အခန်း ၂၄၈
Vol. 25 Ch. 248
Chapter 248
မွေးကင်းစ ကလေးငယ်လေး အသားအရေမှာ နီမြန်းကာ အရေတွန့်နေပြီး မျောက်ပေါက်စလေး တစ်ကောင်နှင့်တူကာ သိပ်တော့ မလှပေ။
အထူးသဖြင့် မွေးမွေးချင်း အသံကျယ်ကြီးဖြင့် ငိုကြွေးသဖြင့် အနည်းငယ် ဆူညံသည်။
ယွီရွေ့ကျူးမှာ ယခုလေးတင် ကလေးမွေးဖွားထားခြင်းဖြစ်ရာ သူမ ပါးပြင်များ နီမြန်းပြီး မျက်နှာတစ်ဖက်တစ်ချက်ရှိ ဆံပင်များမှာ ချွေးများဖြင့် စိုရွှဲနေသည်။
သူမက ယွီရှား ပွေ့ချီထားသော ကလေးလေးကို လှည့်ကြည့်ပြီး ကလေး နူးညံ့သော လက်ဖဝါးလေးကို ညင်သာစွာ ထိတို့သည်။
"နည်းနည်း ရုပ်ဆိုးပေမဲ့ အရမ်းကို နူးညံ့ပြီး သေးလွန်းတယ်"
ထို့အပြင် ၎င်းက အနည်းငယ် မှော်ဆန်သလိုပင်။
ဤသည်မှာ လပေါင်းများစွာ သူမ ဗိုက်ထဲတွင် ကြီးထွားလာခဲ့သော ကလေးလေးဖြစ်ပြီး ယခုတော့ ဤကဲ့သို့ အပြင်ရောက်လာကာ သူမကို မျက်လုံးလေးဖွင့်၍ ကြည့်လာသည်။
ဤသည်မှာ သူမနှင့် ဟော်ချန်ယဲ့တို့ ကလေးလေးပင်။ ယွီရှားက မနေနိုင်ဘဲ ရယ်မိသည်။
"ကျူးအာရယ် ရုပ်မဆိုးပါဘူး၊ မွေးကင်းစကလေးတိုင်း ဒီလိုပုံစံချည်းပါပဲ၊ ရက်အနည်းငယ်နေမှ ကလေးရုပ်က ဘယ်လိုလဲဆိုတာ သိနိုင်မှာ၊ နင်နဲ့ ချန်ယဲ့က ဒီလောက် ရုပ်ရည်ချောမောကြတာ ကလေးက ဘယ်လိုလုပ် ရုပ်ဆိုးနိုင်မှာလဲ၊ ဒါက မင်းသမီးလေးလေ၊ နာမည် ဘယ်လိုပေးမလဲဆိုတာ စဉ်းစားပြီးပြီလား"
ယွီရွေ့ကျူးမှာ ဘာမှ မစဉ်းစားရသေးသဖြင့် ဟော်ချန်ယဲ့ကို ကြည့်ကာ မေးသည်။
"ရှင်ရော၊ နာမည် စဉ်းစားပြီးပြီလား"
ယွီရွေ့ကျူး ကိုယ်ဝန်ရှိမှန်း သိပြီးကတည်းက ဟော်ချန်ယဲ့မှာ ယောက်ျားလေးရော မိန်းကလေးအတွက်ပါ နာမည်ပေါင်းများစွာကို စိတ်အားထက်သန် ပျော်ရွှင်စွာဖြင့် ကြိုတင် စဉ်းစားထားခဲ့ပြီးဖြစ်သည်။
သို့သော် ယွီရှား ရင်ခွင်ထဲတွင် ပူဖောင်းလေးများ မှုတ်နေသော ကလေးလေးကို မြင်ရချိန်တွင် သူ စဉ်းစားထားခဲ့သော နာမည်များမှာ ခေတ်နောက်ကျလွန်းပြီး သူနှင့် ရွေ့ကျူး ကလေးလေးအတွက် မထိုက်တန်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
ထို့အပြင် ဤကလေးလေးမှာ ယွီရွေ့ကျူး လပေါင်းများစွာ လွယ်ထားခဲ့ရပြီး ပင်ပင်ပန်းပန်း မွေးဖွားပေးခဲ့ရခြင်းဖြစ်သည်။ ကလေးကို နာမည်ပေးဖို့ သူ့မှာ ဘာအခွင့်အရေး ရှိမှာတဲ့လဲ။
ထို့ကြောင့် သူက ယွီရွေ့ကျူး လက်ကို ဆုပ်ကိုင်ကာ ပို၍ သက်တောင့်သက်သာရှိသော အနေအထားသို့ ရောက်ရန် ကူညီပေးလိုက်ပြီး သူမ နားနားသို့ကပ်ကာ တီးတိုးပြော သည်။
"ကလေး နာမည်ကို ကလေးအမေပဲ ရွေးပေးရမယ်၊ ကိုယ် မပေးနိုင်ဘူး"
ယွီရွေ့ကျူး "..."
သူမက ဟော်ချန်ယဲ့ နက်မှောင်သော မျက်ဝန်းများနှင့် ဆုံလေရာ ခေတ္တမျှ ပြောစရာစကား ပျောက်သွားသည်။
'ဟော်ချန်ယဲ့က ချိုသာတဲ့ စကားတွေပြောဖို့ သင်တန်းများ တက်ထားတာလား၊ မကြာသေးခင်က ဒီလို ချွဲနွဲ့တဲ့ စကားတွေကို သူ သိပ်ပြောတတ်နေပါလား'
'တကယ်ပဲ... နားထောင်လို့ ကောင်းတာပဲ'
သူမက နှုတ်ခမ်းကို ကွေးညွတ်ပြီး ခေတ္တမျှ စဉ်းစားကာ သူမ ကလေးအတွက် နာမည်တစ်ခုကို ဆုံးဖြတ်သည်။
"ဟော်ကျောင်းလန်လို့ ခေါ်ကြမယ်၊ ကျောင်းကျောင်းရူယွမ်၊ ဆွေ့ဆွေ့အန်းလန်ဆိုတဲ့ လှပတဲ့ ဆုတောင်းစကားလေးလိုပေါ့၊ ကျွန်မတို့ ကလေးလေး နှစ်စဉ်နှစ်တိုင်း ဘေးကင်းချမ်းသာပါစေလို့ မျှော်လင့်တဲ့ အဓိပ္ပာယ်လေ"
"သူ့ ချစ်စနိုးနာမည်ကတော့ ကျောင်းကျောင်း ပေါ့"
...
ယွီရွေ့ကျူးက အပြီးသတ် ဆုံးဖြတ်ချက်ချကာ ကလေးနာမည်ကို သတ်မှတ်သည်။
ယွီရှား ရင်ခွင်ထဲတွင် ငိုယိုဂျီကျနေသော မျောက်နီပေါက်စလေးမှာ ယွီရွေ့ကျူး ပြုံးနေသော မျက်နှာကို မြင်လိုက်ရချိန်တွင် ချက်ချင်းပင် ငိုတိတ်သွားပြီး စတင် ပြုံးရယ်လာသည်။
ထိုမြင်ကွင်းက အခန်းထဲရှိ လူအများအပြားကို သက်ပြင်းချစေခဲ့သည်။
"ကျောင်းကျောင်းက သူ့အမေကို သိပ်ကပ်တာပဲ"
ထိုစကားမှာ အနာဂတ်တွင်လည်း မှန်ကန်ကြောင်း ဆက်လက်သက်သေပြလိမ့်မည်။
ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရခြင်းက အလွန် အချိန်ကုန်၊ လူပန်းပြီး မောပန်းစရာကောင်းသော အလုပ်တစ်ခုဖြစ်သည်။
ယွီရွေ့ကျူးမှာ မီးတွင်းထဲတွင် နေရန် လိုအပ်ပြီး ဟော်ချန်ယဲ့က နေ့ခင်းဘက် အလုပ်သွားရသဖြင့် သူမ မိခင်နှင့် ယွီရှားတို့ နှစ်ဦးစလုံးက ယွီရွေ့ကျူးနှင့် ဟော်ကျောင်းကျောင်းကို ကူညီစောင့်ရှောက်ပေးရန် ကမ်းလှမ်းခဲ့သည်။
သူက ယွီရွေ့ကျူးကို ပြုစုယုယရန် အလွန် ကျင့်သားရနေခဲ့ပြီဖြစ်ရာ သူ့ ယောက္ခမနှင့် မရီးဖြစ်နေသည့်တိုင် သူမကို ခေတ္တမျှ မျက်ခြည်ပြတ်သွားလျှင်ပင် သူ စိတ်မချနိုင်ပေ။
သူမကို နှစ်သိမ့်ပေးရန် သူကိုယ်တိုင်ပင် ပြုစုစောင့်ရှောက်ပေးရဦးမည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ယခုအခါ အရာအားလုံးက ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနေသည်။ စက်ရုံနှင့် ကုမ္ပဏီကို သူ ကြီးကြပ်ကွပ်ကဲရန် မလိုအပ်တော့ဘဲ လက်အောက်မှ သတင်းအချက်အလက်များကို လက်ခံရယူရန်သာ လိုအပ်သည်။
အခြားကိစ္စရပ်များ အားလုံးကို လက်အောက်ရှိ ဝန်ထမ်းများက ကိုင်တွယ်ဖြေရှင်းပေးသဖြင့် ယွီရွေ့ကျူးနှင့် ဟော်ကျောင်းကျောင်းတို့ကို စောင့်ရှောက်ရန် သူ့တွင် အချိန်ပိုများစွာ ရရှိလာခဲ့သည်။
သို့သော်လည်း ကလေးထိန်းရသည်မှာ အမှန်တကယ်ပင် မလွယ်ကူလှပေ၊ အထူးသဖြင့် ဟော်ကျောင်းကျောင်းက ယွီရွေ့ကျူးကို အလွန် နှစ်သက်ပြီး သူ့ ထွေးပိုက်မှုကိုတော့ ငြင်းဆန်နေသောကြောင့်ဖြစ်သည်။
သူ ပွေ့ချီတိုင်း ကလေးက ငိုတတ်သည်။ သူ့ ပါးပြင်ပေါ်က အမာရွတ်က ကလေးကို လန့်သွားစေတာလား သို့မဟုတ် ချိုမြိန်နူးညံ့သော မိခင်ဖြစ်သူကိုသာ သဘောကျနေတာလားဆိုတာ မသိနိုင်ချေ။
ဟော်ချန်ယဲ့က သက်ပြင်းချကာ စုပ်သပ်မိသည်။
"ရုပ်ရည်ကို အကဲဖြတ်တတ်တဲ့လူပဲ"
ကလေးမှာ သေးခံလဲရန်၊ နို့တိုက်ရန်နှင့် အိပ်ပျော်ရန် ချော့သိပ်ပေးဖို့ အချိန်တိုင်း လိုအပ်ပြီး သူမ ဂျီကျလာလျှင် အတန်ကြာသည်အထိ ငိုတတ်သည်။
ဟော်ချန်ယဲ့ ကိုယ်တိုင်က ငိုသံကို မကြောက်သော်လည်း ယွီရွေ့ကျူး အနှောင့်အယှက်ဖြစ်မည်ကိုတော့ စိုးရိမ်သည်။
ယွီရွေ့ကျူးမှာ မီးတွင်းထဲ၌ ပြန်လည် နလန်ထူဆဲကာလတွင် ရှိသေးပြီး အရေးအကြီးဆုံးအရာမှာ အနားယူခြင်းနှင့် အိပ်စက်ခြင်းပင်။
သူမကိုယ် သူမ သေချာ ဂရုမစိုက်နိုင်လျှင် ကျန်းမာရေး ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် သူက နေ့စဉ် သူမအတွက် ကွဲပြားခြားနားသော အရသာရှိသည့် အစားအစာများကို ပြင်ဆင်ပေးသည်။
ယွီရွေ့ကျူးကို သူ အနှောင့်အယှက် မပေးချင်သော်လည်း ဟော်ကျောင်းကျောင်း ဂျီကျမှုများက သူ့ကို ဒေါသထွက်စေသည်။ ယခုအချိန်လိုမျိုးပင်။
မွေးဖွားပြီးနောက် ပထမရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီဖြစ်ရာ နီမြန်းပြီး အရေတွန့်နေသော အသားအရေမှာ ကလေး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နူးညံ့ဖြူဖွေးသော အသားအရေဖြင့် အစားထိုးလာသည်။
တောက်ပကြည်လင်သော မျက်လုံးလေးများက ပုတ်ခတ်ပုတ်ခတ်ဖြစ်စဉ် သူမကို အလွန်တရာ လှပနေစေသည်။
သို့သော် နောက်တစ်စက္ကန့်တွင်တော့...
"အူးဝါး..."
ယခင်က တောက်ပစွာ ပုတ်ခတ်ပုတ်ခတ် ဖြစ်နေသော မျက်လုံးလေးများမှာ ရုတ်တရက် မျက်ရည်များဖြင့် ပြည့်လျှံလာပြီး ငိုယိုဂျီကျတော့သည်။
ဟော်ချန်ယဲ့မှာ ယွီရွေ့ကျူးအတွက် ဟင်းချက်စဉ် ထိုအသံကို ကြားလိုက်ရသဖြင့် ခေါင်းကိုက်သွားရသည်။
သူ အလျင်အမြန်ပင် ကလေးကို ပွေ့ချီကာ အခန်းပြင်သို့ ထွက်လာပြီး ချော့မြှူရန် ဟိုဘက်ဒီဘက် လျှောက်နေသည်။
"ကျောင်းကျောင်း လိမ္မာတယ်နော်၊ မငိုနဲ့၊ မားမားက အခန်းထဲမှာ အိပ်နေတုန်းပဲ၊ မားမားကို နှိုးလိုက်ရင် နေလို့ရခက်လိမ့်မယ်၊ ပါး ခဏလောက် ချော့သိပ်ပေးမယ်နော်၊ တစ်ခုခု မသက်မသာ ဖြစ်လို့လား"
ကလေးကို သေးခံ ယခုလေးတင် လဲပေးထားပြီး အိပ်ရာမှလည်း ယခုလေးတင် နိုးလာခြင်းဖြစ်သည်။
'ဘာလို့ ရုတ်တရက်ကြီး ထပ်ငိုရတာလဲ၊ ဗိုက်ဆာလို့များလား'
ယွီရွေ့ကျူးကို မနှိုးမိစေရန် သူ ပိုကြိုးစားလေ သူ့ ရင်ခွင်ထဲရှိ ဟော်ကျောင်းကျောင်းကို ချော့ရသည်မှာ ပိုခက်ခဲလေဖြစ်သည်။ ကလေးမလေး ဂျီကျနေစဉ်မှာပင် ယွီရွေ့ကျူးက အခန်းထဲမှနေ၍ လှမ်းခေါ်သည်၊။
"ဒီနား လာခဲ့ပါဦး"
ဟော်ချန်ယဲ့ "..."
'သူမ နိုးသွားတာပဲ'
သူက ငိုယိုနေသော ဟော်ကျောင်းကျောင်းကို ပွေ့ချီကာ အခန်းထဲသို့ ပြန်ဝင်လာသည်။ ထူးဆန်းသည်မှာ ဟော်ချန်ယဲ့ ရင်ခွင်ထဲတွင် နတ်ဆိုးလေးတစ်ကောင်အလား ငိုယိုခဲ့သော ဟော်ကျောင်းကျောင်းမှာ ယွီရွေ့ကျူး ရင်ခွင်ထဲ ရောက်သွားချိန်တွင် သိပ်ပြီး တုံ့ပြန်မှု မရှိတော့ပေ။
ယွီရွေ့ကျူးက ကလေးကို ပွေ့ချီထားရင်း အောက်သို့ ငုံ့ကြည့်ရာ ဟော်ကျောင်းကျောင်းက ခေတ္တမျှ ငေးကြောင်ကြည့်ပြီးနောက် ရုတ်တရက် အားရပါးရ ရယ်မောလာသဖြင့် နှာခေါင်းထဲမှ နှပ်များပင် ထွက်လာလုမတတ်ပင်။
ဟော်ချန်ယဲ့မှာ ဤပုံစံကို ဆက်မကြည့်ရက်တော့ပေ။
'ငါ့ ရင်ခွင်ထဲမှာကျ ဘာလို့ ဒီလောက် ဆိုးနေရတာလဲ၊ ဒီလောက် ငယ်ငယ်လေးနဲ့ မျက်နှာနှစ်ဖက် ရှိနေပြီလား'
ဟော်ကျောင်းကျောင်း လက်လေးများ လှုပ်ရှားသွားပြီး ယွီရွေ့ကျူးကို ညင်သာစွာ ပုတ်ကာ သူမ တောက်ပသော မျက်လုံးလေးများဖြင့် ကြည့်နေသည်။
သူမ ဖြူဖွေးသော မျက်နှာလေးမှာ ပန်းချီကားတစ်ချပ်အလား လှပနေပြီး နားလည်ရခက်သော အသံလေးများ ထွက်လာသည်။
ယွီရွေ့ကျူးက "ကျောင်းကျောင်း ဗိုက်ဆာနေတာ မဟုတ်လား၊ ဟော်ချန်ယဲ့ ကျွန်မအတွက် ပြတင်းပေါက်ခန်းဆီးလေး ပိတ်ပေးလို့ရမလား၊ ကျောင်းကျောင်းကို နို့တိုက်မလို့"
ဟော်ချန်ယဲ့က ခေါင်းညိတ်ပြီး ကမန်းကတန်း သွားပိတ်ပေးကာ ယွီရွေ့ကျူး ရှေ့တွင် ပြန်ရပ်ပြီး သူမ နို့တိုက်သည်ကို ကြည့်နေသည်။
ဤမည်ကွင်းက မည်သည့် ရိုမန်တစ်ဆန်သော လေထုမှ မရှိသလို ချောင်းကြည့်ရန် ရည်ရွယ်ချက်လည်း မရှိပေ။ ဟော်ချန်ယဲ့ မျက်မှောင်များပင် တင်းတင်းကြုတ်မိသည်။
အဘယ်ကြောင့်ဆို နို့တိုက်ရခြင်းက အလွန် ကြမ်းတမ်းလွန်းသောကြောင့်ပင်။
မွေးကင်းစ ကလေးငယ်လေးတွင် သွားဖုံးများ မရှိသေးသော်လည်း နို့စို့ချိန်တွင် ယုံနိုင်စရာ မရှိလောက်အောင် ကြမ်းတမ်းလှသည်။ စို့အားနှင့် ဆွဲငင်မှုကြောင့် ဟော်ချန်ယဲ့ ပါးလျသော နှုတ်ခမ်းများ တင်းတင်းစေ့သွားပြီး လက်သီးများကို ဆုပ်ထားမိသည်။
အထူးသဖြင့် ယွီရွေ့ကျူးပါ မျက်မှောင်ကြုတ်ကာ အသံထွက်သွားချိန်တွင် သူ မနေနိုင်တော့ပေ။
နို့တိုက်တိုင်း အနာဖေးများဖြစ်ကာ သွေးထွက်လာတတ်ပြီး နောက်တစ်ကြိမ် တိုက်ချိန်တွင် ထိုအနာဖေးများ ပြန်လည် ကွာကျသွားကာ သွေးစက်များ ကျန်ရစ်တက်သည်။
သူကိုယ်တိုင်တောင်မှ သူမအား ကြမ်းကြမ်းတမ်းတမ်း မဆက် ဆံဖူးသော်လည်း ယခုမူ ဟော်ကျောင်းကျောင်းမှာ...