အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
Chapter 181
ဓားထိန်းနယ်ပယ်
စတုတ္ထမြောက် နည်းလမ်းကိုမူ နတ်ဘုရားဝိညာဉ်ဓားမွေးမြူရေးနည်းလမ်းဟု ခေါ်ဆိုသည်။ ၎င်းသည် လေ့ကျင့်ရန် အခက်ခဲဆုံးနှင့် အောင်မြင်ရန် အခက်ခဲဆုံးဖြစ်သည်။ ထို့အပြင် ထူးခြားသော ဝိညာဉ်ရှိသည့် ရတနာဓားတစ်လက်လိုအပ်သည်။ ၎င်းကို အသုံးပြု၍ ဓားကို ရေရှည်မွေးမြူခြင်းဖြင့် ဤအစီအရင်ထဲမှ ဓားဝိညာဉ်ကဲ့သို့သော အသိဉာဏ်ရှိသည့် ဓားဝိညာဉ်တစ်ခုကို တဖြည်းဖြည်းဖွံ့ဖြိုးလာစေနိုင်သည်။
ဓားဝိညာဉ်သည် ၎င်း၏ပိုင်ရှင်နှင့်စိတ်ချင်းဆက်သွယ်နေမည်ဖြစ်ပြီး အသက်ချင်းဆက်နွှယ်နေမည်ဖြစ်ရာ ဓားထိန်းချုပ်ခြင်းပညာ၏ စွမ်းအားကို ပို၍တိုးပွားစေနိုင်သည်။ သို့သော် ထိုသို့သောဝိညာဉ်တစ်ခုဖန်တီးရန်မှာ အချိန်အမြောက်အမြား သို့မဟုတ် အလွန်မြင့်မားသော ကျင့်ကြံခြင်းအဆင့်လိုအပ်သဖြင့် လက်ရှိ ဝမ်ရှန်းအတွက် လက်လှမ်းမမီနိုင်သေးပေ။
ဒါကိုတော့ အနာဂတ်ကျမှပဲ စဉ်းစားရတော့မည်။ ရှေ့တွင် နောက်ထပ်အဆင့်နှစ်ဆင့်ကျန်သေးရာ ယခုအချိန်တွင် ရပ်တန့်၍ မဖြစ်သေးပေ။
ဝမ်ရှန်းလည်း သူကူးယူထားသော ဓားမွေးမြူခြင်းနည်းလမ်းကို သိမ်းဆည်းလိုက်ပြီး စာလိပ်ကို ဂရုတစိုက်ခေါက်ကာ သေးငယ်သောကြေးအိုးလေးထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် သူ၏ဓားကို ကောက်ကိုင်ကာ ရှေ့သို့ လှမ်းလိုက်သည်။ သူသည် နည်းလမ်းများကို အပြည့်အဝမှတ်မိပြီးဖြစ်သဖြင့် ကူးယူထားသော စာသားကို ရှုဓားဂိုဏ်းသို့ လွှဲပြောင်းပေးနိုင်ပြီဖြစ်သည်။
ဝမ်ရှန်းက မူရင်းစာလိပ်ကိုယူမသွားဘဲ ကူးယူရုံသာပြုလုပ်ခဲ့သဖြင့် ဓားဝိဉာဉ်သည် သဘောကျကာ ရယ်မောလိုက်သည်။ သို့သော်လည်း နောက်ထပ် အဆင့်နှစ်ဆင့်တွင်မူ သူ ညှာတာမည်မဟုတ်ပေ။
နောက်ထပ် ပွဲ ၂၀ကျော် တိုက်ခိုက်ပြီးနောက် ဝမ်ရှန်းသည် နောက်ဆုံးတွင် ၇လွှာမြောက်စမ်းသပ်မှုအဆင့်ကို ပြီးမြောက်ခဲ့သည်။ ရတနာဓားကိုးလက်လုံးမှာ လုံးဝအရောင်မှိန်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ဓားထိန်းချုပ်ခြင်းပညာတစ်ခုလုံးကို ကူးယူပြီး စာလုံးတိုင်းကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ အမှားအယွင်းရှိမည်ကို စိုးရိမ်သဖြင့် သူကူးယူထားသော စာသားကို မူရင်းနှင့် ဆယ်ကြိမ်ထက်မနည်း တိုက်ဆိုင်စစ်ဆေးခဲ့သည်။
ထို့နောက် ဝမ်ရှန်းသည် မရှင်းလင်းသောအချက်အချို့ကို ဓားဝိဉာဉ်အား ဆက်လက်မေးမြန်းပြီး ၎င်း၏ ရှင်းလင်းချက်များကို သီးခြားစာအုပ်တစ်အုပ်တွင် ဂရုတစိုက်ရေးမှတ်ထားလိုက်သည်။
သူသည် ရှုဓားဂိုဏ်းအတွက် တကယ်ပင် အစွမ်းကုန်ကူညီပေးခဲ့ခြင်းဖြစ်သည်။
ဤတာဝန်ကို ပြီးပြည့်စုံစွာ ထမ်းဆောင်နိုင်ခဲ့ပြီဟု ဆိုနိုင်သည်။
“မင်း သွားတော့မလို့လား”
ဓားဝိညာဉ်၏ လေသံတွင် နှမြောတသဖြစ်မှုများ သိသိသာသာပါဝင်နေသည်။
“၈လွှာမှာ မြေကြီးဓားတာအိုရှိတယ်… မင်းမစမ်းသပ်ချင်ဘူးလား”
ဝမ်ရှန်း ပြုံးရုံသာ ပြုံးလိုက်သည်။ သူသည် လက်ချောင်းနှစ်ချောင်းကို ဓားကဲ့သို့ ပူးလိုက်ပြီး ချက်ချင်းလေ့လာထားသော အရိုးရှင်းဆုံး ဓားထိန်းချုပ်ခြင်းပညာကို တစ်ချက်လေ့ကျင့်လိုက်ကာ ပထမအလွှာသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းသွားခဲ့သည်။
ဓားဝိညာဉ်လည်း သက်ပြင်းချကာ ပျောက်ကွယ်သွားတော့သည်။
ဝမ်ရှန်း ပထမအဆင့်ရှိ သစ်သားတံခါးအထိ လျှောက်လာခဲ့သည်။ ထို့နောက် သူက လှည့်၍ မေးလိုက်သည်။
“စီနီယာ... ဒီသစ်သားတံခါးကို ဖြတ်မသွားရင် ကျွန်တော် အပြင်မရောက်သေးဘူးလို့ အဓိပ္ပာယ်ရတာလား”
ဓားဝိညာဉ်၏ အသံသည် ကျောက်တံခါးမှ ပဲ့တင်ထွက်လာသည်။ “မှန်တယ်”
“ကောင်းပြီ”
ဝမ်ရှန်းလည်း သူ၏ ချီစွမ်းအင်များကို စုစည်းကာ သစ်သားတံခါးအပြင်ဘက်ရှိ စင်္ကြန်လမ်းဆီသို့ အော်ဟစ်လိုက်သည်။
“အပြင်မှာ ဘယ်သူရှိလဲ”
သူ၏ စကားသံသည် စင်္ကြန်လမ်းအတွင်း ပဲ့တင်ထပ်သွားသည်။ စင်္ကြန်လမ်းတွင် လူမရှိသရွေ့ လေပြင်းများ တိုက်ခတ်မည်မဟုတ်သဖြင့် သူ၏ အော်သံကို ရှင်းလင်းစွာ ကြားနိုင်မည် ဖြစ်သည်။
ချက်ချင်းပင် အပြင်ဘက်မှ တုံ့ပြန်သံ ထွက်ပေါ်လာသည်။
“ရှိတယ်ဟေ့”
“အကြီးအကဲတွေကို သွားခေါ်ပေးပါ” ဝမ်ရှန်းက အော်ပြောလိုက်သည်။
မကြာမီပင် ဂူအပြင်ဘက်မှ အကြီးအကဲအချို့၏ အသံများ ထွက်ပေါ်လာသည်။
“ငါတို့အားလုံး ဒီမှာရှိနေတယ်”
“စီနီယာတို့... ဒါက ရှုဓားဂိုဏ်းရဲ့ ပြည့်စုံတဲ့ ဓားထိန်းချုပ်ခြင်းပညာပဲ”
ဝမ်ရှန်း သူ၏ကျောမှ ဓားရှည်ကို ဆွဲထုတ်ကာ ၎င်းကို ချီစွမ်းအင်ဖြင့် ရစ်ပတ်လိုက်သည်။ ထို့နောက် ဓားထိန်းချုပ်ခြင်းပညာကို ကူးယူထားသော ငါးယွမ်တန်စာအုပ်နှစ်အုပ်ကို ထိုဓားတွင် ချည်နှောင်လိုက်သည်။
သူသည် ဓားကဲ့သို့ လက်ညှိုးထိုးလိုက်ရာ ဓားရှည်သည် တဖြည်းဖြည်းမြင့်တက်လာပြီး လမ်းအတွင်းသို့ ဓားရိုးဘက်မှနေ၍ တည်ငြိမ်စွာ လွင့်မျောသွားတော့သည်။
“သွားတော့”
ဝူး...
ဓားရှည်သည် မြှားတစ်စင်းကဲ့သို့ ရှေ့သို့ ပြေးထွက်သွားပြီး ဂူဝအရောက်တွင် တဖြည်းဖြည်းနှေးကွေးသွားသည်။ ထို့နောက် ဂူဝရှိ အစီအရင်ကို ဖြတ်သန်းကာ ဝမ်ရှန်း၏ ဝိညာဉ်အသိစိတ်နယ်ပယ်အပြင်ဘက်သို့ ပျံသန်းသွားလေသည်။
ဝမ်ရှန်း လှမ်းအော်လိုက်သည်။
“ဖမ်းမိရဲ့လား၊ ဒုတိယမြောက်စာအုပ်ထဲမှာ ရှုတောင်ရဲ့ စီနီယာတစ်ယောက်ရဲ့ မှတ်ချက်တွေပါတယ်၊၊ အဲဒါကိုလည်း ကျွန်တော် ကူးပေးလိုက်တယ်၊၊၊ ဒါနဲ့ ကျွန်တော့်ဆရာကို ဆက်သွယ်ပေးပြီး ကျွန်တော် ဒီမှာခဏကျင့်ကြံနေဦးမယ်လို့ ပြောပေးပါဦး… ဆရာ့ကို စိတ်မပူစေချင်လို့ပါ”
“ရပြီ... မင်းရဲ့ ကျေးဇူးကို ငါတို့ဂိုဏ်းက ဘယ်တော့မှ မမေ့ပါဘူး ဖေးယွီ... မြန်မြန် ချင်ယန်ဇီရဲ့ ဖုန်းနံပါတ်ကို ရှာကြစမ်း”
အသံအချို့က တုံ့ပြန်ပြောဆိုလိုက်ကြသည်။
ဝမ်ရှန်း သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက ဓားဝိညာဉ်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။
“စီနီယာ... ကျွန်တော် အဆင်သင့်ဖြစ်ပြီ”
ဓားဝိညာဉ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြန်လည်ပျောက်ကွယ်သွားသည်။
“ငါ ၈လွှာကို သွားပြီး ပြင်ဆင်လိုက်ဦးမယ်၊၊ ဒီတစ်ခါတော့ မင်းကို တကယ်ပဲ ကောင်းကောင်းလေ့ကျင့်ပေးရမယ်”
ဝမ်ရှန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်ကွေးသွားသည်။
ဓားသည် ပိုင်ရှင်၏ စိတ်နေသဘောထားအတိုင်း ဖြစ်သည်ဟု ဆိုကြသည်။ ဘိုးဘေးချင်ဖုန်းမှာလည်း သူ့တပည့်တွေကို နှိပ်စက်တတ်တဲ့ အကျင့်ရှိနေတာလား…၊၊
ဘာပဲဖြစ်ဖြစ်... ဘိုးဘေးတွေရဲ့ မျက်နှာကိုတော့ အပျက်ခံလို့ မဖြစ်ဘူး မဟုတ်လား။
ဓား ၇၂လက်အစီအရင်သည် ဓားကျင့်ကြံသူများအတွက် အမှန်တကယ်ပင် သုခဘုံတစ်ခုနှင့် တူလှသည်။
ဓားဝိညာဉ်နှင့် ရင်းနှီးသွားပြီးနောက် ဝမ်ရှန်းအနေဖြင့် ကုသရေးဆေးလုံးများနှင့် ဒဏ်ရာလိမ်းဆေးများပင် မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲများကို ကိုယ်တိုင်ကိုင်တွယ်ရသည့် ဓားဝိညာဉ်သည် သူ၏စွမ်းအားကို မည်သို့ထိန်းချုပ်ရမည်ကို အလိုအလျောက်သိရှိနားလည်သောကြောင့် ဖြစ်သည်။
ဤဂူအတွင်း၌ ဓားသိုင်းများ၊ ကျင့်စဉ်များနှင့် ပေါကြွယ်ဝလှသော ကမ္ဘာဦးချီစွမ်းအင်များရှိနေသည်။ ထို့အပြင် နှောင့်ယှက်ဖျက်ဆီးမှုများမှ ကင်းဝေးစေနိုင်သည့် ဘေးကင်းသောပတ်ဝန်းကျင်တစ်ခုအဖြစ်လည်း အသုံးဝင်လှသည်။ ဓားကျင့်ကြံသူများသည် အစီအရင်အတွင်းသို့ဝင်ရောက်ပြီးပါက ရန်သူ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို စိုးရိမ်စရာမလိုဘဲ မိမိတို့၏ ချီစွမ်းအင်များကုန်ခမ်းပြီး လက်တစ်ချောင်းပင် မမြှောက်နိုင်တော့သည့်တိုင်အောင် အားသွန်ခွန်စိုက်လေ့ကျင့်နိုင်သည်။
သို့သော်လည်း ထိုအရာအားလုံးမှာ လှည့်စားထားသောပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။
၈လွှာ၏ ကျောက်တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ဝမ်ရှန်းသည် တစ်ခုတော့ သေချာသိသွားခဲ့သည်။ ယင်းက ရှုတောင်၏ ဘိုးဘေးဖြစ်သူ ချင်ဖုန်းသည် တပည့်များကို နှိပ်စက်ရသည်ကို ဝါသနာပါသူတစ်ဦး သေချာပေါက်ဖြစ်ရမည်။ သို့မဟုတ်ပါက သူချန်ထားခဲ့သော ဓားဝိညာဉ်သည် သူတစ်ပါးကို နှိပ်စက်ခြင်းဖြင့် စိတ်ချမ်းသာမှုကို ရှာဖွေမည်မဟုတ်ပေ၊၊
ဝမ်ရှန်း ထိုအလွှာသို့ ဝင်လိုက်သည်နှင့် ဓားဝိညာဉ်က ပြင်းထန်သောတိုက်ပွဲတိုင်းကို စနစ်တကျပြင်ဆင်ထားခဲ့သည်။ ၎င်းက သူ့ကို ဒဏ်ရာကြီးကြီးမားမားမရစေဘဲ အညံ့ခံလာအောင် ရိုက်နှက်တတ်ပြီး စိတ်ဓာတ်မကျသွားစေဘဲ လဲကျသွားအောင်လုပ်တတ်သည်။ ပြင်းထန်သောတိုက်ပွဲတစ်ခုစီတိုင်းက သူ၏ ခွန်အားနှင့် စိတ်စွမ်းအင်အားလုံးကို ကုန်ခမ်းသွားစေသည်။
သို့သော်လည်း ထိုအရာများက ဝမ်ရှန်း၏ တိုက်ခိုက်လိုစိတ်ကိုမူ ဘယ်သောအခါမှ မမှေးမှိန်စေခဲ့ပေ။ ဓားဝိညာဉ်က သူ့ကို ရံဖန်ရံခါ ပေါ့ပေါ့ပါးပါးအားပေးတတ်ခြင်းကလည်း အထောက်အကူဖြစ်စေသည်။
“မောနေပြီလား ကောင်လေး”
“မင်းကို သုံးကွက်အကျောပေးရင် ဘယ်လိုလဲ”
“မင်းက မြေကြီးရဲ့ စစ်မှန်တဲ့ ဓားလမ်းစဉ်ကို နားလည်ချင်တာဆိုရင်တော့ မင်းရဲ့ ဓားသိုင်းက လိုပါသေးတယ်”
ဝမ်ရှန်း အံကြိတ်ကာ လဲကျရာနေရာ၌ပင် ထိုင်၍ ခေတ္တမျှ တရားထိုင်စဉ်းစားရသည်။ ထို့နောက် ကြုံးဝါးပြီး လှေကားထံသို့ ရှက်ရှက်ဖြင့် ဆုတ်ခွာပြီး ကျင့်ကြံခြင်းကို ဆက်လုပ်သည်။
ဓားထိန်းချုပ်ခြင်းပညာကို ရယူရန် ဖိအားမရှိတော့သဖြင့် ဝမ်ရှန်းလည်း ရှေ့ဆက်တက်ရန် အလျင်မလိုတော့ပေ။ သူသည်မဝင်ခင်ကတည်းက ဆေးလုံးများနှင့် ချီကျောက်တုံးများကို အမြောက်အမြားပြင်ဆင်လာခဲ့ပြီး ၎င်းတို့ကုန်သွားပါက ထွက်ခွာရန်ဆုံးဖြတ်ထားသည်။
ယခုအချိန်၌ ဝမ်ရှန်းတွင် အာရုံနောက်စရာများလုံးဝမရှိတော့ပေ။ သူ့ဖုန်းကိုပင် ဖွင့်၍ မရတော့ချေ။ ထို့အပြင် မိဘများက မိမိထံ ဆက်သွယ်မရသဖြင့် စိုးရိမ်နေမည်ကိုလည်း မပူပန်တော့ပေ။ ဂိုဏ်းက သူ့ဆရာထံသို့ သတင်းပို့ထားပြီးဖြစ်ကာ ဆရာဖြစ်သူကလည်း သူ၏မိဘများကို သေချာပေါက်အကြောင်းကြားပေးထားလိမ့်မည် ဖြစ်သည်။
သူ ထိုအလွှာသို့ စတင်ဝင်ရောက်ချိန်တွင် ဓားဝိညာဉ်နှင့် အကြိမ်ပေါင်း ၁၀၀ကျော် တိုက်ခိုက်ခဲ့သော်လည်း နှစ်ကြိမ်သာ အနိုင်ရရှိခဲ့သည်။
သူသည် အဆင့်နှစ်ဆင့်တက်လှမ်းနိုင်ခဲ့သော်လည်း အပြင်လူများကို မသင်ပေးသော ရှုဓားဂိုဏ်း၏ ဓားသိုင်းများထံမှ အသိအမြင်များကို ရယူရန်မကြိုးစားခဲ့ပေ။ ယင်းက မသင့်လျော်ဟုခံစားရရုံသာမက တခြားဓားသိုင်းများကြောင့် သူ့၏အာရုံကို အပျက်မခံနိုင်လောက်အောင် အချိန်နှင့် စွမ်းအားမရှိသောကြောင့်လည်း ဖြစ်သည်။
ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်၏ နည်းလမ်းများသည် အဆက်မပြတ်သန့်စင်ရန် လိုအပ်နေသေးသည်။ ဇီဝေဓားကို ထုတ်ဖော်ရန် အချိန်အများကြီးလိုအပ်နေသည့် ပြဿနာကိုလည်း သူ ဖြေရှင်းရဦးမည်။
ဓားဝိညာဉ်က သူ့ကို အစွန်းနှစ်ဖက်ဓားဆန္ဒနှင့်ပတ်သက်၍ လမ်းညွှန်ချက်အချို့ပေးခဲ့သည်။ ဓားဝိညာဉ်၏အဆိုအရ နက်နဲပြီးကျယ်ပြန့်သော ဓားတာအိုကို ကျွမ်းကျင်ရန်အတွက် ဝမ်ရှန်းအနေဖြင့် ပို၍ အာရုံစိုက်ကြိုးစားအားထုတ်ရမည်ဖြစ်သည်။
ထို့အပြင် ဝမ်ရှန်းသည် သူ၏ စွမ်းအားအများစုကို ဓားထိန်းချုပ်ခြင်းပညာတွင် မြှုပ်နှံထားသည်။ တရားထိုင်ပြီးတိုင်း သူ၏ ဓားကို အသုံးပြု၍ ဓားထိန်းချုပ်ခြင်းနည်းစနစ်များကို လေ့ကျင့်ခဲ့သည်။
ဓားထိန်းနယ်ပယ်သို့ ရောက်ရှိသွားပါက မိမိလက်ထဲရှိ ဓားကို အလိုအလျောက်ပင် စေခိုင်းနိုင်မည် ဖြစ်သည်။ သို့သော်လည်း ဓားထိန်းချုပ်ခြင်းပညာနှင့် ဓားထိန်းနယ်ပယ်တို့သည် လုံးဝကွဲပြားခြားနားသောအယူအဆများဖြစ်ကြသည်။
ဓားထိန်းချုပ်ခြင်းပညာသည် ဓားသိုင်းတစ်ခု သို့မဟုတ် ပို၍ တိတိကျကျပြောရလျှင် ဓားထိန်းချုပ်ခြင်းနည်းစနစ်များစွာပါဝင်သော မန္တန်တစ်ခုဖြစ်သည်။ ဓားပျံကို ထိန်းချုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျင့်ကြံသူ၏ စွမ်းအားကို အပြည့်အဝထုတ်ဖော်ရန် ဖြစ်ပြီး ကောင်းမွန်သော ဓားပျံတစ်လက်သည် တိုက်ပွဲတွင် ပိုင်ရှင်၏ စွမ်းအားကို များစွာမြှင့်တင်ပေးနိုင်သည်။
ဓားထိန်းနယ်ပယ်ဆိုသည်မှာမူ ဓားကျင့်ကြံသူတစ်ဦးက ဓားပေါင်းတစ်သောင်းကို စေခိုင်းနိုင်သည့် ဓားတာအိုနယ်ပယ်တစ်ခုကို ရည်ညွှန်းခြင်း ဖြစ်သည်။ တာအိုနယ်ပယ်မြင့်သော ယွမ်ဖူကျန်းရန်ကဲ့သို့သော အကြီးအကဲမျိုးမဟုတ်ပါက ဝမ်ရှန်းကဲ့သို့ တည်ငြိမ်စွာ ကျင့်ကြံသူတစ်ဦးသည် ထိုအဆင့်သို့ ခြေမလှမ်းမီ အနည်းဆုံးတော့ နတ်ဘုရားသန္ဓေသားအဆင့်သို့ ရောက်ရှိရမည် ဖြစ်သည်။
အကယ်၍ သူသည် ဓားထိန်းချုပ်ခြင်းပညာကို ကျွမ်းကျင်နိုင်ပါက သူ၏ ဓားအရှိန်အဝါပြည့်စုံလာပြီး သူ၏ဓားတာအိုနယ်ပယ်၏ ပုံသဏ္ဌာန်၊ ဆန္ဒနှင့် အရှိန်အဝါတို့ အပြည့်အဝဖွံ့ဖြိုးလာသောအခါ ဓားထိန်းနယ်ပယ်သို့ အလိုလျောက်ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူသည် ဓားထိန်းချုပ်ခြင်းပညာကို လမ်းညွှန်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။
Chapter 182
ဆုလာဘ်
ကျွန်းပေါ်ရှိ မိစ္ဆာကျင့်ကြံသူများနှင့် တိုက်ပွဲအတွင်း ဖေးလျန်ဇီက ဓားနှစ်လက်ကို မည်သို့အသုံးပြုခဲ့သည်ကို သူ မှတ်မိနေသေးသည်။ သူက ဓားတစ်လက်ကို ဓားသိုင်းများထုတ်ဖော်ရန် အသုံးပြုခဲ့ပြီး နောက်တစ်လက်ကိုမူ ဓားအမြုတေ သို့မဟုတ် မည်သည့် သန့်စင်သော ဓားထိန်းချုပ်နည်းစနစ်မျှမလိုသော အပေါ်ယံဓားထိန်းချုပ်ခြင်းပညာကို အသုံးပြု၍ ပျံသန်းစေခဲ့သည်။
ဓားထိန်းချုပ်ခြင်းပညာ၏ တတိယမြောက် အတွဲတွင် စုစုပေါင်း အကွက်ပေါင်း ၁၀၀ ပါဝင်သည်။ ပိုမိုစွမ်းအားကြီးသော အကွက်အများစုမှာ ဓားအမြုတေကို အခြေခံအုတ်မြစ်အဖြစ်လိုအပ်သော်လည်း ဝမ်ရှန်းအနေဖြင့် ၎င်းကို မဖန်တီးနိုင်သေးပေ။
ဤနေရာတွင် အချိန်ကုန်လွန်သွားခြင်းက ဝမ်ရှန်းအတွက် အဓိပ္ပာယ်မရှိသကဲ့သို့ ခံစားရသည်။ သူ ဤနေရာတွင် မည်မျှကြာအောင် ရှိနေခဲ့သည်ကို ခန့်မှန်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ သူ၏ သိုလှောင်အိတ်အတွင်း ကျန်ရှိနေသောဆေးလုံးအရေအတွက်ကို ရေတွက်ခြင်းသာဖြစ်သည်။
သူ၏ ဆေးလုံး တစ်ဝက်ခန့်ကို သုံးစွဲပြီးချိန်တွင် သူသည် ဓား ၇၂လက်အစီအရင်၏ ၆၉ဆင့်မြောက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်းမှာ အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် မရေတွက်နိုင်သောတိုက်ပွဲများမှတစ်ဆင့် ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်ကို ပို၍ကျွမ်းကျင်လာခဲ့သည်။ ၎င်း၏ ဓားကွက်များနှင့် ပုံစံများသည် ပြီးပြည့်စုံခြင်းသို့ ချဉ်းကပ်လာခဲ့သည်။
ထို့အပြင် သူ၏ ပြီးပြည့်စုံသော ခုနှစ်စင်ကြယ်ဓားဆန္ဒသည် ထူးခြားသောစည်းချက်ကျမှုတစ်ခုကို စတင်ထုတ်လွှတ်လာသည်။ ၎င်းသည် ကောင်းကင်ဘုံမှ ဧကရာဇ်တစ်ပါး၏ ဓားကဲ့သို့ ကြယ်တာရာများကို အုပ်စိုးပြီး ၎င်းအောက်ရှိ အရာအားလုံးကို ဖိနှိမ်ထားသကဲ့သို့ ဖြစ်သည်။ သို့သော်လည်း ဝမ်ရှန်း၏ စိတ်နေသဘောထားကြောင့် ၎င်းတွင် စနစ်ကျနှင့် ပေါ့ပါးမှုအရိပ်အယောင်အချို့ ရှိနေသေးပြီး ယင်းက သူသည် ဓားအရှိန်အဝါ၏ တံခါးဝကို ထိတွေ့မိနေပြီဖြစ်ကြောင်းပြသနေသည်။
သူသည် အစွန်းနှစ်ဖက်ဓားဆန္ဒအတွက် လက်တွေ့ကျသောနည်းစနစ်တစ်ခုကိုလည်း ဖန်တီးခဲ့သည်။ မုဝမ်ရွှမ်း၏ ယင်ယန်အစီအရင်ကို ကိုးကား၍ သူသည် မိမိဘေးပတ်လည်တွင် ဓားဆန္ဒကို ဖြန့်ကျက်ပြီး ယင်ယန်ချီစွမ်းအင်ကို ဆက်တိုက်ဆွဲယူခဲ့သည်။ သူသည် မုဝမ်ရွှမ်းကဲ့သို့ ရန်သူများကို မမြင်နိုင်အောင် ပိတ်ဆို့ခြင်း သို့မဟုတ် ဒဏ်ရာရအောင် မလုပ်နိုင်သေးသော်လည်း ၎င်းက ကြောက်မက်ဖွယ်ကောင်းသော ဓားသိုင်းတစ်ခုဖြစ်နေပြီဖြစ်သည်။
ဓားတာအိုတွင် ခိုင်မာသော အခြေခံအုတ်မြစ်ရှိခဲ့မှုကြောင့် ဝမ်ရှန်းသည် ဓားထိန်းချုပ်ခြင်းပညာတွင် သိသာထင်ရှားသောအမြန်နှုန်းဖြင့် တိုးတက်မှုများ ရရှိခဲ့သည်။ သူ၏ ကိုယ်ထဲတွင် ဓားအမြုတေမရှိသေးသော်လည်း သူသည် ဓားနှစ်လက်ကိုတစ်ခုတည်းအဖြစ်ပေါင်းစပ်နိုင်ခဲ့ပြီဖြစ်ရာ ဓားရှည်နှစ်လက်ကို ထိန်းချုပ်ပြီး ပူးတွဲတိုက်စစ်ဆင်နွှဲနိုင်သည်။
သူ၏ ဆေးလုံး သုံးပုံနှစ်ပုံခန့် ကုန်ဆုံးသွားပြီး ချီကျောက်တုံးအရေအတွက်မှာ ၂၂တုံးအထိ လျော့နည်းသွားချိန်တွင် သူသည် ဓား ၇၂လက်အစီအရင်၏ ၇၀ဆင့်မြောက် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်။
ဤအချိန်တွင် ဝမ်ရှန်းအနေဖြင့် သူသည် ဓား ၇၂လက်အစီအရင် စမ်းသပ်မှုအတွင်း ခုနစ်လမှ ကိုးလခန့်အထိ ရှိနေခဲ့ပြီဟုခန့်မှန်းလိုက်သည်။ သူသည် ရှုဓားဂိုဏ်း၏ နံပါတ်တစ်ဓားကို မြင်တွေ့နိုင်သည်ဖြစ်စေ… မမြင်တွေ့နိုင်သည်ဖြစ်စေ… သူ၏ ဆေးလုံးများ ကုန်သွားပါက ဓားဝိညာဉ်ကို နှုတ်ဆက်ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ယခုအချိန်အထိမူ သူသည် နောက်ဆုံး ၂ဆင့်တွင် အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။ အကယ်၍ သူသာ ထိုအဆင့်များကို ကျော်ဖြတ်နိုင်ပါက ယင်းက သူ၏ ဓားတာအိုအတွက် ကြီးမြတ်သောတက်လှမ်းမှုတစ်ခုဖြစ်လာမည်မှာသေချာသည်။
ဘယ်သူသိနိုင်မလဲ… စမ်းသပ်မှုတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်လျှင် ဆုလာဘ်တစ်ခုခုရှိနေနိုင်တယ်မဟုတ်လား…။
ဝမ်ရှန်းလည်း သူ၏ သွေးကြောသန့်စင်ဆေးလုံး ၉၈လုံးစလုံး ကုန်ဆုံးသွားသည့် အချိန်ကျမှသာ ၇၁ဆင့်မြောက်ကို ခက်ခဲစွာကျော်ဖြတ်နိုင်ခဲ့သည်။ ထို့နောက် သူသည် နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ရန် ၆ကြိမ်ခန့် ကြိုးစားခဲ့သော်လည်း ဓားဝိညာဉ်က သူ၏ ဓားဆန္ဒဖြစ်သော ချင်ဖုန်းနေလပြောင်းလဲခြင်းဓားစိတ်ဆန္ဒကို အသုံးပြု၍ သူ့ကို အကြိမ်ကြိမ်တွန်းလှန်ခဲ့သည်။
ဝမ်ရှန်း အပြင်သို့ ထွက်ခွာရန် စတင်စဉ်းစားလာခဲ့သည်။
သူ တိုက်ခိုက်ခဲ့သည်… ကျင့်ကြံခဲ့သည်… ဓားတာအိုကို နားလည်အောင် ကြိုးစားခဲ့သည်… ဓားဝိညာဉ်နှင့်လည်း ပေါ့ပါးစွာ စကားစမြည်ပြောခဲ့သည်။ သူသည် အနိုင်လိုချင်စိတ်နှင့် အလျင်လိုစိတ်များ လုံးဝပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူသည် ဤရှုတောင်၏ မြင့်မြတ်နယ်မြေတွင် အချိန်အတော်ကြာနေထိုင်ခဲ့မိပြီဟု မခံစားရဘဲ မနေနိုင်တော့ပေ။ ပြင်ပလောကတွင် ဘာတွေ ပြောင်းလဲသွားပြီလဲဆိုတာ မည်သူသိနိုင်မည်နည်း။
ဤခရီးစဉ်တွင် သူရရှိခဲ့သမျှ အရာအားလုံးကို ပြန်လည်သုံးသပ်ကြည့်လျှင် သူသည် အမှန်တကယ်ပင် အောင်မြင်မှုများစွာကို ရရှိခဲ့သည်။ သူ၏ ဓားအစီအရင်က များစွာတိုးတက်လာခဲ့ရုံသာမက သူသည် ဓားထိန်းချုပ်ခြင်းပညာကိုလည်း သင်ယူနိုင်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်းကိုလည်း အဆင့်တစ်ခုအထိ မြှင့်တင်နိုင်ခဲ့သည်။ ယခုအခါ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ နောက်ဆုံးခြေလှမ်းသို့ ရောက်ရှိရန် နီးစပ်နေပြီ ဖြစ်သည်။ အကယ်၍ သူသည် ဤမြင့်မြတ်နယ်မြေတွင် ဆက်လက်နေထိုင်နေဦးမည်ဆိုပါက ကျိုးကြောင်းဆီလျော်မှုရှိတော့မည်မဟုတ်ပေ။
ထိုအလွှာ၏ ထောင့်တစ်နေရာတွင် ဝမ်ရှန်း သည် သူ၏ ပစ္စည်းများကို သိမ်းဆည်းကာ နောက်တစ်ကြိမ်မတ်တပ်ရပ်လိုက်ပြန်သည်။ သူသည် ဓားဝိညာဉ်နှင့် အကြိမ်ပေါင်းမည်မျှ တိုက်ခိုက်ခဲ့သည်ကို မသိတော့ပေ။ သူသည် ဓားဝိညာဉ်၏ ဓားသိုင်းပုံစံများကို အပြည့်အဝမဆုပ်ကိုင်နိုင်သေးသော်လည်း အနည်းဆုံးတော့ ရှုဓားဂိုဏ်း၏ နက်နဲလှသော ဓားစိတ်ဆန္ဒအားလုံးကို ကိုယ်တိုင်ကိုယ်ကျရင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် သူ၏ လက်ဝဲလက်ဖြင့် ဓားလက်ညှိုးပုံစံလုပ်လိုက်သည်။ စမ်းသပ်နယ်မြေအတွင်း သူကောက်ယူခဲ့သော ကျိုးပဲ့နေသည့် ဓားနှစ်လက်သည် လေထုထဲတွင် တဖြည်းဖြည်း လွင့်မျောလာပြီး သူ၏ ဘေးပတ်လည်တွင် ညင်သာစွာ လည်ပတ်နေကြသည်။
သူ၏ လက်ယာဘက်လက်တွင် ယန်ကျန်းနန် ပေးခဲ့သော ရတနာဓားကို ကိုင်ဆောင်လျက် သူသည် ခန်းမ၏ အလယ်ဗဟိုသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
“မင်း သွားတော့မလို့လား”
ဓားဝိညာဉ်သည် ကျောက်တံခါးမှ လွင့်မျောထွက်လာပြီး အမြင့်ဆုံးနေရာတွင် လွင့်မျောနေသော သေးငယ်သောကြေးအိုးလေးအောက်၌ ရပ်လိုက်သည်။ သူ၏ လက်ထဲတွင်မူ တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေဆဲဖြစ်သည့် နောက်ဆုံးနတ်ဘုရားဓားရှိနေသည်။
ဝမ်ရှန်းက ပြုံးလိုက်သည်။
“ဒီတိုက်ပွဲမှာ ကျွန်တော် နိုင်သည်ဖြစ်စေ… ရှုံးသည်ဖြစ်စေ… ကျွန်တော် နှုတ်ဆက်ထွက်ခွာရတော့မှာပါ”
“မင်းတို့ လူငယ်တွေက တကယ်ပဲ စိတ်ရှည်မှုမရှိကြဘူး၊၊ ရှေးခေတ်က ဒီနေရာကို ဝင်ရောက်ခဲ့တဲ့ လူငယ်တပည့်တွေဟာ သူတို့ရဲ့ တိုးတက်မှုတွေ ပိတ်ဆို့ခံရရင်တောင်မှ ဒီနေရာမှာ သုံးနှစ်ကနေ ငါးနှစ်အထိ ခံစားချက်တွေကို မြှုပ်နှံပြီး အပတ်တကုတ်ကျင့်ကြံခဲ့ကြတာကွ”
ဓားဝိညာဉ်က ပြစ်တင်စကားဆိုပြီးနောက် သက်ပြင်းတစ်ချက်ကိုညင်သာစွာ ချလိုက်သည်။
“ထားလိုက်ပါတော့… လာခဲ့... တိုက်ကြမယ်… ပထမဆုံး ရှုဓားသိုင်း - ချင်ဖုန်းနေလပြောင်းလဲခြင်း”
ဓားဝိညာဉ်၏ ရတနာဓားမှ တောက်ပသောအလင်းရောင်များပေါက်ကွဲထွက်လာပြီး ၈လွှာ၏ ခန်းမကြီးတစ်ခုလုံးကို ပြင်းထန်သော ဓားဆန္ဒဖြင့် ချက်ချင်းပြည့်နှက်သွားစေသည်။ ဓားဝိညာဉ်၏ နောက်ကွယ်ရှိ ကျယ်ပြောလှသော မြူလှိုင်းများကြားတွင် နေမင်းကြီးက ပေါ်ထွက်လာပြီး လမင်းကြီးကမူ အဆုံးမဲ့ကောင်းကင်နှင့် မြေကမ္ဘာကြားတွင် နစ်မြုပ်သွားသကဲ့သို့ ခံစားရသည်။
ဒါက မြေကြီးဓားလမ်းစဉ် ဖြစ်တဲ့ ချင်ဖုန်းနေလပြောင်းလဲခြင်းလား။
ဝမ်ရှန်းသည် ပြုံးနေရာမှ တည်ငြိမ်သွားသည်။ သူ၏ လက်ဝဲလက်ကို သူ့ရှေ့တွင် မြှောက်လိုက်သည်။
ဒီဓားမှာ အစမရှိဘူး… ဒီဓားမှာ အဆုံးမရှိဘူး။
သူ့ဘေးပတ်လည်တွင် လည်ပတ်နေသော ကျိုးပဲ့နေသည့် ဓားနှစ်လက်က အနည်းငယ်တုန်ခါသွားသည်။ စူးရှသောလေချွန်သံနှစ်ချက်နှင့်အတူ ၎င်းတို့သည် ဓားဝိညာဉ်ထံသို့ တည့်တည့်ပြေးဝင်သွားကြသည်။
ဝမ်ရှန်း မြေပြင်မှ ခုန်တက်ကာ နောက်မှ ထပ်ချပ်မကွာလိုက်ပါသွားခဲ့သည်။ အစစ်မှန်ချီများက သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသည်။ သူ၏ လက်ယာဘက်လက်ရှိ ရတနာဓားသည် ခုနှစ်စင်ကြယ်စုနှင့်ကိုက်ညီသော ဓားရိပ်များကို ထုတ်ဖော်လိုက်ရာ ကျယ်ပြောလှသော ကြယ်တာရာအလင်းတန်းများသည် တောက်ပသော ကြယ်မြစ်တစ်စင်းအဖြစ်သို့ ချက်ချင်း စုစည်းသွားတော့သည်။
ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်။
ဓားသံများ၊ ကျယ်လောင်စွာ ရယ်မောသံများနှင့် ဓားချင်းရိုက်ခတ်သံများသည် ဓား ၇၂လက်အစီအရင်၏ အမြင့်ဆုံးအလွှာတွင် ဆက်တိုက်ပဲ့တင်ထပ်နေခဲ့သည်။
၁၀မိနစ်ကျော်ကြာပြီးနောက် ဝမ်ရှန်းသည် ဓား ၇၂လက်အစီအရင်၏ ချိတ်ဆွဲထားသော လှေကားထစ်များ၏ နောက်ဆုံးအပိုင်းသို့ လျှောက်လှမ်းလာခဲ့သည်။ သူ၏ ကျောတွင် ချည်နှောင်ထားသော ဓားပြားကြီးကိုမူ တစ်ကြိမ်မျှ ထုတ်မသုံးခဲ့ရဘဲ သူ၏ လက်ထဲရှိ ရတနာဓားတွင်မူ ယခုအခါ ဓားသွားတစ်လျှောက် အက်ကွဲကြောင်းများနှင့် အမာရွတ်ငယ်အချို့ရှိနေခဲ့ပြီ ဖြစ်သည်။
လှေကားထိပ်တွင် အစိမ်းရောင်အလင်းတစ်ခု တောက်ပလာပြီး အစီအရင်ကြီးက တံခါးပေါက်တစ်ခုကို ဖွင့်ပေးလိုက်သည်။ မွန်းတည့်ချိန်၏ နေရောင်ခြည်က ဝမ်ရှန်း၏ မျက်နှာပေါ်သို့ ကျရောက်လာသဖြင့် သူသည် မသိစိတ်ဖြင့် လက်တစ်ဖက်ကိုမြှောက်ကာ မျက်လုံးကို ကာလိုက်ရသည်။
အစီအရင်၏ တံခါးပေါက်အပြင်ဘက်တွင် တောင်ထိပ်ရှိ သေးငယ်သော မြေပြန့်လွင်ပြင်တစ်ခု ရှိနေသည်။ သူ အပြင်သို့ ထွက်ခွာသွားပါက ဓား ၇၂လက်အစီအရင်အတွင်းသို့ ထပ်မံဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။
သူ၏ နှလုံးသားထဲတွင် နှမြောတသမှုအချို့ ရှိနေသော်လည်း ဝမ်ရှန်း ၎င်းကို ချက်ချင်းပင် ဖိနှိမ်လိုက်သည်။ သူသည် သံယောဇဉ်တွယ်တတ်သူမျိုးမဟုတ်သဖြင့် ထိုအရာများကို တွေးတောနေရန် မလိုပေ။ ရှေ့တွင် လျှောက်လှမ်းရမည့် လမ်းက ရှည်လျားလှသေးသည်။ ဤအပြာရောင်ကမ္ဘာဂြိုဟ်ပေါ်တွင် သူ့ကို စောင့်ကြိုနေသည့် အံ့ဩစရာများစွာ ရှိနေသေးသည်။
သူသည် လှည့်၍ အောက်ဘက်ရှိ ကျောက်နန်းတော်ဘက်သို့ ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် ကိုယ်ကိုဖြောင့်ကာ စိတ်အေးလက်အေးဖြင့် ထွက်ခွာခဲ့သည်။ သူသည် ကျောက်နံရံမှ တန်းတန်းမတ်မတ်ထွက်လာခဲ့သကဲ့သို့ ဖြစ်သည်။ ကျောက်နံရံတွင် မြှုပ်နှံထားသော အစိမ်းရောင်အလင်းမှာလည်း တဖြည်းဖြည်းမှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။
သူ အဝေးသို့ မရောက်ခင်မှာပင် ဓားဝိညာဉ်က လှမ်းအော်လိုက်သည်။
“ဟေ့... ကောင်လေး… မင်း တစ်ခုခုမေ့ကျန်ခဲ့တယ်”
မှေးမှိန်နေသော အစိမ်းရောင်အလင်းထဲမှ နက်မှောင်သောအလင်းတန်းတစ်ခု ပျံသန်းထွက်လာပြီး ဝမ်ရှန်း၏ မျက်နှာထံသို့ ဦးတည်လာသည်။ သူလည်း လက်ဝဲဘက်လက်ကို မြှောက်ကာ ၎င်းကို တည်ငြိမ်စွာ ဖမ်းယူလိုက်သည်။
ဒါက ဘာလဲ။
အစိမ်းရောင်အလင်းသည် နောက်တစ်ကြိမ်လင်းလက်လာပြီးနောက် ကျောက်နံရံအတွင်းသို့ လုံးဝပျောက်ကွယ်သွားတော့သည်။ သူ၏ လက်ထဲရှိ မည်းနက်နေသောသံလုံးလေးကို ငုံ့ကြည့်ရင်း ဝမ်ရှန်း မပြုံးဘဲမနေနိုင်တော့ပေ။
ဒါက ပြီးပြည့်စုံတဲ့ ဓားအမြုတေပဲ အရည်အသွေးကလည်းမဆိုးဘူး။
ဓားဝိဉာဉ်သည် သူ့ကို အမှန်တကယ်ပင် ကြီးမားသောနှုတ်ဆက်လက်ဆောင်တစ်ခုပေးခဲ့ခြင်းဖြစ်သည်။
ဝမ်ရှန်းလည်း ဓားအမြုတေကို သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။ သူသည် ၎င်းကို သန့်စင်ရန် အလျင်မလိုသေးပေ။
ဓားတောင်ထိပ်ပေါ်တွင် ရပ်လျက် သူသည် ပေပေါင်းထောင်ချီ၍ နက်ရှိုင်းလှသော မတ်စောက်သည့် ချောက်ကမ်းပါးကြီးကို ကြည့်ရင်း အလွန်လက်တွေ့ကျသော ပြဿနာတစ်ခုနှင့်ရင်ဆိုင်လိုက်ရသည်။
ငါ အောက်ကို ဘယ်လိုဆင်းရမလဲ…။