အခန်း ၂၃၃
Vol. 24 Ch. 233
Chapter 233
သို့ရာတွင် ယခုကိစ္စသည် စုန့်ချင်းရှန်းကဲ့သို့သော အစိုးရအရာရှိတစ်ဦး ကိုယ်တိုင် ပါဝင်ပတ်သက်နေခြင်းဖြစ်သည်။
ထို့အပြင် နားလည်မှုလွဲမှားခြင်းကြောင့် စနစ်တကျ စုံစမ်းစစ်ဆေးမှုမရှိဘဲ စက်ရုံကို ချိတ်ပိတ်လိုက်ခြင်းက ဟော်ချန်ယဲ့နှင့် သူ့ လုပ်ဖော်ကိုင်ဖက်များ ဘဏ္ဍာရေးနှင့် စိတ်ပိုင်းဆိုင်ရာကိုပါ များစွာ ထိခိုက်နစ်နာစေခဲ့သည်။
ထို့ကြောင့် သက်ဆိုင်ရာ အစိုးရအရာရှိများက ဤဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် အစီရင်ခံစာကို သတင်းစာထဲတွင် ထည့်သွင်းဖော်ပြပေးခဲ့ပြီး နားလည်မှုလွဲခဲ့ခြင်းအတွက် ဟော်ချန်ယဲ့ကို တရားဝင် တောင်းပန်ခဲ့ကြသည်။
သတင်းစာထဲတွင် ဖော်ပြရုံသာမကဘဲ ဟော်ချန်ယဲ့အား ငွေကြေးအချို့ဖြင့် လျော်ကြေးပေးခဲ့ပြီး ထူးချွန်သော မြို့နယ်လုပ်ငန်းရှင်ဟူသော ဂုဏ်ပြုဆုကိုပါ ပေးအပ်ကာ သတင်းစာထဲတွင် ထင်ထင်ရှားရှား ဖော်ပြပေးခဲ့သည်။
ဤအချက်ကြောင့် သတင်းစာဆောင်းပါးများ နေရာအများစုတွင် ဟော်ချန်ယဲ့ အကြောင်းများကသာ နေရာယူထားသည်။
ယခင်က သူတို့ သားသတ်ရုံအကြောင်း မသိခဲ့ကြသူများပင် ယခုအခါ သူ့ကို ကောင်းစွာ သိရှိသွားကြပြီး သူ့ သားသတ်ရုံနှင့် အသားဆိုင် နာမည်များမှာ လူတိုင်း ပါးစပ်ဖျားတွင် ရေပန်းစားလာခဲ့သည်။
ဟော်ချန်ယဲ့လုပ်ငန်းက ကိုယ်တိုင်မွေး၊ ကိုယ်တိုင်သတ်၊ ကိုယ်တိုင်ရောင်းချသော ပြီးပြည့်စုံသည့် ဝန်ဆောင်မှုစနစ်များအပြင် သူ မွေးမြူထားသော အရည်အသွေးမြင့် ဝက်များအကြောင်းကို သတင်းစာများက အထူးပြု ရေးသားခဲ့သည်။
သူ့ ဝက်သားနှင့် ကြက်သားတို့ ထူးကဲသော အရသာနှင့် အသားစစ်စစ် ဖြစ်ကြောင်းများကိုပါ ချီးမွမ်းရေးသားထားသဖြင့် ဟော်ချန်ယဲ့အတွက် အခမဲ့ ကြော်ငြာပေးလိုက်သလို ဖြစ်သွားရသည်။
ထို့ကြောင့် ဤနားလည်မှုလွဲမှားမှုကြီးသည် ဟော်ချန်ယဲ့အတွက် ဘဏ္ဍာရေးအရ ဆုံးရှုံးမှု မဖြစ်ပေါ်စေခဲ့သည့်အပြင် ယခင်ကထက်ပင် ပိုမိုကောင်းမွန်သော လူသိများထင်ရှားမှုကိုပါ ရရှိစေခဲ့သည်။
ဟော်ချန်ယဲ့ အကျဉ်းထောင်မှ လွတ်မြောက်လာချိန်တွင် မွန်းတည့်နေပြီ ဖြစ်သည်။ သားသတ်ရုံမှ ဝန်ထမ်းဟောင်းများသည် အလွန်အမင်း ဝမ်းသာပီတိဖြစ်ကာ မျက်ရည်များ ရစ်သိုင်းလျက် သားသတ်ရုံဝင်ပေါက်တွင် လာရောက်စောင့်ဆိုင်းသည်။
လူဒါဇင်ပေါင်းများစွာက သူ့ကို ဝိုင်းရံထားကြပြီး စပ်စုချင်သော လမ်းသွားလမ်းလာများလည်း ရှိနေသဖြင့် ထိုနေရာတစ်ဝိုက်တွင် ကြက်ပျံမကျ စည်ကားနေသည်။
သူ သားသတ်ရုံသို့ ပြန်ရောက်သောအခါ မြို့နယ်အဆင့် အရာရှိကြီးများ ကိုယ်တိုင်လာရောက်၍ ဂုဏ်ပြုစကားများ ဆိုသည်။
ထို့နောက် ထူးချွန်လုပ်ငန်းရှင်ဆုတံဆိပ်ကို လူပုံလယ်တွင် ပေးအပ်ချီးမြှင့်ကာ လက်ဆွဲနှုတ်ဆက်ခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ကြရာ လူအုပ်ကြီးမှာ အထွတ် အထိပ်သို့ ရောက်သွားတော့သည်။
လူအများစုမှာ ဟော်ချန်ယဲ့ အသားဆိုင်မှ အသားများ အရသာကို သိချင်ကြသဖြင့် လူအုပ်ကွဲသွားသည်နှင့် အနီးနားရှိ သူ့ အသားဆိုင်တွင် သွားရောက်ဝယ်ယူရန်ပင် အစီအစဉ်ဆွဲနေပြီ ဖြစ်သည်။
ဟော်ချန်ယဲ့က ဤကဲ့သို့ လူအုပ်ကြီးဖြင့် ဝိုင်းရံခံရခြင်းကို အသားမကျလှပေ။ မြို့တော်ဝန်က သူနှင့် သူ့ဇနီးတို့အတွက် ပိုမိုတရားဝင်သော အခမ်းအနားဖြင့် ဆုတံဆိပ်များ သီးသန့်ပေးအပ်မည်ဟု ပြောလာသောအခါ ဟော်ချန်ယဲ့ခမျာ ကျောရိုးထဲမှပင် စိမ့်တက်သွားသလို ခံစားရသည်။
သူ့ အနီးနားရှိ ယွီရွေ့ကျူး၏နွေးထွေးမှုနှင့် သူမ အကြည့်များကို ခံစားရမှသာ သူ့စိတ်များ အနည်းငယ် တည်ငြိမ်သွားပြီး ဆုကို လက်ခံယူနိုင်ခဲ့သည်။
လူအုပ်ကြီးကြားထဲတွင် သူနှင့် ယွီရွေ့ကျူးတို့ အကြည့်များ ဆုံတွေ့သွားကြပြီး နှစ်ယောက်စလုံး ဟန်မဆောင်နိုင်ဘဲ ပြုံးမိကြသည်။ အရာအားလုံး အဆင်ပြေသွားခဲ့သည်။ ပိုမိုတောက်ပလှပသော မနက်ဖြန်များက သူတို့ကို စောင့်ကြိုနေသည်။
ဟော်ချန်ယဲ့ ထွက်လာပြီးနောက် လျန်စစ်နှင့် ရှဲ့ချီတို့သည် သူတို့ ကတိပေးထားသည့်အတိုင်း ကြိုဆိုပွဲ အခမ်းအနား တစ်ခုကို ကျင်းပပေးခဲ့သည်။
သူတို့က အစားအသောက်များကို အကြီးအကျယ် ပြင်ဆင်ထားပြီး ဟော်ချန်ယဲ့၏ ခြံဝင်းအတွင်း၌ စားပွဲများစွာ ခင်းကျင်းကာ စည်ကားသိုက်မြိုက်စွာ စားသောက်သည်။
ဤစားပွဲကို အထူးဂရုစိုက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ အဓိကအကြောင်းရင်းမှာ ယွီရွေ့ကျူး ကိုယ်ဝန်ရှိနေသဖြင့် အချို့အစားအစာများကို ရှောင်ကြဉ်ရမည် ဖြစ်သောကြောင့်ပင်။
ပထမဆုံးအကြိမ် ဖခင်ဖြစ်မည့် ဟော်ချန်ယဲ့မှာ အနည်းငယ် ကပျာကယာ နိုင်လှသည်။ သူ ယွီရှား အကူအညီဖြင့် ကိုယ် ဝန်ဆောင်များ ဘာစားသင့်သည်၊ ဘာမစားသင့်သည်ကို သေချာ သင်ယူနေသည်။
ယွီရွေ့ကျူးအတွက် ဘာက ကောင်းပြီး ဘာက ဆိုးကျိုးဖြစ်စေနိုင်ကြောင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကို မည်သို့ ဂရုစိုက်ရမည်စသည်တို့ကို အသေးစိတ် မေးမြန်းတော့ သည်။
သူက အလွန် စိတ်ဝင်တစား နားထောင်ရုံသာမကဘဲ မှတ်စုများပင် သေချာ လိုက်မှတ်ခဲ့သေးသည်။ သူ့ အပြုအမူများက ယွီရှားကိုသာမက ရှဲ့ယင်းယန် အပါအဝင် အခြားလူများကိုပါ အားကျသွားစေသည်။
ရွာထဲတွင် အိမ်ထောင်ကျပြီး ကလေးမမွေးရသည့် မိန်းက လေးဆိုသည်မှာ မရှိပေ။ အမှန်ဆိုရလျှင် ယနေ့ခေတ် ကျေးလက်ဒေသများ၌ လူတိုင်း ကလေးများစွာ မွေးကြပြီး အချို့ဆိုလျှင် ဆယ်ယောက်ထက်ပင် ပိုတတ်ကြသေးသည်။
သို့သော် မည်သူကများ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ဤမျှလောက် အလေးအနက်ထား ဂရုစိုက်ခဲ့ဖူးပါသနည်း။ လူအများစုမှာ မျိုးဆက်ပြန့်ပွားရေးကိုသာ အာရုံစိုက်ကြပြီး ကိုယ်ဝန်ဆောင်များကို သာမန်လူများကဲ့သို့သာ သဘောထားကာ လျစ်လျူရှုထားတတ်ကြသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီး အများစုမှာ လယ်ထဲဆင်းရခြင်း၊ ဂျုံရိတ်ရခြင်း၊ ကောက်စိုက်ရခြင်း၊ ဝက်စာကျွေးရခြင်းနှင့် ထမင်းဟင်းချက်ရခြင်း စသည့် အလုပ်များကို လုပ်ကိုင်ရဆဲဖြစ်သည်။
ကလေးမွေးပြီးချိန်တွင်ပင် လယ်ထဲသို့ ဆင်းကာ အလုပ်လုပ်ကြရပြီး အချို့ဆိုလျှင် ခွဲစိတ်ထားသော ဒဏ်ရာများ ရှိနေသည့်တိုင် အံ့ကြိတ်ကာ ကလေးမွေးပြီး နောက်တစ်နေ့မှာပင် အလုပ်စလုပ်ရသည်အထိ ဒုက္ခများရသည်။
သို့သော်လည်း ဟော်ချန်ယဲ့သည်တော့...
ယွီရှားက ဟော်ချန်ယဲ့ကို ကြည့်ရင်း အဆုံးတွင်တော့ စိတ်အေးသွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် အနည်းငယ်လည်း အားကျမိသည်။
ဟော်ချန်ယဲ့က ယွီရွေ့ကျူးအပေါ် အလွန် ကောင်းလွန်းသည်။ သူက သူမကို သာမန် ဇနီးသည် သို့မဟုတ် ကိုယ် ဝန်ဆောင် အမျိုးသမီးတစ်ယောက်လို သဘောမထားဘဲ မင်းသမီးလေး တစ်ပါးလို ယုယကြင်နာခဲ့သည်။
ထို့ပြင် ကိုယ်ဝန်ရှိနေ၍သာ ဤမျှ အခွင့်ထူးခံနေရခြင်း မဟုတ်ပေ။ သူက အမြဲတမ်း ဤကဲ့သို့ပင် ဆက်ဆံခဲ့ခြင်းပင်။ ယွီရွေ့ကျူးအပေါ် သူ အမြဲတမ်း ကောင်းခဲ့သည်သာ ဖြစ်သည်။
ယွီရွေ့ကျူး စားသောက်ပြီးသွားပြီ ဖြစ်သည်။ ဟော်ချန်ယဲ့က အရိုးနွှာပေးထားသော ငါးအသားအချို့ သူမ ပန်းကန်ထဲတွင် ကျန်နေသေးသော်လည်း သူမ ထပ်မစားနိုင်တော့ပေ။
ထို့ကြောင့် နေရောင်အောက်တွင် ပျင်းရိပျင်းတွဲ လှဲလျောင်းရင်း အနီးနားမှ ဆူညံပျော်ရွှင်နေသော စကားသံများကို မျက်လုံးမှေးကာ နားထောင်သည်။
ထိုစဉ် ရုတ်တရက်ဆိုသလို သူမ နားထဲသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လှသော အသံကြီးတစ်ခုကဝင်ရောက် လာခဲ့သည်။
"ယွီရှား၊ အပြင်ထွက်ခဲ့စမ်း၊ မင်း အထဲမှာ ရှိနေတယ်မလား၊ ထွက်ခဲ့စမ်း၊ ပြီးတော့ ယွီရွေ့ကျူး... မင်းတို့ နှစ်ယောက်စလုံး အခုချက်ချင်း ထွက်ခဲ့ကြစမ်း"
ဖြတ်သွားဖြတ်လာ ရွာသားများ အကြည့်များကို ရှောင်ရှားလိုသဖြင့် ခြံဝင်းတံခါးကို လုံခြုံစွာ ပိတ်ထားပြီးမှ စားသောက်နေကြခြင်းဖြစ်သည်။
ယခုအချိန်တွင်တော့ ထိုတံခါးကြီးမှာ နားကွဲမတတ် ဆူညံသံများနှင့်အတူ အကြမ်းပတမ်း ထုရိုက်ခံနေရသည်။ မည်သို့သော ဘေးအန္တရာယ်က ဆိုက်ရောက်လာမည်ကို ဘယ်သူမျှ မခန့်မှန်းနိုင်ကြချေ။
ယွီရွေ့ကျူး ဘေးတွင် ထိုင်နေသော ဟော်ချန်ယဲ့သည် ဤအသံကို ကြားသည်နှင့် မျက်မှောင်ကြုတ်သွားကာ ချက်ချင်း မတ်တတ်ရပ်သော်လည်း ယွီရွေ့ကျူးက သူ့ကို အသာအယာ ပြန်ဆွဲထိုင်စေသည်။
သူမက မျက်ခုံးတစ်ဖက်ကို ပင့်မိသည်။
တံခါးဝတွင် အုတ်အုတ်သောင်းသောင်းလာလုပ်နေသော ထိုအသံပိုင်ရှင်ကို သူမ ကောင်းကောင်းကြီး သိနေသည်။