အခန်း ၂၄၇
Vol. 25 Ch. 247
Chapter 247
ဟော်ချန်ယဲ့ အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ့မျက်နှာထားမှာ ချက်ချင်းပင် လေးနက်သွားတော့သည်။
"ဘာဖြစ်လို့လဲ ရွေ့ကျူး"
ယွီရွေ့ကျူးက လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်ထားပြီး နောက်လက်တစ်ဖက်က ဗိုက်ကိုကိုင်ထားကာ မျက် မှောင်ကြုတ်လျက် မသက်မသာဖြစ်နေပုံရပြီး သူမ မျက်နှာမှာ ဖြူဖျော့လာသည်။
သူမက အားယူကာ ပြောသည်။
"နာတယ်..."
သူမ စကားဆက်မပြောနိုင်တော့ဘဲ ဟော်ချန်ယဲ့ လက်ကို ထပ်မံ ဆွဲသည်။
ဟော်ချန်ယဲ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။ သူက လွန်ခဲ့သော ရက်အနည်းငယ်က ကမောက်ကမနိုင်ပြီး လွန်ကဲစွာ အစားကြူးခဲ့သော စားသောက်မှုများကို အလိုအ လျောက်ပင် ပြန်လည် အမှတ်ရသွားကာ သူမ ရင်ဘတ်များ ပြန်လည် နာကျင်နေပြီဟုသာ ယူဆမိသည်။
သူက အိမ်ထဲရှိ ယွီမိဘများနှင့် ခြံဝင်းထဲမှ စည်ကားနေသော လူအုပ်ကြီးကို ရှက်ရွံ့စွာဖြင့် တစ်ချက် ကြည့်သည်။
သူက ထစ်အစွာဖြင့် မေးသည်။
"အ...အခုလား"
ယွီရွေ့ကျူး "..."
သူမက ဟော်ချန်ယဲ့ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ပြီး သူ့ အနည်းငယ် နီမြန်းကာ တွေဝေနေသော မျက်နှာထားကို သတိပြုမိသွားသဖြင့် သူ ဘာတွေးနေသည်ကို ခန့်မှန်းမိသွားသည်။ သူမက သူ့ ကော်လာကို ဆွဲကာ ပြောသည်။
"ဆေးရုံ... ဟော်ချန်ယဲ့..."
ဟော်ချန်ယဲ့က ယွီရွေ့ကျူး ပုံမှန်မဟုတ်သော အပြုအမူကို အလျင်အမြန် သတိပြုမိသွားသည်။ ယခင်က သူ့ နရဲသော မျက်နှာထားမှာ ချက်ချင်းပင် လေးနက်လာသည်။
သူက ယွီရွေ့ကျူး အခြေအနေကို ကြည့်ပြီး သူမ ဗိုက်ကို ကိုင်ကြည့်ရာ သူ့ နက်မှောင်သော မျက်ဝန်းများမှာ စူးရှနေသည်။
"ရှဲ့ချီ၊ လျန်စစ်... ကစားတာ ရပ်ကြတော့၊ ရွေ့ကျူး ကလေးမွေးတော့မယ်၊ လာကူကြဦး"
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး လူတစ်စုက ယွီရွေ့ကျူးကို ကူညီထူမပေးရန် ပြေးလာကြသဖြင့် ဟော်ချန်ယဲ့က ကားသွားယူနိုင်ခဲ့သည်။
ယခုအချိန်တွင် ဟော်ချန်ယဲ့ ခံစားရသည်မှာ သူတို့ ဝယ်ခဲ့သောကားက အမှန်တကယ်ပင် ငွေကုန်ရကျိုးနပ်သည်ဟူ၍ပင်။
ယခင်က ရွာမှ အမျိုးသမီးများ ကလေးမွေးဖွားချိန်တွင် မြို့ပေါ်ရှိ ဆေးရုံက အလှမ်းဝေးသဖြင့် အိမ်တွင်သာ မွေးဖွားခဲ့ကြရပြီး အမျိုးသမီးများစွာမှာ ထိုနေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရသည်။
ယခုအခါ ကားတစ်စီးရှိနေသဖြင့် ယွီရွေ့ကျူးကို အခြားသူများ ကာကွယ်စောင့်ရှောက်မှုဖြင့် နောက်ခန်းတွင် ဘေးကင်းလုံခြုံစွာ နေရာချပေးနိုင်ခဲ့သည်။ ကားလေးက လမ်းမတစ်လျှောက် ချောမွေ့စွာ မောင်းနှင်သွားသည်။
ယွီရွေ့ကျူးမှာ ဗိုက်ကို ဆုပ်ကိုင်ထားပြီး နာကျင်မှုကြောင့် မျက်နှာများ ဖြူဖျော့နေကာ သူမ ဆံပင်အရှေ့ခြမ်းမှာလည်း စိုရွှဲနေသည်။ ယွီရှားမှာလည်း သူမကို အဆက်မပြတ် ချော့မြှူသည်။
ယွီရွေ့ကျူး နှစ်သစ်ကူးအကြိုညတွင် ကလေးမွေးလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြသလို ဆေးရုံတွင် တာဝန်ကျသူ ရှိမရှိကိုလည်း သူတို့ မသိပေ။
ကံကောင်းထောက်မစွာဖြင့် မိုးမချုပ်သေးသလို နှင်းများကလည်း ယခုလေးတင် ကျဆင်းထားခြင်းဖြစ်သဖြင့် လမ်းများမှာ ရေခဲမနေဘဲ မောင်းနှင်ရ အတော်လေး ဘေးကင်းသည်။
သူတို့ ဆေးရုံသို့ ချောမွေ့စွာ ရောက်ရှိလာကြပြီး လူတိုင်းက ယွီရွေ့ကျူးကို ကားထဲမှ ထွက်ရန် အလျင်အမြန် ကူညီပေးသည်။ ဟော်ချန်ယဲ့က သူမကို ပွေ့ချီကာ ဆေးရုံထဲသို့ အပြေးအလွှား ဝင်သွားသည်။
လူတိုင်း အလွန် စိုးရိမ်ပူပန်နေသည်။
ကံကောင်းစွာဖြင့် ဆေးရုံတွင် လူများရှိပြီး ကလေးမွေးမည့်သူ ရောက်လာကြောင်း ကြားသည်နှင့် သူမကို လက်ခံရန် အပြေးအလွှား ရောက်လာသည်။
ယွီရွေ့ကျူးကို ခွဲစိတ်ခန်းထဲသို့ ဘီးတပ်ကုတင်ဖြင့် တွန်းသွင်းသွားပြီးနောက်မှသာ လူတိုင်းမှာ နောက်ကျမှ သက်ပြင်းချနိုင်သော်လည်း ယွီရှားနှင့် အခြားသူများမှာမူ ထိတ်လန့်ဆဲပင်။
သူမ ကလေးမွေးတော့မည်ဖြစ်ပြီး အရာအားလုံးက အလွန် မြန်ဆန်ခဲ့သည်။
ဟော်ချန်ယဲ့က ခွဲစိတ်ခန်း မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ပြီး သူ့ လက်မောင်းများတွင် ယွီရွေ့ကျူးကို ပွေ့ချီခဲ့စဉ်က သွေးစွန်းကျန်ရစ်သော အရာများ ရှိသည်။
ယနေ့ညမှာ အမှန်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ ဆေးရုံတွင် လူရှိနေ၍သာ တော်သေးသည်။ လမ်းခရီးတွင် ဘာမှ မလွဲချော်ခဲ့၍ တော်သေးသည်။
ထို့အပြင် ယွီရွေ့ကျူး အခြေအနေကို ချက်ချင်း သတိပြုမိခဲ့၍သာ တော်သေးသည်။
သို့သော် ကလေးမွေးဖွားခြင်းက အမျိုးသမီးများအတွက် အမြဲတမ်း ရှင်ခြင်းနှင့် သေခြင်းကြားက စမ်းသပ်မှုတစ်ခုဖြစ်ပြီး သူ့ ရွေ့ကျူးလေးက အလွန် နုနယ်လွန်းလှရာ နာကျင်နေရမှာ သေချာသည်။
မကြာမီတွင် ခွဲစိတ်ခန်းထဲမှ ယွီရွေ့ကျူး၏ အသံ ထွက်ပေါ်လာပြီး ငိုသည့်အသံနှင့် တူလေသည်။ ထိုအသံကြောင့် ဟော်ချန်ယဲ့မှာ ထိုင်ခုံမှ ခုန်ထသွားကာ ဆေးရုံစင်္ကြန်လမ်းတစ်လျှောက် နီရဲသော မျက်ဝန်းများဖြင့် ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
ရုတ်တရက် သူက မတ်တတ်ရပ်ကာ အပြင်သို့ ထွက်သွားသည်။ ယွီရှားက သူ့ကို အလျင်အမြန် တားသည်။
"ချန်ယဲ့ ဘာလုပ်မလို့လဲ၊ ရွေ့ကျူး ဘာမှမဖြစ်ပါဘူး၊ ကလေးမွေးတယ်ဆိုတာ အမြဲတမ်း ဒီလိုပါပဲ၊ ပြဿနာသွားမရှာနဲ့"
ဟော်ချန်ယဲ့ မျက်နှာမှာ လွန်ကဲစွာ တည်ငြိမ်နေသည်။
"ကျွန်တော် ပြဿနာရှာမလို့ မဟုတ်ပါဘူး၊ ခွဲစိတ်မှု ရက်ချိန်းယူဖို့ ဆရာဝန်ကို သွားရှာမလို့ပါ၊ ရွေ့ကျူး ကလေးမွေးပြီးတာနဲ့ ကျွန်တော် သားကြောဖြတ်မယ်"
ယွီရှားမှာ မှင်တက်သွားပြီး မနေနိုင်ဘဲ အသက်ရှူမှားသွားရသည်။
'သားကြောဖြတ်မယ်ဟုတ်လား...'
ရွာတွင် မည်သည့် အမျိုးသားကမျှ ဤကဲ့သို့သော ခွဲစိတ်မှုမျိုးကို မကြုံဖူးချေ။ ၎င်းနှင့်ပတ်သက်၍ ပြောဆိုခြင်းကိုပင် ရှက်ဖွယ်ရာအဖြစ် သတ်မှတ်သည်။
ဇနီးသည် ကိုယ်ဝန်ရှိလျှင် မွေးရမည်ဖြစ်ပြီး မတတ်နိုင်လျှင် ဖျက်ချရမည်ဟုသာ သူတို့ ထင်မြင်ကြသည်။ ထိခိုက်နစ်နာရသည်မှာ သူတို့ ခန္ဓာကိုယ် မဟုတ်ချေ။
'ဒါပေမဲ့ ဟော်ချန်ယဲ့က...၊ သူက တကယ်ပဲ ယွီရွေ့ကျူး ငိုသံကို မကြားရက်လို့ သားကြောဖြတ်ချင်တာလား၊ သူက သာမန် ရွာသားတွေလို မဟုတ်ဘဲ ချမ်းသာတဲ့ ကုမ္ပဏီပိုင်ရှင် တစ်ယောက်လေ၊ ပုံမှန်ဆိုရင် သူက မျိုးဆက်ပွားဖို့နဲ့ မိသားစုမျိုးဆက် ဆက်ခံဖို့ကို တန်ဖိုးထားသင့်တာ...'
ယွီရွေ့ကျူး ကိုယ်ဝန်စရှိချိန်မှစ၍ ယခုအချိန်အထိ ဤမောင်နှံနှစ်ဦးမှာ ကလေး လိင်အမျိုးအစားနှင့် ပတ်သက်၍ သိပ်ဂရုစိုက်ပုံ မပေါ်ကြောင်း ယွီရှားက နောက်ကျမှ သဘောပေါက်သွားကာ ငြိမ်သက်သွားသည်။
'သူတို့ နှစ်ဦးစလုံး ချမ်းသာကြပြီး ကလေးက ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လိင်အမျိုးအစားကို ဂရုမစိုက်ကြဘူးပဲ...'
ယွီရှားမှာ မှင်တက်စွာဖြင့် ပြန်ထိုင်တော့သည်။
နာကျင်ခက်ခဲလှသော ညတာရှည်ကြီး အလွန်တွင် ခွဲစိတ်ခန်းထဲမှ အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
အာရုဏ်တက်လာပြီး ဆယ်နာရီကျော်ကြာ ခွဲစိတ်ပြီးနောက် အဆုံးတွင် ဆရာဝန်က ကလေးလေးတစ်ယောက်ကို ပွေ့ချီကာ ထွက်လာသည်။
"ကလေး မွေးလာပြီ"