← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

Chapter 189

ကျိုးရင်လောင် ဒဏ်ရာအပြင်းအထန်ရရှိခြင်း

မဟုတ်သေးဘူး... ဒါလည်း မဟုတ်သေးဘူး...၊၊

ဝမ်ရှန်းသည် တောတွင်းရှိ သစ်ပင်ထိပ်ဖျားများထက်မှနေ၍ လျင်မြန်စွာ ရွေ့လျားရင်း တာအိုကျမ်းစာတိုက်မှ ပြေးထွက်သွားကြသည့် ပုံရိပ်များကို မျက်ခြေပြတ်မခံပဲလိုက်လံစောင့်ကြည့်နေခဲ့သည်။ သူသည် မိမိ၏ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်၏ စွမ်းအားကို အပြည့်အဝထုတ်သုံးကာ ခုနှစ်စင်ကြယ်ခြေလှမ်းဖြင့် လူစုနှစ်စုကို ဆက်တိုက်လိုက်လံစစ်ဆေးခဲ့သော်လည်း ထူးခြားသည့် မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာကိုမျှ ရှာမတွေ့ခဲ့ပေ။

လမ်းတွင် တာအိုဆရာအချို့က သူ့ကိုပင် တောင်ပေါ်သို့ ခိုးဝင်လာသည့် ကျူးကျော်သူဟု ထင်မှတ်ကာ ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသေးသည်။

ကောင်းရှီရှင်းထံမှ လှမ်း၍ အချက်ပေးသည့် ကျယ်လောင်သော လေချွန်သံကို ကြားရသည့်အချိန်၌ ဝမ်ရှန်းသည် တတိယမြောက်လူစုနောက်သို့ လိုက်မီသွားခဲ့သည်။ ထိုသူတို့၏ အရှိန်အဝါမှာ ဝူတန်း၏ တရားဝင်ပညာရပ်များသာဖြစ်ကြောင်း အတည်ပြုပြီးနောက် သူသည် ကောင်းရှီရှင်း၏ လေချွန်သံထွက်ပေါ်ရာအရပ်ဆီသို့ ချက်ချင်းပင် လှည့်ပြန်၍ ပြေးထွက်ခဲ့သည်။

ထိုနေရာတစ်ဝိုက်တွင် ပြင်းထန်လှသော ကမ္ဘာဦးချီစွမ်းအင်များ ပေါက်ကွဲလှုပ်ခတ်နေပြီး တောအုပ်အတွင်းမှ မီးတောက်များသည်လည်း ကောင်းကင်ယံအထိ ထိုးတက်နေသည်။ စိတ်မကောင်းစရာမှာ ဝူတန်းတောင်၏ တာအိုပညာရပ်များသည် မီးကို ထိန်းချုပ်သည့်နေရာတွင် အထူးတလည်ကျွမ်းကျင်မှုမရှိကြခြင်းပင်၊၊

ထိုစဉ် ပြင်းထန်လှသော ဖိအားတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွားခဲ့သည်။ ယွမ်ဖူကျန်းရန်သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဆွဲချိတ်ထားသည့် ထက်မြက်သောဓားတစ်လက်ကဲ့သို့ စစ်တလင်း၏အထက် ကောင်းကင်ယံသို့ ပျံတက်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ ချုံပုတ်များထဲမှ ပုံရိပ်များ အလုအယက်တိုးထွက်လာကြသည်။ ကောင်းရှီရှင်း ကို ဝိုင်းဝန်းတိုက်ခိုက်နေသည့် လူသုံးဦး၏ တာအိုပညာရပ်များကို မြင်လိုက်ရသည့်အခါ ဝူတန်ဂိုဏ်းသားများသည် ချက်ချင်းပင် စုပေါင်းကာ ကူညီတိုက်ခိုက်ကြတော့သည်။

“သူတို့ကို အရှင်ဖမ်း။ ဘယ်ဂိုဏ်းကလဲဆိုတာ စုံစမ်းရမယ်” ယွမ်ဖူကျန်းရန်က ကောင်းကင်ပေါ်မှနေ၍ အေးစက်စွာ အမိန့်ပေးလိုက်သည်။

“ဝူတန်းရဲ့ တာအိုကျမ်းစာတိုက်ကို မီးရှို့ပြီး စောင့်ကြပ်နေတဲ့ တပည့်တွေကို သတ်ရဲတယ်ပေါ့။ ဝူတန်းဂိုဏ်းသားတွေ… ဒီကျူးကျော်သူတွေကို အမြစ်ပြတ်မချေမှုန်းနိုင်သရွေ့ အနားမယူကြနဲ့”

“ဟုတ်ကဲ့ပါ ဆရာဘိုးဘေး”

တာအိုဆရာများစွာက တညီတညွတ်တည်း အော်လိုက်ကြသည်။

တစ်ဝက်ခန့်က ဓားများကို ဆွဲထုတ်လိုက်ကြပြီး ကျန်တစ်ဝက်က တာအိုမန္တန်များကို ရွတ်ဖတ်ကြသည်။ အချို့ကမူ လက်ဗလာဖြင့်ပင် ရှေ့သို့ ပြေးဝင်သွားကြသည်။ ဝူတန်ဂိုဏ်း၏ ထိုက်ကျိလက်သီးသိုင်းကို အသုံးပြု၍ သူတို့သည် အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်နှင့် နောက်ဆုံးဆင့်တွင် ရှိနေကြသော ထိုကျူးကျော်သူသုံးဦးကို ချက်ချင်းပင် ဖိနှိပ်လိုက်ကြတော့သည်။

သို့သော်လည်း ဝူတန်ဂိုဏ်းသားများ သူတို့ကို စစ်ဆေးမေးမြန်းခြင်းမပြုရသေးမီမှာပင် ဖမ်းဆီးခံထားရသည့် လူသုံးဦးမှာ ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ ရင်ဘတ်များထဲမှ မီးတောက်များ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအခြေအနေကို မြင်လိုက်ရသည့် ယွမ်ဖူကျန်းရန်သည် ကောင်းကင်ယံမှနေ၍ ပြင်းထန်သော လက်ဝါးချက်တစ်ချက်ကို ချက်ချင်းရိုက်ချလိုက်ရာ ပတ်ဝန်းကျင်ရှိ တာအိုဆရာများအားလုံးနောက်သို့ လွင့်စင်သွားခဲ့ပြီး ဖမ်းဆီးခံထားရသူသုံးဦးမှာလည်း မြေပြင်ပေါ်သို့ ဝပ်ကျသွားခဲ့သည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် ထိုလူသုံးဦးမှာ ပြင်းထန်စွာ ပေါက်ကွဲသွားကြတော့သည်။

ဝမ်ရှန်း ထိုနေရာသို့ ရောက်ရှိသွားသည့်အချိန်တွင် တောအုပ်အတွင်း၌ တောက်လောင်နေသော မီးတောက်သုံးခုကိုသာ မြင်တွေ့လိုက်ရတော့သည်။

နောက်သို့ ဆုတ်ခွာသွားခဲ့ကြသော တာအိုဆရာများသည် ရှေ့သို့ လျင်မြန်စွာ ပြန်လည်တိုးကပ်သွားကြသော်လည်း ခိုးယူခံလိုက်ရသည့် ကျမ်းစာများ၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ကြပေ။ ထိုနေရာတွင် ကျန်ရစ်ခဲ့သည်မှာ မီးတစ်ဝက်ကျွမ်းနေသော သာမန်တာအိုကျမ်းစာအချို့သာဖြစ်သည်။

ကံကောင်းသည်မှာ ဝူတန်းဂိုဏ်းသည် ကျမ်းစာများကို ထိန်းသိမ်းစောင့်ရှောက်သည့်နေရာတွင် အလွန်ပင် စေ့စပ်သေချာလှသည်။ သူတို့၏ တာအိုကျမ်းစာများ၏ အပြင်ဘက်အလွှာမှာ မီးဒဏ်ခံနိုင်သည့် သဘောရှိသည်။ သို့မဟုတ်ပါက အားလုံးမှာ ပြာအတိဖြစ်သွားခဲ့ပေလိမ့်မည်။

ခိုးယူခံလိုက်ရသည့် အရေးကြီးသော ကျမ်းစာသုံးတွဲမှာမူ မူလက တာအိုကျမ်းစာတိုက်၏ မြေအောက်ကြမ်းပြင်အောက်တွင် ချိပ်ပိတ်သိမ်းဆည်းထားခြင်း ဖြစ်သည်။ မီးမှာ ပြင်းထန်လှသော်လည်း မြေအောက်အထိ လောင်ကျွမ်းနိုင်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း အစောပိုင်းက တာအိုဆရာတစ်ဦး ကျမ်းစာများကို ကယ်ဆယ်ရန် အသည်းအသန်တိုးဝင်သွားခဲ့စဉ်က ထိုလိပ်ထားသော ကျမ်းစာစောင် သုံးစောင်မှာ ပျောက်ဆုံးနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသဖြင့် ကျမ်းစာများခိုးယူခံရပြီဟု သတိပေးချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ရှီရှင်း။ မင်းက အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး တောင်လမ်းကြောင်းတွေကို ပိတ်ဆို့လိုက်။ ရှီချင်း… မင်းက တာအိုကျမ်းစာတိုက်ကို စောင့်ကြပ်ပြီး ဆုံးရှုံးမှုတွေကို စစ်ဆေး” ယွမ်ဖူကျန်းရန်က အမိန့်ပေးလိုက်သည်။

“တံခါးပိတ်ကျင့်ကြံမနေတဲ့ အကြီးအကဲတွေအားလုံးကို ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းမှာ အစည်းအဝေးလုပ်ဖို့ ဆင့်ခေါ်လိုက်… ဒဏ်ရာရတဲ့ တပည့်တွေကို ကယ်တင်ဖို့ တတ်နိုင်သမျှ အကုန်လုပ်ကြ”

လွန်ခဲ့သော နှစ်ဝက်ခန့်က ရွှေအမြုတေအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့် ဤဝါစဥ်ကြီးအဘိုးအိုမှာ တကယ်ကို ဒေါသထွက်နေပြီ ဖြစ်သည်။ သူသည် တာအိုကျမ်းစာတိုက်ရှိရာအရပ်သို့ လှည့်၍ ဟိန်းဟောက်လိုက်သည်။

“ငါတို့ရဲ့ ကျမ်းစာတွေ ခိုးယူခံရတယ်၊၊ တပည့်တွေ အသတ်ခံရတယ်။ အကယ်၍ ဒီနေ့တရားခံကို ရှာမတွေ့ရင် မင်း ဂိုဏ်းချုပ်ရာထူးကနေ ဆင်းလိုက်တော့”

ထို့နောက်တွင် သူသည် ဓားတစ်လက်ပေါ်သို့ နင်းလျက် ကောင်းကင်ယံသို့ ပျံတက်သွားပြီး မသင်္ကာဖွယ်လူများကို လိုက်လံရှာဖွေနေသည်။ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ဦးက ကောင်းကင်ယံမှနေ၍ မိမိ၏ ဝိညာဉ်အသိစိတ်ဖြင့် လွှမ်းခြုံရှာဖွေခြင်းက တာအိုဆရာပေါင်းများစွာ မြေပြင်ပေါ်တွင် ခြေကျင်လိုက်ရှာနေခြင်းထက် အဆပေါင်းများစွာ ပိုမိုထိရောက်လှသည်။

တာအိုကျမ်းစာတိုက်တွင် ဒဏ်ရာရသူများကို အသည်းအသန်ကယ်ဆယ်နေရသော ဝူတန်းဂိုဏ်းချုပ်မှာ ပြန်၍ပင် မချေပနိုင်ပေ။ စောင့်ကြပ်နေသည့် တပည့်များထဲတွင် သုံးဦး သေဆုံးသွားခဲ့ပြီး ထိုအထဲမှ နှစ်ဦးမှာ ဒုတိယမျိုးဆက်တာအိုဆရာများဖြစ်ကြကာ တစ်ဦးမှာမူ အပြင်းအထန်ဒဏ်ရာရရှိထားသည်။

တာအိုဆရာတစ်ဦးသည် ရုပ်အလောင်းနှစ်ခုကို ဖက်လျက် ရင်ကွဲမတတ်ငိုကြွေးနေသည်။ ထိုနှစ်ဦးစလုံးမှာ သူ၏ တပည့်အရင်းများဖြစ်ကြသည်။

ဂိုဏ်းချုပ်၏ တပည့်အရင်းမှာမူ အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ဒဏ်ရာရရှိထားသူ ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးတွင် ဓားဒဏ်ရာများ ဗရပွဖြစ်နေပြီး သူ၏ ဝတ်ရုံဖြူကြီးမှာလည်း သွေးများဖြင့် ရဲရဲနီနေသည်။

ထိုတပည့်၏ အသက်ရှူသံမှာ နောက်ဆုံးအမျှင်တန်းနေပြီဖြစ်ပြီး ဂိုဏ်းချုပ်က သူ၏ အစစ်မှန်ချီများကို အဆက်မပြတ်ထည့်သွင်းပေးနေခြင်းကြောင့်သာ အသက်ဆက်နေနိုင်ခြင်း ဖြစ်သည်။ စိတ်မကောင်းစရာမှာ မီးအဆိပ်က သူ၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ပြင်ပဒဏ်ရာများကလည်း ပြင်းထန်လွန်းနေခြင်းပင်။

မကြာမီ ယွမ်ဖူကျန်းရန်လည်း အပြေးအလွှားရောက်ရှိလာခဲ့သည်။ ရုပ်အလောင်းလေးခုနှင့် အသက်ငင်နေသော တပည့်ကို မြင်လိုက်ရသည့်အခါ ထိုအဘိုးအိုမှာ ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ရင်သွားခဲ့သည်။ သူသည် ဂိုဏ်းချုပ်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ဒဏ်ရာရရှိထားသူ၏ ခန္ဓာကိုယ်ထဲသို့ သန့်စင်သော အစစ်မှန်ချီများကို အစွမ်းကုန်ထည့်သွင်းပေးလိုက်၏၊၊

သို့သော်လည်း ထူးခြားမှုသိပ်မရှိလှပေ။ ဒဏ်ရာရရှိထားသော တပည့်၏ အသက်ရှူသံမှာ တဖြည်းဖြည်းပိုမိုအားနည်းလာခဲ့သည်။

ဂိုဏ်းချုပ် တစ်ကိုယ်လုံး တုန်ရင်နေပြီး အံကြိတ်ကာ အော်ဟစ်လိုက်သည်။

“တောင့်ခံထားစမ်းပါ ရင်လောင်… ဆရာ မင်းကို ကယ်မှာပါ။ ဆေးလုံးတွေ ယူခဲ့ကြစမ်း။ အခုချက်ချင်း”

“ကျွန်တော်တို့က တပည့်တွေ အဆင့်တက်ဖို့အတွက်ပဲ ဆေးလုံးတွေကို ဖော်စပ်နေခဲ့တာပါ စီနီယာအစ်ကို… ဒဏ်ရာကုသတဲ့ ဆေးလုံးတွေက အာနိသင်မရှိသေးပါဘူး။ ကျိုးရင်လောင်ကို ဆေးရုံအမြန်ပို့မှဖြစ်မယ်”

“ဒါဆိုရင်လည်း လူနာတင်ကားခေါ်ကြလေ။ အခုချက်ချင်း။ မင်းတို့အားလုံး ဘာရပ်ကြည့်နေကြတာလဲ”

လူများက ဆေးရုံသို့ ချက်ချင်းပင် အသည်းအသန်ဆက်သွယ်ကြတော့သည်။ ဝူတန်းတောင်တွင် ပြင်းထန်သော ထိခိုက်သေဆုံးမှုများရှိခဲ့သဖြင့် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ကိုလည်း သတင်းပို့ရမည် ဖြစ်သည်။

အမျိုးသမီးတပည့်တစ်ဦးက ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။

“စီနီယာအစ်ကိုကျိုး သေတော့မယ်”

တာအိုဆရာတစ်ဦးက မြေပြင်ကို ဆောင့်နင်းလိုက်သည်။ “ငါ ဆေးရုံကို လှမ်းမေးကြည့်မယ်။ ကယ်လို့ရမယ့်နည်းလမ်းရှိမလားလို့။ သေသွားတဲ့လူတွေကို ပြန်ရှင်အောင်မလုပ်နိုင်ပေမယ့် ဒဏ်ရာရတဲ့လူတွေကို ကယ်တင်ဖို့ ငါတို့ တတ်နိုင်သမျှအကုန်လုပ်ရမယ်”

တကယ်တော့ ငယ်ရွယ်သည့် တပည့်အချို့ သေဆုံးဒဏ်ရာရမှုအပေါ် ဝူတန်းတာအိုဆရာများစိတ်မထိန်းနိုင်ဘဲ ဖြစ်နေကြခြင်းကို မည်သူမျှ အပြစ်မတင်နိုင်ပေ။ အဆုံးစွန်၌ ကမ္ဘာမြေ၏ ချီစွမ်းအင်များပြန်လည်နိုးထလာခဲ့သည်မှာ ငါးနှစ်၊ ခြောက်နှစ်ခန့်သာ ရှိသေးသည်။ တောင်ပေါ်တွင် ဆယ်စုနှစ်တစ်ခု သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အေးချမ်းစွာ ကျင့်ကြံနေခဲ့ကြသည့် သူတို့အနေဖြင့် ယခုကဲ့သို့ ထိတ်လန့်ဖွယ်ရာဖြစ်ရပ်ဆိုးမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးကြချေ။

ဤခေတ်ကာလတွင် အသက်သည် တကယ့်ကို အရေးပါလှသည်။

မကြာမီ တာအိုဆရာများ၏ အော်ဟစ်သံများသည် ဝူတန်းတောင်တစ်ခွင်လုံး၌ ဟိန်းထွက်သွားခဲ့သည်။

“ငါတို့ တပည့်တစ်ယောက် အပြင်းအထန်ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်။ အသက်ကယ်နိုင်မယ့်နည်းလမ်းရှိတဲ့ဘယ်သူမဆို တာအိုကျမ်းစာတိုက်ကို မြန်မြန်လာပြီး ကူညီပေးကြပါ”

တောအုပ်အတွင်းရှိ မီးကျွမ်းနေသော ရုပ်အလောင်းသုံးခုကို စစ်ဆေးနေသည့် ဝမ်ရှန်းလည်း ချက်ချင်းပင် မော့ကြည့်လိုက်သည်။ သူသည် အခြားအရာများကို ထပ်မံမတွေးတောတော့ဘဲ ဆေးနတ်ဘုရားချိုင့်ဝှမ်းမှ သူ့အား ပေးအပ်ထားခဲ့သည့် အသက်ဆက်ဆေးလုံးကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သည်။

သူသည် ကြွေပုလင်းကို အထက်သို့ မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဆရာကြီး… ကျွန်တော့်ဆီမှာ ဆေးနတ်ဘုရားချိုင့်ဝှမ်းက ပေးထားတဲ့ အသက်ဆက်ဆေးလုံးရှိပါတယ်။ ဒါက အသက်ကို တစ်နာရီလောက် ဆွဲဆန့်ထားပေးနိုင်ပါတယ်”

“မြန်မြန် ပို့ပေးလိုက်” ကောင်းရှီရှင်း က လှမ်း၍ အော်ပြောလိုက်သည်။

“ဆရာကြီးကိုယ်တိုင်ပျံလာရင် ပိုမြန်မယ်မဟုတ်ဘူးလား”

ဝမ်ရှန်း စကားပြော၍ပင် မဆုံးသေးမီမှာပင် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု အရှိန်အဟုန်ဖြင့် ဆင်းသက်လာခဲ့သည်။ ယွမ်ဖူကျန်းရန်သည် ဝမ်ရှန်းကို ဆွဲခေါ်ကာ ဓားပေါ်သို့ နင်းလျက် တာအိုကျမ်းစာတိုက်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။

ဝမ်ရှန်းလည်း အပြင်းအထန်ဒဏ်ရာရရှိထားသည့် တပည့်မှာ ကျိုးရင်လောင်ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အသက်ဆက်ဆေးလုံးကို တိုက်ကျွေးပြီးနောက် ကျိုးရင်လောင်၏ အသက်ရှူသံမှာ ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။ ဆေးစွမ်းအင်များသည် အဖြူရောင်မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ မီးလောင်ဒဏ်ရာများကို ကုသပေးရန်အတွက် သူ၏ ခန္ဓာကိုယ်ကို ဝန်းရံသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ တာအိုဆရာများလည်း အခုမှ သက်ပြင်းချနိုင်ကြတော့သည်။ ယွမ်ဖူကျန်းရန်က ဝမ်ရှန်း၏ ပုခုံးကို ခပ်ဖွဖွပုတ်လိုက်ပြီးနောက် သူ၏ ဓားကို ထိန်းချုပ်ကာ ကောင်းကင်သို့ ပျံတက်သွားခဲ့ပြီး မသင်္ကာဖွယ်လူများကို ရှာဖွေရန် ဝူတန်းတောင်၏ ထောင့်တိုင်းသို့ ကိုယ်တိုင်လှည့်လည်စစ်ဆေးနေသည်။

မကြာမီတွင် ကျိုးရင်လောင်ကို ရိက္ခာသယ်ယူရာတွင် အသုံးပြုသည့် ပစ်ကပ်ကားပေါ်သို့ တင်ဆောင်လိုက်ကြသည်။ ထို့နောက် အပြေးအလွှားရောက်ရှိလာနေသော လူနာတင်ကားနှင့် သွားရောက်ဆုံတွေ့ရန် မောင်းနှင်ထွက်ခွာသွားကြတော့သည်။ ကျိုးရင်လောင်ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာ မလိုတော့သော်လည်း ဝူတန်ဂိုဏ်း၏ ဒုတိယမျိုးဆက်အကြီးအကဲအချို့က ကိုယ်တိုင်လိုက်ပါစောင့်ရှောက်သွားကြသည်။

ကျိုးရင်လောင် အသက်အန္တရာယ်မှ ကင်းဝေးသွားခဲ့ပြီဖြစ်သော်လည်း ပို၍လက်ဝင်လှသော ပြဿနာတစ်ခုမှာ ဝူတန်းတာအိုဆရာများ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ သူတို့၏ ဂိုဏ်းအမွေအနှစ်ဖြစ်သော ကျမ်းစာများ ခိုးယူခံလိုက်ရခြင်းပင် ဖြစ်သည်။

တာအိုအကြီးအကဲများရှိနေကြသဖြင့် ထိုကျမ်းစာသုံးတွဲကို မိတ္တူအသစ် ပြန်လည်ကူးယူရန်မှာ ပြဿနာမဟုတ်ပေ။ သို့သော်လည်း ကျမ်းစာများ အပြင်သို့ ပေါက်ကြားသွားခြင်းက ဂိုဏ်းအတွက် ကြီးမားသောအန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။

Chapter 190

သူလျှိုများ

သန်းခေါင်ယံအချိန်ဖြစ်သော်လည်း ကျင့်ကြံနေကြသည့် တာအိုအကြီးအကဲအချို့မှလွဲ၍ ဂိုဏ်း၏ မျိုးဆက်အားလုံးဖြစ်ကြသော ဝါစဥ်ကြီး၊ ဝါစဥ်လတ်နှင့် လူငယ်ဂိုဏ်းသားအားလုံးမှာ ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းတွင် စုဝေးရောက်ရှိနေကြသည်။ တောက်ပစွာ လင်းထိန်နေသော ဘုရားကျောင်းအတွင်း၌ ပိတ်ဖြူစများ လွှမ်းခြုံထားသည့် ရုပ်အလောင်းလေးခုကို ချထားသည်။

မကြာသေးမီကမှ စတင်၍ ကျင့်ကြံလာကြသည့် အမျိုးသမီးတပည့်အများစုမှာ မျက်လုံးများနီမြန်းနေကြပြီး တာအိုနှလုံးသားမတည်ငြိမ်သေးသည့် အမျိုးသားတပည့်အချို့မှာလည်း စိုးရိမ်ထိတ်လန့်နေကြသည်။ တီးတိုးပြောဆိုသံများက ပြည့်နှက်နေသည်။

ထိုအတောအတွင်း ဝမ်ရှန်း သည် မုရွှယ်ထံသို့ စာတိုတစ်စောင်ပေးပို့လိုက်သည်။ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့သည် သူရှိရာအရပ်သို့ အနီးနားရှိ အဖွဲ့ဝင်များကို ချက်ချင်း စေလွှတ်လိုက်ပြီဖြစ်သည်။

တာအိုဆရာအချို့က ဒေါသတကြီးဆဲဆိုနေကြပြီး အချို့ကမူ မတ်တတ်ရပ်ကာ အခြေအနေကို တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာနေကြသည်။

တာအိုကျမ်းစာတိုက်သည် ဂိုဏ်း၏ အရေးအကြီးဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။ ထိုနေရာတွင် ဝူတန်းမျိုးဆက်၏ တာအိုကျမ်းစာများတည်ရှိနေပြီး ဆေးလုံးများနှင့် ရတနာအမြောက်အမြားကို သိုလှောင်ထားခြင်း ဖြစ်သည်။ သာမန်ရက်များတွင် ဂိုဏ်း၏ အကြီးအကဲ ၁၂ဦးက အလှည့်ကျစောင့်ကြပ်ကြပြီး တပည့်လေးဦးကလည်း နေ့စဉ် အလှည့်ကျစောင့်ကြပ်ရသည်။

ယနေ့ညတွင်မူ တိုက်ဆိုင်လှစွာဖြင့် တာဝန်ကျသည့် အကြီးအကဲမှာ ထို၁၂ဦးထဲတွင် ကျင့်ကြံခြင်းအဆင့်အနိမ့်ဆုံးဖြစ်သော အကြီးအကဲဖြစ်နေသည်။ ထို့ပြင် တရားခံများသည် လူသတ်၊ ကျမ်းစာခိုးပြီး တာအိုကျမ်းစာတိုက်ကို မီးရှို့သည့် ကိစ္စရပ်အားလုံးကို အလွန်တိုတောင်းသော အချိန်ကာလအတွင်း လုပ်ဆောင်သွားခဲ့ကြခြင်းဖြစ်သည်။

အကယ်၍ ဝမ်ရှန်း၏ လျင်မြန်သော တုံ့ပြန်မှုနှင့် လူရေခွံမျက်နှာဖုံးများပြုလုပ်သည့်နေရာတွင် နာမည်ကြီးသော ယင်ယန်ဂိုဏ်းသည် တစ်ခုခုလှုပ်ရှားလာလိမ့်မည်ဟူသော သူ၏ ကြိုတင်သံသယများသာမရှိခဲ့ပါက ထိုတရားခံသုံးဦးမှာ ရှုပ်ထွေးမှုများကြားမှနေ၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီ ဖြစ်သည်။ အဆုံးစွန်၌ ဂိုဏ်းသားများသည် တရားခံများက ရုပ်ဖျက်ပြီး မိမိတို့ဂိုဏ်းသားများကြားထဲတွင် ရောနှော၍ ထွက်ပြေးရန် ကြိုးစားလိမ့်မည်ဟု ချက်ချင်းတွေးမိကြလိမ့်မည် မဟုတ်ပေ။

ဝူတန်းတောင်ပေါ်မှ မီးလောင်မှုမှာ ဘာကြောင့်မှန်းမသိဘဲ ရုတ်တရက် တောက်လောင်လာခဲ့ခြင်းဖြစ်ပုံရသော်လည်း ရန်သူသည် ဤအရာကို ရေရှည်စီမံကိန်းချကာ သေချာပေါက်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့တွင် သေချာသောအစီအစဉ်ရှိနေပြီး သရုပ်မှန်ပေါ်သွားသည့်အခါတွင်လည်း ချက်ချင်းပင် မိမိကိုယ်ကိုယ်မီးရှို့ဖျက်ဆီးခဲ့ကြသည်။

လောလောဆယ်တွင် ထိုသုံးဦးစလုံးမှာ မိမိတို့သဘောဆန္ဒအလျောက် မီးရှို့ခဲ့ကြခြင်းလား သို့မဟုတ် တစ်စုံတစ်ဦးက သူတို့ကို လျှို့ဝှက်စွာ လုပ်ကြံသွားခဲ့ခြင်းလားဆိုသည်မှာတော့ မရှင်းလင်းသေးပေ။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ခိုးယူခံရသည့် တာအိုကျမ်းစာသုံးတွဲကို ရှာမတွေ့ခဲ့ရခြင်းကို ထောက်ရရင် ဝူတန်းတောင်ပေါ်တွင် သူတို့ကို ကူညီပေးနေသည့် အခြားတစ်ဦးရှိနေသေးသည်ဟု ကောက်ချက်ချနိုင်သည်။

အဆုံးတွင် တာအိုဆရာများသည် တညီတညွတ်တည်း ကောက်ချက်ချလိုက်ကြသည်။ ၎င်းမှာ သူတို့ကြားထဲတွင် သစ္စာဖောက်တစ်ဦးရှိနေခြင်းပင်။ ကျမ်းစာကို ခိုးယူသွားသည့် ထိုသုံးဦးမှာ ဝူတန်းဂိုဏ်းသားများထဲမှ ကြံရာပါတစ်ဦးရှိနေရမည်ဖြစ်သည်။ သို့မဟုတ်ပါက ထိုသုံးဦးမှာ လူတိုင်း၏ အာရုံကို လွှဲရန်အတွက် အသုံးချခံလိုက်ရသည့် ငါးစာသက်သက်သာဖြစ်ပေလိမ့်မည်။

စိတ်ဆတ်ပြီး ဆံပင်နှင့် မုတ်ဆိတ်မွေးများထောင်ထနေသည့် တာအိုဆရာတစ်ဦးက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

“ဘယ်သူပဲဖြစ်ဖြစ် အခုချက်ချင်း ရှေ့ကို ထွက်လာခဲ့စမ်း။ မင်းကို ငါ တမလွန်ပို့ပေးမယ်”

ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်း၏ အတွင်းနှင့် အပြင်ဘက်တွင် စုဝေးနေကြသူအားလုံးမှာ တိတ်ဆိတ်နေကြသည်။ အကယ်၍ သစ္စာဖောက်တစ်ဦးက ဤကဲ့သို့ စကားတစ်ခွန်းတည်းဖြင့် ထိတ်လန့်ကာ ဝန်ခံလာလိမ့်မည်ဆိုပါက ၎င်းမှာ တကယ့်ကို အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပေလိမ့်မည်။

ဝမ်ရှန်းလည်း သူ့ကို အာရုံမရောက်စေရန်အတွက် ရှေ့သို့ ထွက်မသွားဘဲ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူ၏ တည်ငြိမ်နေသော မျက်နှာအမူအရာ၏ နောက်ကွယ်တွင် သတ်ဖြတ်လိုသည့်အရှိန်အဝါများ တဖြည်းဖြည်းထွက်ပေါ်နေသည်ကို သေဆုံးသွားခဲ့ပြီဖြစ်သော သစ်သားယင်နတ်ဘုရားသာ သိပေလိမ့်မည်။

သူသည် ဝူတန်းတောင်၏ ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ၎င်း၏ တာအိုအမွေအနှစ်နှင့် နက်ရှိုင်းသောပတ်သက်မှုများရှိနေသည်။ မိမိ၏ သူငယ်ချင်းအရင်းတစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိထားပြီး သူ၏ ရှေ့မှောက်တွင်လည်း ရုပ်အလောင်းများကို ရှိနေသည်ကို မြင်တွေ့နေရရာ သူ့တွင် ဘယ်လိုလုပ် သတ်ဖြတ်ချင်စိတ်မရှိဘဲ နေနိုင်ပါမည်နည်း။

ယခုအခါ သူနှင့် ယင်ယန်ဂိုဏ်းကြားတွင် ဖြေရှင်း၍မရနိုင်သော သွေးကြွေးတစ်ခု သေချာပေါက်ဖြစ်တည်သွားခဲ့ပြီ ဖြစ်သည်။

ဝူတန်းဂိုဏ်း၏ တာအိုဆရာများသည် တပည့်များကို စတင်စစ်ဆေး၍ ညက ထူးခြားသည့် အခြေအနေမျိုးကို သတိထားမိခြင်းရှိ၊မရှိ မေးမြန်းကြတော့သည်။ မကြာမီတွင် ဝမ်ရှန်းကိုလည်း မသင်္ကာဖွယ်လူများကို သတိထားမိခြင်းရှိမရှိ လှမ်း၍ မေးမြန်းလာခဲ့သည်။

ဝမ်ရှန်းက ခေါင်းခါပြလိုက်သည်။ “မီးတောက်တွေ ကောင်းကင်အထိ မတက်လာခင်မှာ ကျွန်တော်က ခြံဝင်းထဲမှာ တရားကျင့်နေခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်လကလည်း ဒီလိုဖြစ်ရပ်မျိုး တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီတုန်းက အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က ကျွန်တော်တို့ကို သတိပေးထားခဲ့တယ်လို့ ထင်ပါတယ်။ ဒီနေ့ည ကျမ်းစာတွေ ခိုးယူခံရတာကလည်း အဲဒီဖြစ်ရပ်နဲ့ သက်ဆိုင်နေဖို့ ရာခိုင်နှုန်း အများကြီးရှိပါတယ်”

“တစ်ခုလောက် မေးပါရစေ။ ခိုးယူခံလိုက်ရတဲ့ ကျမ်းစာသုံးတွဲထဲမှာ သိုင်းမဟာဧကရာဇ်ရဲ့ အင်မော်တယ်မန္တန်အပြင် ယင်ယန်နဲ့ ဝင်ရိုးစွန်းနှစ်ခုနဲ့ သက်ဆိုင်တဲ့ ကျမ်းစာတွေပါလား”

ဆံပင်ဖြူဖြူနှင့် တာအိုအကြီးအကဲတစ်ဦးက ခေါင်းညိတ်လိုက်သည်။

“မှန်တယ်။ ဖေးယွီ... မင်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုခုသိထားတာရှိလို့လား”

ဝမ်ရှန်းက ခေါင်းခါပြလိုက်သည်။ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က ယင်ယန်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းရန် ပြင်ဆင်နေသည်ဟူသော အချက်ကို သူ အလွယ်တကူ ထုတ်ပြော၍မရပေ။

ထိုအစား သူက ရိုးရှင်းစွာပင် ဆင်ခြေပေးလိုက်သည်။ “ကျွန်တော် ယင်ယန်ဂိုဏ်းနဲ့ တိုက်ရိုက်ကော၊ သွယ်ဝိုက်ပြီးပါ အကြိမ်အနည်းငယ်ထိပ်တိုက်တွေ့ဖူးပါတယ်။ သူတို့က အနီရောင်မျက်လုံးနဲ့ ယင်ယန်ငါးကို သူတို့ရဲ့ အမှတ်အသားအဖြစ် သုံးကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ယင်ယန်နဲ့ ပတ်သက်နေလိမ့်မယ်လို့ ကျွန်တော် ထင်မိတာပါ”

တာအိုအကြီးအကဲအချို့လည်း ဝမ်ရှန်း၏ စကားကို ချက်ချင်းပင် အလေးအနက်အာရုံစိုက်လိုက်ကြသည်။

“ဖေးယွီ။ ရှေ့ကို လာခဲ့စမ်း။ ဒီနေ့ကစပြီး ဝူတန်းနဲ့ ယင်ယန်ဂိုဏ်းဟာ သွေးကြွေးရန်သူတွေ ဖြစ်သွားကြပြီ။ ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး။ မင်းက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသလို ယင်ယန်ဂိုဏ်းနဲ့လည်း အကြိမ်အနည်းငယ် ထိပ်တိုက်တွေ့ဖူးတာဆိုတော့... ဒီကိစ္စကို ဘယ်လိုဆက်ပြီး စုံစမ်းစစ်ဆေးသင့်တယ်လို့ မင်းအကြံပြုချင်လဲ”

ဝမ်ရှန်းက လက်သီးဆုပ်လိုက်သည်။ သူသည် ကြည်လင်ပြတ်သားသော အသံဖြင့် ပြောကြားလိုက်သည်။

“ကျေးဇူးပြုပြီး စိတ်မပူကြပါနဲ့။ ကျွန်တော် စီနီယာအစ်ကိုကျိုးကို တိုက်ကျွေးခဲ့တဲ့ ဆေးလုံးက နတ်ဘုရားငါးပါးဂိုဏ်းက မိစ္ဆာကျင့်ကြံသူတွေကို သွားရောက်နှိမ်နင်းတုန်းက ဆေးနတ်ဘုရားချိုင့်ဝှမ်းက စီနီယာတစ်ယောက် ကျွန်တော့်ကို ပေးအပ်ထားခဲ့တာပါ။ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က အသက်ကယ်ဖို့ ဖြစ်ပါတယ်”

“ဒါ့အပြင် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့နဲ့ အနီးနားမှာရှိတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေလည်း စီနီယာအစ်ကိုကျိုးကို ကူညီဖို့အတွက်ရောက်ရှိနေကြပါပြီ။ သူတို့မှာ အဆင့်မြင့်ဆုံးခေတ်မှီဆေးပညာသီအိုရီတွေ ရှိနေပါတယ်။ ကျင့်ကြံသူတွေရဲ့ စွမ်းအားနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် သူ သတိပြန်ရလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

“သူ သတိရလာတာနဲ့ သစ္စာဖောက်က ဘယ်သူလဲဆိုတာ အလိုလိုသိရမှာပါ။ အားလုံး တောင်စဥ်ရေမရလိုက်လံရှာဖွေနေမယ့်အစား ဒီနေရာမှာပဲ တည်တည်ငြိမ်ငြိမ်စောင့်ဆိုင်းနေတာက ပိုကောင်းပါလိမ့်မယ်။ သူ့ဆီက ဖုန်းတစ်ကောလ်လာတာနဲ့တင် သစ္စာဖောက်ဟာ ဘယ်သူလဲဆိုတာ အလိုအလျောက်ပေါ်လာပါလိမ့်မယ်”

တာအိုဆရာများနှင့် အကြီးအကဲ များစုက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ကောင်းကင်ယံမှနေ၍ ယွမ်ဖူကျန်းရန်က အမိန့်ပေးလိုက်သည်။

“ဂိုဏ်းသားတွေနဲ့ တပည့်တွေအားလုံး ဒီနေရာမှာပဲ ရှိနေပြီး စောင့်ဆိုင်းကြရမယ်”

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ စီစဉ်မှုကြောင့် ကျိုးရင်လောင်ကို အနီးဆုံးမြို့ကြီးရှိ ဆေးရုံသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်ရာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမှ ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။

သို့သော်လည်း မိုးလင်းသည့်တိုင်အောင် ကျိုးရင်လောင်သည် သတိလည်မလာသေးပေ။ ဝူတန်းတောင်မှ ဂိုဏ်းသား ၂၀၀၊ ၃၀၀ခန့်သည်လည်း ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းအပြင်ဘက်တွင် အချိန်ကုန်ခံပြီး ဆက်လက်စောင့်ဆိုင်းမနေနိုင်ကြတော့ပေ။

ဝမ်ရှန်းသည် ဓား ၇၂လက်သိုင်းကို ခြံဝင်းလေးထဲတွင် တစ်ဦးတည်း သီးသန့်ကျင့်ကြံနေခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဝူတန်းတောင်သည် အခြားသော မြင့်မြတ်တောင်များနည်းတူ ပါရမီရှိသောတပည့်သစ်များကို အသုတ်လိုက်ခေါ်ယူခဲ့၏။ ဝူတန်းတောင်မှ တာအိုဆရာများနှင့် ရင်းနှီးကျွမ်းဝင်သည့် တစ်ကိုယ်တော်ကျင့်ကြံသူအများအပြားလည်း လာရောက်ပူးပေါင်းကျင့်ကြံခဲ့ကြသည်။

အကယ်၍ ဝူတန်းတောင်၏ တာအိုမျိုးဆက်ထဲသို့ သူလျှိုများခိုးဝင်နေခဲ့လျှင် အသစ်ဝင်လာသည့် တပည့်များနှင့် ဂိုဏ်းသားများသည် သံသယဖြစ်ဖွယ်အကောင်းဆုံးဖြစ်နေ၏။ သို့သော် တာအိုဆရာများသည် လျင်မြန်စွာပင် စိတ်အေးအေးထားလိုက်ကြပြီး တပည့်များအကြား စိတ်ဝမ်းကွဲမှုမဖြစ်စေရန်အတွက် ဂိုဏ်းအတွင်းအကြီးအကျယ်ရှာဖွေခြင်းမျိုး မလုပ်ဆောင်ခဲ့ကြချေ။ ထိုအစား ကျိုးရင်လောင် သတိရလာမည့်အချိန်ကို စောင့်ဆိုင်းရင်း သံသယရှိဖွယ်လူအနည်းငယ်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။

ညဉ့်နက်ပိုင်းမှ မိုးလင်းသည်အထိ ဝမ်ရှန်းသည် ထောင့်တစ်နေရာတွင် ငြိမ်သက်စွာထိုင်ရင်း သူ၏ဒူးပေါ်၌ ဓားရှည်ကို ကန့်လန့်ဖြတ်တင်ကာ ကျင့်ကြံနေခဲ့သည်။ အနီးနားရှိ လူငယ်တပည့်အချို့လည်း တရားထိုင်နေကြသည်။

ကောင်းရှီရှင်းသည် ဝမ်ရှန်း၏ဘေးမှ ဖြတ်လျှောက်သွားစဉ် မည်သူမျှ သတိမထားမိသည့် အခိုက်အတန့်ကို အသုံးချကာ လိပ်ထားသော စာရွက်တိုလေးတစ်ခုကို ဝမ်ရှန်း၏လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။ ဝမ်ရှန်းသည် မျက်လုံးဖွင့်ပြီး စာရွက်တိုလေးကို ဖမ်းဆွဲကာ ဖြည်းညှင်းစွာ ဖြန့်ကြည့်လိုက်သည်။

“ဖုန်းခေါ်လိုက်ပါ”

အောက်တွင် ဖုန်းနံပါတ်အတန်းလိုက်ပါရှိသည်။

ဝမ်ရှန်းသည် ကောင်းရှီရှင်း၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားသည်။ သူသည် ဖုန်းကို တိတ်တဆိတ်ပြင်ဆင်ပြီး နံပါတ်ရိုက်ထည့်ကာ ကောင်းရှီရှင်း၏ အကြည့်နှင့် ဆုံသည်နှင့် ချက်ချင်းပင် ဖုန်းခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်သည်။

မင်းက လာတုန်းကလိုပဲ မြန်မြန်ဆန်ဆန်ပြန်ထွက်သွားတယ်၊၊ ငါတို့မဆုံနိုင်တာကို ဘယ်လောက်တောင် မုန်းတီးမိလဲ….(ဖုန်း Ringtoneသံ)

ဖုန်းမြည်သံကြောင့် အနီးနားရှိတပည့်များ လန့်ဖျပ်သွားကြသည်။ ထိုအချိန်တွင် ကောင်းရှီရှင်းသည် ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းတံခါးဝရှေ့၌ တောင့်တောင့်ကြီးရပ်နေခဲ့သည်။ သူသည် ဖုန်းကိုင်ပြီးနောက် ပီပြင်စွာပင် လှည့်ထွက်ကာ ဘုရားကျောင်းထဲသို့ လျှောက်လှမ်းသွားသည်။

ကောင်းရှီရှင်း တမင်တကာအော်ပြောလိုက်သည့် အသံသည် ခန်းမထဲမှ ချက်ချင်း ပဲ့တင်ထပ်ထွက်လာသည်။

“ဘာ… ရင်လောင် နိုးလာပြီ ဟုတ်လား… ကောင်းတယ် ကောင်းတယ်… သူက သစ္စာဖောက်နာမည်ကို ပြောလိုက်ပြီပေါ့ တကယ့်ကို သေသင့်တဲ့ကောင်ပဲ၊၊ ငါ သူ့ကို ခွင့်မလွှတ်ဘူး”

ပုံမှန်အားဖြင့် ခံစားချက်မပြတတ်သော တာအိုဆရာတစ်ဦးက ယခုကဲ့သို့ စိတ်လှုပ်ရှားစွာ အော်ဟစ်နိုင်သည်မှာ အတော်ပင် အထင်ကြီးစရာကောင်းလှသည်။

ကောင်းရှီရှင်း စကားပြောပြီးသည်နှင့် တာအိုဆရာငါးဦးသည် ခန်းမထဲမှ ချက်ချင်းပြေးထွက်လာကြပြီး ပုံရိပ်ယောင်အမြုတေအဆင့်ဖိအားများကို ပတ်ဝန်းကျင်တစ်ခုလုံးသို့ ထုတ်လွှတ်လိုက်ကြသည်။ ကောင်းရှီရှင်းသည်လည်း တောက်ပနေသော ဓားရှည်ကို ဆွဲထုတ်ကာ လူသတ်ငွေ့များဖြင့် ရှေ့သို့ ပြေးဝင်သွားသည်။

ဝမ်ရှန်း၏ ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ အစီအရင်ဝိညာဉ်၏ သွန်သင်မှုအောက်တွင် တစ်နှစ်ကျော်ကြာ နစ်မြုပ်ခဲ့ရသဖြင့် သူသည် အစီအရင်များနှင့်ပတ်သက်၍ အထိုက်အလျောက် နားလည်ထားသည်။ ထို့ကြောင့် တာအိုဆရာငါးဦးသည် အစီအရင်တစ်ခုကို အသက်သွင်းလိုက်ပြီဖြစ်ကြောင်း သူ ချက်ချင်းရိပ်မိလိုက်သည်။

ဝမ်ရှန်းသည် ထောင့်တစ်နေရာတွင် ငြိမ်သက်စွာ ထိုင်နေသော်လည်း တာအိုဆရာများ၏ အရှိန်အဝါများက သူ့ထံသို့ ဦးတည်နေသကဲ့သို့ ခံစားရသည်။ သူတင်မကဘဲ အနီးနားတွင် ထိုင်နေသည့် လူငယ်တပည့်များအားလုံး မျက်နှာပျက်သွားကြပြီး မသိစိတ်ဖြင့် အသက်အောင့်ထားမိကြသည်။ အစီအရင်၏ အစွမ်းကြောင့် ၎င်းတို့အားလုံးသည် တာအိုဆရာများ၏ အကြည့်များက မိမိတို့ထံသို့သာ စူးစိုက်နေသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။

စိတ်နှလုံးစင်ကြယ်သူများနှင့် မစင်ကြယ်သူများ၏ တုံ့ပြန်မှုသည် လုံးဝကွဲပြားခြားနားလှသည်။ စိတ်နှလုံးမစင်ကြယ်သူအများစုမှာ ပျာပျာသလဲဖြစ်သွားကြပြီး တာအိုဆရာများ၏ အကြည့်ကို ရင်ဆိုင်ကာ မိမိတို့ကိုယ်ကို ရှင်းပြချင်နေကြသည်။ သို့သော် လူအုပ်ကြီး၏ အစွန်အဖျားတွင် ရှိနေသော လူနှစ်ဦးမှာမူ တည်ငြိမ်နေပုံရသော်လည်း မသိစိတ်က ကောင်းရှီရှင်းနှင့် တာအိုဆရာများ၏ အကြည့်ကို ရှောင်ဖယ်နေကြသည်။

“သူတို့ပဲ ဖမ်းလိုက်ကြ” ကောင်းရှီရှင်းက ဒေါသတကြီး အော်ပြောလိုက်သည်။

တာအိုဆရာငါးဦးသည် တပည့်များကို ကျော်ဖြတ်ကာ ဝိညာဉ်ပေါင်းစည်းခြင်းအစောပိုင်းအဆင့်တွင် ရှိသေးသော ထိုလူနှစ်ဦးထံသို့ ပြေးဝင်သွားကြသည်။ အသစ်ဝင်လာသောတပည့်များထဲတွင် ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့်တက်လှမ်းမှု မြန်ဆန်သူများဖြစ်ကြသဖြင့် ဝူတန်းတောင်၏ အလေးပေးခြင်းကို ခံထားရသူများဖြစ်သည်။

All Chapters