← Chapters

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း ၂၂၅

Vol. 23 Ch. 225

Chapter 225

မည်သို့ပင်ဆိုစေကာမူ စိုးရိမ်ပူပန်လွန်းပါက ကလေးကို ထိခိုက်မည်စိုးသဖြင့် ယွီရှားက သူမကို ဟော်ချန်ယဲ့ သို့မဟုတ် ဆိုင်အတွက် သိပ်ပြီး စိတ်မပူစေချင်ပေ။

သို့သော် ထင်ရှားစွာပင် မဖြစ်နိုင်သော ကိစ္စတစ်ခု ဖြစ်သည်။

ဆေးရုံတွင် စစ်ဆေးပြီးနောက် အန္တရာယ် များလွန်းသဖြင့် ယွီရှားက ယွီရွေ့ကျူးကို ထွန်စက် ဆက်မောင်းခွင့် မပြုတော့ပေ။ ထို့ကြောင့် သူမက လျန်စစ်ကို ထွန်စက်မောင်းသင်ခိုင်းသည်။

သူတို့က ယွီရွေ့ကျူးကို အိမ်ပြန်နားစေရန် စီစဉ်ပေးပြီး သူမတို့ကိုယ်တိုင်မူ ထိုသတင်းကို ယွီမိဘများအား ပြောပြရန် တာတုန်းရွာသို့ ပြန်ရန် ပြင်ကြသည်။

ကိုယ်ဝန်ရှိခြင်းက အလွန် ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်သည်မှာ ထင်ရှားလှသည်။

ယွီရွေ့ကျူးမှာ နေလို့မကောင်းသဖြင့် ထွန်စက် အနောက်ခန်းတွင် မှီကာ မျက်လုံးများကို မှိတ်ထားပြီး အခင်းပေါ်တွင် ခေါင်းငုံ့ထိုင်လျက် အော့အန်ချင်စိတ်ကို ဖိနှိပ်ရန် အသက်ကို မှန်မှန် ရှူနေရသည်။

သူမတွင် ခွန်အားအနည်းငယ်သာ ရှိတော့ပြီး ဟော်ချန်ယဲ့မှလွဲ၍ အခြား မည်သည့်အရာကိုမျှ စိတ်မဝင်စားတော့ပေ။

ယွီရှား ဘာပြောသည်ကိုပင် သေချာနားမထောင်နိုင်တော့ဘဲ ဖြစ်ကတတ်ဆန်းသာ တုံ့ပြန်ပြီး မျက်လုံးများ မှိတ်လျက် တိတ်ဆိတ်နေသည်။

သူမ ခန္ဓာကိုယ်မှ မခံမရပ်နိုင်အောင် တုံ့ပြန်လာမည်ကို စိုးရိမ်သဖြင့် လျန်စစ်က ထွန်စက်ကို တတ်နိုင်သမျှ အနှေးဆုံး မောင်းနှင်သည်။

မြေသားလမ်းပေါ်တွင် ထွန်စက်က တုန်ခါယိမ်းထိုးသဖြင့် နဂိုကမှ နေမကောင်းဖြစ်သော ယွီရွေ့ကျူးမှာ ပို၍ပင် အော့အန်ချင်လာသည်။

သူမ ထွန်စက်ဘေးကို မှီကာ အန်ချသော်လည်းလတ်တလော တွင် အစားသိပ်မစားထားသဖြင့် အစာဟောင်း အရည်များသာ ထွက်လာပြီး အခြား ဘာမျှ မပါလာခဲ့ပေ။ သို့သော် သူမကိုယ်တိုင်ကတော့ ပိုနေရထိုင်ရ ခက်မိသည်။

ထိုသို့ မူးဝေချိန်တွင် ဖမ်းဆီးခေါ်ဆောင်ခံရပြီး လက်ရှိ အခြေအနေ မည်သို့ရှိနေမှန်း မသိရသော ဟော်ချန်ယဲ့ကို ယွီရွေ့ကျူး ဝေဝါးစွာ သတိရမိသည်။

'အခု သူ ဘယ်မှာ နေနေရလဲ၊ သူ စားဖို့ရော ရှိရဲ့လား၊ နှုတ် ဆက်စကားတောင် မပြောနိုင်ဘဲ သူ ဖမ်းခေါ်ခံလိုက်ရတာ၊ သူကော ကိုယ့်ကို စိတ်ပူနေမလား'

'အဲဒီမှာ သူ အနိုင်ကျင့်ခံနေရမလား၊ သူ့ရဲ့ လက်ရှိ အခြေအ နေကို သူ သိရဲ့လား၊ သူ ငါ့ကို လွမ်းနေမလား'

'ငါမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သူ သိရင် ဘယ်လိုများ တုံ့ပြန်မလဲ'

စူးရှပြီး ရိုင်းစိုင်းသော အသွင်အပြင်ရှိသည့် ဟော်ချန်ယဲ့ ဂျုံရောင် မျက်နှာနှင့် နက်မှောင်တောက်ပသော မျက်လုံးများက သူမစိတ်ထဲတွင် ပေါ်လာသည်။

သူက သူမကို အမြဲတမ်း နူးညံ့ကြင်နာစွာ ကြည့်တတ်သည် မဟုတ်ပါလား။

'သူလည်း ပျော်မှာ သေချာတယ်'

ယွီရွေ့ကျူးက ကားနောက်ခန်းကို မှီကာ မျက်လုံးများကို မှိတ်ထားပြီး သူမ နှုတ်ခမ်းထက်တွင် အပြုံးယောင်လေး သန်းတော့သည်။

...

ယွီရှား တာတုန်းရွာမှ လျင်မြန်စွာ ပြန်လာပြီး သူမ ပြောခဲ့သည့်အတိုင်း ရိုးရှင်းသော အထုပ်တစ်ထုပ်ကို သယ်ပိုးလျက် ယွီရွေ့ကျူး အိမ်သို့ အမြန်ရောက်ရှိလာသည်။

သူမနှင့် ဟော်ချန်ယဲ့တို့ အိမ်မှာ ပြုပြင်မွမ်းမံထားခြင်း မရှိသေးဘဲ ယခင်လို ဟောင်းနွမ်းပျက်စီးသော အိမ်ငယ်လေးအတိုင်းသာ ဖြစ်သည်။ ယွီရွေ့ကျူးကတော့ ယဉ်ပါးနေပြီဖြစ်သော်လည်း ယွီရှားမှာ အနည်းငယ် အံ့သြမိသွားသည်။

ဤသည်မှာ ထောင်ဟွာရွာသို့ သူမ ပထမဆုံး အကြိမ် ရောက်ရှိခြင်းဖြစ်ပြီး ညီမဖြစ်သူ အိမ်သစ်ပတ်ဝန်းကျင် အစစ်အ မှန်ကိုလည်း ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

သူမ ညီမနှင့် မတ်ဖြစ်သူတို့မှာ ယခု ငွေများ ရှာနိုင်နေပြီဖြစ်ရာ ခမ်းနားသော အိမ်ကြီးတစ်လုံး ဆောက်ထားမည်ဟု ထင်မှတ်ထားခဲ့သော်လည်း တာတုန်းရွာရှိ သူတို့ အိမ်ဟောင်းလေးနှင့်သာ တူသည်။

သူမ ခေါင်းယမ်းပြီး ဤလင်မယားမှာ ငွေကိုတကယ် ခြိုးခြံချွေတာစွာ သုံးစွဲကြသည်ဟုသာ တွေးကာ အထုပ်အပိုးများကိုချထားပြီး ယွီရွေ့ကျူးကို စတင် ပြုစုစောင့်ရှောက်တော့ သည်။

သူမက ထမင်းချက်ပေးခြင်း၊ ဖက်ထုပ်နှင့် ပေါက်စီများ လုပ်ပေးခြင်း၊ ရေချိုးရန် ရေနွေးတည်ပေးခြင်း၊ ကိုယ်ဝန်တည်မြဲစေရန် ဆေးသွားယူပေးခြင်းနှင့် နေ့စဉ် ကြက်ပေါင်းရည် ချက်ကျွေးခြင်းတို့ကို ပြုလုပ်ပေးသည်။

ယွီရွေ့ကျူး အိမ်တွင် တစ်ယောက်တည်း ရှိစဉ်က ဟော်ချန်ယဲ့ မရှိသဖြင့် အိမ်ကြီးက ဟာလာဟင်းလင်းနှင့် မှောင်မိုက်သလို ခံစားခဲ့ရပြီး ဘာမျှမစားနိုင်ဘဲ ညသန်းခေါင်ယံတွင် အမြဲလိုလို စိုးရိမ်ပူပန်ခဲ့ရသည်။

ယခု ယွီရှား ရောက်လာနေပြီဖြစ်ရာ ညဘက်တွင် ညီအစ်မ နှစ်ယောက် အတူတကွ လဲလျောင်းပြီး အစ်မဖြစ်သူ ယွီရှားက သူမ စိတ်ခံစားချက်များကို ပြေလျော့စေရန် ပုံပြင်လေးများ ဂရုတစိုက် ပြောပြပေးသည်။

အိမ်ထဲတွင် နောက်ထပ် လူတစ်ယောက် ရှိနေသဖြင့် ပို၍ အသက်ဝင် ဆူညံလာကာ ယွီရွေ့ကျူး အထီးကျန် စိတ်ခံစားချက်များလည်း များစွာသက်သာသွားခဲ့သည်။

တတိယမြောက်နေ့ ရောက်သည်အထိ ယွီရွေ့ကျူးမှာ မြို့ပေါ်တွင် သက်သေအထောက်အထားများ ရှာဖွေရန်အလုပ် များနေဆဲဖြစ်ပြီး မွေးမြူရေးဌာန ဝင်ပေါက်တွင် စုန့်ချင်းရှန်းကို စောင့်ဆိုင်းရင်း ညနေဘက်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် အိမ်ပြန်လာသည်။

ယွီရှားက သူမ ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ နှုတ်ခမ်းကို ဖိကိုက်ကာ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ မဝံ့မရဲဖြင့် သူမအနီးသို့ ချဉ်းကပ်လာသည်။

ယွီရွေ့ကျူးမှာ ဆန်ပြုတ် သောက်နေသော်လည်း အစားအ သောက် သိပ်မစားချင်ပေ။ သူမက ဆန်ပြုတ် တစ်ဇွန်းကို ခပ်ကာ နှုတ်ခမ်းနားသို့ တေ့ပြီး အချိန်အတော်ကြာမှ ဖြည်းဖြည်းချင်း သောက်သည်။

ဆန်ပြုတ် တစ်ပန်းကန် ကုန်ရန် အချိန်အတော်ကြာ ယူရပြီး ညသန်းခေါင်တွင် အကုန်ပြန်အန်ထွက်မည့် အခွင့်အရေးကလည်း အတော်လေးများသည်။ ကိုယ်ဝန်ဆောင်ရသည်မှာ ပင်ပန်းခက်ခဲလှသည်။

"ကျူးအာ... နင် နေလို့မကောင်းဘူးလား"

ယွီရှားက လက်လှမ်းကာ သူမ နဖူးပေါ်ရှိ ဆံပင်များကို ညင်သာစွာ သပ်တင်ပေးပြီး နူးညံ့သော မျက်လုံးများဖြင့် ကြည့်ကာ မျက်မှောင်အနည်းငယ် ကျုံ့မိသည်။

"လူတိုင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူကြဘူးလေ၊ အရင်က ငါ ကိုယ်ဝန်ဆောင်တုန်းက သိပ်ပြီး ထူးထူးခြားခြား မဖြစ်ခဲ့ဘူး၊ နင် ဒီလောက်တောင် နေရထိုင်ရ ခက်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး ကျူးအာရယ်"

"နင် အဲဒီအကြောင်း မတွေးမိဘူးလား ကျူးအာ..."

သူမက တစ်ခုခုကို ပြောချင်နေပုံရသော်လည်း စကားမဆုံးမီတွင် အပြင်ဘက်မှ ရုတ်တရက် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

တံခါးခေါက်သံ အနည်းငယ် ကြားပြီးနောက် တစ်စုံတစ် ယောက် ခြံဝင်းထဲသို့ ဝင်လာပုံရသည်။

ယွီရွေ့ကျူး ပြတင်းပေါက်ကို မော့ကြည့်ရာ ခြံဝင်းထဲရှိ လူများကို မြင်လိုက်ချိန် ချက်ချင်းပင် အံ့အားသင့်သွားတော့သည်။ သူတို့ လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူတို့မှာ သူမ မိဘများ ဖြစ်နေသည်။

သူတို့သည်လည်း ထောင်ဟွာရွာသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး အထုပ်ကြီး အထုပ်ငယ်များကို သယ် ဆောင်လာခဲ့သည်။

ခြံတံခါးကို တွန်းဖွင့်ကာ ဝင်လာချိန်တွင် သူတို့ အနည်းငယ် မသေမချာ ဖြစ်နေသေးသော်လည်း ယွီရှား ထွက်ကြိုသည်ကို မြင်သောအခါ စိတ်အေးသွားကြသည်။

သူတို့နှစ်ဦး ဘယ်လို လာခဲ့ရသလဲ မသိ၊ နဖူးများတွင် ချွေးများ ဖုံးလွှမ်းနေသည်။

ယွီမားမားက အိမ်ထဲသို့ ဝင်လာပြီး ခန်းပေါ်တွင် ထိုင်ကာ စားသောက်နေသော ယွီရွေ့ကျူးကို မြင်သောအခါ အထုပ်အပိုးများကို ချက်ချင်း ချထားလိုက်ပြီး သူမ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။

သူတို့ သမီးလေး ကံကောင်းသည်ဟု ထင်မှတ်ထားခဲ့ကြသည်။ အိမ်ထောင်ကျခြင်းမှာ မတော်တဆ ဖြစ်သော်လည်း သူမ ဘဝကို သင့်တင့်လျောက်ပတ်စွာ ဖြတ်သန်းရပြီး ခင်ပွန်းဖြစ်သူကလည်း အလွန်ဂရုစိုက်တတ်သည်။

သို့သော် မထင်မှတ်ထားဘဲ သိပ်မကြာခင်မှာပင် ဟော်ချန်ယဲ့ အဖမ်းခံရပြီး စက်ရုံပိတ်သိမ်းခံရကာ ကြီးမားသော ဒဏ်ကြေးများနှင့် ပြစ်မှုဆိုင်ရာ စွဲချက်များကို ရင်ဆိုင်ရသည်။

သားသတ်ရုံ ပိုင်ဆိုင်မှုများ အားလုံးလည်း ထိန်းချုပ်ခံရမည် ဖြစ်သည်။ ထိုအချိန်လေးမှာမှ ယွီရွေ့ကျူးတွင် ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရသည်။

ယွီမားမား ရှေ့သို့ တက်လာပြီး မျက်လုံးများတွင် မျက် ရည်များ ဝဲတက်လျက်ပြောသည်။

"ဘာလို့များ ဒီအချိန်မှ ကိုယ်ဝန်လာရှိရတာလဲ ကျူးအာရယ်၊ ဒီကလေးက အဆိုးရွားဆုံး အချိန်မှာမှ ရောက်လာတာပဲ"

"ကျူးအာ... ညည်း ဖျက်ချလိုက်တာ ပိုကောင်းမယ်ထင်တယ်"

သူမ စကားများက အခန်းတစ်ခုလုံးကို တုန်လှုပ်ချောက်ချား သွားစေသည်။

ယွီမားမား တုံ့ဆိုင်းနေပြီး မျက်ရည်များကို သုတ်ကာ သူမကို နားချရန် ကြိုးစားလေသည်။

"ကျူးအာ... ညည်းက ငယ်ပါသေးတယ်၊ ညည်းဘဝ တစ် သက်လုံး ဆွဲချခံရအောင် အဖြစ်မခံနိုင်ဘူးလေ၊ ဒီတစ်ခါတော့ ချန်ယဲ့ တကယ်ကို ဒုက္ခရောက်နေပြီ၊ ညည်း တစ်ယောက်တည်း ကလေးကို ပြုစုပျိုးထောင်ပြီး ဆင်းရဲဒုက္ခ မခံနိုင်ပါဘူး"

"ဒီစကားတွေက ရိုင်းတယ်ဆိုပေမယ့် ငါက ညည်းအမေလေ၊ ညည်းရဲ့ အနာဂတ်အတွက် ငါ မတွေးပေးဘဲ မနေနိုင်ဘူး ကျူးအာ... အခု ညည်းက ကလေးကို ဖျက်ချပြီး ချန်ယဲ့နဲ့ ကွာရှင်းလိုက်ရင် ညည်းရဲ့ ဝက်သားနှပ်ဆိုင်လည်း ထိခိုက်မှာ မဟုတ်သလို ညည်းလည်း ဘဝကို ကောင်းကောင်း ဆက်နေလို့ရမှာပေါ့၊

ဒါပေမယ့် ညည်းက ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဘယ်သူသိမှာလဲ... ကျူးအာ၊ အမေ တစ်ယောက်အနေနဲ့ ငါ့ရင်တွေ နာရပါတယ်"

ယွီပါးပါးကတော့ ခန်းပေါ်တွင် ထိုင်ကာ ဆေးလိပ်ကို တိတ်ဆိတ်စွာ သောက်လျက် ဘာမျှ ဝင်မပြောပေ။ ယွီမားမား စကားပြောပြီးနောက် သူက ဖြည်းညှင်းစွာ စတင် ပြောဆိုသည်။

"ဟို စုန့်မိသားစုက ကောင်လေး စုန့်ချင်းရှန်းလေ၊ လတ်တ လော မင်းကြောင့် အတွင်းရေးမှူးရဲ့ သမီးနဲ့ သဘောထားကွဲလွဲနေတယ်လို့ ငါ ကြားတယ်

အဲဒါက သူ မင်းကို ဂရုစိုက်သေးတယ်ဆိုတဲ့ သဘောပဲ၊ မင်း သူ့ကို အကူအညီ တောင်းလို့ရနိုင်တယ်၊ အခု မင်း ကြိုတင်ပြင်ဆင်ပြီး ချန်ယဲ့နဲ့သာ ကွာရှင်းလိုက်ရင် မင်းတို့ ပြန်ပေါင်း ထုပ်လို့ ရ..."

ယွီပါးပါ စကားပင် မဆုံးလိုက်မီ အခန်းထဲတွင် ပြတ်သားသော ခွပ်ဟူသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ယွီရွေ့ကျူး သူမတူများကို ချထားပြီး လှပသော မျက်နှာလေးက အေးစက်နေသည်။

"အခုလို အချိန်မှာ ဟော်ချန်ယဲ့ကို စွန့်ပစ်ဖို့ ရှင်တို့က ပြောနေတာလား၊ ပြီးတော့ ဟိုလူယုတ်မာ စုန့်ချင်းရှန်းကိုတောင် သွားတောင်းပန်ရမယ် ဟုတ်လား

ရေထိုးထားတဲ့ ဝက်သားကိစ္စ ကောလဟာလတွေက သူ့လက်ချက်တောင် ဖြစ်နိုင်သေးတယ်၊ ကျွန်မကို သူ့ရှေ့မှာ ဒူးထောက်စေချင်တာလား၊ လုံးဝ မဖြစ်နိုင်ဘူး"

All Chapters