← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

Chapter 183

တစ်သက်တာဂုဏ်ထူးဆောင်အကြီးအကဲ

တကယ်ကို ချီးကျူးရမည်ဆိုလျှင် မာဇီပင်း တီထွင်ပေးလိုက်သည့် ဘက်စုံသုံးလက်အိတ်များမှာ တကယ်ကို အသုံးဝင်လှသည်။ ကျောက်ဆောင်ထူထပ်သောလမ်းကြမ်းများကို ဖြတ်သန်းရာတွင်လည်းကောင်း၊ တောင်တက်ရာတွင်လည်းကောင်း အလွန်ပင်အဆင်ပြေလှပေသည်။

သို့သော်လည်း ဝမ်ရှန်း ဓားတောင်ထိပ်သို့ ရောက်ရှိချိန်၌ သူ၏တာအိုဝတ်စုံမှာ စုတ်ပြဲနေပြီဖြစ်ရာ အောက်သို့ပြန်ဆင်းသည့် လမ်းခရီးတစ်လျှောက် ကျောက်ဆောင်နံရံများနှင့် ဆက်တိုက်ပွတ်တိုက်မိပြန်သဖြင့် မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ချိန်၌မူ သူ၏ဝတ်စုံနှင့် ကျင့်ကြံခြင်းဝတ်စုံမှာ လုံးဝစုတ်ပြဲသွားခဲ့လေပြီ၊၊

သို့သော်လည်း သူ့ဘဝတွင် ပထမဆုံးရရှိခဲ့သည် ရတနာပစ္စည်းလေးကို လူအများရှေ့တွင် ထုတ်ပြရန်မှာ မသင့်တော်လှချေ။ ကံကောင်းထောက်မစွာဖြင့် ဝမ်ရှန်းသည် ကြိုတင်တွေးဆပြီး စမ်းသပ်ချက်ဂူဝင်ပေါက်၏ နောက်ဘက်ရှိ ကျောက်ဆောင်နံရံမှ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ဆင်းလာသည့်လမ်းတွင် လူသူကင်းဝေးသောနေရာတစ်ခု၌ တာအိုဝတ်စုံကို ချွတ်၍ ခါးတွင်ချည်နှောင်ကာ ရှုဓားဂိုဏ်း၏ပင်မခန်းမဆောင်ကြီးဆီသို့ ဦးတည်လျှောက်လှမ်းခဲ့သည်။

တောင်ကုန်းတစ်ခုကို ကွေ့ပတ်လိုက်သောအခါ စိမ့်စမ်းရေအိုင်ငယ်တစ်ခုကို တွေ့ရသည်။ ရေမှာ ကြည်လင်ရွှန်းမြနေပြီး မြင်ရသူကို အေးချမ်းစေလေ၏။ သူသည် ခန္ဓာကိုယ်မှ အညစ်အကြေးများကို စင်ကြယ်အောင် ဆေးကြောသန့်စင်ပြီးနောက် အစစ်မှန်ချီကို လှည့်ပတ်၍ ဆံပင်ကို ခြောက်သွေ့စေခဲ့သည်။ ထို့နောက် အဝတ်အစားသစ်များကို လဲလှယ်ဝတ်ဆင်လိုက်သည်။

သူ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးခင် ဆိုင်းဘုတ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။

“သုံးရေဖြစ်သည်။ ညစ်ညမ်းအောင်မလုပ်ရ”

အမ်...၊၊

ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာအောင်ကြည့်ပြီးနောက် သူသည် ထိုနေရာမှ အမြန်သုတ်ခြေတင်လာခဲ့တော့သည်။

ရှုဓားဂိုဏ်းသည် စမ်းသပ်ချက်ဂူဝင်ပေါက်တွင် တပည့်များကို အစောင့်အကြပ်ချထားသော်လည်း ဝမ်ရှန်းက စမ်းရေစီးကြောင်းအတိုင်း တောင်အောက်သို့ ဆင်းလာခဲ့ခြင်းကြောင့် တောင်တစ်ဝက်ကို ကွေ့ပတ်ကာ ထိုတပည့်များကို ရှောင်ကွင်းနိုင်ခဲ့သည်။

မြင့်မားလှသော တောင်ထွတ်များကြားတွင် ရှုတောင်တန်း၏ အလှအပတရားများဖြန့်ကျက်တည်ရှိနေပုံကို ကြည့်ရင်း သူ၏အတွေးတို့က ရှေးခေတ်မှ လူသားများဆီသို့ ရောက်ရှိသွားသည်။

သူ့စိတ်ထဲတွင် တွေးတောဆင်ခြင်မိသည်။ ချင်ဖုန်းဆိုသည်မှာ တကယ်တော့ ဘယ်လိုလူမျိုးပါလိမ့်။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ဤနေရာတွင် ရပ်တန့်ကာ ဓား ၇၂လက် စမ်းသပ်ချက်ကို အမှတ်မထင်ချန်ရစ်ခဲ့သည်။

ဝမ်ရှန်းသည် ဓားဝိညာဉ်နှင့် အကြာကြီးစကားပြောဖူးသည်။ ထိုဝိညာဉ်မှာ မူလက ချင်ဖုန်း နှစ်ပေါင်းရာချီသုံးစွဲခဲ့သော သာမန်ဓားတစ်လက်သာဖြစ်ပြီး နောက်ပိုင်းမှ ဝိညာဉ်အဖြစ်နိုးထလာခဲ့ခြင်း ဖြစ်သည်။ ချင်ဖုန်းသည် သူ၏တာအိုအမွေအနှစ်ကို ချန်ရစ်ရန်အတွက် ရှုတောင်တန်းတွင် ဓားဂိုဏ်းတည်ထောင်ခဲ့သည်ကိုသာ ဓားဝိညာဉ်က သိရှိပြီး ချင်ဖုန်း၏ ဖြစ်တည်မှုအစစ်အမှန်ကိုမူ မသိရှိချေ။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ကျင့်ကြံခြင်းလောက၏ဖြစ်ရပ်များသည် တာအိုအမွေအနှစ်များကို တည်ထောင်ခဲ့ကြသော ဘိုးဘေးများနှင့် ရှုပ်ထွေးပွေလီစွာ ဆက်နွှယ်နေလိမ့်မည်ဟု ဝမ်ရှန်း မသဲမကွဲခံစားမိသည်။

သို့သော် အတိတ်ကား ပြီးသွားခဲ့ပြီဖြစ်ရာ ယခုအချိန်မှ လိုက်လံစုံစမ်းနေလျှင်လည်း အရာထင်မည်မဟုတ်ပေ။ ထို့အပြင် ဟွာသမ္မတနိုင်ငံအစိုးရတွင် သူ့ထက်ပိုမိုစုံလင်သော ရှေးဟောင်းသမိုင်းမှတ်တမ်းများရှိနေနိုင်သည် မဟုတ်ပါလား။ ဤနေရာတွင် လျှောက်တွေးနေမည့်အစား ဆရာကတော်ဆီ ဖုန်းဆက်ပြီး ချွဲကာ လစာတောင်းရင် ပို၍ကောင်းပေလိမ့်မည်။

မြူခိုးများရစ်သိုင်းနေသော ဝေးကွာလှသည့် တောင်ကုန်းထက်တွင် ရှုဓားဂိုဏ်း၏ ခမ်းနားထည်ဝါသော နန်းတော်ကြီးကို လှမ်းမြင်လိုက်ရသည်။ နန်းတော်ကြီး၏ ရှေ့မျက်နှာစာ ကောင်းကင်ယံတွင် ပျံသန်းနေသော ဓားအချို့ကိုလည်း မြင်တွေ့နေရသည်။

ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ခြေလှမ်းဖြင့် တောင်လမ်းအတိုင်း အမြန်ဆင်းလာခဲ့သည်။ မကြာမီပင် တောအုပ်ထဲ၌ ဓားထိန်းချုပ်ခြင်းပညာကို လေ့ကျင့်နေကြသော တပည့်ငယ်နှစ်ဦးကို တွေ့ရှိခဲ့သဖြင့် ခြေလှမ်းကို ရပ်တန့်ကာ ထိုသူတို့ထံသို့ လျှောက်သွားခဲ့သည်။

လူသားများနှင့် ပြန်လည်ဆုံတွေ့ချိန်တွင် ဝမ်ရှန်း ပထမဆုံးပြောမိမည့်စကားမှာ ဇီယန်ကျောင်းတော်ရှိ ရှေးဟောင်းမိစ္ဆာ၏ လှုပ်ရှားမှုများအကြောင်း သို့မဟုတ် သူ မည်မျှကြာအောင်ဂူထဲတွင်နေခဲ့သည်ဟူသော အကြောင်းအရာများဖြစ်လိမ့်မည်ဟု မိမိကိုယ်ကိုယ်ပင် မထင်မှတ်ထားခဲ့မိချေ။

“မင်းတို့ဆီမှာ Power Bank ရှိလား… ခနလောက် ငှားလို့ရမလား”

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သော တပည့်နှစ်ဦးမှာ ဆွံ့အသွားကြသည်။ အမျိုးသားတပည့်က ဝမ်ရှန်းကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိပြီး အမျိုးသမီးတပည့်မှာမူ အသက်ရှူမှားမတတ် အံ့သြသွားတော့သည်။

“တာအိုဆရာ ဖေးယွီ... ခဗျား အပြင်ကို ထွက်လာပြီပဲ”

ဝမ်ရှန်းက ပြုံးလျက် ဖုန်းကို မြှောက်ပြလိုက်ကာ “power bank ရှိလား၊ လူတွေကို ဘေးကင်းကြောင်း သတင်းပို့ချင်လို့ပါ”

“ဪ... ကျွန်တော့်ဆီမှာ ရှိပါတယ်” အမျိုးသားတပည့်က အော်ပြောရင်း အနီးရှိ သစ်ပင်တွင် ချိတ်ဆွဲထားသော ကျောပိုးအိတ်ဆီသို့ အပြေးအလွှားသွားရောက်ယူပေးသည်။

အမျိုးသမီးတပည့်ကမူ ပို၍ပင် လျှင်မြန်လှပေသည်။ သူမသည် ဖုန်းကို အမြန်ဆွဲထုတ်ကာ Group Chat များထဲသို့ အသံမက်ဆေ့ချ်များ အသည်းအသန်ပေးပို့နေလေသည်။

“တာအိုဆရာ ဖေးယွီက ကျင့်ကြံခြင်းက ထွက်လာပါပြီ။ အခု ကျွန်မနဲ့အတူ ရှိနေတာပါ။ အားလုံး အမြန်လာကြပါ”

“ဆရာ... တာအိုဆရာ ဖေးယွီ အပြင်ထွက်လာပါပြီ”

“အမြန်လာကြ… တာအိုဆရာ ဖေးယွီက ဒီမှာရှိနေတယ်။ ဟုတ်တယ်... ဟုတ်တယ်။ သူ သက်ရှိထင်ရှားကြီးရှိနေတာ… အာ... ကျွန်မပြောတာက သူ အကောင်းတိုင်းကြီး ရှိနေတာပါ။ ဒဏ်ရာအနာတရ ခြစ်ရာတစ်ခုတောင်မရှိပါဘူး”

ဝမ်ရှန်းမှာ ခဏမျှ ဆွံ့အသွားရသည်။

ဖုန်းအား ပြန်ပြည့်လာသောအခါ ဝမ်ရှန်းသည် သူ၏ဆရာ၊ မိဘများနှင့် စီနီယာအစ်မတို့ထံသို့ ဘေးကင်းကြောင်း သတင်းစကားများပေးပို့လိုက်သည်။ ထိုအချိန်တွင်ပင် ဓားပျံများဖြင့် လူအချို့က ကောင်းကင်ယံမှ ပျံသန်းဆင်းသက်လာကြပြီ ဖြစ်သည်။

ရှုတောင်တန်း၏ ဓားထိန်းချုပ်ခြင်းပညာဖြင့်ပင် ကောင်းကင်၌ ဓားပျံစီးနင်းနိုင်ရန်အတွက် အနည်းဆုံး ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိရမည် ဖြစ်သည်။ အစစ်မှန်ချီမလုံလောက်ပါက အောက်သို့ ပြုတ်ကျသွားနိုင်ပြီး အရှက်ကွဲပေလိမ့်မည်။

ပထမဆုံးရောက်ရှိလာသူများမှာ ဖေးလျန်ဇီအပါအဝင် ဂိုဏ်း၏ တာအိုဆရာအချို့ ဖြစ်ကြသည်။ မျက်နှာဝိုင်းဝိုင်းနှင့် တာအိုဆရာ ဖေးလျန်ဇီသည် ဝမ်ရှန်း မရှိသည့်ကာလအတွင်း ပုံရိပ်ယောင်အမြုတေအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်မှာထင်ရှားလှပေသည်။

ဝမ်ရှန်းကို မြင်တွေ့ရသောအခါ တာအိုဆရာများသည် ဓားပေါ်မှ ချက်ချင်းဆင်းသက်ကာ အဝေးမှနေ၍ ဦးညွှတ်လိုက်ကြသည်။ ဝမ်ရှန်းကလည်း အလျင်အမြန်ပင် ပြန်လည်ဦးညွှတ်လိုက်သည်။

ယခင်က ဖေးလျန်ဇီ၏ ဖိတ်ခေါ်ချက်ကို လက်ခံခဲ့စဉ်က ဓားထိန်းချုပ်ခြင်းပညာကို ရရှိပြီးနောက် ပြင်ပသို့ ပေါက်ကြားမည်ကို စိုးရိမ်သဖြင့် ရှုဓားဂိုဏ်းက သူ့ကို ဒုက္ခပေးနိုင်သည်ဟု ဝမ်ရှန်း တွေးမိခဲ့ဖူးသည်။ သို့သော်လည်း ထိုကဲ့သို့ အမြင်ကျဥ်းသောအတွေးမျိုးကို သူ တွေးတောခြင်းမရှိတော့သည်မှာ ကြာပြီဖြစ်သည်။

ရှုဓားဂိုဏ်းအနေဖြင့် တာအိုဂိုဏ်းများ၏ မြင့်မြတ်တောင်တန်းကြီးတစ်ခုအဖြစ် ဂုဏ်သတင်းကို ထိန်းသိမ်းရန် ဂရုမစိုက်ဟုဆိုစေဦးတော့… သူနှင့် အစိုးရအကြားဆက်သွယ်မှု၊ ဆရာဖြစ်သူ၏ စွမ်းအားနှင့် ဆရာကတော်၏ သြဇာအာဏာတို့ကိုမူ ထည့်သွင်းစဉ်းစားရမည်သာဖြစ်သည်။

ထို့အပြင် ဂိုဏ်းအတွင်းရှိ အချို့သောသူများက ဝမ်ရှန်းသည် ၎င်းတို့၏ တောင်းဆိုချက်အပေါ် မတရားအခွင့်ကောင်းယူခဲ့သည်ဟု ယူဆကြစေဦးတော့… တာအိုအကြီးအကဲများနှင့် တာအိုဆရာအများစုမှာ အခြေအနေကို နားလည်ပေးနိုင်သူများဖြစ်ကြသည်။ သူသည် အစကတည်းက စွန့်စားမှုကို လက်ခံခဲ့ခြင်းဖြစ်ရာ ယခုအချိန်တွင် စိုးရိမ်ပူပန်နေစရာမလိုတော့ပေ။

“ဖေးယွီ...” ဖေးလျန်ဇီက ဝမ်းသာအားရဖြင့် အကျယ်ကြီးရယ်မောလိုက်ပြီး သူ၏မျက်နှာဝိုင်းဝိုင်းကြီးမှာ တောက်ပနေလေသည်။

“တစ်နှစ်နဲ့ သုံးလတောင် ကြာသွားတယ်။ မင်း အထဲမှာ ဒီထက်ပိုကြာနေရင် ငါ တောင်ကိုတူးပြီး မင်းကို ရှာရတော့မယ် ထင်နေတာ”

ဝမ်ရှန်းက ပြုံးလျက် ခေါင်းခါပြလိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဆံပင်ဖြူဖြူနှင့် တာအိုအကြီးအကဲနှစ်ဦးက ဓားပျံများဖြင့် ရောက်ရှိလာပြန်သဖြင့် သူ ထပ်မံ၍ ဦးညွှတ်ရပြန်သည်။ မကြာမီပင် သူသည် ရှုဓားဂိုဏ်းသားများ ဝန်းရံလျက် ပင်မခန်းမဆောင်ကြီးအတွင်းသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။

အမျိုးသမီးတပည့်တစ်ဦးက သူ့အတွက် လက်ဖက်ရည်လာရောက်ချပေးပြီး သူနှင့် ကိုယ်လုံးကိုယ်ပေါက်ချင်း တူညီသော အမျိုးသားတပည့်တစ်ဦးကမူ မိမိကိုယ်တိုင်ပင် မဝတ်ရက်ဘဲ သိမ်းဆည်းထားသော အသစ်စက်စက်တာအိုဝတ်စုံကို ယူဆောင်လာပေးခဲ့သည်။

အကြီးအကဲတစ်ဦးက ဝမ်ရှန်း၏ ဒဏ်ရာများအကြောင်းကို ကြင်နာစွာမေးမြန်းပြီး တတာအိုအကြီးအကဲ အချို့ကမူ သူ့ကို ကျေးဇူးတင်သောအားဖြင့် ပြင်ဆင်ထားသည့် လက်ဆောင်ပစ္စည်းများကို ယူဆောင်လာရန် တပည့်များကို စိတ်အားထက်သန်စွာ စေခိုင်းကြသည်။ ရှုဓားဂိုဏ်းတစ်ခုလုံးသည် သူ့အပေါ် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်နေကြသည်မှာ ထင်ရှားလှပေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဓား ၇၂လက် စမ်းသပ်ချက်အတွင်း၌ သူ မည်သည့်အကျိုးကျေးဇူးများ ရရှိခဲ့သနည်းဟု မမေးမြန်းကြချေ။

တပည့်များအားလုံးထွက်ခွာသွားပြီး အကြီးအကဲများနှင့် တာအိုဆရာ ၁၀ယောက်လောက်သာကျန်ရှိတော့သည့်အခါမှ ဝမ်ရှန်း စကားပြောခွင့်ရတော့သည်။

“အထဲမှာ ကျွန်တော်က ဓား ၇၂လက် စမ်းသပ်ချက်ရဲ့ အစီအရင်ဓားဝိညာဉ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူဟာ ဆရာကြီးချင်ဖုန်းရဲ့ ကိုယ်ပိုင်ဓားဖြစ်ပါတယ်။ အဲဒီစီနီယာက ကျွန်တော့်ကို လမ်းညွှန်ပြသပေးခဲ့ပါတယ်”

ခန်းမဆောင်ကြီးအတွင်း ချက်ချင်းပင် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

ဝမ်ရှန်းက ဆက်ပြောသည်၊၊

“သူက ဓား ၇၂လက် စမ်းသပ်ချက်အတွင်းမှာပဲ ပေါ်လာနိုင်တာပါ။ ကျွန်တော် ဓားထိန်းချုပ်ခြင်းပညာကို ယူဆောင်တာကို တားဆီးဖို့ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါကို အားလုံး မှတ်သားထားစေချင်ပါတယ်။ နောင်အနာဂတ်မှာ ဂိုဏ်းရဲ့တပည့်တွေထဲက အစီအရင်ကို စိန်ခေါ်နိုင်တဲ့ အရည်အချင်းရှိသူပေါ်လာရင် စမ်းသပ်ခွင့်ပေးလိုက်ပါ။ သူတို့ရဲ့ အရည်အချင်းက ထူးချွန်ထက်မြက်ပြီး လွယ်လွယ်နဲ့ အရှုံးမပေးဘူးဆိုရင် အစီအရင်ဓားဝိညာဉ်က သဘာဝကျကျပဲ လမ်းညွှန်ပေးပါလိမ့်မယ်”

“စီနီယာတို့ အားလုံးလည်း စိတ်မပူကြပါနဲ့။ ကျွန်တော်က စမ်းသပ်မှုရဲ့ ၇လွှာနဲ့ ၈လွှာတွေမှာ ရှိတဲ့ ရှုဓားဂိုဏ်းရဲ့သိုင်းပညာရပ်တွေကို သင်ယူဖို့ မကြိုးစားခဲ့ပါဘူး”

ဤသည်မှာ အစီအရင်ဓားဝိညာဉ် အထီးကျန်မနေစေရန် ဝမ်ရှန်း စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

“ဖေးယွီ... ဒီလောက်အထိ အားနာနေဖို့ မလိုပါဘူး” တာအိုအကြီးအကဲတစ်ဦးက ပြုံးလျက် ပြောသည်။

“ငါတို့ဓားဂိုဏ်းရဲ့ ဂိုဏ်းခွဲသုံးခုစလုံးက လူပေါင်း ၆၇၂ဦးဟာ မင်းကို လက်ဆောင်တစ်ခုပေးဖို့ တစ်ခဲနက်သဘောတူထားကြတယ်။ ဖေးလျန်ဇီ... ဒါကို ဖေးယွီဆီပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ... ဆရာဦးလေး”

ဖေးလျန်ဇီက ပြန်ထူးပြီး သူ၏အင်္ကျီလက်အတွင်းမှ ပိုးသေတ္တာလေးတစ်ခုကို ထုတ်ယူကာ ဝမ်ရှန်းထံသို့ ကမ်းပေးလိုက်သည်။

“ဖွင့်ကြည့်လိုက်ပါ။ ဒီပုံစံကို ဂိုဏ်းအတွင်း ဆွေးနွေးပြီးမှ ဆုံးဖြတ်ခဲ့တာပါ”

ဝမ်ရှန်း သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ လက်ဝါးခန့်ရှိသော ကျောက်စိမ်းဖြူဆွဲပြားတစ်ခုကို တွေ့ရသည်။ ကျောက်စိမ်းမှာ အပြစ်အနာအဆာကင်းစင်ကာ ကြည်လင်တောက်ပနေပြီး အရှေ့ဘက်တွင် “ဝမ်ဖေးယွီ” ဟူသော စာလုံးကို ထုဆစ်ထားသည်။ ၎င်းကို လက်ဖြင့် ကိုင်တွယ်လိုက်သည့် ခဏ၌ပင် လန်းဆန်းစေသော အရှိန်အဝါတစ်ခုမှာ လက်ဝါးအတွင်းသို့ စီးဝင်သွားပြီး စိတ်ကို တည်ငြိမ်သွားစေသည်။

ဤသည်မှာ သာမန်ကျောက်စိမ်းမဟုတ်ဘဲ စိတ်နှလုံးကို ကြည်လင်သန့်ရှင်းစေသော အာနိသင်ရှိသည့် ကျောက်စိမ်းဖြစ်သည်။

ကျောက်စိမ်းဆွဲပြား၏ အနောက်ဘက်တွင်မူ ထက်မြက်သော ဓားဆန္ဒများပါဝင်နေသည့် လက်ရေးဖြင့် “ရှုဓားဂိုဏ်း” ဟု ရေးသားထားပြီး ၎င်း၏အောက်တွင် သေးငယ်သော စာလုံးများဖြင့် ဤသို့ ရေးသားထားသည်။

“တစ်သက်တာဂုဏ်ထူးဆောင်အကြီးအကဲ”

Chapter 184

နတ်ဘုရားအဆင့်ဓားပျံ

ဝမ်ရှန်း ခဏမျှ ဆွံ့အသွားပြီး ချက်ချင်းပင် ငြင်းပယ်ရန် ကြိုးစားလိုက်သည်။ ဤကဲ့သို့သော ရာထူးအဆင့်အတန်းမှာ သူ့လိုမျိုးဆက်သစ်တစ်ယောက်အတွက် ကြီးမားလွန်းလှပြီး အထူးသဖြင့် သူသည် အစိုးရနှင့် ပတ်သက်မှုရှိနေသူဖြစ်သောကြောင့်ပင်၊၊

အနီးရှိ ကျေးဇူးတင်လက်ဆောင်သေတ္တာအနည်းငယ်မှာပင် အလွန်တန်ဖိုးရှိလှပေသည်။ ၎င်းတို့ထဲတွင် ဆေးလုံးများနှင့် အဖိုးတန်ဓားသွန်းလုပ်သည့် ပစ္စည်းများပါဝင်ပြီး ၎င်းတို့သည် ဓားဂိုဏ်းအတွက် အလွန်တန်ဖိုးရှိသော ကျင့်ကြံခြင်းအရင်းအမြစ်များဖြစ်ကြသည်။

ဖေးလျန်ဇီက “ဖေးယွီ... ကျေးဇူးပြုပြီး လက်ခံပေးပါ။ ဒါဟာ ငါတို့ရှုဓားဂိုဏ်းရဲ့ ကျေးဇူးသိတတ်မှုကို ပြသတဲ့ အမှတ်အသားသက်သက်ပါပဲ”

ဝမ်ရှန်းသည် သူ၏ဘေးရှိ လက်ဆောင်ပစ္စည်းများကို လှမ်းကြည့်လိုက်ပြီးနောက် ကျောက်စိမ်းတံဆိပ်ပြားကို လက်ခံလိုက်သည်။ သူသည် အကြီးအကဲများဘက်သို့ လှည့်ကာ တာအိုဓလေ့အတိုင်း အရိုအသေပေးလိုက်ကာ “ဒီတံဆိပ်ပြားကို ကျွန်တော် နှိမ့်ချစွာ လက်ခံပါတယ် စီနီယာတို့… ဒီနေ့ကစပြီး ကျွန်တော့်ကို ရှုဓားဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ဝက်အဖြစ် သတ်မှတ်နိုင်ပါတယ်။ အကယ်၍ ဂိုဏ်းမှာ အခက်အခဲတစ်ခုခုကြုံလာရရင် သတင်းသာ ပို့လိုက်ပါ၊၊ ကျွန်တော် ကမ္ဘာမြေရဲ့ ဘယ်နေရာမှာပဲရောက်နေပါစေ… ရောက်အောင်လာခဲ့ပါ့မယ်”

အကြီးအကဲများအားလုံးပြုံးလျက် စမ်းသပ်ချက်အတွင်း ကျန်ရှိနေသော အစီအရင်ဓားဝိညာဉ်အကြောင်းကို ဝမ်ရှန်းနှင့် ဆက်လက်ဆွေးနွေးကြသည်။

၎င်းတို့၏ ဆွေးနွေးပွဲမှာ ညနေမိုးချုပ်သည်အထိကြာမြင့်ခဲ့သည်။

ဝမ်ရှန်းသည် ရှုဓားဂိုဏ်းတွင် နောက်ထပ် တစ်ညမျှသာ အနားယူရန် ဆုံးဖြတ်လိုက်ပြီး နောက်တစ်နေ့ မိုးသောက်ချိန်၌ ဝူတန်းတောင်တန်းရှိ ၎င်းတို့ဂိုဏ်း၏ ခြံဝင်းငယ်လေးသို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ သို့မဟုတ်ပါက တာအိုဆရာများနှင့် အကြီးအကဲများသည် သူ့ကို ဧည့်ဝတ်မကျေမည်ကို စိုးရိမ်ပြီး ကျင့်ကြံခြင်းအပေါ် အာရုံစိုက်နိုင်ကြမည်မဟုတ်ပေ။

ထို့အပြင် ကျေးဇူးတုံ့ပြန်သည့် လက်ဆောင်များထဲတွင် ကျင့်ကြံခြင်းကို အထောက်အကူပြုသော ဆေးလုံးများစွာ ပါဝင်သည်။ သွေးကြောသန့်စင်ဆေးလုံးများလောက် အာနိသင်မထက်မြက်သော်လည်း အရေအတွက်အားဖြင့် များပြားလှပေသည်။

ဆေးလုံးများနှင့် ပတ်သက်လာလျှင် ဝမ်ရှန်းမှာ အမှန်တကယ်ပင် သတိကြီးစွာ ထားတတ်သူဖြစ်သည်။ သူသည် ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ရန်အတွက် ဆေးလုံးများကို စည်းကမ်းမဲ့သောက်သုံးခြင်းမရှိချေ။ သွေးကြောများကို ကျယ်ပြန့်စေရန် သို့မဟုတ် အစစ်မှန်ချီကို သန့်စင်စေရန် အထောက်အကူပြုသော ဆေးလုံးများကိုသာ သောက်သုံးလေ့ရှိသည်။

ဉာဏ်အလင်းပွင့်စေသော ဆေးလုံးများသည် အဆိပ်အတောက်နှင့် ပို၍တူလှသည်။ ၎င်းတို့သည် ရေတိုတွင် လျင်မြန်စွာ တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်သော်လည်း ရေရှည်တွင် ကျင့်ကြံသူ၏ ကိုယ်ပိုင်တာအိုကို နားလည်သဘောပေါက်နိုင်စွမ်းကို အဟန့်အတားဖြစ်စေတတ်သည်။ ထို့ကြောင့် ၎င်းမှာ လုံးဝတန်လှချေ။

နောက်တစ်နေ့ နံနက်တွင် ဝမ်ရှန်းသည် ဂိုဏ်း၏ လက်ဆောင်များ ပြည့်နှက်နေသော လေးလံသည့် သေတ္တာနှစ်လုံးကို သယ်ဆောင်လျက် အပြာနုရောင်တာအိုဝတ်စုံအသစ်ကို ဝတ်ဆင်ကာ ပင်မနန်းတော်ရှိ အကြီးအကဲများကို နှုတ်ဆက်ခဲ့သည်။ ထို့နောက် ဒုတိယမျိုးဆက်ဂိုဏ်းသားများက သူ့ကို တာအိုကျောင်းတော်၏ တံခါးဝအထိ လိုက်လံပို့ဆောင်ပေးကြသည်။

တာအိုကျောင်းတော်၏ ရှေ့မျက်နှာစာ ရင်ပြင်ပြင်၌ ကြီးမားလှသော ကျောက်တိုင်ကြီးနှစ်ခု၏ အနီးတွင် တပည့်ပေါင်းရာကျော်မှာ သပ်ရပ်သော အစီအစဉ်အတိုင်း ထပ်မံ၍ ရပ်တန့်နေကြသည်။

“ဓားမြှောက်”

“ဟေး...”

အားလုံး တညီတညွတ်တည်းအော်ဟစ်လိုက်ကြပြီး တပည့်များသည် ရှုဓားသိုင်းပညာရပ်တစ်ခုလုံးကို ညီညာစွာထုတ်ဖော်ပြသကြသည်။ သိုင်းကွက် ၁၀ကွက်အပြီးတွင် သူတို့သည် မိမိတို့၏ ဓားရှည်များကို ကောင်းကင်ယံသို့ ပစ်မြှောက်လိုက်ကြပြီး ဓားလက်ဟန်များကို ပြုလုပ်ကြသည်။ ဓားပျံပေါင်းရာချီ၍ ကောင်းကင်ယံတွင် ဝဲပျံနေပုံမှာ အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။

“ကျွန်တော့်ကို လိုက်ပို့ဖို့ မလိုတော့ပါဘူး”

“ဂရုစိုက်ပါ ဖေးယွီ”

“အကြီးအကဲ ဖေးယွီ... အားတဲ့အခါ ကျွန်တော်တို့နဲ့အတူ လာပြီးကျင့်ကြံပါဦး”

ဝမ်ရှန်းက လက်သီးဆုပ်ကာ အကြိမ်ကြိမ်နှုတ်ဆက်စကား ပြောခဲ့သည်။ လူအုပ်ကြီးကို သူတစ်ဦးတည်း သွားခွင့်ပြုရန် ဖျောင်းဖျပြီးနောက် သေတ္တာများကို သယ်ဆောင်ကာ စုဝေးနေသောတပည့်များ၏ အနားမှ ဖြတ်သန်းသွားခဲ့သည်။ တောင်လမ်း၏ အစွန်းသို့ ရောက်သောအခါ သူသည် နောက်တစ်ကြိမ် လှည့်ကြည့်၍ ဂိုဏ်းသားများနှင့် တပည့်များအားလုံးကို ဦးညွှတ်လိုက်သည်။ ထို့နောက် သူသည် လှည့်ပြန်ကာ တောင်အောက်သို့ ဆင်းလာခဲ့တော့သည်။

ဖေးလျန်ဇီသည် လီကူဖုန်း၊ ကျီလင်းတို့နှင့်အတူ အနည်းငယ်ဝေးကွာသော ရှေ့နားမှနေ၍ စောင့်ဆိုင်းနေပြီး ဖြစ်သည်။

ဝမ်ရှန်း တောင်လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းလာခဲ့စဉ် တာအိုကျောင်းတော်၏ ရှေ့မှ နောက်ထပ် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရပြန်သည်။

“ဓားပြန်သိမ်း”

တာ့ကျန်းတောင်၏ တောင်ထိပ်တွင် ဝမ်ရှန်းနှင့် တွေ့ဆုံရန် တမင်တကာရှောင်ရှားခဲ့သော ရှုဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်။ သူသည် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့ တောင်ကုန်းများကြားတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ကြည့်ရင်း တိုးတိုးလေး ရယ်မောလိုက်တော့သည်။

“လမင်းကို လိုက်လံဖမ်းဆီးဖို့ တိမ်တိုက်တွေကို စီးနင်းတယ်… ကြည်လင်တဲ့ လေညင်းက တောင်ပေါ်က မြူခိုးတွေကို ပွတ်သပ်သွားတယ်။ ဓားကိုစီးပြီး ကောင်းကင်ယံအထိ ပျံသန်းနိုင်တယ်… ရှုတောင်လမ်းဟာ ခရီးကြမ်းလှပါတယ်လို့ ဘယ်သူပြောလဲ”

…

ဝူတန်းတောင်ရှိ ဝမ်ရှန်းတို့ ဂိုဏ်း၏ ခြံဝင်းငယ်လေးအတွင်း၌ဖြစ်၏။

ဝမ်ရှန်း ပြန်လာစဉ်က မည်သူ့ကိုမျှ အသိမပေးခဲ့ပေ။ လမ်းခရီး၌ ဂိုဏ်းသားငယ်အချို့နှင့် ဆုံခဲ့သော်လည်း သူတို့အား မသိသဖြင့် ခေါင်းငုံ့ကာ အမြန်သာဖြတ်ကျော်လာခဲ့သည်။

ဝင်းတံခါးဝတွင်မူ ခြုံနွယ်ပိတ်ပေါင်းများနှင့် သစ်ရွက်ခြောက်များနေရာအနှံ့ပုံကျနေသည်။ တစ်နှစ်ကျော်တိုင်အောင် လူသူကင်းဝေးခဲ့ပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းမှုမရှိသဖြင့် ယခုအခါ ပစ်ထားသောနေရာတစ်ခုကဲ့သို့ အနည်းငယ်ခြောက်ကပ်နေလေသည်။

ဝမ်ရှန်း တံခါးကို တွန်းဖွင့်ကာ ခရီးဆောင်အိတ်များကို အတွင်းသို့ သယ်ဆောင်လာခဲ့၏။ သူသယ်လာသော ပစ္စည်းထုတ်နှစ်ထုတ်မှာ တန်ဖိုးမဖြတ်နိုင်သောရတနာများဖြစ်သော်လည်း သူက ဂရုမစိုက်ဟန်ဖြင့် အိပ်ခန်းအတွင်း၌သာ ပစ်ထားလိုက်သည်။

တာအိုကို ကျင့်ကြံရာတွင် ဦးစွာ စိတ်ကို ကျင့်ကြံရမည် ဖြစ်သည်။ ပတ်ဝန်းကျင်က ရှုပ်ပွနေပါက စိတ်အခြေအနေကို အလိုလိုထိခိုက်စေနိုင်သည်။

ဝမ်ရှန်း အင်္ကျီလက်ကို လိပ်တင်ကာ အလုပ်ရှုပ်သွားသည်။ ဝင်းထဲ တံမြက်လှည်းခြင်း၊ ရေခပ်ခြင်း၊ အဝတ်လျှော်ခြင်း၊ စာအုပ်များ နေလှန်းခြင်း၊ ပေါင်းမြက်နုတ်ခြင်းနှင့် လျှပ်စစ်ဝါယာကြိုးများပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

နေ့တစ်ဝက်ကျော်မျှ အိမ်ကို ပြုပြင်ထိန်းသိမ်းပြီးနောက် နေဝင်အချိန်တွင် သူသည် ဆရာ၏ သီးသန့်ကြိမ်ကုလားထိုင်ပေါ်၌ မှီလျက် ခြံဝင်းလေး၏ တံခါးဝတွင် သက်တောင့်သက်သာလှဲလျောင်းနေခဲ့၏။ မကြာမီတွင် ကောင်းကင်ယံ၌ ကြယ်တာရာများဖြတ်သန်းသွားသည်ကို ကြည့်ရှုရင်း လေညင်းက ဆောင်ယူလာသော တီးတိုးအသံများကို ငြိမ်သက်စွာ နားထောင်နေမိသည်။

မုဝမ်ရွှမ်းက အလွန်အလုပ်ရှုပ်နေပုံရသည်။ ဝမ်ရှန်း ကျင့်ကြံရာမှ ထွက်လာပြီး ပြန်ရောက်ကြောင်း ပို့ထားသော စာကို သူမ ပြန်စာပို့ချိန်၌ ည ၉ နာရီကျော်နေပြီ ဖြစ်သည်။ သို့သော် သူမသည် meme ပုံအမြောက်အမြားကို တရစပ်ပို့လာခဲ့သည်။

ဝမ်ရှန်းနှင့် တစ်နှစ်ကျော်တိုင်အောင် အဆက်အသွယ်ပြတ်တောက်သွားသည့်အတွက် စီနီယာအစ်မဖြစ်သူက အတော်ပင် မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားလှ၏။ သူက အချိန်အတော်ကြာ တောင်းပန်ပြီးနောက်မှသာ သူမ စိတ်ပြေသွားပြီး သူတို့၏ ဆရာအကြောင်းကို ရင်ဖွင့်လေတော့သည်။

ချင်ယန်ဇီသည် ယခုအခါ နာမည်ကျော်တစ်ဦးဖြစ်နေပြီ ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်အတွင်း သူက တစ်ကြိမ်သာလှုပ်ရှားခဲ့သော်လည်း မိစ္ဆာကျင့်ကြံသူ ရာဂဏန်းကို တစ်ကိုယ်တော်နှိမ်နင်းနိုင်ခဲ့သည်။

အများအားဖြင့်မူ ချင်ယန်ဇီသည် အေးအေးလူလူကျင့်ကြံလျက် အထူးစစ်ဆင်ရေးတပ်ဖွဲ့ထံ ရံဖန်ရံခါသွားရောက်ခြင်းနှင့် ဇနီးသည်နှင့်အတူ အိပ်စက်ခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေသည်။ သူသည် ဘဝ၏ အထွတ်အထိပ်သို့ အမှန်တကယ်ရောက်ရှိနေခြင်းဖြစ်သည်။

သို့သော် မုဝမ်ရွှမ်း၏ ဘဝကမူ ပိုမိုပင်ပန်းဆင်းရဲလှသည်။

ချင်ယန်ဇီက သူမအား အခြားသူများနှင့် ပိုမိုထိတွေ့ဆက်ဆံစေရန်နှင့် လူ့အဖွဲ့အစည်းကို ပိုမိုနားလည်စေရန် တမင်တကာတိုက်တွန်းခဲ့သည်။ ၎င်းက သူမ၏ စရိုက်ကို ပိုမိုရင့်ကျက်လာစေပြီး အနည်းဆုံးတော့ လူတို့၏ လှည့်ဖြားတတ်သောစိတ်သဘာဝကို သိရှိလာစေရန် မျှော်လင့်ခြင်းဖြစ်သည်။

မုဝမ်ရွှမ်း၏ သဘောတူညီချက်ဖြင့် သူသည် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့တွင် သူမ ပါဝင်ဆောင်ရွက်ရမည့် အမှုအခင်းအချို့ကိုပင် စီစဉ်ပေးခဲ့သည်။ မကြာသေးမီက သူမသည် တစ်လလျှင် အနည်းဆုံး သုံးကြိမ်မျှ ခရီးထွက်နေရသည်။

မုရွှယ်နှင့် ဘူဒိုဇာတို့သည် ယခုအခါ မုဝမ်ရွှမ်း ၏ သီးသန့်လက်ထောက်များဖြစ်နေကြပြီ ဖြစ်သည်။ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့အတွင်း မုဝမ်ရွှမ်း၏ ရေပန်းစားမှုမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး ကျင့်ကြံခြင်းလောကတွင် “တိတ်ဆိတ်နတ်သမီး ပုယွီ” ဟူသော အမည်မှာ လျင်မြန်စွာ ပြန့်နှံ့နေပြီ ဖြစ်သည်။

မကြာခဏဆိုသလို တာဝန်ထမ်းဆောင်ရခြင်းက မုဝမ်ရွှမ်း၏ ကျင့်ကြံချိန်ကို ထိခိုက်စေသော်လည်း သူမ၏ တာအိုနယ်ပယ်မှာ မှန်ကန်စွာ ဆက်လက်တိုးတက်နေပြီး သူမ၏ ကျင့်ကြံခြင်းအခြေခံအတားအဆီးကိုပင် ကျော်လွန်နေပြီဖြစ်သည်။

ထို့ပြင် တာဝန်တစ်ခုစီကို ပြီးမြောက်သည့်အခါတိုင်း ဆေးလုံးများ၊ ချီကျောက်တုံးများနှင့် သင့်တင့်သော လစာငွေစသည့် များပြားလှသော ဆုလာဘ်များကို ရရှိခဲ့သည်။ ထိုအကျိုးကျေးဇူးများကြောင့် သူမ၏ ကျင့်ကြံခြင်းအရှိန်မှာ လုံးဝလျော့ကျမသွားခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ စာတိုများအရ လာမည့် ၆လအတွင်း သူမသည် ပုံရိပ်ယောင်အမြုတေအဆင့်သို့ ထိုးဖောက်နိုင်လိမ့်မည်ဟု ဝမ်ရှန်းက ကောက်ချက်ချလိုက်သည်။

ကျင့်ကြံသူအများစုသည် လောကီနယ်ပယ်မှ ခွဲထွက်ကာ တောင်တန်းများ၏ တိတ်ဆိတ်ငြိမ်သက်မှုထဲတွင် မဟာတာအိုကို ဆင်ခြင်ရန် ရွေးချယ်တတ်ကြ၏။ မုဝမ်ရွှမ်းကမူ ဆန့်ကျင်ဘက်လမ်းစဉ်ကို လျှောက်လှမ်းနေပုံရသည်။ လူသားတို့၏ လောကီရေးရာများကို ပိုမိုမြင်တွေ့ရလေလေ သူမ၏ တာအိုနယ်ပယ်က ပိုမိုခိုင်မာလာလေလေဖြစ်သော်လည်း ၎င်းက ယခင်အတိုင်း ကြည်လင်သန့်စင်နေဆဲပင် ဖြစ်သည်။

ဤအရာက ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး၌ရှိသူတစ်ဦး၏ ကျင့်ကြံခြင်းအရှိန်အဟုန်ဖြစ်ပေလိမ့်မည်။

သူတို့သည် မိုးလင်းခါနီးအထိ စကားပြောခဲ့ကြသည်။ တစ်နှစ်ကျော်မျှ ခွဲခွာခဲ့ရသော်လည်း သူတို့ကြားတွင် စိမ်းသက်သွားခြင်းမျိုးမရှိခဲ့ပေ။ သို့သော် အများအားဖြင့် ဝမ်ရှန်းက မိစ္ဆာကျင့်ကြံသူများသည် လူတို့ကို ရန်ရှာသည့်အကြောင်း၊ ဒုက္ခသည်များ၏ သနားစရာကောင်းသော အခြေအနေများနှင့် အချို့သော အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဝင်များက မည်သို့ဖွင့်ပြောကာ မယုံနိုင်စရာကောင်းသောအချစ်ဇာတ်လမ်းများထဲ သက်ဆင်းသွားကြသည်ဟူသော စီနီယာအစ်မ၏ အသေးအဖွဲကိစ္စရပ်မျိုးစုံကိုသာ ဖတ်ရှုနေခဲ့သည်။

စီနီယာအစ်မက တရားထိုင်တော့မည်ဖြစ်၍ စာနာစွာဖြင့် စာပြန်ခြင်းကို ရပ်နားလိုက်သောအခါ ဝမ်ရှန်းသည်လည်း ထရပ်ကာ အိမ်မကြီး၏ အမိုးစွန်းပေါ်သို့ ခုန်တက်ပြီး ရင်းနှီးနေသော ပျဉ်ပြားတစ်ခုပေါ်တွင် ထိုင်လိုက်သည်။ သူ၏ သိုလှောင်အိတ်ထဲမှ အမည်းရောင်သံလုံးကို ထုတ်ယူလိုက်သည်။

ဓားအမြုတေကို သန့်စင်ခြင်းနည်းလမ်းက သူ့စိတ်ထဲတွင် စီးဆင်းလာသည်။ သူသည် သန့်စင်ယန်အင်မော်တယ်ချီကို တိတ်တဆိတ်နှိုးဆွလိုက်ပြီး ထိုလုပ်ငန်းစဉ်ကို အချိန်ယူ၍ နားလည်အောင်လုပ်နေသည်၊၊

သူ၏ ညာလက်ညှိုးနှင့် လက်ခလယ်ကို ဓားပုံစုံပြုလုပ်ကာ အစစ်မှန်ချီလှိုင်းများကို အမည်းရောင်သံလုံးထဲသို့ ထည့်သွင်းလိုက်သည်။ ၎င်းသည် ချက်ချင်းပင် အရောင်အသွေးစုံလင်သော အလင်းတန်းများကို ထိုးလွှတ်လိုက်ပြီး နူးညံ့သော စွမ်းအင်လှိုင်းဂယက်များကို ထွက်ပေါ်လာစေသည်။

ဤအလင်းတန်းနှင့် စွမ်းအင်ဂယက်က...

“ငါးရောင်ခြယ်ရွှေအဆီအနှစ်လား။ နတ်ဘုရားအဆင့်ဓားပျံလား”

All Chapters