အခန်း ၂၃၈
Vol. 24 Ch. 238
Chapter 238
နှစ်တစ်နှစ် နေဝင်ချိန်သို့ ရောက်ရှိလာသည်နှင့်အမျှ နှင်းပွင့်လွှာတို့သည် ကောင်းကင်ယံမှ တအိအိ ဆင်းသက်လာသည်။
လွန်ခဲ့သော နှစ်များဆီကဆိုလျှင် ဟော်ချန်ယဲ့သည် ဆောင်း ရာသီများကို အေးစက်အထီးကျန်စွာဖြင့် တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ရစမြဲဖြစ်သည်။
တစ်ခါတစ်ရံ နှစ်သစ်ကူး ပွဲတော်အငွေ့အသက်လေး ရရှိစေရန် လျန်စစ်၊ ရှဲ့ချီတို့နှင့်အတူ အပြင်ထွက်၍ အရက်သောက်လေ့ရှိသော်လည်း အိမ်ပြန်ရောက်ချိန်တွင်မူ အရာအားလုံးက ပြန်၍ အေးစက်ခြောက်ကပ်သွားရပြန်သည်။
သို့သော် ယခုအခါတွင်မူ အရာရာတိုင်းက လုံးဝကို ကွဲပြားပြောင်းလဲသွားခဲ့သည်။
ယွီရွေ့ကျူး ရှိနေခြင်းကြောင့် သူတို့ အိမ်လေးမှာတစ်စက် ကလေးမှမကျန် အသစ်တစ်ဖန် ပြောင်းလဲသွားသည်။
ယခင်က ခြံဝင်းနှင့် အိမ်လေးမှာ အတော်လေး ဟောင်းနွမ်းနေခဲ့ပြီး နံရံများတွင် အက်ကွဲကြောင်းများရှိကာ အိမ်အတွင်းပိုင်းမှာလည်း အမဲရောင် မှိုင်းတိုက်ရာများဖြင့် အုံ့မှိုင်းမှောင် မိုက်နေသည်။
ယခု သူ ငွေရှာနိုင်ပြီး စီးပွားရေး အဆင်ပြေနေပြီဖြစ်ရာ သူမလေး ပျော့ညံ့လွယ်မှန်း သိထားသဖြင့် ဆောင်းတွင်း၌ ယွီရွေ့ကျူး အအေးမိမည်ကို စိုးရိမ်သောကြောင့် ဟော်ချန်ယဲ့က ရာသီဥတု မအေးလာမီ အိမ်ကို အထူးတလည် ပြင်ဆင်မွမ်းမံခဲ့သည်။
ပြုပြင်မွမ်းမံမှု တစ်ခုလုံးက မူလ အိမ်နိမ့်လေးကို ကျယ်ဝန်းတောက်ပသော အုတ်နီခေါင်မိုးကြွပ်အိမ်လေးအဖြစ်သို့ ပြောင်းလဲသွားစေပြီး အုတ်လှေကားထစ်များကိုပါ ဘိလပ်မြေခင်းကာ ပြင်ဆင်သဖြင့် အခြားအိမ်များကြားတွင် ထင်ရှားနေကာ ပိုကြီးကျယ်ခမ်းနားသော အသွင်ကို ဆောင်သွားစေသည်။
အသစ်သုတ်ထားသော နံရံများမှာ ဖြူဖွေးတောက်ပနေပြီး အိမ်အသုံးအဆောင်များနှင့် အလှဆင်ပစ္စည်းများ အားလုံးကို ယွီရွေ့ကျူး ကိုယ်တိုင် ပုံစံထုတ် ဖန်တီးထားခြင်းဖြစ်ရာ ဟော်ချန်ယဲ့အတွက်တော့ ဖော်ပြ၍မရနိုင်လောက်အောင် ခေတ်မီလှပနေသည့် ခံစားချက်ကို ပေးစွမ်းသည်။
ပရိဘောဂများပေါ်တွင် ဖုံးအုပ်ရန်အတွက် သေသပ်လှပသော ပိတ်ပါးစအစွပ်များစွာကို သူမက မြို့ပေါ်အထိ အထူးတလည် သွားဝယ်ခဲ့ပြီး ထိုအရာများက အိမ်အတွင်းရှိ ပစ္စည်းများကို အဖိုးတန် အနုပညာလက်ရာများကဲ့သို့ ထင်မှတ်ရစေသည်။
ဟော်ချန်ယဲ့ အိမ်ပြန်ရောက်သောအခါ ထိုအလှတရားများ ပျက်စီးသွားမည်စိုး၍ အလွန်တရာ ဂရုစိုက်မိသည်။
တစ်ချိန်တည်းမှာပင် သူက ဖော်မပြတတ်လောက်အောင်ကို ပျော်ရွှင်ခဲ့သည်။
သူက အိမ်အတွက် တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်ဗီရို၊ CD စက် အစရှိသည့် ပစ္စည်းကြီးများစွာကို ဝယ်ယူခဲ့ပြီး နှစ်သစ်မကူးမီ ကားအသစ်တစ်စီးကိုပင် ဝယ်ယူခဲ့သေးသည်။
ဤကားမှာ ထောင်ဟွာရွာနှင့် ပတ်ဝန်းကျင် ရွာများတွင်ပင် ပထမဆုံးသော ကားတစ်စီးဖြစ်လာသည်။
ကားဝယ်လာချိန်တွင် မနာလိုအားကျနေသော လူများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး ကားတစ်စီး ဝယ်နိုင်လောက်အောင်ပင် သူတို့ စီးပွားရေး မည်မျှအထိ ကြီးထွားလာခဲ့ကြောင်း လူတိုင်းက အံ့ဩမှင်တက်ခဲ့သည်။
ဟော်ချန်ယဲ့က အမည်းရောင် ကားလေးကို ခြံဝင်းထဲတွင် ရပ်ထားပြီး ထိုအဖိုးတန် ဧည့်သည်တော်အတွက် ကားဂိုဒေါင်တစ်ခုကိုပင် သီးသန့် ဆောက်လုပ်ပေးခဲ့သေးသည်။
တစ်နှစ်တည်းဟူသော အချိန်တိုလေးအတွင်း ဘဝကြီးက ကြီးမားစွာ ပြောင်းလဲသွားသည်။
ဤအပြောင်းအလဲများ အားလုံးကို ယွီရွေ့ကျူးက သယ်ဆောင်လာပေးခဲ့ခြင်းဖြစ်သည်။
အပြင်ဘက်တွင် အေးစက်ကာ ပြတင်းပေါက်ပြင်ပ၌ နှင်းများ ကျဆင်းနေပြီး အိမ်ထဲတွင်တော့ မီးဖိုလေးက တဟုန်း ဟုန်း တောက်လောင်လာသည်။
ယွီရွေ့ကျူးမှာ ဆိုဖာပေါ်တွင် အိပ်ချင်မူးတူးဖြင့် လှဲလျောင်းနေပြီး သူမ ရှည်လျားနက်မှောင်သော ဆံကေသာများမှာ ဖရိုဖရဲ ပြန့်ကျဲနေကာ နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် သူမ ပါးပြင်များပေါ်သို့ ဖြာကျသည်။
နေရောင်ကြောင့်ထင်သည် ယွီရွေ့ကျူး မျက်လုံးများကို ဖွင့်ရာ သူမ မျက်တောင်လေးများမှာ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး ပျင်းရိပျင်းတွဲဖြင့် သမ်းဝေသည်။
သူ ပြန်လာသည်ကို မြင်သောအခါ သူမက သဘာဝကျစွာပင် သူ့ဆီသို့ လက်လှမ်းလေသည်။
"ဖက်ထားပေး"
ဟော်ချန်ယဲ့မှာ စက်ရုံမှ ယခုလေးတင် ပြန်ရောက်လာခြင်းဖြစ်ပြီး သူ့ ပခုံးများပေါ်တွင် နှင်းပွင့်များကြောင့် စိုစွတ်ဆဲပင်။
သူ့ကိုယ်ပေါ်မှ အအေးဓာတ်ကြောင့် ယွီရွေ့ကျူး အအေးမိမည်ကို စိုးရိမ်သဖြင့် အပေါ်ဝတ်အင်္ကျီကို ချွတ်ကာ မီးဖိုနားတွင် လက်ကိုပွတ်သပ်၍ အပူပေးပြီးနောက် ယွီရွေ့ကျူး အနားသို့ သွားကာ ဆိုဖာပေါ်မှနေ၍ သူမကို ပွေ့ချီကာ သူ့ ရင်ခွင်ထဲတွင် ထွေးပိုက်ထားသည်။
သူက ဖြောင့်စင်းသော နှာတံဖြင့် ယွီရွေ့ကျူးကို ပွတ်သပ်လာသည်။
"ဒီနေ့ နေလို့မကောင်းဖြစ်နေသေးလား"
ယွီရွေ့ကျူးက ခေါင်းခါပြသည်။
"ဘာစားချင်လဲ၊ ကိုယ် လုပ်ပေးမယ်"
ယခုရက်ပိုင်းများတွင် ဟော်ချန်ယဲ့မှာ ကောင်းစွာ လေ့ကျင့်သင်ကြားခံထားရသဖြင့် သူ့ ဟင်းချက်လက်ရာများက အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။
သူသည် ယခင်ကလို ခေါက်ဆွဲပြုတ်သာ လုပ်တတ်သော လူတစ်ယောက် မဟုတ်တော့ပေ။
အထူးသဖြင့် ယွီရွေ့ကျူး ကိုယ်ဝန်ဆောင်ထားရချိန်အတွင်း ယွီရှားက တစ်ခါတစ်ရံ အစားအသောက်ကောင်းများ လာပို့ပေးသည်မှလွဲ၍ ဟော်ချန်ယဲ့ ကိုယ်တိုင် ယွီရွေ့ကျူးကို ပြုစုစောင့်ရှောက်ကာ တစ်နေ့ သုံးနပ် ချက်ပြုတ်ကျွေးမွေးသည်။
စက်ရုံတွင် မည်မျှပင် အလုပ်များပါစေ သူ အလုပ်မသွားမီ ဟင်းချက်ရန် အချိန်ပေးသည်။
ဤလောကကြီးမှာ ယွီရွေ့ကျူးထက် ပိုအရေးကြီးတဲ့အရာဆိုတာ မရှိတော့ပါချေ။
ယွီရွေ့ကျူး ခြေထောက်များမှာ စောင်အပြင်သို့ ထွက်နေသည်။ အခန်းထဲတွင် မီးဖိုရှိသော်လည်း ဟော်ချန်ယဲ့မှာ သူမ အအေးမိမည်ကို စိုးရိမ်ဆဲဖြစ်ရာ သူမ ခြေထောက်များကို ဖုံးအုပ်ရန် စောင်ကို အလိုအလျောက်ပင် ဆွဲချမိသည်။
သူက အလွန် သဘာဝကျစွာပင် ယွီရွေ့ကျူး ခြေထောက်များကို သူ့ လက်ဝါးကြီးများဖြင့် ရစ်ပတ်ကာ လက်ဝါးပြင်မှ အနွေးဓာတ်ဖြင့် နွေးထွေးစေသည်။
ယွီရွေ့ကျူးက ဘာစားရမလဲဟု တွေးတောဆဲမှာပင် ဟော်ချန်ယဲ့က မျက်မှောင်အနည်းငယ် ကြုတ်မိသည်။
"ဘာလို့ ဒီလောက် အေးနေရတာလဲ၊ အိမ်မှာ ကျောက်မီး သွေး ကုန်နေပြီလား၊ ကိုယ် ထပ်ခွဲပြီး မီးဖိုပေးမယ်"
"မဟုတ်ဘူး၊ ပူတောင် ပူနေသေးတယ်၊ အရမ်းအိုက်တာပဲ၊ ကြည့်ပါဦး၊ ကျွန်မ မျက်နှာတွေတောင် ပူထူနေပြီ"
ယွီရွေ့ကျူးက အနည်းငယ် နီမြန်းနေသော သူမ ပါးပြင်များကို သူ့အား ပြရာ နေရောင်အောက်တွင် တောက်ပနေသော ဆံကေသာများနှင့် ပုတ်ခတ်ပုတ်ခတ်ဖြစ်နေသော သူမ မျက်လုံးများကို ကြည့်ရင်း ဟော်ချန်ယဲ့မှာ မနေနိုင်တော့ဘဲ သူမကို နမ်းရှိုက်ပြီးနောက် တိုးညင်းစွာ ပြန်ဖြေသည်။
"ဟုတ်ပါပြီ"
ယွီရွေ့ကျူးမှာ ဤအခြေအနေကို ကျင့်သားရနေပြီဖြစ် သည်။ သူမက သူ့ကို တည်ငြိမ်စွာ ကြည့်ပြီး နှုတ်ခမ်းကို သုတ်ကာ ဘာစားရမလဲကို ဆက်တွေးသည်။
သူမက အစားရွေးနေခြင်း မဟုတ်ဘဲ ရွေးချယ်စရာ အစားအသောက်များ လွန်စွာ များပြားနေသောကြောင့်သာ ဖြစ်သည်။
အတိတ်ကဆိုလျှင် ဆောင်းရာသီမှာ အလွန် ကြမ်းတမ်းပြီး သိုလှောင်ထားသော အစားအစာလည်း နည်းပါးသည်။ အမဲလိုက်ရန် ခက်ခဲပြီး မိသားစုတိုင်းက နှစ်သစ်ကူးအတွက် ပြင်ဆင်ရသည်။
ကလေးများစွာ ရှိသူများမှာ စားဝတ်နေရေးအတွက် အခက် အခဲရှိပြီး အချို့ဆိုလျှင် နှစ်သစ်ကူးကာလအတွင်းမှာပင် ငတ်မွတ်နေကြရသည်။ သို့သော် ယခုတော့ အခြေအနေများက မတူတော့ချေ။
ဟော်ချန်ယဲ့ စက်ရုံနှင့် ကုမ္ပဏီ ဖွင့်လှစ်ပြီးနောက် ရွာသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ခဲ့သည်။
ယခင်က လယ်ကွင်းထဲတွင်သာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ရသူများမှာ ယခုအခါ ၎င်းတို့ ကာယဉာဏ စွမ်းအင်များကို အသုံးချရန် အခွင့်အလမ်းများ ပိုမို ရရှိလာပြီး ယခင်ကထက် ငွေကြေးများစွာ ပိုရှာနိုင်သည်။
ထို့ကြောင့် ယခုနှစ်တွင် ထောင်ဟွာရွာ တစ်ရွာလုံးနီးပါး ကောင်းမွန်သော နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနိုင်ခဲ့ပြီး သူတို့ လူနေမှု အဆင့်အတန်းမှာလည်း ယခင်ကထက် များစွာ တိုးတက်လာသည်။
ဘဝများ တိုးတက်လာသည်နှင့်အမျှ သူတို့က အသားဝယ်စားရန် ဝန်မလေးတော့သဖြင့် ရွာရှိ သားသတ်ရုံများတွင် အမှာစာများစွာ ရရှိလာရာ ဤသည်မှာ အကျိုးပြုသည့် သံသရာတစ်ပတ် လည်နေသကဲ့သို့ပင်။
ယခင်က မိုးလင်းမှ မိုးချုပ် ပင်ပင်ပန်းပန်းလုပ်ခဲ့ရသလောက် ငွေမရခဲ့သော်လည်း ယခုအခါ ပုံသေ အလုပ်ချိန် ရှိလာကာ အခြားအရာများ လုပ်ရန် အားလပ်ချိန်များပါ ရရှိလာသည်။
ကိုယ်ဝန်ဆောင်ထားရချိန်အတွင်း ယွီရွေ့ကျူးမှာလည်း အားမနေခဲ့ပေ။ ဆိုင်ကို သွားရောက် စစ်ဆေးရုံသာမက ဆောင်းရာသီအတွက် သိုလှောင်ထားရန် ဟင်းသီးဟင်းရွက်များကို လှီးဖြတ် အခြောက်ခံရန် ရွာသားများကိုပါ ဦးဆောင်ပေးခဲ့သည်။
ဟော်ချန်ယဲ့က တောင်ပေါ်သို့ပင် အမဲလိုက်ထွက်ခဲ့ပြီး သိပ်မကြီးလှသော တောဝက်တစ်ကောင်ကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ရာ ၎င်းကို အသားပိုင်းပြီး ရွာကို ဝေငှပေးသည်။
တောဝက်များနှင့် ပတ်သက်၍ သတ်မှတ်ချက်လေး တစ်ခုရှိသည်။ အလေးချိန် ၁၇၀ မှ ၂၅၀ ကျင် ကြားရှိသော ဝက်များ၏အသားမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး အရသာလည်း အလွန်ကောင်းမွန်သည်။
အကြံပြုထားသော အလေးချိန်ထက် ကျော်လွန်ကာ အလွန်ကြီးမားသော ဝက်များမှာမူ ဖမ်းဆီးမိလျှင်တောင်မှ စား၍မရပေ။
၎င်းတို့ အသားမှာ မာကျောပြီး လူများစွာ အစာမကြေနိုင်သော ထူးဆန်းသည့် မြေကြီးနံ့မျိုး ထွက်နေတတ်သည်။
ဟော်ချန်ယဲ့ အမဲလိုက်လာသော တောဝက်မှာ ကွက်တိပင်ဖြစ်သည်။ ချက်ပြုတ်ပြီးနောက် ယွီရွေ့ကျူး မြည်းစမ်းကြည့်ရာ ရိုးရိုးဝက်သားနှင့် သိပ်မကွာခြားလှကြောင်း တွေ့လိုက်ရသည်။
ဟော်ချန်ယဲ့ မွေးထားသော ဝက်များကို အစာပိုကောင်း ကောင်း ကျွေးထားသောကြောင့်လောမသိ တောဝက်သားက အိမ်မွေးဝက်သားလောက် အရသာမရှိဟုပင် သူမ ထင်မိသည်။
သို့သော် ဆီပါသော အစားအစာများကို များများစားလေ့ မရှိသူများအတွက်မူ ဤသည်မှာ ရှင်းလင်းစွာပင် ရွေးချယ်မှုကောင်း တစ်ခုဖြစ်ပေသည်။
ယွီရွေ့ကျူးက နှုတ်ခမ်းကို သပ်လိုက်ပြီး သူ့ကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြသည်။
"အာလူးခြောက်လေး စားချင်တယ်၊ ကျွန်မအတွက် အာလူးခြောက်လေးများ ချက်ပေးလို့ရမလား"
"ရတယ်"
သူက အလျင်အမြန်ပင် ထလှုပ်ရှားလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ အပြင်ထွက်၍ ဝက်နံရိုးသွားယူပြီးနောက် စိမ်ထားရန် အာလူးခြောက် အချို့ကို ယူကာ မြို့မှဝယ်လာသော ပဲတောင့်ရှည်အချို့ကို ရွေးချယ်ပြီး မုန့်ညက်နယ်တော့သည်။
သူ ယွီရွေ့ကျူးအတွက် ဝက်နံရိုးနှင့် မုန့်ပြားများ ဖုံးအုပ်ထားသော ရိုးရာ သံဒယ်အိုးစတူးဟင်းလျာကို ပြင်ဆင်နေခြင်းဖြစ်သည်။