← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

Chapter 249

နို့တိုက်ရခြင်းက အမြဲတမ်း ဤသို့ပင် ဖြစ်ကြောင်း သူ သိထားသော်လည်း ဟော်ချန်ယဲ့မှာ မအောင့်အီးနိုင်တော့ချေ။ သူက ဟော်ကျောင်းကျောင်း ငိုသံကို ဂရုမစိုက်ဘဲ ယွီရွေ့ကျူး ရင်ခွင်ထဲမှ ဆွဲယူပြီး တင်းမာသော မျက်နှာထားဖြင့် ပြောသည်။

"ကိုယ် မြို့ပေါ်သွားပြီး နို့မှုန့် သွားဝယ်မယ်၊ ကျောင်းကျောင်းကို အခုကစပြီး နို့မှုန့်ပဲ တိုက်တော့မယ်၊ ဒီအတိုင်း မိခင်နို့ ဆက်တိုက်လို့ မဖြစ်တော့ဘူး"

'သူ့ ဇနီးက ပိုအရေးကြီးလား၊ ကလေးက ပိုအရေးကြီးသလားဆိုတာက မေးစရာတောင် လိုသေးလို့လား'

ယွီရွေ့ကျူးက သူ့ကို မျက်ခုံးပင့်ကြည့်သည်။

"ကျွန်မ ရင်သား တင်းလာတာကိုကျတော့ ဘယ်လိုလုပ်မလဲ"

တံခါးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားနေသော ဟော်ချန်ယဲ့ ရုတ်တရက် ရပ်တန့်သွားပြီး သူ့ နားရွက်များ နီရဲလာသည်။ သူက အသံကို နှိမ့်ကာ ပြောသည်။

"ကျောင်းကျောင်း မသောက်ရင်လည်း ကိုယ် သောက်နိုင်ပါတယ်"

ယွီရွေ့ကျူး "..."

'သူ ဒီလိုပြောမယ်ဆိုတာ ငါ သိသားပဲ'

ထိုနေ့ မွန်းလွဲပိုင်းတွင် ရွာထဲ၌ ပွက်လောရိုက်သွားသည်။ လူများစွာက ဟော်ချန်ယဲ့တစ်ယောက် နို့မှုန့်ဗူး အမြောက်အ မြားကို အိမ်သို့ သယ်ဆောင်လာသည်ကို မြင်လိုက်ပြီး ၎င်းတို့မှာ စျေးကြီးသော နိုင်ငံခြားဖြစ် အမှတ်တံဆိပ်များဖြစ်သည်ဟု ဆိုကြသည်။

လူကြီးပိုင်းများက နားမလည်နိုင်ကြပေ။

"ဒါ အရမ်း ဖြုန်းတီးရာ မကျလွန်းဘူးလား၊ အဲဒါက ဘယ် လောက်တောင် ပေးရတာလဲ၊ ရွေ့ကျူးမှာ နို့လုံလုံလောက်လောက် ရှိနေတာပဲ၊ တိုက်ရိုက် တိုက်လို့ရနေတာကို ဘာလို့ နို့မှုန့်အတွက် ငွေဖြုန်းနေရတာလဲ"

"ဟုတ်ပါ့"

ဟော်မိသားစုနှင့် အဆက်အသွယ်ပြတ်နေသည်မှာ အတန်ကြာပြီဖြစ်သော ဟော်အဒေါ် ယန်ချိုးကျွီးက ပြောလာသည်။

"ချန်ယဲ့က သူ့ မိန်းမ နို့တိုက်ရလို့ အရမ်း ပင်ပန်းနေမှာကို စိုးလို့ပြောကြတယ်၊ ဒါပေမဲ့ ငါတို့ ရွာက မိန်းမတိုင်း ဒီလိုပဲ ဖြတ်သန်းခဲ့ကြရတာ မဟုတ်ဘူးလား၊ ရွေ့ကျူးက အရမ်းနုဖတ်လွန်းတယ်၊ ချန်ယဲ့ကလည်း တူတူပဲ၊ သူ့ မိန်းမကို အရမ်း အလိုလိုက်လွန်းတာပဲ"

မကြာသေးမီက သူမသည် ဟော်ချင်းကော် ဖောက်ပြန်မှုကြောင့် အခြားအမျိုးသမီးတစ်ဦးနှင့် ရန်ဖြစ်ခဲ့ပြီး ထိုပြဿနာမှာ အတော်လေး ကြီးကျယ်ခဲ့သည်။

ဟော်ချန်ယဲ့က နို့မှုန့်အတွက် ငွေဖြုန်းနေကြောင်း ကြားသောအခါ သူမ မနေနိုင်တော့ဘဲ သူ့ အိမ်တံခါးဝသို့ ပြေးသွားကာ နောက်တစ်ကြိမ် ထပ်မံ ဖျောင်းဖျရန် ကြိုးစားတော့သည်

"ချန်ယဲ့... အဒေါ်က မင်း ကောင်းဖို့အတွက် ပြောပေးနေတာပါ၊ မိခင်နို့တိုက်တာနဲ့ နို့မှုန့်တိုက်တာက ဘယ်လိုလုပ် အတူတူ ဖြစ်နိုင်မှာလဲ၊ မိခင်နို့က အများကြီး ပိုပြီး အာဟာရပြည့်ဝတယ်၊ မိခင်နို့သောက်ရတဲ့ ကလေးက ဉာဏ်ရည်ဖွံ့ဖြိုးပြီး အနာဂတ်မှာ တောက်ပလိမ့်မယ်၊ နို့မှုန့်မှာ ဘာအာဟာရ ရှိလို့လဲ၊ အကုန်လုံး လိမ်ညာနေကြတာပဲ"

ဟော်ချန်ယဲ့က သူမကို လျစ်လျူရှုထားခဲ့သည်။ နောက်တစ်နေ့တွင် သူက ရွာ သတင်းအချက်အလက် ဌာနသို့ သွားကာ အဒေါ်ကြီးများနှင့် အဖွားကြီးများကို ရည်ရွယ်၍ ပြောသည်။

"ကျောင်းကျောင်းက ရွေ့ကျူး ဆယ်လတိတိ လွယ်ထားပြီးမှ မွေးလာတာပါ၊ ကလေးကို ဘယ်လို ကျွေးမွေးရမလဲဆိုတာ ဆုံးဖြတ်ဖို့ သူမလောက် ဘယ်သူမှ အခွင့်အရေး မရှိပါဘူး

ပြီးတော့ မိခင်နို့က နို့မှုန့်ထက် ပိုကောင်းချင်မှ ကောင်းမှာပါ၊ နို့မှုန့်ဖိုးကတော့... ကျွန်တော်တို့က ဒီလိုအချိန်မျိုးမှာ ဒုက္ခမခံရအောင် ငွေကို ပင်ပင်ပန်းပန်း ရှာထားကြတာလေ

ဘဝကို ပိုကောင်းအောင် ဖြတ်သန်းလို့ရတာပဲကို ဘာလို့ ဒုက္ခခံရမှာလဲ၊ ကျွန်တော်တို့ရဲ့ ရွေ့ကျူးက အကောင်းဆုံး ဆက်ဆံမှုနဲ့ ထိုက်တန်တယ်"

သူ့ စကားများကြောင့် လူတိုင်းမှာ အံ့အားသင့် မှင်တက်သွားသည်။

နောက်ပိုင်းတွင် သူ့ စကားများ ရွာတစ်ရွာလုံးသို့ ပြန့်နှံ့သွားချိန်၌ လူအများအပြားမှာ အားကျလာသည်။ ဤမောင်နှံနှစ်ဦး ဆက်ဆံရေးမှာ အမှန်တကယ်ပင် ထူးခြားပြောင်မြောက်ပြီး မြင်ရခဲသော မြင်ကွင်းတစ်ခုပင်။

ဇနီးဖြစ်သူအပေါ် ထားရှိသော ဟော်ချန်ယဲ့ သဘောထားမှာ ပတ်ဝန်းကျင် ရွာများနှင့် မြို့များတွင် ပြိုင်ဘက်ကင်းဖြစ်နေကာ သူတို့က တစ်ယောက်အတွက် တစ်ယောက် မှန်ကန်သူကို ရှာတွေ့ခဲ့ခြင်းပင်။

ပြန်တွေးကြည့်လျှင် ဟော်ချန်ယဲ့ စကားများက အဓိပ္ပာယ်ရှိသဖြင့် ရွာသားများမှာ အနည်းငယ် ရှက်ရွံ့သွားပြီး မိခင်နို့နှင့် နို့မှုန့် အကြောင်းကို ဆက်မပြောတော့ပေ။

နို့မှုန့်များ တဖြည်းဖြည်း ကုန်ခမ်းသွားသည်နှင့်အမျှ နေ့ရက်များ ကုန်လွန်လာပြီး ဟော်ကျောင်းကျောင်းမှာ ပိုမို ပြည့်ဖြိုးကာ ချစ်စရာကောင်းလာသည်။ မကြာမီတွင် သူမ တစ်နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပရန် အချိန်ကျရောက်လာသည်။

ကလေးအတွက် အရေးကြီးသော နေ့တစ်နေ့ ဖြစ်သည့်အပြင် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ စီးပွားရေး လုပ်ငန်းများ ကြီးထွားလာမှုကြောင့် သူတို့နှင့် စီးပွားရေးအရ ဆက်သွယ်မှုရှိသူများအပြင် ရင်းနှီးသူ အများအပြား တက်ရောက်ခဲ့သည်။

ယခင်က ယွီရွေ့ကျူးထံတွင် လက်ဆောင်ဗူးများကို အုပ်စုလိုက် အမှာစာတင်ခဲ့ဖူးသော ခေါင်းဆောင်များလည်း ပါဝင်သည်။

ထိုအစားမက်ပြီး တည်ငြိမ်ကာ ရှေးရိုးဆန်သော အဘိုးအိုမှာ အမှန်တွင် စုန့်ချင်းရှန်း မျက်နှာလိုမျက်နှာရ လုပ်ရန်ကြိုးစားခဲ့ဖူးသော ပါတီအတွင်းရေးမှူးဟောင်းဖြစ်သော ကျီချိုးရှင်း ဖခင်ဖြစ်ကြောင်းအား သူ့ဘေးတွင် ရပ်နေသော ကျီချိုးရှင်းကို မြင်လိုက်ရချိန်မှသာ ယွီရွေ့ကျူး သဘောပေါက်သွားသည်။

မြို့တော်ဝန်၊ အခြားဝန်ထမ်းများနှင့် ကုမ္ပဏီ ပြည်ပပို့ကုန် လုပ်ငန်းကြောင့် အခြား ပြည်နယ်များမှ လူများပင်လျှင် ကျောင်းကျောင်း တစ်နှစ်ပြည့် မွေးနေ့ပွဲသို့ တက်ရောက်ရန် ရောက်ရှိလာသည်။

ဤသည်မှာ အတော်လေး ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်ပြီး ထိုနေ့ သတင်းစာတွင်ပင် ဖော်ပြခံခဲ့ရသည်။

ကျောက်ကျစ်ဖန်မှာ သတင်းစာကို ဝယ်ယူကာ တစ်ချက် ကြည့်ပြီးနောက် နောင်တတရားများဖြင့် ပြည့်နှက်နေကာ ရှုပ်ထွေးသော ခံစားချက်များက သူ့ကို လွှမ်းမိုးသွားသည်။ သူ့ လက်များပင် တုန်ယင်နေသည်။

သူတို့ ရှုပ်ထွေးသော ကွာရှင်းမှုအပြီးတွင် ယွီရှားက ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့၏ကုမ္ပဏီတွင် ကူညီလုပ်ကိုင်ပေးရန် စက်ရုံအလုပ်မှ ထွက်လိုက်သည်။

သူမက စက်ရုံမှာထက် ငွေပိုရကာ ယခုအခါ မန်နေဂျာတစ်ဦး ဖြစ်နေပြီး သူမ လစာမှာ လူတိုင်းကို အံ့အားသင့် မှင်တက်သွားစေလောက်ကြောင်း သူ ကြားဖူးသည်။ သူမက အလွန် သက်တောင့်သက်သာနှင့် ပြည့်စုံသော ဘဝကို ဖြတ်သန်းနေရသည်။

တစ်ချိန်တည်းမှာပင် စက်ရုံတွင် သူ့ ရှုပ်ယှက်ခတ်မှုများကို ရှင်းလင်းပေးမည့် ယွီရှား မရှိတော့သဖြင့် အလုပ်တွင် အဆက်မပြတ် အမှားများ ပြုလုပ်မိနေခဲ့ပြီး စက်ရုံ၏စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် အလုပ်ဖြုတ်ခံရသည့်အထဲတွင် သူက ကံမကောင်းသူ တစ်ဦး ဖြစ်သွားခဲ့သည်။ သူသည် ဇနီးသည်၊ အလုပ်အကိုင်နှင့် အရာအားလုံးကို ဆုံးရှုံးလိုက်ရသည်။

သို့တိုင်အောင် သူ အထင်အမြင်သေးကာ ဘယ်တော့မှ ပြန်လည် နလန်ထူနိုင်မည် မဟုတ်ဟု ထင်မှတ်ခဲ့သော ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့မှာ သူတို့ စီးပွားရေး ပိုမိုကြီးထွားလာသည်ကို မြင်တွေ့ရပြီး မြို့တော်ဝန်ဆီမှ အာရုံစိုက်မှုကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။

ကျောက်ကျစ်ဖန်မှာ သူတို့ အောင်မြင်မှုကို မနာလိုဖြစ်ပြီး နောင်တတရားများဖြင့် ပြည့်နှက်လာသည်။ အကယ်၍ ထိုစဉ်က သူ အလျင်စလို မပြုမူဘဲ အခြေအနေကို သေချာ စုံစမ်းခြင်းမပြုမီ ယွီရွေ့ကျူးကို သွားရောက် လှောင်ပြောင်ပြီး ယွီရှားကို မရိုက်နှက်ခဲ့လျှင် ယခုဆို အခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲနေမည် မဟုတ်ပါလား။

ယွီရွေ့ကျူး သူ့အား အထင်အမြင်သေးလျှင်တောင်မှ ယွီရှားနှင့် သူ့ ဆက်ဆံရေးကြောင့် တစ်ခုခုတော့ ရရှိနိုင်ပြီး ယွီရှားလို ရာထူးမျိုးပင် ရနိုင်လောက်သည်။

ထိုသို့ဆို ဘဝကြီးက အလွန်ကိုသက်တောင့်သက်သာ ရှိမည်ပင်။ ကံမကောင်းစွာဖြင့် သူ အရာအားလုံးကို ဖျက်ဆီးပစ်မိသည်။

ကျောက်ကျစ်ဖန်က သတင်းစာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နှလုံးကွဲကြေမတတ် နောင်တတရားများဖြင့် ပြည့်နှက်နေကာ မျက်ရည်များပင် ကျလာလုမတတ်ပင်။

အရာအားလုံး ပြီးဆုံးသွားခဲ့သည်။

...

တစ်ချိန်တည်းမှာပင် ကျောက်ကျစ်ဖန် ငိုယိုနေစဉ် ယွီရွေ့ကျူးတို့ထံတွင်မူ လေထုက အလွန်စည်ကား သက်ဝင်နေသည်။

တောက်ပသော မျက်လုံးလေးများနှင့် နွေးထွေးလှပသော အဝတ်အစားလေးများကို ဝတ်ဆင်ထားသည့် တစ်နှစ်အရွယ် ဟော်ကျောင်းကျောင်းကို သူမက ရင်ခွင်ထဲတွင် ပွေ့ချီထားသည်။

ဟော်ချန်ယဲ့က သူမ လက်ကို ဆုပ်ကိုင်ထားပြီး ပခုံးကို ဖက်ထားကာ မျက်နှာချင်းဆိုင်ရှိ ကင်မရာရှေ့တွင် ရပ်ကြသည်။ ကလစ်ဟူသော အသံလေးနှင့်အတူ ဓာတ်ပုံ ရိုက်ကူးပြီးစီးသွားသည်။

"ချိစ်"

လူတိုင်း နှစ်စဉ်နှစ်တိုင်း ကံကောင်းခြင်းများနှင့် ပျော်ရွှင်ခြင်းများစွာဖြင့် ပြည့်စုံကြပါစေ။

All Chapters