အခန်း ၂၅၂
Vol. 26 Ch. 252
Chapter 252
ကုမ္ပဏီလုပ်ငန်းများမှာ တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပြီဖြစ်ရာ အစပိုင်းကလို အချိန်ပြည့် စောင့်ကြည့်နေရန် မလိုအပ်တော့ပေ။
အဆုံးတွင်တော့ သူတို့ အနားယူနိုင်ကြပြီဖြစ်သည်။ ယွီရွေ့ကျူး မွေးနေ့တွင် လူအများအပြား စုဝေးကာ အားရပါးရ စားသောက်ခဲ့သည်။
စားပွဲပေါ်တွင် စားကြွင်းစားကျန်များ ပါရှိသော ပန်းကန်ခွက် ယောက်များ ပြန့်ကျဲနေသည်။ အသက်ရှည်ခေါက်ဆွဲ တစ်ဝက်ကို စားပြီးသွားရာ ကျန်တစ်ဝက်ကို ဟော်ချန်ယဲ့က စားပစ်သည်။
ဘီယာစွတ်ထားသော တူကို လျက်မိစေရန် လှည့်စားခံလိုက်ရသော ဟော်ကျောင်းကျောင်းလေးမှာ မျက်နှာကို ရှုံ့မဲ့ပြီး ပါးစပ်ဆေးရန် အပြင်သို့ အမြန် ပြေးထွက်သွားကာ ရယ်မောနေသော ရှဲ့ချီကို နောက်မှ သေချာ ပြန်ဆူရန် ပြင်ထားသည်။
ယင်းယန်က ဤနှစ်မှာ ချစ်သူအသစ် ရသွားခဲ့သည်။ သူက အလွန် တည်ငြိမ်အေးဆေးသော လူငယ်တစ်ဦးဖြစ်ပြီး စကားသိပ်မပြောဘဲ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ချိန်မှလွဲ၍ ပုံမှန်အားဖြင့် ယင်းယန်ကို အပြုံးမျက်ဝန်းများဖြင့်သာ ငေးကြည့်တတ်သည်။ လာမည့်နှစ်တွင် သူတို့ လက်ထပ်ကြတော့မည်ဟု ဆိုသည်။
ယွီရွေ့ကျူးမှာ အနည်းငယ် အိပ်ချင်လာသည်။
နွေဦးမှ ငိုက်မျဉ်းမှုနှင့် ဆောင်းဦး နွမ်းနယ်မှုတို့ ဝင်ရောက်လာသည်။
သူမက ဟော်ချန်ယဲ့ ပခုံးပေါ်တွင် မှီလိုက်ပြီး သူတို့နှစ်ဦးမှာ ခြံဝင်းထဲရှိ စပျစ်နွယ်ပင်အောက်တွင် ထိုင်နေကြကာ လေထုထဲတွင် ခပ်ဖျော့ဖျော့ အရက်နံ့လေး သင်းပျံ့နေပြီး သူမ နှုတ်ခမ်းများမှာ ပန်းသွေးရောင် သန်းလာသည်။
သစ်ရွက်များကြားမှ ဖြတ်သန်းကျရောက်လာသော နေရောင်ခြည်က ယွီရွေ့ကျူး မျက်နှာပေါ်သို့ နွေးထွေးစွာ ဖြာကျနေသည်။
သူမက မျက်လုံးကို မှေးစင်းကာ ဟော်ချန်ယဲ့နှင့် လက်ချင်းဆုပ်ကိုင်ထားရင်း အိပ်မောကျသွားတော့သည်။
...
ယွီရွေ့ကျူး မျက်လုံးပွင့်လာသည်နှင့် တစ်ပြိုင်နက် လန့်ဖျပ်သွားရသည်။
သူမက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရာ သူမ မျက်မှောင်များ အနည်းငယ် ကြုတ်သွားတော့သည်။
သူမ မအိပ်ပျော်မီက ဟော်ချန်ယဲ့နှင့်အတူ စပျစ်နွယ်ပင်အောက်တွင် လက်ချင်းယှက်ကာ ထိုင်ခဲ့ကြပြီး ပတ်ဝန်းကျင်တွင် စည်ကားသက်ဝင်နေသည်။
ယခုတော့ သူမက သေးငယ်သော အခန်းလေး၊ အနည်းငယ် ရင်းနှီးနေသော အိမ်အသုံးအဆောင်များနှင့် ပြတင်းပေါက်တွင် လေတိုက်၍ ယိမ်းနွဲ့နေသော လိုက်ကာများကို ကြည့်လိုက်ချိန်တွင် ကျောရိုးတစ်လျှောက် ချွေးအေးများ စိမ့်ထွက်လာသည်။
သူမ လက်မောင်းကို ဆိတ်ကြည့်ရာ နာကျင်မှုက အရေပြားမှတစ်ဆင့် ဦးနှောက်ဆီသို့ ရိုက်ခတ်သွားသည်။
ယွီရွေ့ကျူးက အောက်သို့ ငုံ့ကြည့်ရာ သူမ နက်မှောင်သော ဆံကေသာများ ပြန့်ကျလျက်ရှိပြီး မျက်လုံးများမှာ အနည်းငယ် တုန်ခါနေသည်။
သူမ ပြန်ရောက်လာသည်။ ပစ္စုပ္ပန်ကမ္ဘာသို့ သူမ ပြန်ရောက်လာခဲ့သည်။
၁၉၈၀ ပြည့်နှစ်များဆီက သူမသည် မူလပိုင်ရှင် ချန်ရစ်ခဲ့သော အရှုပ်အထွေးများအပြင် ပတ်ဝန်းကျင်နှင့် အသားကျရန် မရေမတွက်နိုင်အောင် ရုန်းကန်ခဲ့ရသဖြင့် ဤနေရာသို့ ပြန်လာချင်ခဲ့သည်။
သို့သော် ယခု တကယ်ကြီး ပြန်ရောက်လာချိန်မှာတော့ ယွီရွေ့ကျူးမှာ ပျော်ရွှင်နေသည်ဟု မပြောနိုင်တော့ပေ။
သူမက အလိုအလျောက်ပင် လက်လှမ်းကာ သူမ ကုတင်ဘေးရှိ နေရာလွတ်ကို စမ်းကြည့်မိသည်။
မျှော်လင့်ထားသည့်အတိုင်းပင် အေးစက်နေပြီး ထိုနေရာတွင် လူတစ်ယောက် အိပ်ခဲ့သည့် အရိပ်အယောင် လုံးဝ မရှိပေ။ ၁၉၈၀ ပြည့်နှစ်များတုန်းက အခြေအနေမျိုး မဟုတ်တော့ချေ။
ယခင်က သူမ ဟော်ချန်ယဲ့နှင့် စပျစ်နွယ်ပင်အောက်တွင် လက်ချင်းဆုပ်ကိုင်ထားခဲ့သော်လည်း ယခုတော့ သူမ တစ်ယောက်တည်းသာရှိတော့သည်။
ယွီရွေ့ကျူး လက်သီးကို ဆုပ်ထားကာ မျက်မှောင်ကြုတ်မိသည်။
"တီ... တီ... တီ... တီ..."
ဖုန်းမြည်သံက ယွီရွေ့ကျူး အတွေးများကို ဖြတ်တောက်သွားစေသည်။
သူမက ကုတင်ဘေးရှိ ဖုန်းကို အလိုအလျောက် ဆွဲယူကာ တစ်ချက် ကြည့်လိုက်သည်။ အချိန်အတော်ကြာ မမြင်တွေ့ခဲ့ရသော အီလက်ထရောနစ် မျက်နှာပြင်ပေါ်တွင် ပိချွန်းမေဟူသော စကားလုံး သုံးလုံးက နေရာယူထားသည်။
သူမ အမေပင်။
ဖုန်းကိုင်ပြီးနောက် ဖုန်းထဲမှ အမျိုးသမီးတစ်ဦးအသံ ထွက်ပေါ်လာပြီး အနည်းငယ် နူးညံ့ချိုသာသော လေသံဖြင့် ပြောလာသည်။
"ရွေ့ကျူး... ဒီနှစ် ပွဲတော်ရက်မှာ အိမ်ပြန်လာမှာလား၊ ရှောင်ကွမ်က သူ့အစ်မကို လွမ်းတယ်တဲ့၊ နင့်အဖေကလည်း အလုပ်တွေကြောင့် နင့်ကို မတွေ့ရတာ နှစ်တွေအကြာကြီးရှိပြီဆိုတော့ နင့်ရုပ်တောင် ဘယ်လိုလဲ မသိတော့ဘူးတဲ့လေ
သမီး အကြိုက်ဆုံး ပင်လယ်စာတွေလည်း အမေတို့ ဝယ်ထားတယ် ရွေ့ကျူး၊ ဒီနှစ် ပွဲတော်ရက်တော့ အိမ်ပြန်လာပါနော်၊ အချိန်ရော ရရဲ့လား"
ထို နူးညံ့ချိုသာသော အသံ ထွက်ပေါ်လာချိန်တွင် ယွီရွေ့ကျူး စိတ်ထဲ၌ သူမအား နူးညံ့စွာ ပြုံးနေသော မျက်နှာကို မမြင်ယောင်ဘဲ သူမ ကိုယ်ဝန် မဆောင်မီနှင့် ဆောင်ပြီးနောက် အိပ်မက်ထဲတွင် မြင်မက်ခဲ့ရသော သူမ နာရေးတွင် အေးစက်ကာ လှောင်ပြောင်နေသော ခံစားချက်မဲ့ မျက်နှာကိုသာ မြင်ယောင်လာသည်။
ထိုအခါမှ သူမ သဘောပေါက်သွားတော့သည်။ သူမ သေဆုံးသွားခြင်း မဟုတ်သေးပေ။
ယွီရွေ့ကျူး ဖုန်းကို အမြန်ချပြီး ဖုန်းပေါ်ရှိ အချိန်ကို စစ်ဆေးကြည့်သည်။
ပုံမှန်အားဖြင့် သူမက ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသဖြင့် ၁၉၈၀ နှစ်များသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သော် လည်း ယခုအခါ ဖုန်းပေါ်ရှိ ဂဏန်းများက ဤသည်မှာ သူမ မသေဆုံးမီ ဆယ်ရက်အလို ဖြစ်ကြောင်း ရှင်းလင်းစွာပြသနေသည်။
သူမ လွန်ခဲ့သော ဆယ်ရက်ဆီသို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။
သာမန်အခြေအနေအောက်တွင် ပိချွန်းမေဆီမှ ပျော့ပျောင်းသွားသော စကားများကြောင့် အိမ်ပြန်ရန် သူမ စဉ်းစားမိခဲ့ပြီးနောက် လက်မှတ်ဝယ်ကာ လမ်းဖြတ်ကူးရန် ပြင်ဆင်နေစဉ် မူးယစ်နေသော ယာဉ်မောင်းတစ်ဦး ကားတိုက်ခံရကာ သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ယွီရွေ့ကျူးက ပိချွန်းမေ စရိုက်လက္ခဏာများကို ရှင်းလင်းစွာ နားလည်နေပြီဖြစ်ပြီး ဤတစ်ကြိမ်တော့ အိမ်ပြန်လာစေချင်သည်မှာ သူမ မောင်အတွက်သာဖြစ်ကြောင်း ခန့်မှန်းမိသည်။
သူတို့နှင့် ထပ်ပြီး မပတ်သက်ချင်တော့သဖြင့် ယွီရွေ့ကျူးက ငြင်းဆိုကာ ဖုန်းချပစ်ရန် ပြင်သော်လည်း သူမ တုံ့ဆိုင်းသွားသည်။
သူမ ၁၉၈၀ နှစ်များဆီသို့ ပြန်သွားချင်သေးသည်။ မည်သို့ပင်ဆိုစေ သူမ ယောင်္ကျား၊ သမီးလေးနှင့် လုပ်ငန်းများက ထိုနေရာတွင် ရှိနေပြီး သူမ ဂရုစိုက်ရသော အရာများ၊ လူများစွာ ရှိနေသည် မဟုတ်ပါလား။
အကယ်၍ သူမ၏ရွေးချယ်မှုကို ပြောင်းလဲလိုက်မည်ဆိုလျှင် လိပ်ပြာအကျိုးသက်ရောက်မှုကြောင့် ဘယ်တော့မှ ပြန်မသွားနိုင်တော့ဘဲ ဖြစ်သွားမည်လား။
၎င်းကို တွေးမိသောအခါ ယွီရွေ့ကျူးက မျက်လွှာချကာ ဂရုမစိုက်သော လေသံဖြင့် ပြန်ဖြေသည်။
"အင်း နားလည်ပါပြီ၊ ကျွန်မ ပြန်လာခဲ့ပါ့မယ်"
ပြီးခဲ့သည့်အကြိမ်ကလိုပင် ဖုန်းတစ်ဖက်စွန်းမှ ပိချွန်းမေ ပျော်ရွှင်နေသော အသံ ထွက်ပေါ်လာသည်။
ယွီရွေ့ကျူးက သူမကို လျစ်လျူရှုပြီး ထရပ်ကာ အငှားအခန်းလေးထဲတွင် ခေတ္တမျှ ရပ်နေသည်။ သူမကိုယ် သူမ ရိုးရှင်းသော အစားအစာတစ်ခု ဖန်တီးပြီး ကွန်ပျူတာနှင့် ဖုန်းကို ခဏ ကြည့်ရှုကာ ဤကမ္ဘာ မှတ်ဉာဏ်များနှင့် သူမ စိတ်ကို ပြန်လည် ချိတ်ဆက်လိုက်သည်။
သူမ မိဘများက မောင်ဖြစ်သူ ယောင်ကျူကို မျက်နှာသာ ပေးကာ သူမကို ငယ်စဉ်ကတည်းက ကျေးလက်တွင် ထားရစ်ခဲ့ချိန်မှစ၍ ယွီရွေ့ကျူးမှာ ပြင်းထန်သော စိတ်ဓာတ်ကို မွေးမြူထားခဲ့သည်။
သူမ မိဘများက သူမကို ကူညီမည်မဟုတ်ဘဲ သူမကိုယ်သူမ အားကိုးရမည်ကို သိရှိထားသဖြင့် သူမ ကိုယ်ပိုင် စွမ်းရည်များဖြင့် ရွာမှ ရုန်းထွက်ခဲ့ပြီး တက္ကသိုလ်ကောင်းကောင်းတစ်ခုသို့ ဝင်ခွင့်ရကာ မြို့ကြီးပြကြီးရှိ ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်တစ်ခု အောင်မြင်စွာ ရရှိခဲ့ကာ တခြားလူများ အားကျရသော လူတစ်ယောက် ဖြစ်လာခဲ့သည်။
ယခင်က အေးစက်ခဲ့သော သူမ မိဘများမှာ ချက်ချင်းပင် ပြောင်းလဲသွားကာ သူမကို အရေးတယူ လုပ်လာပြီး ဆက်ဆံရေး တိုးတက်လာစေရန် ကြိုးစားလာသော်လည်း ယွီရွေ့ကျူးက သူတို့ကို ဘယ်သောအခါမှ အာရုံမစိုက်ဘဲ ဤသွေးသားတော်စပ်မှုကို တစ်ဖက်သတ် အဆုံးသတ်ထားခဲ့သည်။
သူမတွင် မည်မျှပင် ငွေများနေပါစေ သူတို့ကို တစ်ပြားတစ် ချပ်မှ ပေးမည်မဟုတ်ဘဲ ဆွေမျိုးများရှေ့တွင် သူတို့ကို ဟန်ဆောင် မျက်နှာကောင်းရရုံသာ ချန်ထားခဲ့ပြီး သူတို့မှာ မည်သည့် အကျိုးအမြတ်မှ ရရှိခဲ့ခြင်း မရှိပေ။
ယခုနှစ်မှာတော့ သူမ အနည်းငယ် ပျင်းရိပြီး ပိချွန်းမေ နေသည့်နေရာတွင် တောင်တန်းများရှိကာ သူမ သူဌေးကလည်း တောင်ပေါ်ထွက်ကုန်များကို နှစ်သက်သဖြင့် သူဌေးအတွက် သူမကိုယ်တိုင် သွားခူးရန် အိမ်ပြန်ဖို့ စဉ်းစားမိခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ယခု သူမ ရည်ရွယ်ချက်များမှာ ပြောင်းသွားသည်။
သူမ အထက်လူကြီး အစ်မချန်ထံမှ ခွင့်အမြန်တောင်းပြီးနောက် ယွီရွေ့ကျူးက လက်မှတ်ဝယ်ကာ မူလအချိန်နှင့် မူလ နေရာဖြစ်သော လမ်းဘေးတွင် သွားရပ်နေသည်။
မူးယစ်နေသော ယာဉ်မောင်း ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းစဉ် ယွီရွေ့ကျူးမှာ မနေနိုင်ဘဲ နက်ရှိုင်းသော အတွေးများထဲသို့ နစ်မြောသွားတော့သည်။
'ဒီလောက်အထိ လုပ်ဖို့ လိုအပ်လို့လား၊ ပြန်လည်မွေးဖွားလာပြီး ယာဉ်တိုက်မှုရဲ့ ကြောက်မက်ဖွယ်ရာကို ထပ်ပြီး တွေ့ကြုံခံစားရဦးမယ်၊ အဲဒါကလည်း ငါကိုယ်တိုင် တမင်သက်သက် ဖန်တီးယူတာမျိုးဆိုတော့...'
ယွီရွေ့ကျူးမှာ နာကျင်မှုကို အနည်းငယ် ကြောက်ရွံ့သည်။
'အင်း... အနည်းငယ်တင် မကဘူးလေ၊ ဘာပဲဖြစ်ဖြစ် ယာဉ်တိုက်မှုကနေ ရလာတဲ့ နာကျင်မှုက မေ့ပျောက်လို့မရနိုင်အောင်ပဲ၊ စောင့်ဆိုင်းနေရတဲ့အချိန်မှာ ကွပ်မျက်ခံရမယ့် ခံစားချက်မျိုးကိုတော့ မပြောနဲ့တော့'
သို့သော် မည်သို့ဖြစ်စေ သူမ ပြန်သွားရမည်။
ယွီရွေ့ကျူး စိတ်များ ပြေးလွှားနေစဉ် သူမ မှတ်ဉာဏ်ထဲမှ ရင်းနှီးနေသော အမည်းရောင် ကားတစ်စီးက သူမဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာသည်။
သူမ အလိုအလျောက်ပင် မျက်လုံးများကို မှိတ်ထားမိသည်။
သို့သော် မျှော်လင့်ထားသော ဝင်တိုက်မှုက ဖြစ်ပေါ်မလာသလို မည်သည့် နာကျင်မှုကိုမျှ သူမ မခံစားရပေ။
ထိုအစား သူမ လက်ကို တစ်စုံတစ်ယောက်က ဖမ်းဆုပ်ပြီး သူမ ခန္ဓာကိုယ်တစ်ခုလုံး ဘေးဘက်သို့ အလျင်အမြန် ဆွဲယူခံရရာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ယိုင်နဲ့သွားတော့သည်။
ကားအင်ဂျင်သံကြီးက သူမ နားထဲတွင် ဆူညံသွားပြီးနောက် စူးရှကျယ်လောင်သော ဝင်တိုက်သံကြီး ထွက်ပေါ်လာသည်။ သူမ ဝန်းကျင်ရှိ လူများက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ယာဉ်တိုက်မှု ဖြစ်သွားတယ်ဟေ့"