အခန်း ၂၃၅
Vol. 24 Ch. 235
Chapter 235
ကျောက်ကျစ်ဖန်က ထုတ်မပြောရဲသော်လည်း ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးကို စိတ်ထဲမှ အလွန်အမင်းကြောက်ရွံ့မိသည်။
ထို့ကြောင့်ပင် ရန်ဖြစ်ပြီးနောက် ယွီရှား အိမ်မှ ထွက်ပြေးလာချိန်တွင် သူမကို လိုက်ခေါ်ရန် သူ မဝံ့မရဲ ဖြစ်နေခဲ့ခြင်းပင်။ သူ အရိုက်ခံရမည်ကို ကြောက်ခဲ့သည်။
သို့သော် ယခုတော့ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
ဟော်ချန်ယဲ့က မရှိတော့သလို ယွီရွေ့ကျူး မိသားစု စီးပွား ရေးလုပ်ငန်းများလည်း သိမ်းဆည်းခံရပြီး ငွေကြေးများ ရုန်းကန်နေရသည်။ သူ ဘာကို ကြောက်ရဦးမည်နည်း။ ယွီရွေ့ကျူးကသာ သူ့ကို ပြန်ကြောက်ရမယ့် အလှည့်ပင်။
ယလင်တုန်းက ဟော်ချန်ယဲ့ သူ့ကို ရေကန်ထဲ ကန်ချပြီး နှိပ်စက်ခဲ့သည်များကို ပြန်တွေးမိကာ အငြိုးဟောင်း၊ အငြိုးသစ်များ ပေါင်းစပ်သွားပြီး ကျောက်ကျစ်ဖန် မျက်လုံးများ နီရဲလာသည်။
သူ ဆဲရေးတိုင်းထွာရင်း ယွီရွေ့ကျူးကို ပြန်ရိုက်ရန်လက် ပြင်သည်။ ယွီမိသားစုတွင် မည်သူက အာဏာရှိလဲဆိုသည်ကို သူမအား သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ ခေါင်းမော့ချိန်တွင် ယွီရွေ့ကျူး နက်ရှိုင်းလှသော အမုန်းတရားများ ပြည့်နှက်နေသည့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များနှင့် ဆုံလေသည်။
ကျောက်ကျစ်ဖန် တစ်ခဏတာမျှ အေးခဲသွားစဉ်မှာပင် ယွီရွေ့ကျူးက သူ့ မျက်နှာကို ရွဲ့စောင်းသွားသည်အထိ ပါးရိုက်ချပြီး သွေးအန်မတတ် ပြင်းထန်လွန်းသော အားဖြင့် ဆောင့်ကန်တော့သည်။
တံခါးမှာ ထိုဒဏ်ကို မခံနိုင်တော့ဘဲ ပြိုကျသွားကာ ကျောက်ကျစ်ဖန်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူက နာကျင်စွာ ညည်းတွားရင်း ယွီရွေ့ကျူးကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်သည်။
"ခွေးမ၊ မင်း ခဲအိုကို နင်က ဒီလောက်တောင် ရက်စက်ရလား၊ ငါက ယွီရှားကို ပါးအနည်းအကျဉ်း ရိုက်လိုက်မိရုံလေးပဲ၊ အဲဒီလောက်ထိ လုပ်ဖို့ လိုလို့လား
ငါ့ကို မင်း မလေးစားဘူးလား၊ ငါက မင်းထက် အသက်ကြီးတဲ့ လူကြီးလေ၊ မင်းက ဘာကို အဲဒီလောက်တောင် မာနထောင်လွှားနေရတာလဲ"
သူက ဗိုက်ကို ဖိထားရင်း အတင်းရုန်းကန်ထရပ်ကာ ယွီရွေ့ကျူးကို စူးစိုက်ကြည့်သည်။
"ဟော်ချန်ယဲ့က ထောင်ထဲရောက်နေပြီ၊ အခု မင်း တစ် ယောက်တည်းပဲ ရှိတော့တာလေ၊ မင်းက ငါ့ကို နိုင်မယ်ထင်နေလား၊ ဘာတွေများ ဆရာကြီး လာလုပ်ပြနေတာလဲ"
ကျောက်ကျစ်ဖန်က ရက်စက်ကြမ်းကြုတ်သော မျက်နှာထားကို ဟန်လုပ်ကာ တံခါးဝရှိ ယွီရွေ့ကျူးနှင့် ဖရိုဖရဲဖြစ်နေသော ယွီရှားတို့ကို စိုက်ကြည့်ရင်း သူတို့ညမျက်နှာပေါ်မှ အကြောက်တရားကို ရှာဖွေမိသည်။သို့သော် လုံးဝ မတွေ့ရပေ။
ယခင်တုန်းက အိမ်တွင် သူရိုက်နှက်လျှင် သနားပါရန် တောင်းပန်လေ့ရှိသော ယွီရှားပင်လျှင် ယခုအခါ မြေပြင်ပေါ်တွင် ထိုင်ကာ သူမ ဦးရေပြားကိုသာ တိတ်ဆိတ်စွာ ပွတ်သပ်ပြီး သူပြောနေသည်များကို လုံးဝ မကြားသည့်အလား လျစ်လျူရှုထားသည်။
ကျောက်ကျစ်ဖန် ဒေါသပေါက်ကွဲသွားတော့သည်။
သူက ရှေ့သို့သွားကာ ယွီရှားကို ထပ်မံရိုက်နှက်ရန် ပြင်လိုက်စဉ် ရုတ်တရက် သူ့ အင်္ကျီကော်လာ ဆွဲကိုင်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် သူ့ ခန္ဓာကိုယ်ကြီးက လေပေါ်သို့ မြောက်တက်သွားကာ ကြက်ပေါက်ကလေးတစ်ကောင်လို ပြန်လည်ခုခံနိုင်စွမ်း ကင်းမဲ့သွားသည်။
"ဘာလို့ မနိုင်ရမှာလဲ၊ မင်းက အရမ်း အစွမ်းထက်နေလို့လား"
ရင်းနှီးလှသော အသံနက်ကြီးတစ်ခုက သူ့ နားထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။
ကျောက်ကျစ်ဖန် ဦးရေပြားတစ်ခုလုံး ချက်ချင်း ကျိန်းစက်သွားသည်။
သူ အတင်းရုန်းကန်ကာ နောက်သို့ လှည့်ကြည့်ရာ ဟော်ချန်ယဲ့ အေးစက်မှိုင်းညို့နေသော အကြည့်များနှင့် ဆုံတွေ့လိုက်ရချိန်တွင် သူ့ အသက်ရှူသံများပင် တစ်ခဏတာ ရပ်တန့်သွားခဲ့သည်။
ထို့နောက် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကာ ကြည့်မိသည်။
"ဟော်... ဟော်ချန်ယဲ့၊ မင်း အထဲမရောက်သွားဘူးလား၊ မဖြစ်နိုင်တာ..."
သူက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရူးသွပ်နေသူ တစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးဖြင့် ဟော်ချန်ယဲ့ကို ကြည့်သည်။
"မင်းက တကယ်ပဲ ထောင်ဖောက်ပြေးလာတာလား၊ ဘယ်လိုများ ရဲတင်း..."
ယွီရွေ့ကျူးက ယွီရှားကို ခြံဝင်းထဲသို့ တွဲခေါ်သွားရင်း သူ့ကို တစ်ချက်စောင်းကြည့်ကာ ပြောသည်။
"ငတုံး"
ကျောက်ကျစ်ဖန် "..."
ကျောက်ကျစ်ဖန် အမှန်တကယ်ပင် ဆွံ့အသွားရသည်။ ဟော်ချန်ယဲ့ ပြဿနာတက်ပြီဆိုသော သတင်းကို သူယခုလေးတင် ကြားခဲ့ရသဖြင့် ဝမ်းသာအားရ ပြေးလာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ဟော်ချန်ယဲ့က ဤနေရာတွင် ရောက်နေသည်တဲ့လား။
'ဘာတွေ ဖြစ်နေတာလဲ၊ သတင်းမှားတာလား၊ ဒါမှမဟုတ် ဟော်ချန်ယဲ့က တကယ်ပဲ ထောင်ဖောက်ပြေးလာတာလား'
သူက ဟော်ချန်ယဲ့ ဆုပ်ကိုင်ထားမှုမှလွတ်မြောက်ရန် အတင်းရုန်းကန်သော်လည်း ထိုရုန်းကန်မှုက သူ့ကို ခြံဝင်းထဲသို့ ပို၍ နက်ရှိုင်းစွာ ရောက်သွားစေသည်။
ထိုနေရာတွင် တောင့်တင်းသန်စွမ်းသော ယောက်ျားကြီးများ ပြည့်နှက်နေသည့် စားပွဲဝိုင်း အတော်များများကို သူ တွေ့လိုက်ရသည်။
ထိုလူများက ဒေါသနှင့် ရွံရှာမုန်းတီးမှုများ အပြည့်ပါသော မျက်လုံးကြီးများဖြင့် သူ့ကို စိုက်ကြည့်ရင်း သူတို့ လက်သီးများကို တကျွတ်ကျွတ်မြည်အောင် ဆုပ်ကာ သူ့ အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။
လူ ဒါဇင်ပေါင်းများစွာက သူ့ဆီသို့ ဒေါသတကြီး ပြေးဝင်လာကြရာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြီးပင် ဖြစ်တော့သည်။
ကျောက်ကျစ်ဖန် တစ်ယောက် ဘယ်လိုမှ တောင့်မခံနိုင်တော့ချေ။ သူ့ ဒေါသများကို ပေါက်ကွဲရန် အကောင်းဆုံး အခွင့်အရေးဟု ထင်မှတ်ခဲ့သော အခြေအနေက အဆိုးရွားဆုံးသော အခြေအနေတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ခြံဝင်းထဲတွင် လူ အများကြီး ရှိနေရုံသာမက ဟော်ချန်ယဲ့ ကိုယ်တိုင်လည်း ရှိခဲ့သည်။ ဆိုလိုသည်မှာ ယွီရွေ့ကျူးကို သူပြောခဲ့သော စကားများအားလုံးကို ဟော်ချန်ယဲ့ ကြားသွားခဲ့ပြီဖြစ်ကာ လူတိုင်း ရှေ့မှောက်တွင် အပြင်ဘက်၌ သူရိုက်နှက်ခဲ့သည်များကိုပါ အားလုံးက မြင်တွေ့သွားခဲ့ပြီ ဖြစ်သည်။
ကျောက်ကျစ်ဖန်မှာ ခြေတွေလက်တွေ အားပျော့သွားကာ မျက်လုံးများ ပြူးကျယ်လျက် လဲကျသွားသည်။
'ပြီးပြီ... အားလုံး ပြီးသွားပြီ'
ရှဲ့ချီသည် မိန်းမများကို ရိုက်နှက်တတ်သော ယောက်ျားများကို အလွန်တရာ ရွံရှာစက်ဆုပ်သူ ဖြစ်သည်။
သူက ကျောက်ကျစ်ဖန်ကို ရွံရှာဖွယ်ရာ အကောင်တစ်ကောင်လို စိုက်ကြည့်ကာ ခြံဝင်းထဲမှ ထင်းတုံးတစ်တုံးကိုကောက် ယူသည်။ ထို့နောက် ဆဲဆိုပြီး ကျောက်ကျစ်ဖန်ကို ပြင်းထန်စွာ ရိုက်ချတော့သည်။
"မင်းက ငါ့မရီးကို စော်ကားရဲတယ်ပေါ့လေ၊ ပြီးတော့ သူ့အပေါ်ကိုတောင် လက်ပါရဲတယ်ပေါ့
သူ့မှာ ကိုယ်ဝန်ရှိနေတာကွ၊ အကယ်၍ သူ့ကို တစ်ခုခု ထိခိုက်သွားခဲ့ရင် မင်း အသက်ဆယ်ချောင်းနဲ့ လျော်ရင်တောင် မလောက်ဘူးကွ"
"မင်းလို လူယုတ်မာကောင်ကများ"