← Chapters

ထူးကဲလှသော တောရိုင်းသစ်သီးနွယ်ပင်များ

Vol. 9 Ch. 122

ထူးကဲလှသော တောရိုင်းသစ်သီးနွယ်ပင်များ

Vol. 9 Ch. 122

ဟူကျန်းရီနှင့် အခြားသူများ လယ်ထဲမှ ကွာခြားချက်အား ရှာဖွေတွေ့ရှိ ပြီးနောက် ဝမ်မိသားစု အပေါ် သူတို့၏ သဘောထားမှာ ပို၍ပင် နွေးထွေး လာခဲ့လေသည်။ ဝမ်မိသားစုသည် ဤမျှ ရိုးသား ဖြောင့်မတ်နေခဲ့လျှင် သူတို့အား မျက်နှာ မပျက်စေသင့်ပေ။

လူတိုင်းမှ လယ်ယာ စိုက်ပျိုးရေး အပေါ် ပို၍ပင် စိတ်အား ထက်သန် လာကြလေသည်။ အဖွားအိုဝမ်မှ သူမ၏ မြေဆွေး ပြုလုပ်နည်း ကျွမ်းကျင်မှုများကိုပင် တစ်ကိုယ် ကောင်းမဆန်ဘဲ မျှဝေပေးခဲ့သေးသည်။ ဝမ်မိသားစု၏ ကိုယ်ပိုင်ခြံများသည် ဤမျှ ကောင်းမွန်နေသည်အား ရွာသားများ မြင်သောအခါ သဘာဝကျကျပင် ယုံကြည် သွားကြလေတေ့ာသည်။

အားယွီလေးနှင့် အခြားကလေးများသည် တောင်ပေါ်မှ နေ၍ တောရိုင်း သစ်သီးများ အများအပြား ခူးလာခဲ့ကြသည်။ အစပိုင်းတွင်မူ သူတို့သည် မျိုးစေ့ချမည်ဟု ထင်ထားခဲ့ကြခြင်း ဖြစ်သည်။ ဝမ်ချွမ်းမန် သိသွားသောအခါ သူတို့အား ပြောလိုက်လေသည်။

"အခု မျိုးစေ့ချဖို့က နည်းနည်း နောက်ကျနေလောက်ပြီ အဲဒီသစ်သီးတွေနဲ့ နွယ်ပင်တွေကို တိုက်ရိုက် ရွှေ့စိုက်လိုက်တာက ပိုကောင်းလိမ့်မယ် နောက်ထပ် နှစ်နှစ်နေရင် အစေ့တချို့က သူ့အလိုလို မြေကြီးပေါ် ကြွေကျလိမ့်မယ် သူတို့ကို သီးသန့် ဂရုစိုက်နေစရာ မလိုဘူး"

တောရိုင်းသစ်သီးပင်များသည်လည်း ဤနည်းဖြင့်ပင် မျိုးပွားကြခြင်း ဖြစ်သည်။ သာမန် တောရိုင်းသစ်သီးများ ကြီးထွားရန် များသော အားဖြင့် ခြောက်နှစ် ခုနစ်နှစ်ခန့် အချိန်ယူရလေသည်။

မြေကြီးပေါ် ကြွေကျပြီး ပုပ်သိုး သွားသော သစ်သီးများမှ မျိုးစေ့များ ဖြစ်လာကြခြင်း ဖြစ်သည်။ သူတို့၏ ပတ်ဝန်းကျင်တွင် သစ်သီးနွယ်ပင်သစ်များ ပေါက်ရောက် လာပြီး အဆုံးအစ မရှိသည့် ဆက်နွယ်မှုတစ်ခုအား ဖြစ်ပေါ်လာစေသည်။

လူတိုင်းမှ ဤအရာမှာ အဓိပ္ပာယ် ရှိသည်ဟု ခံစားရသောကြောင့် ပြေးလွှားပြီး နွယ်ပင် အမြောက်အမြားကို ရှာဖွေခဲ့ကြလေသည်။ သူတို့ ခူးလာသည့် သစ်သီးများကိုမူ အားယွီလေးအား အကုန်ပေးလိုက်ကြလေသည်။

အားယွီလေး၏ ခြင်းတောင်းငယ်လေးထဲ အပြည့် ထည့်ပေးလိုက်လေရာ သူမမှာ မျက်လုံးလေးများ မှိတ်ကျသွားသည် အထိ ဝမ်းသာ ပျော်ရွှင်နေတော့သည်။

သေချာပေါက်ပင် ဖြစ်သည်။ အားယွီလေးသည် ဤမျှ များပြားသော သစ်သီးများအား ကုန်အောင် မစားနိုင်ပေ။ ထို့ကြောင့် သူမလေးသည် အိတ်ကပ်ထဲမှနေ၍ နေရာလွတ်ထဲသို့ တစ်ဝက် ခိုးထည့်လိုက်ပြီး သစ်သီးများအား သိမ်းထားပေးရန် နတ်သူငယ်လေးအား အကူအညီ တောင်းလိုက်လေသည်။

အသားလုံးလေးမှ ဂရုစိုက်ထားပေးမည်ဟု ပြောထားသော်လည်း ညဘက်ရောက်ချိန်တွင် အားယွီလေးသည် သူမ၏ နေရာလွတ်ထဲ တန်းဝင်သွားပြီးနောက် သစ်သီး တစ်ဝက်အား စိုက်ပျိုးလိုက်လေသည်။

အင်မတန် တန်ဖိုးကြီးမားလှသည့် နှစ်သောင်းချီ သက်တမ်းရှိ မြေကြီးပေါ်တွင် စိုက်ပျိုးထားသော မျိုးစုံသော တောရိုင်းသစ်သီးများအား ကြည့်ရင်း အသားလုံးလေးမှာ ညည်းတွားရန်ပင် အင်အားမရှိတော့ချေ။

သစ်သီးပင်များ၏ ရှင်သန်နိုင်စွမ်းသည် အလွန်ပင် အားကောင်းလှပေသည်။ အာဟာရ အနည်းငယ် ရရုံမျှဖြင့်ပင် အလွန် မြင့်မားစွာ ကြီးထွား နိုင်ကြလေသည်။ စိတ်ဝိဉာဉ် မြေကြီးပေါ်တွင် ပေါက်ရောက်ရန် ဆိုလျှင်မူ ပြောစရာပင် မလိုတော့ချေ။

သန်းခေါင်ကျော်အချိန်တွင် နေရာလွတ်ထဲမှ သစ်သီးနွယ်ပင်များ ကြီးထွား လာကြလေသည်။ နောက်တစ်နေ့ ကုန်လွန်သွားခဲ့သည်။ တောရိုင်း သစ်သီးနွယ်ပင်များမှာ ကြီးမား လေးလံသည့် သစ်သီးများ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ သူတို့က အနီ အဝါ ခရမ်း အစိမ်း စသဖြင့် ရောင်စုံ မီးပုံးလေးများနှင့်ပင် တူညီနေသေးသည်။

"ဝါး အများကြီးပဲ"

ဤမျှ များပြားသော တောရိုင်းသစ်သီးများအား မြင်လိုက်ရ၍ အားယွီလေး အရမ်းကို ဝမ်းသာသွားခဲ့လေသည်။ ဤတစ်ကြိမ်မှာမူ အားယွီလေးသည် အချိန်ဆွဲမနေဘဲ လျိုရှီဆီ တန်းသွားပြီးနောက် ပြောလိုက်လေသည်။

"အမေ အားယွီ တောရိုင်းသစ်သီးတွေ အများကြီး ထပ်စိုက်ထားတယ်"

သူမ လက်ဖဝါးအား ဖြန့်လိုက်ချိန်တွင် တောရိုင်းသစ်သီးတစ်လုံး ထွက်လာခဲ့သည်။ လျိုရှီ ထိတ်လန့်သွားပြီးနောက် အလိုအလျောက် တံခါးအား ပိတ်ချင်သွားမိသည်။ သူမ သတိဝင်လာချိန်တွင် အားယွီလေးအား အမြန်ပွေ့ချီပြီး အိမ်ထဲသို့ ခြေလှမ်း သွက်သွက်ဖြင့် ဝင်သွားခဲ့သည်။

"အားယွီ ဒါက ဘယ်ကရောက်လာတာလဲ"

လျိုရှီ အံ့အား သင့်မိသွားသည်။ ဤသည်မှာ အားယွီလေးမှ မှော်ဆန်ဆန် ထပ်ပြီး ဖန်တီးလိုက်ခြင်းပင် ဖြစ်မည်ဆိုသည်အား သူမ အကြမ်းဖျင်း သိလိုက်ရသည်။

"အမေ ဒါက အရမ်း စားလို့ကောင်းတာပဲ"

အားယွီလေးသည် ဂရုမစိုက်ဘဲ လျိုရှီ၏ ပါးစပ်ထဲသို့ တောရိုင်းသစ်သီးများ အတင်း ထိုးထည့်ပေးလိုက်သည်။

"အမေ မစားချင်ပါဘူး အားယွီပဲ စားလိုက်ပါ"

လျိုရှီ၏ ရင်ထဲတွင် ဗြောင်းဆန်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ ပထမဆုံး တုံ့ပြန်မှုသည် ယောက္ခမအား သွားရှာရန်ပင် ဖြစ်သည်။ သူမ၏ ယောက္ခမသည် ဤသို့သော ကိစ္စမျိုးများကို သေချာပေါက် လွယ်လွယ်ကူကူ ကိုင်တွယ် ဖြေရှင်းနိုင်မည် ဖြစ်သည်။

အထိတ်တလန့် ဖြစ်နေသည့် ကြားမှပင် သူမသည် အားယွီ ကမ်းပေးလာသော သစ်သီးအား ကိုက်လိုက်မိလေသည်။ သစ်သီးလေး ပေါက်ကွဲ သွားပြီးနောက် ချိုမြိန်သော သစ်သီးရည်များသည် သူမ၏ နှုတ်ခမ်းနှင့် သွားများကြားထဲ စီးဆင်းသွားခဲ့လေသည်။ လျိုရှီ ကြက်သေ သေသွားမိသည်။

‘ဒီအရသာက’

တောရိုင်းသစ်သီးများသည် တောရိုင်းသစ်သီးများသာ ဖြစ်နေပြီး လူတိုင်း၏ နေ့စဉ်စားစရာ ဖြစ်မလာရသည့် အကြောင်းရင်းမှာ သစ်သီးအများစုသည် ချဉ်နေ၍ ဖြစ်သည်။ အချို့သည် မွှေးကြိုင်သော အနံ့လေးများ ထွက်နေလျှင်တောင်မှ ပါးစပ်ထဲရောက်ပါမူ အရသာ သိပ်မကောင်းကြချေ။

ထိုအသီးများအား ကလေးများ အတွက် အဆာပြေ မုန့်တစ်ခုကဲ့သို့သာ သဘောထား၍ ရလေသည်။ နေရာတိုင်းတွင် အမျိုးအစား စုံလင်သည့် တောရိုင်းသစ်သီးများ ရှိတတ်ကြသည်။ အချို့သည် အဆိပ်ရှိပြီး အများစုသည် အရမ်းချဉ်လေသည်။ ထိုကဲ့သို့ အသီးများသည် မည်မျှလောက် တန်ဖိုးကြီးနိုင်ပါမည်နည်း။ သို့သော် ဤအသီးမှာမူ အလွန်ပင် ကွာခြားနေခဲ့သည်။

လျိုရှီမှ အားယွီလေး စားရန် အတွက် ချက်ချင်းကိုပင် ပြန်ထွေး ထုတ်ပေးချင် သွားမိသည်။ အားယွီလေးသည် အိတ်ကပ်ထဲ ထပ်၍ နှိုက်လိုက်ပြီး နောက်ထပ် သစ်သီးနှစ်လုံး ထုတ်ယူလိုက်ပြန်သည်။

"ကြည့် အားယွီ့မှာ အများကြီး ရှိသေးတယ်"

အားယွီလေးသည် လက်ထဲမှ သစ်သီးနှစ်လုံးအား ဝမ်းသာအားရ ဝှေ့ယမ်းပြ လိုက်လေတော့သည်။

သူမသည် အားလုံးကို မြည်းကြည့် ပြီးသွားပြီ ဖြစ်သည်။ နေရာလွတ်ထဲမှ ခူးလာသော သစ်သီးများသည် အခြေခံအားဖြင့် အလွန်ချိုမြိန်လှကာ အချို့သည် အလွန် ချဉ်လှသည်။ သို့သော် ထိုအချဉ်အရသာသည် သာမန်အချဉ်များနှင့် မတူပေ။

အချုပ်ပြောရလျှင် အသီးအားလုံးသည် အလွန် စားလို့ကောင်းလှပေသည်။ သေချာပေါက်ပင် သူမ အမေနှင့် အတူတူ မျှစားရမည် ဖြစ်သည်။ လျိုရှီ၏ မျက်လုံးများ တဖျပ်ဖျပ် လှုပ်ခတ်သွားပြီးနောက် အားယွီလေးအား မေးလိုက်သည်။

"ဒါကို သမီးအစ်ကိုတွေကို ကျွေးပြီးပြီလား အဘွားကိုရော ပေးပြီးပြီလား"

အားယွီလေးမှ ခေါင်းခါပြလိုက်သည်။

"သူတို့ကို မပေးရသေးပါဘူး မေမေ့ကို အရင်ပေးတာ"

"ကလေးလိမ္မာလေး သမီးက အရမ်းသိတတ်တာပဲ အဘွားကို တစ်လုံးပေးလိုက်နော်"

လျိုရှီက အလေးအနက်ထား ပြောလိုက်လေသည်။

"အဘွားကို အရင်ပေးရမယ်နော်"

အားယွီလေး ခေါင်းညိတ် ပြလိုက်သည်။

"ဘာလို့လဲဆိုတော့ အဘွားက မိသားစုမှာ လူကြီးဆိုတော့ လူကြီးတွေကို အရင်ပေးရမယ်မလားဟင်"

အားယွီလေးက ဤသဘောတရားအား အကြီးအကဲဟူဆီမှ သင်ယူခဲ့ခြင်း ဖြစ်သည်။ အားယွီလေးမှ အစ်ကိုများ နောက်လိုက်ကာ အကြီဂအကဲဟူ ထံတွင် စာသွား သင်သော်လည်း အကြီးအကဲဟူမှာမူ အားယွီလေးအား သိပ်အများအပြား မသင်ပေးခဲ့ပေ။

အဓိက အကြောင်းအရင်း မှာမူ သူမလေးသည် အလွန် ငယ်သေးပြီး မိန်းကလေးလည်း ဖြစ်နေသည့် အတွက် သူမ အပေါ်ထားသည့် သတ်မှတ်ချက်သည် သဘာဝကျကျပင် သိပ်မမြင့်မားလှချေ။ သို့သော် သူမလေးအား သဘောတရားလေးများ ရှင်းပြသည့် အခါတိုင်း အားယွီလေးမှ စိတ်ဝင်တစားဖြင့် နားထောင်လေ့ ရှိသည်။

"ဟုတ်တယ် အဘွားကို အရင်ပေးရမယ်နော်"

လျိုရှီ ခဏ စဉ်းစား ပြီးနောက် အားယွီလေးကို ကိုယ်တိုင် ခေါ်သွား လိုက်သည်။ အဓိကမှာတော့ သူမ ယောက္ခမ၏ သဘောထားကိုလည်း သိထားချင်၍ ဖြစ်သည်။

အဖွားအိုဝမ်မှ အိမ်တွင် ဖိနပ်၏ အောက်ခြေများအား သန့်ရှင်းရေး လုပ်နေခဲ့သည်။ အားယွီလေး ထုတ်ပေးလာသော တောရိုင်းသစ်သီးများအား မြင်လိုက်ရချိန်တွင် သူမက တည်တည်ငြိမ်ငြိမ်ပင် နေနိုင်နေပြီ ဖြစ်သည်။

သူမသည် လျိုရှီကဲ့သို့ ပြာယာခတ် မနေခဲ့ပေ။ ထိုအစား အားယွီလေးအား ဤသစ်သီးများ မည်သည့်နေရာမှ ရသနည်း ကိုယ်တိုင် စိုက်ထားခြင်းလား သို့တည်းမဟုတ် တိုးတက် လာအောင် ပြုလုပ်ရန် အထူး နည်းလမ်း တစ်ခုခု ရှိနေသည်လား ဆိုသည်ကိုသာ မေးလိုက်လေသည်။

"နတ်သူငယ်လေးက သမီးနဲ့ အတူတူ ကူစိုက်ပေးတာ နှစ်ရက်လောက် ကြာတယ်"

အားယွီလေး၏ အချိန်အယူအဆသည် အလွန်ပင် ရှုပ်ထွေးနေခဲ့သည်။ နေရာလွတ်ထဲတွင် စိုက်ထားသော အရာများသည် များသောအားဖြင့် တစ်ရက်အတွင်း ကြီးထွား လာနိုင်သည် ဆိုသည်လောက်သာ သူမ အကြမ်းဖျင်း သိထားခြင်း ဖြစ်သည်။ သူမ မိသားစု၏ လယ်ထဲတွင် စိုက်သော အရာများမှာမူ ရက်အများကြီး စောင့်ရလေသည်။

သို့သော် မည်သည့် အကြောင်းကြောင့် ဤမျှ အချိန် ကွာခြားနေရသည်ကိုမူ အားယွီလေး လုံးဝ နားမလည်ချေ။ အရာအားလုံးကို နေရာလွတ်ထဲတွင်သာ စိုက်သင့်သည်ဟုလည်း သူမ မထင်ထားချေ။ သူမမိသားစုသည်လည်း သူမလိုပင် ကိုယ်ကြိုက်သည့် နေရာတွင် ကိုယ်စိုက်ချင်တာ စိုက်ခြင်း ဖြစ်လိမ့်မည်ဟု တွေးမိသည့် အတွက် ဖြစ်ပေသည်။

"ဒါနဲ့လေ ဘွားဘွား အားယွီက နွယ်ပင်တွေ အရမ်း အများကြီး စိုက်ထားတာ အကုန်လုံးကို သိုလှောင်ထားဖို့က မဖြစ်နိုင်သလောက်ပဲလေ အဲဒါတွေကို လယ်ထဲမှာ စိုက်လို့ရမလားဟင်"

အားယွီလေးသည် လွန်ခဲ့သည့် နှစ်ရက်ခန့်ကတည်းမှ ဤ တောရိုင်း သစ်သီးများ အကြောင်း စဉ်းစားနေခဲ့သောကြောင့် နေရာလွတ်ထဲမှ စိတ်ကူးယဉ် ကမ္ဘာလေးတွင် တောရိုင်းသစ်သီးများနှင့် ပြည့်နှက်နေခဲ့သည်။ တောရိုင်း သစ်သီးနွယ်ပင်များသည် အလွန် မြန်မြန် ပွားများ လာသည်နှင့် ပေါင်းလိုက်ချိန်တွင် အချို့ဆိုလျှင် ပေ ၆၀ ၇၀ ခန့်ပင် ရှည်ထွက်နေပြီ ဖြစ်ရာ အထူးသဖြင့် ကြောက်စရာ ကောင်းလှပေသည်။

သူတို့အားလုံးသည် ကျဉ်းကျပ်သော နေရာလေးထဲတွင် စုပြုံနေကြခြင်း ဖြစ်သည်။ အားယွီလေးတင် မကဘဲ အသားလုံးလေးပင်လျှင် အနည်းငယ် ရူးချင်ချင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အဖွားအိုဝမ်မှ မေးလိုက်သည်။

"အဘွားတို့ကို တစ်ပင်လောက် ထုတ်ပြပါလား"

အားယွီလေးမှ နေရာလွတ်ထဲမှနေ၍ နွယ်ပင်အား ထုတ်ယူလိုက်လေသည်။ အားယွီလေးကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည့်တိုင် အဖွားအိုဝမ်မှာ အံ့ဩ တုန်လှုပ်သွားရသေးသည်။

ဤနွယ်ပင်သည် အမှန်ပင် ရှည်လွန်းလှသည်။ တောရိုင်း သစ်သီးပင်များ ကြီးထွားနိုင်သည့် အရှည်မျိုး မဟုတ်ချေ။ ထိုအပေါ်တွင် သစ်သီးများလည်း တွဲလောင်းကျနေသေးသည်။ အားလုံးသည် ကြောက်ခမန်းလိလိပင် နီရဲ တောက်နေခဲ့သည်။ လျိုရှီသည် အလွန်အမင်း စိုးရိမ်တကြီး ဖြစ်နေပြီး အဖွားအိုဝမ်အား အလျင်စလို ပြောလိုက်သည်။

"အမေ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ”

သူမ အားယွီ့အတွက် အလွန် စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။ အားယွီ့ဆီတွင် ထူးဆန်းသောအရာများ ပိုပေါ် လာလေလေ လျိုရှီ ပိုပြီး ထိတ်လန့် လာလေလေ ဖြစ်သည်။ သူမ ခက်ခက်ခဲခဲ ရလာခဲ့သည့် သမီးလေးသည် အလွန် ထူးကဲနေသည့် အတွက် သူမကို ထားသွားမည်ကိုလည်း စိုးကြောက်နေခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာဆိုလျှင် သူမ သေချာပေါက် ရူးသွားရပေလိမ့်မည်။ အဖွားအိုဝမ်မှ အားယွီလေးကို မေးလိုက်သည်။

"ဒါကို အဘွားကို ပေးမလို့လား ဒါပေမဲ့ ဒါက မြေးလေးပိုင်တာလေ မြေးလေး သဘောကျရင် ကိုယ့်ဘာသာကိုယ် ခူးစားလို့ရတယ် တခြားသူတွေကိုတော့ အမြင်မခံနဲ့ပေါ့"

"ဘွားဘွား ကျွန်မတို့ မိသားစုက ဆင်းရဲလွန်းလို့ ကိုကိုကြီးတို့က တောရိုင်းသစ်သီးတွေ စိုက်ပြီး ရောင်းချင်တယ်လို့ ပြောကြတယ် နောင်ကျရင် သမီးတို့ မိသားစုလည်း ချမ်းသာလာမှာလေ"

အားယွီလေးမှ အလေးအနက် ပြောလိုက်သည်။

"ဘွားဘွား အားယွီလည်း ကူညီချင်တယ် ဒါပေမဲ့ ဒီဟာကို စိုက်တာကလွဲပြီး တခြား ဘာစွမ်းရည်မှ မရှိဘူးရယ်"

သူမ၏ ဆိုလိုရင်းအား ဖော်ပြရန် အတွက် အားယွီလေးသည် သူမ၏ နေရာလွတ်ထဲ မှနေ၍ နောက်ထပ် နွယ်ပင် ဆယ်ပင်ကျော်ခန့်ကို ထုတ်ယူလိုက်ပြန်သည်။ သူမ ဆိုလိုသည်မှာ ထိုအရာများကိုသာ အဖွားအိုဝမ်အား ပေးပြီး ရောင်းခိုင်းမည် ဖြစ်သည်။ ငွေရအောင် ရောင်းပြီးသွားလျှင် သူတို့မိသားစုတွင် ငွေများ ရှိလာမည် ဖြစ်သည်။

All Chapters