← Chapters

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း ၂၅၅

Vol. 26 Ch. 255

Chapter 255

အလုပ်ချိန်အတွင်း ဟော်ချန်ယဲ့ထံသို့ အစီရင်ခံစာ သွားပေးရန် လိုအပ်ချိန်တွင် ယွီရွေ့ကျူး ဟန်ပန်မှာ သူ့နည်းတူ အေးစက်ပြီး သူ့ကို တစ်ချက်ပင် မကြည့်ဘဲ ဖြစ်သလိုသာ ဆက်ဆံတော့သည်။

သူမ စိတ်က ဘယ်လို ပြန်သွားရမလဲ ဆိုတာကိုသာ အာရုံစိုက်စဉ် သူမ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဟော်ချန်ယဲ့က နှုတ်ခမ်းကို စေ့ကာ သူမကို မော့ကြည့်ရင်း ပြောလာသည်။

"မင်းလည်း ဒီကုမ္ပဏီမှာ ရှိနေမယ်လို့ ကိုယ် မထင်ထားခဲ့ဘူး၊ မနေ့က အလျင်လိုနေတာနဲ့ ကိုယ် နည်းနည်း ရိုင်းသွားခဲ့ရင် စိတ်ထဲ မထားပါနဲ့၊ ကိုယ်သာ ရုတ်တရက် ရောက်မလာခဲ့ဘူးဆိုရင် ဒီရာထူးက မင်းနေရာဖြစ်မှာလို့ ကိုယ် ကြားတယ်၊ မင်းရဲ့ ရာထူးတိုးမယ့်ကိစ္စကို နှောင့်ယှက်မိသလို ဖြစ်သွားလို့ တောင်းပန်ပါတယ်"

ယွီရွေ့ကျူးက သိပ်ဂရုစိုက်ပုံ မပေါ်ဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"ကိစ္စမရှိပါဘူး"

သူမ ကိုယ်ပိုင် သူဌေးဖြစ်ခဲ့သည်နှင့် ယှဉ်လျှင် ရာထူးတိုးလည်း ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ချေ။

အကယ်၍သာ ၁၉၈၀ နှစ်များကို ပြန်သွားချင်နေတာ မဟုတ်လျှင် အလုပ်ကထွက်ပြီး မနေ့က စတင် လေ့လာခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှုလိုမျိုး ငွေရှာဖို့ တခြားတစ်ခုခုကို သူမ လုပ်လောက်မည် မဟုတ်လား။

ဟော်ချန်ယဲ့မှာ ခေတ္တမျှ ပြောစရာစကား ပျောက်ရှသွားသည်။ သူက နေရောင်ခြည်အောက်တွင် တောက်ပနေသော ယွီရွေ့ကျူး ဖြူဖွေးသော အသားအရေကို ကြည့်ရာ သူမ မျက်လွှာချထားမှုက မနေ့ညက သူ့ ရှုပ်ထွေးခဲ့သော အခြေအနေနှင့် ဖော်ပြ၍မရနိုင်သော အိပ်မက်များကို အကြောင်းပြချက်မရှိ ပြန်လည် တွေးမိစေသည်။

သူက အလျင်အမြန်ပင် လက်သီးကို ဆုပ်ပြီး နှာသံပါဆဲဖြစ်သော အသံဖြင့် ပြောသည်။

"ဒါဆိုလည်း အလုပ်ပြန်လုပ်တော့လေ"

ယွီရွေ့ကျူးက အသံတိုးတိုးဖြငိ့ တုံ့ပြန်ပြီး လှည့်ထွက်ကာ တံခါးကို ပိတ်ပြီး သူမ၏အလုပ်ခွင်သို့ ပြန်သွားခဲ့သည်။

မွန်းလွဲပိုင်းမှာလည်း အလုပ်များသော နေ့တစ်နေ့ ဖြစ်နေပြန်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဤသည်မှာ လက်ခံနိုင်စရာပင်။

မည်သို့ပင်ဆိုစေ တစ်နှစ်လျှင် ၃၆၅ ရက်လုံး ကျွန်တစ်ယောက်လို နေ့စဉ်တူညီသော လုပ်ရိုးလုပ်စဉ်များကို လုပ်ကိုင်နေရသူ တစ်ဦးအတွက် ဤသို့ပင် ဖြစ်စမြဲ မဟုတ်ပါလား။

သို့သော် ဤကမ္ဘာမှ ထွက်ခွာရန် အမြဲတစေ ပြင်ဆင်ထားသော ယွီရွေ့ကျူးအတွက်မူ သူမ နေထိုင်ရသည့် အချိန်တစ်ရက် ပိုလာတိုင်း ကျွန်တစ်ရက် ပိုလုပ်ရခြင်းဟု အဓိပ္ပာယ်ရသည်။

လစာထုတ်ရက် မရောက်မချင်း သူမ လစာရမည် မဟုတ်ဘဲ အကယ်၍ လစာထုတ်ရက် မတိုင်မီ သူမ ပြန်သွားနိုင်ခဲ့လျှင် ထိုလုပ်ခဲ့သမျှ အလုပ်များအားလုံး အလဟဿ ဖြစ်သွားမည်။

ဤအချက်က သူမကို ပို၍ပင် စိတ်ဓာတ်ကျသွားစေသည်။

သူမက ဒေါသများကို ဖြေဖျောက်ရန် အိပ်စက်ခြင်း အထောက်အကူပြု တိုက်ရိုက်ထုတ်လွှင့်မှု အလုပ်သို့ အမြန်ပသွားချင်မိသည်။

သို့သော် ကျွန်တစ်ယောက်ဖြစ်ခြင်းနှင့် အထူးသဖြင့် ကုမ္ပဏီကြီးတစ်ခုတွင် ဖြစ်နေခြင်းက ပြင်းထန်သော ပြိုင်ဆိုင်မှုများကို ဆိုလိုပြီး အစောကြီး အိမ်ပြန်ရမည့် အလားအလာမှာ မဖြစ်နိုင်ပေ။

သူမမှာ စိတ်ကုန်သွားသည်အထိ အချိန်ပို ဆင်းရတော့သည်။

ယွီရွေ့ကျူးက မျက်လုံးများ မှေးစင်းလျက် စာရိုက်စဉ် ကံဆိုးမှုက ထပ်မံ ကျရောက်လာပြန်သည်။ သူမက ခရီးထွက်ရန် တာဝန်ပေးအပ်ခြင်း ခံလိုက်ရသည်။

ထို့အပြင် သူမနှင့် အတူသွားရမည့်သူက ဟော်ချန်ယဲ့ပင်။

နောက်တစ်နေ့တွင် အမည်းရောင် ကုတ်အင်္ကျီအရှည်ကို ဝတ်ဆင်ကာ ခရီးဆောင်အိတ်ကို ကိုင်ဆောင်ပြီး သူမရှေ့တွင် ရပ်နေသော ဟော်ချန်ယဲ့ကို မြင်လိုက်ရချိန်၌ ယွီရွေ့ကျူး ခံစားချက်များက ဖော်ပြရန် ခက်ခဲလှသည်။

သူမက သူ့ကို တစ်ချက် ကြည့်သော်လည်း သူမ စကားမပြောနိုင်မီ အေးစက်သော မျက်နှာထားဖြင့် အမျိုးသားက ပိုမို တိုးကပ်လာကာ သူ့လက်ဝါးကြီးက သူမ ခရီးဆောင်အိတ် လက်ကိုင်ကို ဆုပ်ကိုင်လာသည်။ သူ့ အသံမှာ တိုးညင်းကာ ဩရှရှဖြစ်နေသည်။

"ဒါကို ကိုယ် လုပ်ပါ့မယ်"

သူမ ပြန်မဆွဲယူနိုင်မီ လက်ပေါ်သို့ ထိတွေ့လာသော နွေးထွေးသည့် အထိအတွေ့က ရင်းနှီးနေလွန်းသဖြင့် ယွီရွေ့ကျူးက သူ့ လက်ကို အလိုအလျောက်ပင် ပြန်လည် ဆုပ်ကိုင်ချင်သွားသည်။

ကံကောင်းစွာဖြင့် သူမကိုယ်သူမ ထိန်းချုပ်ယနိုင်ပြီး လက်ကို အလျင်အမြန် ပြန်ရုပ်သည်။

"ကောင်းပါပြီ"

နာရီအတော်ကြာ ခရီးသွားပြီးနောက် သူမတို့ ခရီးထွက်ရမည့် မြို့သို့ ရောက်ရှိလာခဲ့သော်လည်း ပွဲတော်ရက် နီးကပ်လာသောကြောင့် အခန်းများ ရှားပါးနေပြီး အခန်းတစ်ခန်းသာ ရရှိနိုင်တော့ကြောင်း ပြောလာသည်။

အနီးနားရှိ ဟိုတယ်များမှာလည်း လူအပြည့်ဖြစ်နေပြီဖြစ်သည်။

ယွီရွေ့ကျူးက သူမ ဘေးရှိ ဟော်ချန်ယဲ့ကို မသိမသာ တစ်ချက် ကြည့်သည်။ ဟော်ချန်ယဲ့နှင့် ကုတင်တစ်လုံးတည်း အတူအိပ်ဖူးသော အတွေ့အကြုံများ သူမတွင် အများအပြား ရှိခဲ့သော်လည်း ဤဟော်ချန်ယဲ့နှင့်တော့ မဟုတ်ပေ။

ဟော်ချန်ယဲ့မှာ ခေတ္တမျှ တောင့်တင်းသွားသည်။ အရပ် ခြောက်ပေကျော်ရှိသော ထွားကျိုင်းသည့် အမျိုးသားကြီးက မျက်လွှာချကာ ယွီရွေ့ကျူး သဘောထားကို မေးမြန်းသည်။

သူမ တုံ့ပြန်မှုကို ရရှိပြီးနောက် သူ့ မျက်နှာမှာ တောင့်တင်းလျက် ဧည့်ကြိုကို ခေါင်းညိတ်ပြသည်။

"ကောင်းပါပြီ"

ဟော်ချန်ယဲ့က မည်သူနှင့်မျှ အတူမနေဖူးခဲ့ချေ။ သူ့ ကိုယ်ပိုင် ဗီလာထဲတွင်ပင် တစ်ယောက်တည်းသာ နေထိုင်ခဲ့သည်။

သူ့ ပိုင်ဆိုင်မှုများအတွင်းသို့ သူစိမ်းများ ကျူးကျော်ဝင်ရောက်လာခြင်းကို သူ မနှစ်သက်သဖြင့် ငြင်းဆန်ခဲ့သော် လည်း ယွီရွေ့ကျူးက ခေါင်းညိတ် သဘောတူသည်ကို မြင်သောအခါ သူကလည်း အကြောင်းပြချက်မရှိဘဲ ခေါင်းညိတ်မိသည်။

စံချိန်မီ အခန်းတွင် ကုတင်နှစ်လုံး ပါရှိရာ ပုံမှန်အခြေအနေမျိုးတွင် ပြဿနာဖြစ်မည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့ကြားတွင် နံရံတစ်ခု ရှိနေသောကြောင့်ပင်။

အလုပ်ကြောင့် မလွှဲမရှောင်သာ ဖြစ်ရသည့် အခြေအနေတစ်ခုသာဖြစ်ရာ သက်တောင့်သက်သာနေရန်နှင့် အများကြီး မတွေးတောရန် ဟော်ချန်ယဲ့က သူ့ကိုယ်သူ စိတ်သက်သာရာရစေရန် နှစ်သိမ့်လိုက်သည်။

သို့သော် အခန်းသော့ကိုယူကာ တံခါးဖွင့်ချိန်တွင် နံရံတစ် ဝက်ဖြင့်သာ ပိုင်းခြားထားပြီး ကပ်လျက်ရှိသော ကုတင်နှစ်လုံးကို မြင်သောအခါ ဟော်ချန်ယဲ့ နှုတ်ခမ်းများ တင်းတင်းစေ့သွားပြီး လက်သီးများမှာ တင်းကျပ်စွာ ဆုပ်ထားမိတော့သည်။

ရက်အနည်းငယ်လောက်ပဲ နေရမှာဖြစ်ပြီး သူတို့ကြားမှာလည်း နံရံတစ်ဝက်ခြားသည်။ မည်မျှ အနေရခက်ပါစေ နှစ်ရက်လောက်ဆိုရင် ကျင့်သားရသွားနိုင်သည်။ ထို့အပြင် သူတို့က ဤကျဉ်းကျပ်သော နေရာလေးမှာ အချိန်ပြည့် နေရမှာ မဟုတ်ချေ။

နေ့ခင်းဘက် အချိန်အများစုကို အပြင်ထွက် အလုပ်လုပ်ကြပြီး ညဘက်ကျမှသာ အမိုးတစ်ခုအောက်တည်း အတူအိပ်ကြရုံသာ ဖြစ်သည်။

သိပ်တော့ ကိစ္စမရှိလှပေ။ ၎င်းက ဟော်ချန်ယဲ့ မူလက တွေးထားခဲ့သော အတွေးဖြစ်သည်။

အခန်းက လူနှစ်ယောက် နေဖို့လောက်အောင်တော့ မကျဉ်းကျပ်လှပေ။ သို့သော် စားသောက်ရန် စားပွဲတစ်လုံးသာရှိသဖြင့် ညဘက် အောက်ထပ်မှ အစားအသောက်များ ယူလာချိန်တွင် သူတို့က စားပွဲတစ်လုံးတည်းကို အတူမျှဝေသုံးစွဲကာ စားသောက်သည်။

ဟော်ချန်ယဲ့က အစားအသောက်နှင့် ပတ်သက်၍ သိပ်ဂျီးများသူ မဟုတ်ပေ။ အရမ်းကြီး မဆိုးရွားနေသရွေ့ သူ လက်ခံနိုင်သည်။

ယေဘုယျအားဖြင့် အချိုးအစား ကြီးကြီးမားမားနှင့် ဗိုက်ဝစေသော အစားအစာများဆိုလျှင် သူ့ကို ကျေနပ်စေရန် လုံလောက်ပြီဖြစ်သည်။

သို့သော် ယွီရွေ့ကျူးကတော့ အစားအသောက်နှင့် ပတ်သက် ၍ အထူးတလည် ဂျီးများပုံရသည်။ သူမက အရာအားလုံးကို နည်းနည်းစီသာ ဝယ်ပြီး ဟင်းပွဲတစ်ခုစီတိုင်းကို အရသာခံကာ မြည်းစမ်းသည်။

အကယ်၍ အရသာရှိလျှင် သူမက မျက်လုံးလေး မှေးစင်းကာ ကျေနပ်သွားတတ်ပြီး အရသာမရှိလျှင်တော့ မသိမသာ မျက်မှောင်ကြုတ်ကာ သူမ နီရဲသော နှုတ်ခမ်းလေးများက အနည်းငယ် ဆူထော်သွားတတ်သည်။

ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို အလိုအလျောက် မော့ကြည့်ရာ ဟင်းရည်များဖြင့် စိုလက်နေသော သူမ နီရဲသည့် နှုတ်ခမ်းများပေါ်သို့ သူ့ အကြည့်များ ရောက်သွားသည်။ ဘာကြောင့်မှန်းမသိ သူ အနည်းငယ် နေရခက်သွားသလို ခံစားရပြီး အမြန် အကြည့်လွှဲမိသည်။

သို့သော် စားပွဲပေါ်တွင် တင်ထားသော သူ့လက်ဝါးမှာ အလိုအလျောက်ပင် အနည်းငယ် တင်းကျပ်သွားပြီး သူမ နှုတ်ခမ်းပေါ်မှ ဟင်းရည်စများကို သုတ်ပေးချင်စိတ်ကို ထိန်းချုပ်ထားရသဖြင့် သူ့ လက်ချောင်းထိပ်များမှာ အချင်းချင်း ပွတ်တိုက်မိသည်။

သူက ခေါင်းငုံ့ကာ ပါးစပ်ထဲသို့ အစားအစာများကို အလော တကြီး ပလုတ်ပလောင်း ထည့်ပြီး သူ့ စားသောက်မှုကို မျက်စိတစ်မှိတ်အတွင်း အဆုံးသတ်လေသည်။

သူ ထပ်မံ မော့ကြည့်ချိန်တွင် ယွီရွေ့ကျူး စားလို့ မပြီးသေးသည်ကို သတိပြုမိသည်။ သူမက အလွန် နှေးကွေးစွာ စားပြီး နည်းနည်းသာ စားသည်။

သူမက သူ ဝယ်လာသော အရာအားလုံးကို တစ်ကိုက်စီလောက် မြည်းစမ်းပြီးရုံဖြင့် ဗိုက်ဝသွားသည့်ပုံပေါ်ကာ ယခုအခါ ပါးစပ်ထဲမှ အစာကို ဖြည်းညင်းစွာ ဝါးနေသဖြင့် သူမ ပါးပြင်များမှာ ဟမ်စတာကြွက်ပေါက်လေးတစ်ကောင်အလား ဖောင်းကားပြီး မျက်တောင်လေးများက အတန်ငယ် ခတ်‌လေသည်။

"ထပ်မစားနိုင်တော့ဘူး"

ယွီရွေ့ကျူးက အစားအစာအိတ်များကို ပြန်စည်းနှောင်ပြီး မနက်ဖြန်အတွက် သိမ်းထားရမလားဟု ခေတ္တမျှ စဉ်းစားမိသည်။ ညအိပ်ထားလျှင် သိုးသွားမည်ကိုလည်း သူမ စိုးရိမ်သည်။

အခန်းထဲ ဝင်လာကတည်းက တိတ်ဆိတ်သွားသော ဟော်ချန်ယဲ့မှာ ၎င်းကို မြင်သောအခါ သူ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

သူသည် အခြားသူများ စားကြွင်းစားကျန်များကို စားရသည်ကို ဘယ်သောအခါမှ မနှစ်သက်သူတစ်ဦး ဖြစ်သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ယွီရွေ့ကျူး စားကြွင်းစားကျန်များနှင့် ပတ်သက်၍ မည်သည့် ဆန့်ကျင်လိုစိတ်မျှ မရှိနေပေ။ အမှန်တွင် သူ စားခွင့်ရှိသည်ဟုပင် ခံစားမိသည်။

သူ့ လက်ဝါးက သဘာဝကျစွာပင် လှမ်းသွားခဲ့ပြီး ဘာတွေဖြစ်နေမှန်း ဟော်ချန်ယဲ့ မစဉ်းစားနိုင်မီမှာပင် သူ့ ပါးလျသော နှုတ်ခမ်းများ ပွင့်ဟသွားကာ တိုးညင်းသော အသံဖြင့် ပြောသည်။

"ကိုယ် ကူစားပေးနိုင်တယ်"

ထိုစကားလုံးများ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဟော်ချန်ယဲ့မှာ နောင်တရသွားပြီး သူ့ ရုတ်တရက် စကားမှာ ပုံမှန်မဟုတ်သလို ပုံမှန်စတိုင်လ်လည်း မဟုတ်ဘဲ အနည်း ငယ် ရှုပ်ထွေးလွန်းသည်ဟု ခံစားရသည်။

သို့သော် ယွီရွေ့ကျူးက မျက်တောင်တစ်ချက်ခတ်ပြီး အစား အစာများကို ရှေ့သို့ သဘာဝကျစွာပင် တွန်းပေးသည်။

"စားလိုက်၊ ပြီးရင် ရှင်းထားဦးနော်၊ ကျွန်မ အိပ်တော့မယ်"

"ကောင်းပါပြီ"

ဟော်ချန်ယဲ့ အလိုအလျောက်ပင် ပြန်ဖြေမိပြီး တစ်စုံတစ် ခုမှားယွင်းနေကြောင်း သဘောပေါက်သွားသည်။

All Chapters