← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

Chapter 187

ငါးစာကြီး

စီနီယာအစ်မကို စနောက်နေရင်း ဝမ်ရှန်း မတွေးမိဘဲ မနေနိုင်ခဲ့ပေ။ စီနီယာအစ်မနှင့် ဆရာတို့ ရှိနေပြီးသားဖြစ်သော်လည်း သူတို့သည် အဘယ်ကြောင့် သူ့အား အစည်းအဝေးသို့ သီးသန့်ခေါ်ယူရသနည်း။

မုရွှယ်က သူ့အား ချက်ချင်းပင် နှုတ်ဆက်လိုက်သည်။

—တာအိုဆရာဝမ် အစည်းအဝေးကို ချိတ်ဆက်ပါပြီ။

အစည်းအဝေးကို ဦးဆောင်နေသော ချီလင်းက ပြုံးလျက် ဝမ်ရှန်းကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမ၏ မျက်နှာအမူအရာမှာ တစ်ဖန်ပြန်လည်တည်ကြည်သွားပြန်သည်။

—လူစုံပြီ။ မုရွှယ် စတင်လိုက်ပါ။

—ဟုတ်ကဲ့ပါ ကပ္ပတိန်၊၊

မုရွှယ်က မော်နီတာကြီး၏ ရှေ့သို့ လျှောက်လှမ်းသွားသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အတော်ပင် ရင့်ကျက်လာခဲ့သည်။

အဟမ်း။ အလုပ်ကိစ္စဘက် ပြန်လှည့်ရအောင်။

မုရွှယ်က သူမ၏ လက်ထဲရှိ ရီမုခလုတ်တစ်ခုကို နှိပ်လိုက်ရာ မျက်နှာပြင်ပေါ်တွင် စာလုံးသုံးလုံး ပေါ်လာတော့သည်။ ၎င်းမှာ “ယင်ယန်ဂိုဏ်း” ဖြစ်သည်။

—တာအိုဆရာဝမ်ရဲ့ အကြံပြုချက်အတိုင်း ကျွန်မတို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲကတည်းက ဒီအဖွဲ့အစည်းကို စတင်သတိပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်မတို့တပ်ဖွဲ့က အသစ်ဖွဲ့စည်းခါစဖြစ်တာကြောင့် လုံလောက်တဲ့ ထောက်လှမ်းရေးကွန်ရက်မရှိခဲ့လို့ သတင်းအချက်အလက် အများကြီးမစုဆောင်းနိုင်ခဲ့ဘဲ လျှို့ဝှက်စွာပဲ ဆက်လက်စုံစမ်းခဲ့ရပါတယ်။

—လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာတော့ ကျွန်မတို့ရဲ့ ထောက်လှမ်းရေးသမားတွေဟာ လူသိများတဲ့ အကျင့်ပျက် မိစ္ဆာကျင့်ကြံသူ အဖွဲ့အစည်းအများစုထဲကို အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အပြင်ပန်းကွန်ရက်ကို တဖြည်းဖြည်းချင်းဖော်ထုတ်ရင်းနဲ့ နောက်ဆုံးမှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ မိစ္ဆာတာအိုဂိုဏ်းကြီးဖြစ်တဲ့ ယင်ယန်ဂိုဏ်းရဲ့ မြစ်ဖျားခံရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မျက်နှာပြင်သည် တစ်ချက်လက်ခနဲ ဖြစ်သွားပြီး နာမည်များနှင့် အခြေခံအချက်အလက်များပြည့်နှက်နေသော ဇယားကွက်တစ်ခုပေါ်လာသည်။

—ကျွန်မတို့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ ယင်ယန်ဂိုဏ်းဟာ လျှို့ဝှက်စွာနဲ့ ကျွမ်းကျင်သူအမြောက်အမြားကို စည်းရုံးထားပါတယ်။ ဒါတွေကတော့ ကျွန်မတို့ သိရှိရသမျှ လူစာရင်းဖြစ်ပါတယ်။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ မိစ္ဆာကျင့်ကြံသူ ၄၀၀ကျော်ရှိနေပြီး ဒါဟာ ယင်ယန်ဂိုဏ်းရဲ့ စစ်မှန်တဲ့အင်အားရဲ့ ရေခဲတောင်အဖျားပိုင်းလောက်ပဲရှိသေးတယ်လို့ ကျွန်မတို့ ခန့်မှန်းရပါတယ်။

—ဒီအဖွဲ့အစည်းဟာ ကြီးမားတဲ့ ရည်မှန်းချက်တွေကို ဖုံးကွယ်ထားပါတယ်။ ကျွန်မတို့ရဲ့ တွေ့ရှိချက်အရ သူတို့ဟာ လောလောဆယ်မှာ ငြိမ်သက်စွာနဲ့ အင်အားစုဆောင်းနေပေမဲ့ တာအိုအမွေအနှစ်အသီးသီးရဲ့ ကျမ်းစာတွေကိုတော့ အလွန်စိတ်ဝင်စားနေကြပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ သူတို့ဟာ နည်းလမ်းမျိုးစုံကို အသုံးပြုပြီး မတူညီတဲ့ တာအိုဂိုဏ်းတွေရဲ့ ကျင့်စဉ်နည်းစနစ်တွေကို စုဆောင်းနေခဲ့ကြတာပါ။

—တကယ်တော့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ လူသစ်ရွေးချယ်မှု စစ်ဆေးစဉ်အတွင်းမှာပဲ ပုံမှန်မဟုတ်တဲ့ လူငယ် ၁၀၀ကျော်ကို ကျွန်မတို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ အခြားသူတွေရဲ့ ငှားရမ်းမှုကြောင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့အတွင်းကို ထိုးဖောက်ဝင်ရောက်ပြီး အသုံးပြုနေတဲ့ ကျင့်စဉ်နည်းစနစ်တွေကို စုဆောင်းဖို့ ကြိုးပမ်းခဲ့ကြတာပါ။ ကျွန်မတို့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ဒီကိစ္စဟာလည်း ယင်ယန်ဂိုဏ်းနဲ့ ဆက်စပ်မှုရှိနေဖို့ ရာခိုင်နှုန်းအများကြီးရှိပါတယ်။

စုံစမ်းစစ်ဆေးရေးဌာနမှ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက လက်ထောင်လိုက်သည်။

—သူတို့က ကျင့်စဉ်နည်းစနစ်တွေကို ဘာအတွက် လိုချင်ရတာလဲ။ နည်းစနစ်အများကြီးကို တတ်မြောက်သွားရင် သူတို့က ပြိုင်ဘက်ကင်းဖြစ်သွားမှာမလို့လား။

ချင်ယန်ဇီက ပြုံးရင်း ခေါင်းယမ်းလိုက်သည်။

—ကျင့်စဉ်နည်းစနစ်တွေဆိုတာ အများအားဖြင့် တာအိုဂိုဏ်းရဲ့ ကျမ်းစာတွေအပေါ်မှာပဲ အခြေခံတယ်။ အခြားတာအိုအမွေအနှစ်တွေရဲ့ အဓိကနည်းစနစ်တွေကို သုံးတာက ကိုယ့်ရဲ့ ကျင့်ကြံခြင်းအတွက် တကယ့်အကျိုးကျေးဇူးကို မပေးစွမ်းနိုင်ဘူး။

သူတို့၏ တိုတောင်းသော ဆွေးနွေးမှုအပြီးတွင် မုရွှယ်က အစည်းအဝေး၏ စည်းချက်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။

—ဒါကြောင့်မလို့ ကျွန်မတို့ဟာ ယင်ယန်ဂိုဏ်းက ရရှိထားတဲ့ ကျင့်စဉ်ကျမ်းစာအချို့ကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အားလုံးပဲ ကြည့်ရှုပေးကြပါ။

မျက်နှာပြင်သည် တစ်ဖန်ပြန်လည် လက်ခနဲဖြစ်သွားပြီး ကျမ်းစာများ၏ ဓာတ်ပုံတစ်ဒါဇင်ကျော် ပေါ်လာတော့သည်။

ယင်ယန်သည် တာအိုမှ ဖြစ်တည်သည်၊ ကမ္ဘာဦးချီပြန်လည်ပေါင်းစည်းခြင်း၊ ကောင်းကင်နှင့် မြေကြီးကျမ်းစာ၊ ဓာတ်ကြီးငါးပါး၏ ပရမ်းပတာဖြစ်တည်မှု၊ ဝင်ရိုးစွန်းနှစ်ခု ကြယ်တာရာမန္တန်၊ ချင်ကျောက်မန္တန်...

မုရွှယ်က အသံကို နှိမ့်ချလိုက်သည်။

—ဒီအရာအားလုံးဟာ အဓိက သဘောတရားနှစ်ခုဖြစ်တဲ့ ယင်နဲ့ယန်၊ ပြီးတော့ သန့်စင်ခြင်းနဲ့ နောက်ကျိခြင်းတို့အပေါ်မှာပဲ လည်ပတ်နေပုံရပါတယ်။ ကျွန်မတို့ရဲ့ ပဏာမခန့်မှန်းချက်အရ ယင်ယန်ဂိုဏ်းဟာ ဂိုဏ်းအသီးသီးရဲ့ အားသာချက်တွေကို စုဆောင်းနေတာ ဖြစ်နိုင်သလို… ဒါမှမဟုတ် သူတို့ရဲ့ အမွေဆက်ခံထားတဲ့ ကျမ်းစာတွေမှာ ကြီးမားတဲ့ ချို့ယွင်းချက်တွေရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ တွေးဆချက်တွေသက်သက်ပါပဲ။

ဆံပင်ရှည်များက ပခုံးထက်သို့ ဝဲကျနေသော မုရွှယ်သည် အလွန်ကျွမ်းကျင်စွာပြောဆိုနေသဖြင့် ဝမ်ရှန်းလည်း အတော်ပင် စိတ်သက်သာရာရသွားမိသည်။

အာဏာပိုင်များက ယင်ယန်ဂိုဏ်းကို ယခုမျှလောက်အထိ အသေးစိတ်စုံစမ်းစစ်ဆေးထားပြီးသားဖြစ်သဖြင့် သူ စိုးရိမ်နေရန် မလိုအပ်တော့ပေ။ သူသည် ဝူတန်းတောင်တွင် အေးအေးချမ်းချမ်းကျင့်ကြံရင်း အမြုတေဖွဲ့စည်းခြင်းအဆင့်၌ ငါးဆားနယ်တစ်ကောင်လို ဆက်လက်နေထိုင်သွားရုံသာ၊၊

မုရွှယ်က ဝမ်ရှန်းကို လှမ်းကြည့်ရင်း ခေတ္တမျှရပ်နားလိုက်ရာ သူမ၏ နှုတ်ခမ်းထောင့်များတွင် ယုံကြည်မှုအပြည့်ရှိသောအပြုံးတစ်ခုပေါ်လာသည်။

—လမ်းမှန်ကျင့်ကြံသူတွေကို စည်းရုံးရုံတင်မကဘဲ ကျွန်မတို့ရဲ့ အင်မော်တယ်တာပြိုင်ပွဲကြီးရဲ့ ရည်ရွယ်ချက်ကတော့ အစီအမံအချို့ကို ချမှတ်ပြီး ယင်ယန်ဂိုဏ်းဆိုတဲ့ မိကျောင်းကြီးကို မျှားထုတ်နိုင်မလားဆိုတာ ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ အဆုံးစွန်မှာတော့ ယင်ယန်ဂိုဏ်းရဲ့ အဓိကအဖွဲ့ဝင်တွေဟာ လမ်းမှန်ဂိုဏ်းတွေရဲ့ တာအိုအမွေအနှစ်တွေထဲမှာ ပုန်းအောင်းနေကြတယ်လို့ ကျွန်မတို့ သံသယရှိနေပါတယ်။ ဒါ့အပြင် လမ်းမှန်အင်အားစုတွေအနေနဲ့ မိစ္ဆာကျင့်ကြံသူတွေကို နှိမ်နင်းဖို့ကလည်း ကျွန်မတို့ရဲ့ ချမှတ်ထားပြီးသား မူဝါဒဖြစ်ပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ အရာရှိတစ်ဦးက အသံကို နှိမ့်၍ မေးလိုက်သည်။

—ဒါဆို ငါးစာကကော။

—အဲဒါကတော့…

မုရွှယ်က ရီမုကို ထပ်မံနှိပ်လိုက်သည်။ မျက်နှာပြင်ကြီးပေါ်တွင် ကျောက်စာချပ်တစ်ခု၏ ဓာတ်ပုံပေါ်လာသည်။

ဝမ်ရှန်း၏ တာအိုနှလုံးသားလှုပ်ရှားသွားသည်။

ဒါက ဖြစ်နိုင်မလား...၊၊

—ဒါကတော့ လပေါ်ကနေ သယ်ဆောင်လာခဲ့တဲ့ ကျောက်စာချပ် ၆ခုထဲက တစ်ချပ်ဖြစ်ပါတယ်။ အင်မော်တယ်တာအိုပြိုင်ပွဲကြီးမှာ ထိပ်ဆုံး ၈ယောက်စာရင်းဝင်သူတွေအတွက် ဆုလာဘ်တစ်ခုကတော့ ဒီကျောက်စာချပ်ကို လေ့လာဆင်ခြင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါက ကျင့်ကြံသူတွေအတွက် အလွန်ကြီးမားတဲ့ ငါးစာတစ်ခုဖြစ်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

—ဒီကျောက်စာချပ် ခြောက်ခုဟာ ကြီးမားတဲ့ အဓိပ္ပာယ်သက်ရောက်မှုရှိတယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ဒါကို အသုံးပြုတာက စွန့်စားမှုအချို့ရှိနေတယ်ဆိုတာ ဝန်ခံရမှာဖြစ်ပေမဲ့ ဒါကို ထိန်းချုပ်နိုင်တယ်လို့ ကျွန်မတို့အားလုံးသဘောတူထားကြပါတယ်။ ဒါပေါ့… ဘယ်သူ့ကိုမှ ကျောက်စာချပ်ကို ကိုယ်တိုင်ထိတွေ့ခွင့်ပေးမှာ မဟုတ်ပါဘူး။

—သုတေသနဌာနက ကြိုးပမ်းမှုအမြောက်အမြားလုပ်ဆောင်ခဲ့ပေမဲ့ ကျောက်စာချပ်ရဲ့ လျှို့ဝှက်ချက်တွေကို အခုထက်ထိ အောင်မြင်အောင်မဖော်ထုတ်နိုင်သေးပါဘူး။ ဒီအခွင့်အရေးနဲ့ ကျင့်ကြံခြင်းလောကရဲ့ အင်အားကို ငှားယူပြီး ကျွန်မတို့ရဲ့သုတေသနလုပ်ငန်းမှာ အောင်မြင်မှုတစ်ခုရရှိဖို့လည်း မျှော်လင့်ထားပါတယ်။

အမှန်တကယ်ပင် ထိုအရာဖြစ်နေသည်။

ဝမ်ရှန်းသည် ဗီဒီယိုမျက်နှာပြင်ကို ချက်ချင်းပင် ချဲ့လိုက်သော်လည်း ကျောက်စာချပ်၏ ပုံရိပ်မှာ တမင်တကာ ဝေဝါးအောင် ပြုလုပ်ထားသဖြင့် ရှင်းလင်းစွာ မမြင်ရပေ။

မကြာမီတွင် ဝမ်ရှန်းသည် အဘယ်ကြောင့် သူ့အား ဤအစည်းအဝေးသို့ အထူးတလည်ခေါ်ယူရသနည်းဟူသော အကြောင်းရင်းကို ရိပ်မိသွားသည်။

မုရွှယ်၏ ရှင်းလင်းတင်ပြမှုအပြီးတွင် ချီလင်းက စကားဆက်ပြောသည်။

—ငါတို့အနေနဲ့ အာဏာပိုင်တွေရဲ့ကိုယ်စား အင်မော်တယ်တာအိုပြိုင်ပွဲကြီးကို တရားဝင်ဦးဆောင်ကျင်းပပေးမယ့် ကျင့်ကြံသူတွေ လိုအပ်ပါတယ်။ တာအိုဆရာ ချင်ယန်ဇီ၊ ပုယွီနဲ့ ဖေးယွီတို့ဟာ အကောင်းဆုံးကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်။ မုရွှယ်… အစည်းအဝေးအပြီးရင် တာအိုဆရာ ဖေးယွီဆီကို သက်ဆိုင်ရာစာရွက်စာတမ်းတွေ ပို့ပေးဖို့ မမေ့နဲ့ဦး။

—ဟုတ်ကဲ့ပါ ကပ္ပတိန်။

ဝမ်ရှန်း ချက်ချင်းပင် ကိုယ်မတ်သွားသည်၊၊ ထိုစာရွက်စာတမ်းများထဲတွင် ကျောက်စာချပ်၏ အရည်အသွေးမြင့်မားသော ဓာတ်ပုံများ သေချာပေါက်ပါဝင်လာလိမ့်မည်ဟု ခန့်မှန်းလိုက်မိသည်။

ဒီလိုမျိုးအထူးအခွင့်အရေးကို ပေါ်တင်ပေးအပ်တာက တကယ်ကို ရဲတင်းလှသည်။ ဒါပေမယ့် သူကတော့ သဘောကျလေသည်။

ဝမ်ရှန်း အနည်းငယ်စိတ်ပျက်နေမိသည်။ ယခင်ဘဝက သူသည် ကျင့်ကြံခြင်းလောကတွင် မထင်ရှားသောအရိပ်လေးဖြစ်ခဲ့သည်။ ပထမအကြိမ် အင်မော်တယ်တာအိုပြိုင်ပွဲကြီးကို လျှို့ဝှက်စွာကျင်းပခဲ့စဉ်က သူသည် အွန်လိုင်းပေါ်တွင် ကျင့်ကြံရသည့် ကျေနပ်မှုထဲ၌သာ နစ်မွန်းနေခဲ့ပြီး ပြိုင်ပွဲဝင်ရန် အရည်အချင်းမပြည့်မီခဲ့ပေ။

ယခုဘဝတွင်မူ သူ၏ ကံကြမ္မာမှာပြောင်းလဲသွားခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လမ်းမှန်နှင့် မိစ္ဆာဘက်နှစ်ခုစလုံး၏ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းအဆင့်ဟုသတ်မှတ်နိုင်သော်လည်း ဤပွဲကြီးတွင် ပြိုင်ပွဲဝင်အဖြစ်ပါဝင်ဆင်နွှဲခွင့်မရရှိသေးပေ။ အဆုံးစွန်၌ သူသည် ပွဲစီစဉ်သူများထဲမှ တစ်ဦးဖြစ်နေသည့်အပြင် အာဏာပိုင်များကလည်း ရွှေအမြုတေအဆင့်ကျင့်ကြံသူ ချင်ယန်ဇီ၏ နာမည်ကို အသုံးပြုကာ အဓိကဂိုဏ်းကြီးများနှင့် တာအိုအမွေအနှစ်အသီးသီးကို တရားဝင်ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ပြိုင်ပွဲဝင်အဖြစ်ပါဝင်ပါက မသင့်တော်ပေ။

ချင်ယန်ဇီ၏ တပည့်ရင်းများဖြစ်ကြသည့် မုဝမ်ရွှမ်းနှင့် ဝမ်ရှန်းတို့သည် အရေးပါသောရာထူးများကို ရရှိထားကြသည်။ မုဝမ်ရွှမ်းသည် ထောက်ပံ့ပို့ဆောင်ရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူရပြီး တောင်တန်းအသီးသီးမှ လာရောက်ကြမည့် ကိုယ်စားလှယ်အဖွဲ့များအတွက် နေရာထိုင်ခင်းနှင့် အစားအသောက်များကို စီစဉ်ပေးရန် တာဝန်ရှိသည်။ သို့သော် ဤကိစ္စများကို အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှ သီးသန့်အဖွဲ့တစ်ခုက အဓိကကိုင်တွယ်ဆောင်ရွက်ခြင်း ဖြစ်သဖြင့် မုဝမ်ရွှမ်းမှာ နာမည်ခံသက်သက်သာဖြစ်သည်။

အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့သည် တည်ငြိမ်သော နတ်သမီးလေး၏ စစ်မှန်သော စွမ်းဆောင်ရည်ကို အပြည့်အဝနားလည်သဘောပေါက်ထားကြသည်မှာ ထင်ရှားသည်။

မုဝမ်ရွှမ်းက အလုပ်မရှိသော ရာထူးကို ရရှိထားသော်လည်း ဝမ်ရှန်းမှာမူ တကယ့်တာဝန်များကို ထမ်းဆောင်ရလေသည်။ သူသည် အင်မော်တယ်တာအိုညီလာခံ၏ ဒိုင်လူကြီးကော်မတီခေါင်းဆောင်ဖြစ်သည်၊၊ မုရွှယ်၊ ဘူဒိုဇာနှင့် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဝင်တစ်ဒါဇင်ကျော်မှာ သူ၏ လက်အောက်တွင် ရှိနေကြသည်။

ဆရာကတော်ကလည်း သန်းခေါင်ယံမတိုင်မီ ဒိုင်လူကြီးကော်မတီဝင်များ၏ အပြည့်အစုံစာရင်းကို အချောသတ်ရန် အမိန့်ထုတ်ထားသည်။ ဝမ်ရှန်း၏ ဖုန်းထဲသို့ ပေးပို့ထားသော ကျောက်စာချပ်၏ အရည်အသွေးမြင့်ဓာတ်ပုံများသည် ဤတာဝန်အတွက် သူရရှိသည့် ဆုလာဘ်ပင်၊၊

အစည်းအဝေးအပြီးတွင် မုရွှယ်သည် ဗီဒီယိုကောလ်တစ်ခုကို ချက်ချင်း ပြုလုပ်လာခဲ့သည်။ သူမက သာယာစွာ ပြုံးလိုက်သည်။

—ဒါက တကယ့်ကို ကောင်းတာပဲ တာအိုဆရာဝမ်။ ကျွန်မတို့ တစ်ခေါက်ပြန်ပြီး အတူတူအလုပ်လုပ်ရဦးမှာပေါ့။ ရှင်က ဓားထိန်းချုပ်ခြင်းပညာကို တတ်မြောက်သွားပြီလို့ ကျွန်မ ကြားတယ်နော်။ ဒီတစ်ကြိမ်မှာတော့ ဘာပြဿနာမှရှိမှာ မဟုတ်လို့ စိတ်မပူပါနဲ့။ ကျွန်မတို့အားလုံး ရှင့်ကို အကောင်းဆုံးကူညီပေးသွားမှာပါ။

ဝမ်ရှန်း တောင့်တင်းစွာ ပြုံးပြလိုက်သော်လည်း စိတ်ထဲတွင် အနည်းငယ်ခံစားနေရဆဲဖြစ်သည်။

လာမည့်သီတင်းပတ်အတွင်း အခြားသောလူငယ်ကျင့်ကြံသူများသည် ကွင်းအတွင်း၌ ကျော်ကြားမှုနှင့် ဂုဏ်သတင်းအတွက် ပြင်းထန်စွာယှဉ်ပြိုင်နေကြစဉ် သူကမူ ကွင်းဘေး၌ ရပ်ကာ ဒိုင်လူကြီးအဖြစ်ဆုံးဖြတ်ပေးရမည် ဖြစ်ပြီး ဒေါသထွက်ကာ အထိန်းအကွပ်မဲ့လာသူများကို လှမ်း၍ တားဆီးရမည် ဖြစ်သည်။ ဒါကတော့ မတတ်နိုင်ပေ။ အဆုံးစွန်၌ သူ၏ ဆရာကတော်မှာ နောက်ခံအင်အား အလွန်တောင့်တင်းလွန်းသည်။

ယင်ယန်ဂိုဏ်းကို မျှားထုတ်ခြင်းမှာ ပထမအကြိမ် အင်မော်တယ်တာအိုညီလာခံ၏ အလယ်အလတ်အဆင့် ရည်မှန်းချက်မျှသာ ဖြစ်ပြီး အာဏာပိုင်များက လမ်းကြုံ၍ လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ၎င်း၏ စစ်မှန်သောရည်ရွယ်ချက်မှာ ကျင့်ကြံခြင်းလောကအပေါ် အစိုးရ၏ ထိန်းချုပ်မှုကို အားကောင်းစေရန်နှင့် ဟွာသမ္မတနိုင်ငံအာဏာပိုင်များအပေါ် လမ်းမှန်ကျင့်ကြံသူများ၏ အသိအမှတ်ပြုမှုကို မြှင့်တင်ရန် ဖြစ်သည်။

Chapter 188

ဝူတန်းတောင်၏ တာအိုကျမ်းစာတိုက်မီးလောင်ခြင်း၊ ကျမ်းစာ သုံးစောင်ခိုးယူခံရခြင်း

“ဒီညီလာခံဟာ ကျင့်ကြံခြင်းလောကရဲ့ ကြီးမားတဲ့ ညီညွတ်မှုကို မြှင့်တင်ဖို့၊ ဟွာသမ္မတနိုင်ငံရဲ့ ဝိသေသလက္ခဏာတွေနဲ့အညီ ကျင့်ကြံခြင်းဆိုင်ရာစနစ်တစ်ခုတည်ဆောက်ဖို့နဲ့ သဟဇာတဖြစ်တဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့အတွက် နက်ရှိုင်းတဲ့ အဓိပ္ပာယ်သက်ရောက်မှုရှိပါတယ်...”

ဖုန်းထဲက အချက်အလက်များကိုဖတ်ရင်း ဝမ်ရှန်းသည် ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ သမ်းဝေလိုက်သည်။ မကြာမီတွင် မုရွှယ်က ဒိုင်လူကြီးများစာရင်း၏ ပဏာမမူကြမ်းကို ပေးပို့လာခဲ့သည်။

ပထမအကြိမ် အင်မော်တယ်တာအိုညီလာခံ သည် တာအိုအမွေအနှစ်အသီးသီးမှ အသက်သုံးဆယ့်ငါးနှစ်အောက် ကျင့်ကြံသူများကိုသာ အကြံပြုရွေးချယ်သည့်စနစ်ကို ကျင့်သုံးသည်။

ထိပ်ဆုံးဆုလာဘ်တွင် လကမ္ဘာကျောက်စာချပ် အကြွင်းအကျန်ကို လေ့လာဆင်ခြင်ခွင့်ရရှိမည့် အလွန်တန်ဖိုးရှိသော အခွင့်အရေးပါဝင်နေသဖြင့် တာအိုအမွေအနှစ်အသီးသီးသည် သူတို့၏ မာနကို ဘေးဖယ်ထားကာ သူတို့၏ ထူးချွန်သောတပည့်များနှင့်အတူ အသင်းဖွဲ့ရန်အတွက် ထိပ်တန်းဒုတိယမျိုးဆက်ဂိုဏ်းသားတစ်ဦး သို့မဟုတ် နှစ်ဦးကို ရွေးချယ်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။

အကယ်၍ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၏ အစောပိုင်းမှ နောက်ဆုံးအဆင့် သို့မဟုတ် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အစောပိုင်းတွင်သာ ရှိနေကြသော တတိယမျိုးဆက်တပည့်များသာပါဝင်ပါက ပြိုင်ပွဲသည် စိတ်လှုပ်ရှားစရာကောင်းလိမ့်မည် မဟုတ်ပေ။ ကျင့်ကြံခြင်မြင့်မားသော ဒုတိယမျိုးဆက်ဂိုဏ်းသားအချို့ကို ပါဝင်ခွင့်ပြုခြင်းဖြင့် ပြိုင်ပွဲသည် ပိုမိုစိတ်လှုပ်ရှားစရာကောင်းလာမည်ဖြစ်ပြီး တာအိုပညာရပ်များ၏ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ပိုမိုပြင်းထန်လာမည်မှာ သေချာသည်။

ပြင်းထန်သောတိုက်ပွဲများ သေချာပေါက်ရှိလာမည်ဖြစ်ပြီး တာအိုပညာရပ်များ၏ အားပြိုင်မှုမှာလည်း စွဲမက်ဖွယ်ကောင်းလိမ့်မည် ဖြစ်သည်။ သို့သော် ထိုအရာအားလုံးသည် ဝမ်ရှန်းနှင့်မူ အများကြီးသက်ဆိုင်ခြင်းမရှိပေ။

ဒိုင်လူကြီးများသည် အသက်လေးဆယ်ကျော် တာအိုဆရာများဖြစ်ရမည်ဖြစ်ပြီး ဝမ်ရှန်းသည် တာအိုအမွေအနှစ်တစ်ခုစီမှ အနည်းဆုံးတစ်ဦးကို ရွေးချယ်ရမည် ဖြစ်သည်။ ကျင့်ကြံခြင်းပိုမြင့်လေ… ပိုကောင်းလေ ဖြစ်သည်။

ပြိုင်ပွဲစနစ်အရ ဒိုင်လူကြီး စုစုပေါင်း ၁၈ဦး လိုအပ်သည်။ တရားမျှတမှုရှိစေရန်အတွက် သူတို့သည် မဟာတာအိုအမွေအနှစ်များထံမှ ကိုယ်စားလှယ်များ တတ်နိုင်သမျှပါဝင်ခွင့်ရအောင် သေချာစေရမည်ဖြစ်ရာ ဤအရာက အတော်ပင် လက်ဝင်လှသည်။ ဒိုင်လူကြီးများသည် လေးစားမှုခံရလောက်သော နက်ရှိုင်းသည့် ကျင့်ကြံခြင်းရှိရမည့်အပြင် စိတ်ရှည်ပြီးတာဝန်ယူလိုစိတ်လည်းရှိရပေမည်၊၊

ဝမ်ရှန်း ပထမဆုံး ရွေးချယ်လိုက်သောသူမှာ ရှုဓားဂိုဏ်းမှ ဖေးလျန်ဇီဖြစ်သည်။ ထို့နောက်တွင် သူသည် ဖုန်းမျက်နှာပြင်ကို အလောတကြီးနှိပ်ကာ လုံဟူရှန်းတောင်မှ ထျန်ကျန်းနှင့် ဝူတန်းတောင်မှ ကောင်းရှီရှင်းတို့ကဲ့သို့ ရင်းနှီးပြီးသားဖြစ်သော တာအိုဆရာ ၁၈ဦးကို ရွေးချယ်လိုက်သည်။

ထိုစာရင်းကို မုရွှယ်ထံသို့ ပြန်လည်ပေးပို့ပြီးနောက် သူမနှင့် အခြားသူများသည် ဝမ်ရှန်း ရွေးချယ်ထားသော တာအိုဆရာများကို ချက်ချင်းပင် စတင်ဆက်သွယ်ကြတော့သည်။ အကယ်၍ ရွေးချယ်ခံရသူများထဲမှ တစ်ဦးဦးက တရားကျင့်နေခြင်း သို့မဟုတ် ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ရန် ဆန္ဒမရှိခြင်းမျိုးရှိပါက ဝမ်ရှန်းသည် သူ၏အဖွဲ့နှင့်အတူ သင့်တော်မည့် အစားထိုးကိုယ်စားလှယ်များကို ထပ်မံဆွေးနွေးရမည် ဖြစ်သည်။

ဤတာဝန်ကြောင့် သူသည် မွန်းလွဲပိုင်းတစ်ခုလုံး အလုပ်ရှုပ်နေခဲ့သည်။ ဒိုင်လူကြီး ၁၈ဦး၏ စာရင်းကို အချောသတ်နိုင်ခဲ့သည့်အချိန်တွင် ညရှစ်နာရီပင် ကျော်လွန်နေပြီ ဖြစ်သည်။ ထိုသူအားလုံးမှာ ပုံရိပ်ယောင်အမြုတေအဆင့်ရှိ တာအိုဆရာများဖြစ်ကြသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကိုပင် အပြည့်အဝမပြီးမြောက်သေးသော ဝမ်ရှန်းအနေဖြင့် သူတို့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူရသည်မှာ အနည်းငယ် ဖိအားဖြစ်မိသည်။

ပြိုင်ပွဲကို တစ်ပတ်အကြာတွင် စန်းချင်းတောင်၌ ကျင်းပမည် ဖြစ်သည်။ တာအို၏ အဓိကမြင့်မြတ်နယ်မြေတစ်ခုဖြစ်ပြီး သူတော်စင်သုံးပါးဟူသော နာမည်နှင့်အညီ စန်းချင်းတောင်သည် ပထမဆုံးအကြိမ် အင်မော်တယ်တာအိုညီလာခံကို ကျင်းပရန်အတွက် အကောင်းဆုံးနေရာပင်ဖြစ်သည်။

ကျင့်ကြံခြင်းလောကမှ ဆန့်ကျင်ကန့်ကွက်မှုများကို ရှောင်ရှားရန်အတွက် အထူးစစ်ဆင်ရေးတပ်ဖွဲ့သည် တောင်ပတ်ပတ်လည်တွင် စစ်တပ်ကို လူမြင်ကွင်း၌ချထားမည်မဟုတ်ပေ။ ထိုအစား သူတို့သည် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ်အခြေအနေများကို တုံ့ပြန်နိုင်ရန် ပတ်ဝန်းကျင်ဒေသများတွင် လုံလောက်သော လူအင်အားကို လျှို့ဝှက်ဖြန့်ကျက်ထားမည်ဖြစ်သည်။

လမ်းမှန်ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများစွာ ထိုနေရာတွင် စုဝေးခြင်းကပင် ကြီးမားသောစွမ်းအားတစ်ခုဖြစ်နေပြီ ဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရန်အတွက် အရပ်ဝတ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၃၀၀-၄၀၀ခန့်ကို နေရာအသီးသီးတွင် ချထားခြင်းက သူတို့၏ လုံခြုံရေးအရ လုံလောက်သည်ထက်ပိုနေသည်၊၊

မုရွှယ်နှင့် အခြားသူများ အလုပ်ဆင်း၍ အနားယူသွားကြပြီးနောက် ဝမ်ရှန်းလည်း အကြောဆန့်ကာ သမ်းဝေလိုက်သည်။ သူတို့၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ရုံးလုပ်ငန်းများနှင့်မတူဘဲ ကျင့်ကြံခြင်းကသာ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို တကယ်ပင် အနားရစေသည်။ ထို့ပြင် ၎င်းက သူ့အား ပျော်ရွှင်မှုများဖြင့် ပြည့်နှက်စေသည်။

“ဟုတ်သားပဲ၊ ကျောက်စာချပ်”

ဝမ်ရှန်းလည်း ပူနွေးနေပြီဖြစ်သော သူ၏ ဖုန်းကို ကောက်ကိုင်ကာ ကျောက်စာချပ်၏ ဓာတ်ပုံများကို ရှာဖွေပြီး စူးစိုက်ကြည့်ရှုလိုက်သည်။

ဟွာသမ္မတနိုင်ငံသည် လပေါ်မှ အမျိုးသမီးရုပ်အလောင်းကိုတင်မကဘဲ သူမ၏ ဘေးတွင်ရှိသော အနက်ရောင်ကျောက်စာချပ်ခြောက်ခုကိုပါ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ထိုကျောက်စာတုံးများပေါ်တွင် ဖားလောင်းပုံစံစာလုံးများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့သည် အမှတ်အသားအချို့နှင့်ဆင်တူသော်လည်း ထူးခြားသောတာအိုစည်းချက်ကို ထုတ်လွှတ်နေသည်။

ဝမ်ရှန်း ထိုဓာတ်ပုံများကို ခေတ္တမျှ စူးစိုက်ကြည့်နေရင်း အလိုလိုခေါင်းမူးကာ စိတ်အာရုံများ ဝေဝါးလာခဲ့သည်။ သူ၏ ဝိညာဉ်အသိစိတ်ခံစားမှုက အနည်းငယ်ဖရိုဖရဲဖြစ်လာခဲ့သည်။

သူ၏ နှလုံးသားထဲတွင် အံ့ဩတုန်လှုပ်မှုတစ်ခုဖြစ်လာခဲ့သည်။

သူသည် ကျောက်စာချပ်၏ ဓာတ်ပုံများကိုသာ ကြည့်နေရသေးသော်လည်း ခေါင်းမူးနေလေသည်၊၊ အကယ်၍ သူသာ ကျောက်စာချပ်၏ ရှေ့တွင် တိုက်ရိုက်ရပ်နေရပါက ထိုနေရာတင်တင် မေ့လဲသွားနိုင်လောက်သည်၊၊

ဘာတွေဖြစ်နေတာလဲ...၊၊

သူ၏ ကျင့်ကြံခြင်းအဆင့်မလုံလောက်တာကြောင့်လား သို့မဟုတ် ထိုစာလုံးများ၏ ကိုယ်ပိုင်သဘာဝတွင် တစ်ခုခုမှားယွင်းနေခြင်းကြောင့်လား။

ဝမ်ရှန်းလည်း ကျောက်စာချပ်များနှင့် ပတ်သက်၍ ဆွေးနွေးထားသော စာတမ်းအချို့ကိုလည်း လက်ခံရရှိထားခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် အတင်းအကျပ်ထိန်းချုပ်ကာ ထိုစာတမ်းများကို တစ်လုံးချင်း စိတ်ရှည်လက်ရှည်ဖတ်ရှုလိုက်သည်။ ထို့နောက်တွင် သူသည် အံ့ဩချီးကျူးစွာဖြင့် သက်ပြင်းချမိလိုက်သည်။ သုတေသီများသည် “ဘာမှရှာမတွေ့ပါ” ဟူသော စကားလုံးကို စာတမ်းတစ်စောင်လုံးဖြစ်သွားအောင် ဤသို့ ဒရာမာခင်း၍ ရေးသားနိုင်ခဲ့ကြသည်ကို သူ အံ့ဩ၍မဆုံးတော့ပေ။

ကျောက်စာချပ်ပေါ်တွင် ဘာတွေမှတ်တမ်းတင်ထားသည်ကို ယခုထက်ထိ မဖော်ထုတ်နိုင်သေးပေ။ သို့သော် ယင်ယန်ဂိုဏ်းကို လှုပ်ရှားလာအောင် မျှားထုတ်ရန်အတွက် အာဏာပိုင်များသည် ထိုကျောက်စာချပ်များပေါ်တွင် ထိပ်တန်းတာအိုကျမ်းစာများပါရှိပြီး ၎င်းတို့ကို အသုံးပြု၍ ကျင့်ကြံပါက အချိန်တိုအတွင်း အင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်သည်ဟု သတင်းများ ထုတ်ပြန်ခဲ့သည်။

ဒီကျောက်စာချပ်တွေက တကယ်တော့ ဘာတွေလဲ။

အမျိုးသမီးရုပ်အလောင်း၊ နတ်ဘုရားကျောက်စာချပ်များ၊ လနန်းတော်နှင့် ကောင်းကင်နှင့်မြေကြီး၏ အသက်ရှုခြင်းပေါ်ထွက်လာခြင်း...

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ချီစွမ်းအင်များ ရုတ်တရက်ပြတ်တောက်သွားခြင်း၊ အမျိုးသမီးရုပ်အလောင်းက ကမ္ဘာဦးချီစွမ်းအင်များကို ပြန်လည်ဆင့်ခေါ်ရန် လမင်းကိုကြည့်ကာ သီချင်းဆိုခြင်း၊ ပြန်လည်မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများက အင်မော်တယ်အဖြစ် စောစီးစွာ စာရင်းသွင်းပြီး စုပေါင်း၍ ကောင်းကင်ဘုံသို့ တက်လှမ်းသွားကြခြင်းနှင့် ရှုဓားဂိုဏ်းမှ ချင်ဖုန်းကဲ့သို့ ကောင်းကင်ဘုံမှ ဆင်းသက်လာကြသော ဘိုးဘေးများ...

ဝမ်ရှန်းသည် ကြယ်တာရာများ ပြည့်နှက်နေသော ကောင်းကင်ကို ငေးကြည့်ရင်း သူ၏ စိတ်ထဲတွင် လွင့်မျောနေသော အတွေးပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။

ကျင့်ကြံခြင်းလမ်းစဉ်သည် တကယ်တော့ ဘယ်ကိုဦးတည်နေတာလဲ၊၊

“မီးဗျို့… မီး မီး… တာအိုကျမ်းစာတိုက်မှာ မီးလောင်နေပြီ။ မြန်မြန်၊ လာပြီး မီးဝိုင်းငြှိမ်းကြဦး”

အမ်။

ဝမ်ရှန်း၏ အတွေးများလွင့်မျောနေစဉ် တောင်ပေါ်မှ အော်ဟစ်သံတစ်ခုကြောင့် သူ ချက်ချင်းသတိဝင်လာခဲ့သည်။ သူသည် အိမ်မိုးစွန်းထက်သို့ ချက်ချင်း ခုန်တက်ကာ လှမ်းကြည့်လိုက်ရာ နောက်ဘက် တောင်စောင်းတွင် ကြီးမားသော မီးတောက်ကြီးက ကောင်းကင်ယံသို့ ထိန်လင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ ဘာကြောင့်မှန်းမသိဘဲ ရုတ်တရက် တောက်လောင်လာသော ထိုပြင်းထန်လှသည့် မီးတောက်ကြီးသည် ဝူတန်းတောင်၏ တာအိုကျမ်းစာတိုက်ကို ဝါးမြိုထားလေပြီ၊၊

ဒါ ဖြစ်နိုင်တာက...၊၊

“မကောင်းတော့ဘူး”

ဝမ်ရှန်း နှလုံးခုန်မြန်သွားသည်။ သူ၏ ဘယ်ဘက်လက်ကို ချက်ချင်းဆန့်ထုတ်လိုက်ရာ ခြံထောင့်တွင် ရှိနေသော ဓားသည် သူ၏ လက်ထဲသို့ ပျံသန်းဝင်ရောက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်မှန်ချီများ ပေါက်ကွဲထွက်လာပြီးနောက် သူသည် ကောင်းကင်သို့ မြင့်မားစွာ ခုန်တက်ကာ ခြံဝင်းနောက်ဘက်ရှိ သစ်ပင်ထိပ်ဖျားများကို နင်းလျက် ထိုမီးပင်လယ်ဆီသို့ ကမန်းကတန်းပြေးထွက်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် ဝူတန်းတောင်တစ်ခုလုံး၌ အရှိန်အဝါများတစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့သည်။ နက်ရှိုင်းသော ကျင့်ကြံခြင်းရှိကြသည့် တာအိုဆရာများသည် မီးလောင်နေသော ကျမ်းစာတိုက်ဆီသို့ အလုအယက်ပြေးဝင်လာကြသည်။ ရွှေတောင်ထိပ်မှနေ၍ ပုံရိပ်တစ်ခုက ကောင်းကင်ယံသို့ ပျံတက်လာခဲ့ပြီး ဝူတန်းတောင်တစ်ခုလုံးကို လွှမ်းခြုံထားနိုင်သော ပြင်းထန်သည့် ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။

လမ်းတစ်ဝက်တွင် ဝမ်ရှန်းသည် တာအိုဆရာများသည် မီးတောက်များထဲသို့ တိုးဝင်ကာ တာအိုကျမ်းစာတိုက်အတွင်း သိုလှောင်ထားသော အရေးကြီးသည့်ကျမ်းစာများကို အသည်းအသန်ဆွဲယူနေကြသည်ကို မြင်တွေ့လိုက်ရသည်။

သူ ကျမ်းစာတိုက်သို့ မရောက်မီမှာပင် တာအိုဆရာတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကျမ်းစာတိုက်ကို စောင့်ကြပ်နေတဲ့ တပည့်တစ်ယောက် ဒဏ်ရာရသွားတယ်။ မြေအောက်မှာ မြှုပ်နှံထားတဲ့ ကျမ်းစာသုံးတွဲ ခိုးယူခံလိုက်ရပြီ… တောင်ကို ပိတ်ဆို့ပြီး လိုက်ရှာကြ”

ကျမ်းစာတွေ ခိုးယူခံရတယ် ဟုတ်လား။ ဝူတန်းရဲ့ ကျမ်းစာတွေ... ထိုက်ကျိသိုင်းကျမ်း၊ အစွန်းနှစ်ဖက်ကျမ်း၊ ပြီးတော့ ယင်ယန်သိုင်းကျမ်း။ ဒါက တကယ်ပဲ ယင်ယန်ဂိုဏ်းရဲ့ လက်ချက်လား။

မီးလောင်မှုက ပရမ်းပတာဖြစ်အောင် တမင်တကာပြုလုပ်ထားခြင်းဖြစ်ပြီး ကျမ်းစာကို ခိုးယူသွားသူသည်လည်း ရှုပ်ထွေးမှုများကြားမှနေ၍ သေချာပေါက်ထွက်ပြေးရန် ကြိုးပမ်းနေလိမ့်မည် ဖြစ်သည်။

ဝမ်ရှန်း၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာလည်ပတ်နေသည်။ အကယ်၍ သူသာ ကျမ်းစာကို ခိုးယူသူဖြစ်ပါက ဝူတန်တောင်တစ်ခုလုံးတွင် ကျွမ်းကျင်သူများပြည့်နှက်နေသည်ကို သိထားသဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် ထွက်ပြေးမည့်လမ်းကြောင်းကို မည်သို့ရွေးချယ်မည်နည်း။

သူကတော့ ရှုပ်ထွေးမှုများကြားတွင် ရုပ်ဖျက်ပြီး လိုက်လံရှာဖွေသူများကြားထဲ ရောနှောနေလိမ့်မည်ဖြစ်သည်။

သူသည် သစ်ပင်ထိပ်ဖျားတွင် ရပ်ကာ လှည့်၍ တာအိုကျမ်းစာတိုက်ဆီသို့ လှမ်းကြည့်လိုက်သည်။ တာအိုဆရာများ၏ အမိန့်ပေးသံများနှင့်အတူ မီးငြှိမ်းသတ်ရန် ပထမဆုံးရောက်ရှိလာကြသူ အယောက်ငါးဆယ်ကျော်သည် အဖွဲ့တစ်ဒါဇင်ကျော်ခွဲလိုက်ကြပြီး သူခိုးကို လိုက်လံရှာဖွေရန် ဝူတန်းတောင်၏ လမ်းကြောင်းအသီးသီးသို့ အလျင်စလိုပြေးထွက်သွားကြသည်။

တရားခံသည် သူတို့ကြားထဲတွင် ပုန်းအောင်းနေဖို့ ရာခိုင်နှုန်းအများကြီးရှိသည်။

ဝမ်ရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း ထိုနေရာတစ်ခုလုံး ပရမ်းပတာဖြစ်နေပြီး တာအိုဆရာများကလည်း တစ်ယောက်တစ်ပေါက်အော်ဟစ်နေကြသဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်မူ ထိုနေရာကို ထိန်းချုပ်ရန် မလုံလောက်ပေ။ သူ့အသံကို ကြားသူမရှိသလောက်ပင်၊၊

ကံကောင်းသည်မှာ ပုံရိပ်အချို့က သူရှိရာအရပ်ဆီသို့ ပြေးဝင်လာကြသည်။ သူတို့ကို ဦးဆောင်လာသူမှာ အသားညိုညိုနှင့် ပိန်ပိန်ပါးပါး ဖြစ်သော တာအိုဆရာ ကောင်းရှီရှင်းဖြစ်သည်။

“ဖေးယွီ… ဘာဖြစ်လို့လဲ”

“စီနီယာ… တပည့်တွေကို လှမ်းတားပေးပါ။ သူခိုးက သူတို့ကြားထဲမှာ ပုန်းနေဖို့ ရာခိုင်နှုန်းအများကြီးရှိတယ်”

ကောင်းရှီရှင်း ခေတ္တမျှကြောင်သွားပြီးနောက် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ လူခွဲပြီး လိုက်ကြတာပေါ့”

ဓားကျင့်ကြံသူနှစ်ဦးသည် ချက်ချင်းပင် နားလည်မှုရရှိသွားကြသည်။ သူတို့သည် ဘယ်ညာတစ်ဖက်စီသို့ လျင်မြန်စွာ ပျံသန်းသွားကြပြီး ကောင်းရှီရှင်းနှင့်အတူရှိနေသော တာအိုဆရာနှစ်ဦးကို ထိုနေရာတွင် တောင့်တင်းကျန်ခဲ့စေလေသည်၊၊

All Chapters