အခန်း ၂၃၂
Vol. 24 Ch. 232
Chapter 232
'ကလေး... ငါတို့နှစ်ယောက်ရဲ့ သွေးသားလေးလား'
အချိန်ကြာမြင့်စွာ အသားတွများ၊ အရိုးများကို ခုတ်ထစ်ပိုင်းဖြတ်နေခဲ့သည့်တိုင် တုန်လှုပ်ခြင်းအလျင်းမရှိတတ်သော ဟော်ချန်ယဲ့ လက်ဖဝါးကြမ်းကြီးများသည် ယခုအချိန်တွင်မူ သိသိသာသာ တုန်ရီနေသည်။
သူ့ နက်မှောင်သော မျက်ဝန်းအိမ်များပင် တစ်ခဏတာမျှ အသက်မဲ့ရပ်တန့်သွားသယောင်ပင်။
အခြေအနေကို အပြည့်အဝ နားမလည်နိုင်မီမှာပင် ယွီရွေ့ကျူးက သူ့လက်ဖဝါးကို ဆွဲယူကာ သူမ ဝမ်းဗိုက်ကလေးပေါ်သို့ ဖွဖွလေးတင်ပေးလိုက်သည်။
ထိုအခါ ဟော်ချန်ယဲ့ လက်များကလည်း မသိစိတ် စေစားမှုအရ ထိုနေရာလေးကို ညင်သာစွာ စမ်းသပ်မိလျက်သား ဖြစ်သွားသည်။
နွေးထွေးသော အတွေ့အထိနှင့်အတူ သိမ်မွေ့လှသော တုန်ခါမှုလေးတစ်ခုက သူ့ လက်ဖဝါးပြင်ဆီသို့ ကူးစက်လာခဲ့ရာ ဟော်ချန်ယဲ့မှာ အနည်းငယ် လန့်ဖြတ်သွားသလို ခံစားမိသည်။
သူ လက်ကို အမြန်ရုပ်ပြီးနောက် ယွီရွေ့ကျူး၏ ဝမ်းဗိုက်လေးကို စူးစိုက်ကြည့်ရင်း အသက်ရှူသံများ မြန်ဆန်လာသည်။
"ရွေ့ကျူး... ဒီမှာ"
'တကယ်ပဲ ငါတို့ရဲ့ ကလေးလေးလား... လှုပ်နေတယ်၊ ဒီမှာ သက်ရှိလေးတစ်ခု ရှိနေတာပဲ'
ယွီရွေ့ကျူး ခေါင်းညိတ်ပြပြီးနောက် မျက်နှာကိုတည်ထားကာ တမင်သက်သက် စကားလမ်းကြောင်း လွှဲသည်။
"ဟုတ်တယ်၊ ကျွတ်မတို့ရဲ့ ကလေးလေးလေ၊ ဘာလဲ၊ ရှင်က မလိုချင်လို့လား၊ ဒါဆိုရင်လည်း ဖျက်ချလိုက်တော့မယ်လေ"
ရုတ်တရက် ကျရောက်လာသော အလွန်အမင်း ဝမ်းသာပီတိဖြစ်မှုကြောင့် ဟော်ချန်ယဲ့ခမျာ ဘာပြောရမှန်းပင် မသိတော့ချေ။ သူ့ တုံ့ပြန်မှုများပင် အနည်းငယ် နှေးကွေးနေသည်။
ယွီရွေ့ကျူး စကားကို ကြားလိုက်ရသောအခါတွင်မူ သူကအလန့်တကြားဖြင့် သူမလက်မောင်းကို ဆတ်နဲ လှမ်းဆွဲမိသည်။
သူ့ မျက်နှာပေါ်တွင် စိုးရိမ်တကြီး တောင်းပန်တိုးလျှိုးနေသည့် အရိပ်အယောင်များ အထင်းသားပေါ်လွင်နေသော် လည်း အလွန်အမင်း စိုးရိမ်ထိတ်လန့်နေမှုကြောင့် စကားလုံးများက အပြင်သို့ ထွက်မလာတော့ဘဲ ထစ်ငေါ့စွာပင် ပြောနိုင်သည်။
"မ... မလုပ်ပါနဲ့"
ထိုအခါမှသာ ယွီရွေ့ကျူးလည်း ဟန်မဆောင်နိုင်တော့ဘဲ အသံထွက်ကာ ရယ်မောမိတော့သည်။
သူမ ကြည်နူးနေသော စိတ်အခြေအနေကို ခံစားမိသွားမှ ဟော်ချန်ယဲ့လည်း တဖြည်းဖြည်း စိတ်အေးသွားပြီးနောက် ယွီရွေ့ကျူးကို အနီးရှိ ခုံတန်းလေးပေါ်သို့ ဂရုတစိုက် ထိုင်စေသည်။
သူက ယွီရွေ့ကျူးကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ဖက်ထားသည်။ သူ့ နူးညံ့သော ဆံနွယ်စများက သူမ လည်တိုင်ကို ဖွဖွလေး လာရောက်ထိခတ်ပြီး ပူနွေးသော အသက်ရှူငွေ့များက သူမ အရေပြားပေါ်သို့ ကျရောက်နေသည်။
သူ့ နွေးထွေးသော လက်ဖဝါးပြင်ကမူ သူမ ဝမ်းဗိုက်ကလေးကို အလွန်တရာ မြတ်နိုးယုယစွာဖြင့် ပွတ်သပ်ပေးခဲ့သည်။
ဟော်ချန်ယဲ့က သူမကို တင်းကျပ်စွာ ဖက်တွယ်ထားရင်း လည်တိုင်ဆီမှ သူမ ကိုယ်သင်းနံ့လေးကို တရှိုက်မက်မက် ရှူရှိုက်သည်။ ထို့နောက် ချိုမြိန်သော လေသံတိုးတိုးလေးဖြင့် မေးသည်။
"ရွေ့ကျူး... မင်း ပိန်သွားတယ်နော်၊ ဒီရက်ပိုင်းတွေအတွင်း အများကြီး ပင်ပန်းခဲ့ရပြီလား၊ မင်းမှာ ကိုယ်ဝန်ရှိနေလိမ့်မယ်လို့ ကိုယ် တစ်ခါမှ မတွေးမိခဲ့ဘူး
ကိုယ်ထင်တာက... ထားပါတော့လေ၊ ဘာပဲဖြစ်ဖြစ် မင်း အများကြီး ဒုက္ခရောက်ခဲ့ရမှာပဲ၊ ကိုယ့်အတွက် စိတ်ပူနေရတဲ့ကြားထဲ အခု ကိုယ်ဝန်ကြီးနဲ့ဆိုတော့ မင်း ကောင်းကောင်းရော အိပ်ပျော် စားဝင်ရဲ့လား"
ယွီရွေ့ကျူးမှာ ရင်ထဲ ယားကျိကျိ ဖြစ်သွားရသည်။ သူမက မျက်လုံးလေးကို မှေးကာ ခေါင်းကို နောက်သို့ အနည်းငယ် ဆုတ်ပြီး သူမ လည်တိုင်ပေါ်တွင် မှီတင်ထားသော ဟော်ချန်ယဲ့ ခေါင်းကို လှမ်းပွတ်သည်။
"အဆင်ပြေပါတယ်၊ အစ်မကလည်း သေချာ ဂရုစိုက်ပေးသလို ဆိုင်ကလူတွေနဲ့ စက်ရုံက လူတွေကလည်း အများကြီး ကူညီပေးကြတယ်၊ ဒီနေ့ စုန့်ချင်းရှန်းကို ဖမ်းမိတာကလည်း လူတိုင်းရဲ့ အကူအညီကြောင့်ပါပဲ"
"စုန့်ချင်းရှန်း ဟုတ်လား"
ဟော်ချန်ယဲ့က ခေါင်းကို အနည်းငယ် မော့ကာ မေးသည်။
"အင်း"
ယွီရွေ့ကျူးက စုန့်ချင်းရှန်းအကြောင်းကို အကျဉ်းချုပ် ပြောပြပြီး ထိုညက သူ့ကို အိုးမည်းသုတ်ထားသော လိပ်တစ်ကောင်လို မည်သို့မည်ပုံ ပိတ်လှောင်ဖမ်းဆီးခဲ့ပုံများကိုပါ ရှင်းပြသည်။
ဤအကြောင်းများကို ကြားရသောအခါ ဟော်ချန်ယဲ့မှာ နောက်ဆက်တွဲ စိုးရိမ်စိတ်များ ဝင်ရောက်လာပြီး သူမ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"အကယ်၍ သူ့လူတွေသာ အပြင်မှာ စောင့်နေခဲ့တာတို့ သူက ရုတ်တရက် အတင်းရုန်းကန်ပြီး တစ်ခုခုနဲ့ ရိုက်နှက်လိုက်လို့ မင်း ထိခိုက်ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ၊ ဒီည မင်း အရမ်းကြောက်နေခဲ့ရလား"
သူက သူကိုယ်တိုင် ထောင်ထဲမှ ထွက်လာနိုင်ခြင်း ရှိမရှိထက် သူမ ခံစားချက်များကိုသာ ပိုဂရုစိုက်နေကြောင်း မြင်လိုက်သဖြင့် ယွီရွေ့ကျူးလည်း မနေနိုင်တော့ဘဲ သူ့ ခေါင်းလေးကို အသာအယာ မှီကာ တိုးဝှေ့မိသည်။
"ကျွန်မ အဆင်ပြေပါတယ်၊ မစိုးရိမ်ပါနဲ့"
ထို့နောက် သူမက ဟော်ချန်ယဲ့ ပါးပြင်ကို ညင်သာစွာ နမ်းရှိုက်ပြီး အလှပဆုံး မျက်ဝန်းအစုံဖြင့် သူ့ကို စိုက်ကြည့် သည်။ ထိုမျက်ဝန်းများထဲတွင် ပေါ့ပါးရွှင်လန်းသော အပြုံးရိပ်များက တလက်လက် တောက်ပနေသည်။
"ဟော်ချန်ယဲ့၊ မနက်ဖြန်ကျရင် ရှင် အိမ်ပြန်လာဖို့ ကျွန်မ လာကြိုမယ်နော်"
ထိုအခိုက် ဟော်ချန်ယဲ့ အသက်ရှူသံများက ချက်ချင်းဆိုသလို မြန်ဆန်လာတော့သည်။
သူက ယွီရွေ့ကျူး နှုတ်ခမ်းလွှာများကို စူးစိုက်ကြည့်မိသည်။ ရက်ပေါင်းများစွာ ခွဲခွာနေခဲ့ရသဖြင့် သူမအပေါ် အလွန်အမင်း လွမ်းဆွတ်တောင့်တနေခဲ့ရသော သူ့ စိတ်အစဉ်သည် သူမ၏ ရိုးရှင်းလှသော အနမ်းတစ်ပွင့်ကြောင့် ကျရှုံးခဲ့ရသည်။
သူ့ ကြီးမားသော လက်ဝါးကြီးက ယွီရွေ့ကျူး နောက်စေ့ကို ဆုပ်ကိုင်ပြီးနောက် သူ့ အေးစက်စက် နှုတ်ခမ်းပါးများက သူမ နှုတ်ခမ်းလွှာများထံသို့ အလျင်အမြန် ကျရောက်လာကာ အကြင်နာမိုးများ ရွာသွန်းဖြိုးတော့သည်။
ရမ္မက်ပြင်းပြသော ထိုအနမ်းများက ရိုင်းစိုင်းကြမ်းတမ်းလွန်းလှသည်။ သူက သူမကို အသက်ရှူမဝတော့သည့် အချိန်ရောက်မှသာ နှမြောတသစွာဖြင့် လွှတ်ပေးလေသည်။
ဤအချိန်တွင် ဟော်ချန်ယဲ့ မျက်ဝန်းအိမ်များက နက်မှောင်ပြင်းပြနေခဲ့ပြီ ဖြစ်သည်။ သူက နှုတ်ခမ်းကို သပ်ကာ အသက်ပြင်းပြင်း ရှူသွင်းသည်။
သူ့ လည်စေ့က အထက်အောက် လှုပ်ရှားသွားပြီး အလွန်အ မင်း ဆာလောင်မွတ်သိပ်နေသော လိုလားတောင့်တမှုတို့ကို အစွမ်းကုန် ဖိနှိပ်ထိန်းချုပ်ထားရသည်။ ယွီရွေ့ကျူး နီရဲနေသော နှုတ်ခမ်းများကို ကြည့်ရင်း သူက အက်ရှရှ အသံဖြင့် ပြောသည်။
"အင်းပါ"
"ကိုယ် စောင့်နေမယ် ရွေ့ကျူး၊ မနက်ဖြန် ကိုယ့်ကို လာကြိုပါ"
---- --- ----
ထိုညက လူတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။ လျန်စစ်နှင့် ရှဲ့ချီတို့ဆိုလျှင် ပိုစိတ်လှုပ်ရှားကြပြီး မနက်ဖြန် ဟော်ချန်ယဲ့အတွက် ကြိုဆိုပွဲအကြီးအကျယ် လုပ်ပေးမည်ဟု အော်ဟစ်ကြလေသည်။
ယွီရွေ့ကျူးနှင့် ယွီရှားတို့ နှစ်ယောက်လည်း အိမ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာခဲ့သည်။ သူတို့ နှုတ်ခမ်းများက မသိမသာ တွန့်ကွေးပြုံးရွှင်နေသည်။
သို့ရာတွင် အိမ်ငှားခန်းသို့ ရောက်သောအခါ ယွီရွေ့ကျူး ဘာမှပင် မတုံ့ပြန်ရသေးခင် ယွီရှားက ချက်ချင်းလှည့်ထွက်သွားခဲ့သည်။
ယွီရွေ့ကျူး ရပ်တန့်သွားပြီးနောက် စူးစမ်းချင်စိတ်ဖြင့် ခေါင်းလှည့်ကာ မေးသည်။
"အစ်မ၊ ညကြီးမင်းကြီး ဘယ်သွားမလို့လဲ"
"နင့်အတွက် အရောင်ကျဆေး သွားယူမလို့"
ယွီရွေ့ကျူး "..."
သူမက ယွီရှား အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေသော အကြည့်များနှင့် ဆုံမိသွားပြီးနောက် မသိစိတ်အရ နှုတ်ခမ်းကို လက်ဖြင့် စမ်းကြည့်မိကာ မှန်ထဲသို့ လှည့်ကြည့်မိသည်။
'တကယ်ပဲ အဲဒီလောက်တောင် သိသာနေတာလား၊ ထားလိုက်ပါတော့၊ တကယ်လည်း သိသာလွန်းနေတာပဲလေ၊ ကျစ်...'
သူမ နှုတ်ခမ်းများက နီရဲရောင်ရမ်းလှပြီး ယခင်ကထက် သိသိသာသာ ကြီးမားနေသည်။ အထူးသဖြင့် အောက်နှုတ်ခမ်းပေါ်မှ သွားရာအရေးအကြောင်းလေးများကြောင့် ပို၍ပင် ပေါ်လွင်သေးသည်။
ယွီရှား စောစောက အကြည့်များကို ပြန်တွေးမိပြီး ယွီရွေ့ကျူးမှာ ချောင်းကို တဟွတ်ဟွတ် ဆိုးမိသည်။ ဟော်ချန်ယဲ့နှင့် အကြာကြီးခွဲနေရပြီးမှ ပြန်တွေ့ရခြင်းဖြစ်သဖြင့် ဤကဲ့သို့ ဖြစ်ရသည်မှာ သဘာဝကျသည်။ ရှက်စရာလည်း မလိုပေ။ မည်သို့ပင်ဆိုစေ လူ့သဘာဝအရ ဖြစ်ရိုးဖြစ်စဉ်များသာ မဟုတ်ပါလား။
ဤသို့ တွေးမိသော်လည်း ယွီရှား ပြန်ရောက်လာပြီး ဆေးလူးပေးသောအခါ ယွီရွေ့ကျူးမှာ အနည်းငယ် အနေရခက်မိခဲ့သည်။
သူမက အာရုံလွှဲရန်အတွက် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ရာမှ ယွီရှား လက်ကောက်ဝတ်ပေါ်ရှိ သေးငယ်သော အနီရောင် အမှတ်အသားလေးတစ်ခုကို ရုတ်တရက် သတိထားမိသည်။ ထို့ကြောင့် သူမက ယွီရှား လက်ကောက် ဝတ်ကို အမြန် ဖမ်းဆုပ်ကြည့်သည်။
"အစ်မ၊ အစ်မရဲ့ လက်က..."
သူမ စကားပင် မဆုံးသေးခင် ယွီရှားက သူမလက်ကို အလျင်အမြန် ရုန်းထွက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကြည့်လာသည်။
"ဘာမှမဖြစ်ပါဘူး၊ မတော်တဆ ထိမိသွားတာပါ၊ ကျူးအာ ဆေးသာ လိမ်းလိုက်ပါတော့၊ ချန်ယဲ့က မနက်ဖြန် ပြန်လာတော့မှာ
နင်တို့နှစ်ယောက် ဘဝကို ကောင်းကောင်းမွန်မွန် တည်ဆောက်ကြဖို့ပဲ လိုတယ်၊ ဒီနေ့လည်း မိုးအရမ်းချုပ်နေပြီ၊ မနက်ဖြန်လည်း လူသွားကြိုရဦးမှာဆိုတော့ အိပ်တော့လေ ကျူးအာ"
ထိုသို့ပြောပြီးနောက် ယွီရှားက အုတ်ကုတင်ပေါ်မှ ဆင်းကာ ယွီရွေ့ကျူး မျက်နှာသစ် လက်ဆေးရန်အတွက် ရေခပ်ပေးခဲ့သည်။ ထို့နောက် ကိုယ်လက်သန့်စင်ပြီးနောက် အုတ်ကုတင်ပေါ်သို့ ပြန်တက်ကာ မီးကို ပိတ်သည်။
တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ယွီရွေ့ကျူး ခံစားမိသည်။ လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်ထားပုံရသော ယွီရှား အပြုအမူများက သံသယဖြစ်ဖွယ်ရာ ကောင်းလှသည်။
သူမ မျက်မှောင်ကြုတ်မိပြီး အိပ်မပျော်နိုင်ဘဲ တစ်စောင်းလှည့်ကာ မနက်ဖြန်ကျမှ အသေးစိတ်ကို သေချာ ပြန်မေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင်တော့ ရက်ပေါင်းများစွာ ချိတ်ပိတ်ခံထားရသော သားသတ်ရုံမှာ အပိတ်အဆို့များမှ တရားဝင် လွတ်ကင်းသွားခဲ့သည်။
ပုံမှန်အခြေအနေမျိုးတွင်သာဆိုလျှင် မသန့်ရှင်းသော အသားများ ရောင်းချသည်ဟူသော သတင်းဆိုးထွက်ထားသည့် စက်ရုံတစ်ရုံအနေဖြင့် လုံးဝ ပိတ်သိမ်းမခံရလျှင်တောင်မှ လူတိုင်းစိတ်ထဲတွင် အဆိုးမြင်စရာ အကြောင်း အရာတစ်ခုအဖြစ် နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်နေမည်ဖြစ်သည်။
သားသတ်ရုံလုပ်ငန်းများအပြင် အသားဆိုင်လုပ်ငန်းများပါ သိသိသာသာ ထိုးကျသွားမည်ဖြစ်ပြီး လုပ်ငန်းတစ်ခုလုံး ရပ်ဆိုင်းသွားရသည့်အထိ ဆိုးရွားသွားနိုင်သည်။