အဘွားကျိုး တစ်ခုခု ယုတ်မာတော့မည်
Vol. 9 Ch. 121
ဟူကျန်းရီတို့ တစ်စု ဝမ်မိသားစုဆီ ရောက်လာချိန်တွင် ဝမ်မိသားစုသည် သူတို့ ဆွေးနွေးနေသည်များအား ခေတ္တ ရပ်နား ထားလိုက်ကြပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တာ့လန်၏ မင်္ဂလာကိစ္စအား အလျင်စလိုလုပ်၍ မရနိုင်ချေ။ သူတို့အနေဖြင့် အောင်သွယ်တော် ကိစ္စကို အရင် ဖြေရှင်းရဦးမည် ဖြစ်သည်။ နောက်တစ်နေ့တွင် အဖွားအိုဝမ် ခရိုင်မြို့ ပေါ်သွားမည့် အချိန်ကိုသာ စောင့်ရတော့မည် ဖြစ်သည်။
အားယွီလေးမှ ရှေ့မှနေ၍ တက်တက်ကြွကြွ ခုန်ပေါက်ကာ လမ်းပြပေးနေခဲ့ခြင်း ဖြစ်သည်။ သူမ၏ ကျောပြင်လေးအား ကြည့်ရင်း အမျိုးသားအချို့မှာ အနည်းငယ် စိတ်လှုပ်ရှား သွားကြလေသည်။
"ဝမ်မိသားစုက ဒီကလေးကို တကယ် ကောင်းကောင်း ပြုစုပျိုးထောင်ထားတာပဲ"
ဤမျှ ငယ်ရွယ်သော ကလေးမလေးအား ကြည့်ရသည်မှာ အမှန်ပင် ချစ်စရာကောင်းလှပေသည်။ သို့သော်လည်း သမီး တစ်ယောက် မွေးမြူရခြင်းသည် သားတစ်ယောက်ထက် ပိုတန်သည်ဟု သူတို့ ခံစားရရန်ကား မဖြစ်နိုင်ပေ။
သမီး မိန်းကလေး ဆိုသည်မှာ မည်မျှပင် ကောင်းမွန်နေပါစေ နောက်ဆုံးတွင် အခြားသူ၏ မိသားစုထံသို့ ရောက်သွားမည်သာဖြစ်သည်။ သို့တိုင်အောင် ရွာသားအချို့မှ တီးတိုး ပြောလိုက်ကြသည်။
"အားယွီက ရုပ်လေးလည်း ချော ယဉ်လည်း ယဉ်ကျေးသလို လိမ္မာလိုက်တာ သူမက သေချာပေါက် ဇနီးကောင်း တစ်ယောက် ဖြစ်လာမှာပဲ"
"အဖွားဝမ်က တော်တော် လက်သွက်တာ သူ သွန်သင်ထားတဲ့ ချွေးမတွေဆိုလည်း အကုန်ကောင်းကြတယ် ဝမ်မိသားစုရဲ့ အနေအထိုင်ကလည်း ကောင်းပါတယ်"
"ငါ့အိမ်မှာ ၅ နှစ်အရွယ် ကောင်လေး နှစ်ယောက်ရှိတယ် အားယွီနဲ့ သက်တူရွယ်တူလောက်ပဲ နောင်ကျရင် အားယွီ့ကို ငါတို့ချွေးမ အဖြစ် တောင်းပြီး ရွာထဲမှာပဲ ပေးစားလိုက်ရင် မကောင်းဘူးလား ဝမ်မိသားစုလည်း ငြင်းမှာမဟုတ်လောက်ဘူး"
"မင်းက ဘာလို့ ငါပြောမယ့်စကားကို လုပြောရတာလဲ ငါလည်း အားယွီက ကလေး ကောင်းလေးလို့ ထင်ပါတယ် ဒီကလေးက အဟမ်း ငါမေ့သွားလို့ ဒီကိစ္စကို ထပ်ပြောလို့ မဖြစ်ဘူးပဲ အချုပ်ပြောရရင်တော့ ဒါက အကြံကောင်းတစ်ခုပဲလို့ ငါထင်တယ်"
"အဖွားဝမ်ရှေ့တော့ သွားမပြောနဲ့ဦး တံမြက်စည်းနဲ့ အရိုက်ခံရမယ် သတိထားဦး"
"ဟားဟား အားယွီက ငယ်ပါသေးတယ် အခုချိန် သွားပြောရင်တော့ သေချာပေါက် အရိုက်ခံရမှာပဲ ကိုယ့်အတွေးနဲ့ကိုယ်ပဲ ကြိတ်ထားကြစမ်းပါ"
ရွာသားများ စကားစမြည်ပြောရင်း ရယ်မောနေကြလေသည်။ သူတို့သည် အားယွီလေးအား ပို၍ပင် အချစ်ပိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ မိန်းကလေးများသည် အခြားမိသားစုဆီ အိမ်ထောင်ပြု သွားရမည့် ကံကြမ္မာရှိသည် ဆိုသော အတွေးသည် ခံရခက်သော်လည်း တခြားသူ၏ သမီးလေးသည် မိမိတို့ မိသားစုဆီ ရောက်လာမည် ဆိုသည်အား သိရခြင်းမှာမူ အလွန်ကို သဘောကျစရာ ကောင်းလှပေသည်။
အားယွီလေးမှာမူ မည်သည်ကိုမှ သတိမထားမိချေ။ သူမ အိမ်တံခါးဝ ရောက်ချိန်တွင် အစ်ကိုငါးအား အတုခိုးကာ အသံကုန် ဟစ်အော်လိုက်သည်။
"အမေ အဘွား အိမ်မှာ ဧည့်သည်တွေ လာတယ်"
အဖွားအိုဝမ် အပြင်ထွက် ကြည့်လိုက်ချိန်တွင် ဟူကျန်းရီနှင့် အခြားသူများကို တွေ့လိုက်ရသည်။
"နင်တို့အားလုံး ဘာလာလုပ်ကြတာလဲ"
"အဖွားဝမ် ဒီလိုပါ ကျွန်တော်တို့ စိုက်ထားတဲ့ မြေက အခုတလော အပင်တွေ ပေါက်လာလို့လေ"
အဖွားအိုဝမ်လည်း နားထောင်ရင်း သူတို့အချို့အား ခြံဝင်းထဲ ခေါ်သွားလိုက်ကာ ကျောက်စားပွဲတွင် ထိုင်စေလိုက်သည်။ သူမသည် အားယွီနှင့် အနောက်မှ ကောင်လေးများအား လှမ်းအော်လိုက်သည်။
"လူကြီးတွေ စကားပြောစရာရှိလို့ တခြားနေရာမှာ အရင်သွားကစားကြစမ်း"
ကောင်လေးများလည်း မစောင့်နိုင်တော့ဘဲ ချက်ချင်းပင် လူစု ကွဲသွားကြတော့သည်။ ထိုအခါမှသာ အဖွားအိုဝမ်သည် သူတို့အား ကြည့်လိုက်လေသည်။
"နင်တို့က မျိုးစေ့တွေအကြောင်း မေးချင်တာမလား ငါ သမားတော်ကြီးကို သွားရှာတုန်းက ကုန်သည် တစ်ယောက်နဲ့ မတော်တဆဆုံပြီး အများကြီး ပိုက်ဆံ ပေးဝယ်လာခဲ့တာ"
သူမ စကားပြောနေစဉ်မှာပင် သမားတော်ကြီးရွှယ်သည် ခွေးရိုက်တုတ်အား ဝှေ့ယမ်းပြီး ကြက်ခြံထဲမှ ရယ်မောရင်း ထွက်လာခဲ့လေသည်။ သူသည် ရယ်မောရင်း ခေါင်းခါလိုက်ပြန်သည်။
"မဟုတ်ဘူး မဟုတ်သေးဘူး စစ်မှန်တဲ့ ခွေးရိုက်တုတ်သိုင်းက ခွေးတွေကို ရိုက်ဖို့ သုံးရမှာ"
အခြားသူများ သူ့ကို နှုတ်မဆက်ရသေးခင်မှာပင် သမားတော်ကြီးရွှယ်သည် သူ့တုတ်အား ကိုင်ပြီးနောက် ပြေးထွက်သွားခဲ့လေပြီ ဖြစ်သည်။
လူတိုင်း - ‘ဒီလူကို ကြည့်ရသည်မှာ သမားတော်ကြီးမှန်း တကယ် မသိသာဘူးပဲ’
"သမားတော်ကြီးရွှယ်က ဒေါ်လေးအိမ်မှာ ရှိနေတုန်းပဲလား ဦးလေးဝမ်နဲ့ ညီလေးချွမ်းကွေ့တို့ရဲ့ ခြေထောက်တွေကို မကုရသေးဘူးလား"
ဟူကျန်းရီက မနေနိုင်ဘဲ စိုးရိမ်တကြီး မေးလိုက်လေသည်။
"သူတို့ အနားယူနေတုန်းပဲလေ သက်သာလာတာလည်း မဆိုးပါဘူး"
အဖွားအိုဝမ်က ထပ်မပြောချင်တော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်လေသည်။ ဤသည်မှာ သူမ ကြိုတွေးထားပြီးသား ဆင်ခြေတစ်ခုသာ ဖြစ်သည်။ သူမ၏ သားများနှင့် ချွေးမများကိုပင် အခြားသူများအား ဤအတိုင်းသာ ပြန်ပြောရန် သင်ပေးထားခဲ့ခြင်း ဖြစ်သည်။
သူမ မျိုးစေ့များအား မည်သည့်အချိန်တွင် ဝယ်ခဲ့သည် မည်သည့်အချိန်တွင် ပြန်သယ်လာသည် ဆိုသည်နှင့် ပတ်သက်၍ အဖွားအိုဝမ်မှ တိုက်ရိုက်ပင် ပြန်မေးလိုက်သည်။
"ဘာလဲ နင်တို့က ငါ့ကိုတောင် စုံစမ်းချင်နေတာလား ဘယ်သူက နင်တို့ကို ဒီလောက်သတ္တိတွေ ပေးထားတာလဲ"
သူမ၏ သားများနှင့် ချွေးမများပင် ကြောက်လွန်း၍ ဆက်မမေးရဲခဲ့ကြချေ။ ယခု ရွာမှလူများ ရောက်လာချိန်တွင် သူမအနေဖြင့် ပေါ့ပေါ့ဆဆ ခြောက်လှန့်လိုက်၍ မရပေ။ ထို့ကြောင့် အလားတူ ဆင်ခြေမျိုးကိုပင် အသုံးပြုလိုက်ရသည်။ ရွာသားများလည်း ဤစကားအား ကြားလိုက်ရချိန်တွင် ကြက်သေ သေသွားပြီး ယုံကြည်သွားပုံရလေသည်။
အဖိုးအိုဝမ်၏ မိသားစုတွင် ဤကာလ အတွင်း ကံကောင်းနေခဲ့သည်မဟုတ်ပါလား။ မြေဝယ်ရန် ငွေ အမြောက်အမြား ရှာနိုင်ခဲ့လျှင် ဤသို့သော မျိုးစေ့ကောင်းများ ဝယ်ရန်ဆိုသည်မှာလည်း မဖြစ်နိုင်သည့်ကိစ္စမှ မဟုတ်ပါချေ။
ဤခေတ်အခါတွင် အိမ်များ၏ အသံလုံစနစ်သည် သိပ်မကောင်းလှချေ။ အဖိုးအိုဝမ်က အိမ်ထဲတွင် လှဲနေရင်း အပြင်ဘက်မှ အဖွားအိုဝမ်၏ စကားများအား အတိုင်းသား ကြားနေရလေသည်။ သူသည် သူ့ဇနီး ဖြစ်သူအား စိတ်ထဲမှနေ၍ လက်မထောင် ပေးလိုက်တော့သည်။
သူကိုယ်တိုင် အမှန်တရားအား မသိထားဘူးဆိုလျှင် သူပင်လျှင် ယုံကြည်သွားမည် ဖြစ်သည်။ အဖိုးအိုဝမ် မနေနိုင်ဘဲ တွေးမိသွားလေသည်။ ဤနှစ်များ တစ်လျှောက်လုံး သူ့ဇနီးသည် သူ့အား မည်သည်ကိုမှ ဖုံးကွယ် မထားခဲ့သည်မှာ အမှန်တကယ်ရော ဟုတ်ပါရဲ့လား။ သူ့ဇနီးသည် သူ့အား ဖုံးကွယ်ထားပြီး သူ မသိခဲ့သော ကိစ္စများ ရှိနေနိုင်မည်လား။
အားယွီလေးနှင့် သူမအစ်ကိုများသည် လယ်ထဲတွင် မည်သည့် အရာစိုက်ရမည်အား ဆွေးနွေး ပြီးသည်နှင့် တောရိုင်း သစ်သီးစေ့များ ရှာရန် တောင်ပေါ်သို့ ချက်ချင်း ထွက်လာခဲ့ကြတော့သည်။ ချင်ဟွိုင်၏ အိမ်ရှေ့မှ ဖြတ်သွားချိန်တွင် ချီကျားမှ သူတို့အား မည်သည့်နေရာအား သွားမည်ကို လှမ်းမေးလိုက်လေသည်။
"ဦးဦးချီ သမီးတို့ တောရိုင်း သစ်သီးစေ့တွေ သွားရှာမလို့ပါဗျ လိုက်ဦးမလား"
အားယွီလေးမှ ပြုံးရင်း မေးလိုက်လေသည်။ ချီကျား အလိုအလျောက် လှည့်ကြည့်လိုက်ချိန်တွင် ကျောက်စားပွဲ အနီး ထင်ရှားသော နေရာတွင် ထိုင်နေသည့် သူ၏ သခင်လေးအား တွေ့လိုက်ရသည်။ သူသည် အသံအား မြှင့်၍ မေးလိုက်လေသည်။
"သခင်လေး စာဖတ်နေတာ တစ်နေကုန်နေပြီ သင့်တော်သလို အနားယူသင့်တယ် တောင်ပေါ်မှာ လမ်းလေးဘာလေး လျှောက်ချင်လား"
အားယွီလေး ကြားချိန်တွင် ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။
"ကိုကိုအားယို ကိုကိုရော လိုက်မလားဟင်"
ချင်ဟွိုင်သည် အမှန်တွင် သိပ်မသွားချင်ပေ။ ပြီးခဲ့သည့် အကြိမ် သွားစဉ်က ချီကျားအား အားယွီလေးမှ ကိုးကွယ်သလို ကြည့်နေသည်ကို မြင်ရရုံ တင်မကဘဲ သူကိုယ်တိုင်လည်း သွေးအန်ခဲ့ရသေးသည်။ ထိုမြင်ကွင်းသည် ဆိုးနိုင်သမျှတွင် အတော် ဆိုးရွားခဲ့ခြင်း ဖြစ်သည်။
သူမအပေါ် သူ သွေးအန်ခဲ့သည်အား အားယွီ မှတ်မိသွားလျှင် မည်သို့ လုပ်မည်နည်း။ သူ့အား အလွန် ညစ်ပတ်သည်ဟု ထင်သွားမည်လား။ ဝမ်ဝူလန်မှ ဝင်ပြောသည်။
"သူ့ကို ခေါ်မသွားတာ ပိုကောင်းမယ် သူက မြင်း ထိုင် ထိုင်တာ နဲ့တောင် ငါတို့ကို မနိုင်ဘူးလေ သူ့ခံနိုင်ရည်ကလည်း ကောင်းမှာ မဟုတ်ပါဘူး အိမ်မှာပဲ အနားယူပါစေ"
"ဟုတ်ပြီလေ ကိုကိုအားယို ဒါဆို ညီမလေးပဲ သွားလိုက်တော့မယ်နော် ကိုကို့အတွက် သစ်သီးတွေ ယူလာခဲ့မယ်နော်"
အားယွီလေးက နှမြောတသဟန်ဖြင့် ကြည့်လိုက်လေသည်။
‘ဟူး စိတ်ဝိဉာဉ်စမ်းရေက ကိုကိုအားယိုကို မပျောက် ကင်းစေဘူးများလား’
ချင်ဟွိုင်သည် စာအုပ်အား စားပွဲပေါ် တင်လိုက်ပြီးနောက် မင်းတို့ကို ဘယ်လိုလုပ်ရမှန်း မသိတော့ဘူးဆိုသည့် ရုပ်မျိုးဖြင့် မေးကို မာနတခွဲသား မော့လိုက်သည်။
"ငါ လိုက်ခဲ့ပေးမယ်”
အားယွီလေးမှ လက်ခုပ်တီးလိုက်လေသည်။
"အရမ်းကောင်းတာပဲ ကိုကိုအားယို သွားကြမယ်"
ချင်ဟွိုင်မှ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"အင်း"
ချီကျား တစ်ယောက် သူ၏ သခင်ပေါက်စလေးအား ကြည့်ကာ ရီချင်စိတ်အား အောင့်အီးလျှက် တွေးလိုက်လေသည်။
‘သခင်လေး ယခုချိန် သခင်လေးပုံစံက ကြက်ဖပေါက်လေးနှင့် တူနေသည်ဆိုသည်ကို သတိထားမိရဲ့လား’
ထိုအရာသည် ရန်ဖြစ်ချင်နေသည့် ကြက်ဖ ပုံစံမျိုးပင် ဖြစ်သည်။ ကလေးများ တောင်ပေါ်သို့ တောရိုင်းသစ်သီး ရှာထွက် သွားချိန်တွင် ခရိုင်မြို့မှ အဘွားကျိုးသည်လည်း အောင်သွယ်တော် အနည်းငယ်နှင့် တွေ့ဆုံနေခဲ့သည်။
"အဘွားကျိုး ပြောတဲ့အတိုင်း ရွာတွေဘက်ကို သတင်းဖြန့်လိုက်ပါပြီ"
"အခု အခြေအနေ အရဆိုရင်တော့ ယုံတင်းခရိုင် တစ်ခုလုံးမှာ ဝမ်မိသားစုက အိမ်ထောင်ဖက် ရှာတွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး ဟို အချိုးမပြေတဲ့ လူတွေလောက်ပဲ သူတို့ကို မနည်း သဘောကျပါလိမ့်မယ်"
"သူတို့က အရမ်း မာနကြီးတာကိုး ဒီကိစ္စတွေကို သူတို့က မျက်ကွယ် ပြုထားမှာတော့ မဟုတ်ပါဘူး အသက် ၃၀ ၄၀ အရွယ် အပျိုကြီးတွေကို ယူဖို့လည်း သူတို့မှာ မျက်နှာ ရှိမှာမဟုတ်ဘူး"
အောင်သွယ်တော်များသည် ပြောရင်း ပြောရင်းဖြင့် အရေးကြီးသော ကိစ္စတစ်ခုအား အောင်မြင်စွာ ပြီးမြောက် သွားသကဲ့သို့ ပိုပို၍ စိတ်လှုပ်ရှား လာကြသည်။
အဘွားကျိုးသည် မဲ့ပြုံးပြုံးရင်း ပြောလိုက်လေသည်။
"သူတို့က ငါ့ကို စော်ကားရဲမှတော့ သူတို့မိသားစု မျိုးဆက် ပြတ်သွားစေရမယ်"
အာမခံပေးမည့် အောင်သွယ်တော် မရှိလျှင် အိမ်ထောင် ပြုမည့်ကိစ္စအား မေ့ထားလိုက်၍ ရပြီ ဖြစ်သည်။
‘အိမ်အပြည့် လူပျိုကြီးများသာ မွေးထားလိုက်ကြတော့’
ဤသည်မှာ အောင်သွယ်တော် တစ်ယောက်ကို စော်ကားမိသည့် ရလဒ်ပင် ဖြစ်သည်။ ထို့ပြင် သူမ အဘွားကျိုး ဆိုသည်မှာ ယုံတင်းခရိုင်တွင် အင်မတန် ဩဇာညောင်းသော အောင်သွယ်တော် တစ်ယောက် ဖြစ်သည်။
"ကောလာဟလတွေ ထွက်နေရင်တောင်မှ အများဆုံး နှစ်အနည်းငယ်လောက်ပဲ သူတို့ကို ထိခိုက်နိုင်မှာပါ အချိန်ကြာလာရင် ကျန်တဲ့သူတွေနဲ့လည်း ပြန်ဆွေးနွေးလို့ ရနိုင်မှာပဲ"
ဟု အောင်သွယ်တော် တစ်ယောက်မှ ဆိုသည်။
"ပြောရရင် နှစ်အနည်းငယ်လောက်ပဲ ထိခိုက်မယ်ဆိုရင်တောင် ငါတို့ဒေါသကို ဖြေလို့ရတာပါပဲ"
အဘွားကျိုးသည်လည်း ဤအရာအား တွေးမိသော်လည်း သူမ ခံခဲ့ရသည့် အရှက်ကွဲမှုကို တွေးမိလိုက်တိုင်း ဒေါသကို မျိုချ၍မရ ဖြစ်ရသည်။ နှစ်အနည်းငယ်မျှ အိမ်ထောင်ဖက် ရှာမရသည့် အသေးအမွှား ပြစ်ဒဏ်လေးဖြင့် သူတို့အား လွှတ်ပေးလိုက်ရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။
"သူတို့မိသားစုမှာ ကောင်မလေး တစ်ယောက် ရှိတယ်မလား ငါကြည့်ရတာတော့ သူက ကံကောင်းတဲ့သူပဲ နဂိုက သူ့ကို မိသားစု ကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ခဲ့တာ ဟက် အဲဒီအဘွားကြီးက ကျေးဇူးမတင်မှတော့ ငါ့ကို လာအပြစ်မတင်နဲ့တော့"
အောင်သွယ်တော်များ အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး အဘွားကျိုး ဘာလုပ်ချင်သည် ဆိုသည်အား အကြမ်းဖျင်း နားလည်သွားကြလေသည်။
"အဘွားကျိုးက"
"ဟီးဟီး ငါပြောတဲ့အတိုင်းသာ လုပ်စမ်းပါ"
အဘွားကျိုးမှ ညွှန်ကြား လိုက်လေတော့သည်။ ထို့နောက် သူမမှ ဆက်လက်၍ ပြောလိုက်သည်။
"ဒီကိစ္စသာ အောင်မြင်သွားရင် နောက်ပိုင်း နင်တို့ အတွက် အကျိုးအမြတ်တွေ လျော့သွားမှာ မဟုတ်ဘူး ရွာတွေဘက်က အဆက်အသွယ် နည်းနည်းလောက်တော့ နင်တို့ကို ထပ်ခွဲပေးလို့ ရသေးတယ်"
ထိုသူ အနည်းငယ်မှာ ချက်ချင်းပင် ပို၍ တောက်ပစွာ ပြုံးလိုက်ကြလေသည်။