားရပြီး ဤမျှ အရေး ကြီးသော အချိန်တွင် ယွီရွေ့ကျူး ဘေးနား၌ ရှိမနေနိုင်ပေ။စကားကို မည်သို့ ဆက်ရမှန်းမသိဘဲ လျန်စစ် တုံ့ဆိုင်းသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ယွီရွေ့ကျူးက ဗိုက်ကိုသာ ပွတ်သပ်နေပြီး ဘာမျှ မပြောခဲ့ပေ။ သူမ မတ်တပ်ရပ်သည်နှင့် တပြိုင်နက် သူမကို တွဲကူရန် လက်မြောက်မြားစွာက ချက်ချင်းဆန့်ထွက်လာကြပြီး သူတို့ မျက်လုံးများတွင် စိုးရိမ်မှုနှင့် တင်းမာမှုများ ပြည့်နှက်နေကာ သူမကို တစ်ခုခု ဖြစ်သွားမည်ကို အလွန် ကြောက်ရွံ့နေသည်။

ယွီရွေ့ကျူး "..."

ကိုယ်ဝန်ရှိမှန်း မသိခင်က အရာအားလုံး ပုံမှန်ရှိခဲ့သော်လည်း ယခု ကိုယ်ဝန်ရှိသည်ဟု အတည်ပြုသည်နှင့် သူမကို ရှားပါး ပန်ဒါဝက်ဝံကြီး တစ်ကောင်အလား ဆက်ဆံကြသည်။

ယွီရှားက အတန်ကြာအောင် စောင့်ကြည့်ပြီးနောက် မျက် မှောင်အနည်းငယ် ကျုံ့ကာ ယွီရွေ့ကျူးကို တွဲထူသည်။

"ကျူးအာ... အခု အခြေအနေတွေက အရေးကြီးနေတယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမယ့် နင့်ကျန်းမာရေးကလည်း အရမ်းအရေးကြီးတယ်

ဆိုင်ကိစ္စတွေနဲ့ ဟော်ချန်ယဲ့ ကိစ္စကို တခြားသူတွေကိုသာ စီစဉ်ခိုင်းလိုက်ပါ၊ အခုအချိန်မှာ နင့်ကျန်းမာရေးက အရေးကြီးဆုံးပဲ"

"အခု ဟော်ချန်ယဲ့ကလည်း မရှိ၊ နင့်မှာလည်း ကိုယ်ဝန်ရှိနေပြီဆိုတော့ ထောင်ဟွာရွာက အိမ်မှာ နင်တစ်ယောက်တည်း နေရမှာကို ငါ စိတ်ပူတယ်

ငါ နှစ်စဉ်ခွင့်ယူပြီး နင့်ကို လာပြုစုပေးမယ်၊ အရင်က ငါ့မရီးကိုလည်း ပြုစုပေးဖူးတယ် ကျူးအာ... နင့်ကို ကျန်းမာပြီး ဝဖြိုးလာအောင် ငါ ပြုစုပေးပါ့မယ်လို့ ကတိပေးတယ်"

သူမက ယွီရွေ့ကျူး လက်ကိုပုတ်ကာ ပြောသည်။

ယွီရွေ့ကျူး ငြင်းဆန်ချင်ခဲ့သော်လည်း ပုံမှန်ဆို နူးညံ့တတ်သော ယွီရှားမှာ ယခုအခါ ပုံမှန်မဟုတ်ဘဲ အလွန်အလေးအနက်ဖြစ်နေသဖြင့် သူမ ငြင်းမထွက်တော့ဘဲ လောလော ဆယ် သဘောတူလိုက်ရတော့သည်။

All Chapters