← Chapters

နတ်ဘုရားမိုးရွာသွန်းခြင်း

Vol. 9 Ch. 123

နတ်ဘုရားမိုးရွာသွန်းခြင်း

Vol. 9 Ch. 123

တကယ်တမ်းတွင် အားယွီလေးသည် ဤမျှ နက်နက်နဲနဲ တွေးနိုင်သည် မဟုတ်ပေ။ အသားလုံးလေးမှ အနောက်မှ နေ၍ တိတ်တဆိတ် သင်ပေးထားခြင်း ဖြစ်သည်။

ဝမ်မိသားစုသည် ဆင်းရဲလွန်းလှသည်။ ဆင်းရဲခြင်းသည် မိသားစု တစ်ခုအား အလွန် အားနည်းစေပြီး အားနည်းခြင်းသည် မိသားစုကိုသာ ပိုပြီး ဆင်းရဲစေလိမ့်မည် ဖြစ်သည်။

ဤသို့ ဖိနှိပ် ချုပ်ချယ်သော လောကတွင် အားနည်းသူများသည် ပိုပိုပြီး အားနည်းလာပြီး ဆင်းရဲသူများသည်လည်း ပိုပို၍ ဆင်းရဲလာမည်ဟု ပြော၍ ရပေသည်။ သူတို့သာ နလံ ထူလာရန် အခွင့်အရေး မရှာနိုင်လျှင် မျိုးဆက် အဆက်ဆက် ဆင်းရဲနေနိုင်ပေသည်။

အသားလုံးလေးသည် ဘယ်သူ့ကိုမျှ မသနားပေ။ နဂိုကတည်းမှ သူ့တွင် ခံစားချက် ဆိုသည်မှာ မရှိပေ။ သို့သော် ယခု အားယွီလေးနှင့် အတူ ရှိနေချင်သည့် အတွက် သူမအား ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရအောင် အစွမ်းကုန် ကြိုးစားပေးမည် ဖြစ်သည်။

ယခုအချိန်တွင် အားယွီလေးသည် နေရာလွတ်ကိုသာ သုံးနိုင်သေးသည် ဖြစ်ရာ ဤနယ်မြေလေးအား ဝမ်မိသားစု ချမ်းသာလာရန် အတွက် အစပြုရာ နေရာတစ်ခု ဖြစ်လာစေရမည် ဖြစ်သည်။

အသားလုံးလေးသည် အားယွီလေးအား ဝမ်မိသားစု ချမ်းသာ လာစေရန် အမှန်တကယ် ကူညီခိုင်းရန် တစ်ခါမှ မတွေးဖူးပေ။ ရှေးခေတ်ကတည်းမှ စည်းစိမ်ဥစ္စာ ဆိုသည်မှာ လူများ၏ စိတ်နှလုံးအား လှုပ်ခတ် နိုင်သည် မဟုတ်ပါလား။ ဤမိသားစုသည် အပေါ်ယံတွင်မူ ရိုးသားပုံ ပေါက်သော်လည်း အတွင်းစိတ်တွင် ယုတ်မာနေမည်လား ဘယ်သူ သိနိုင်မည်နည်း။

ထို့ကြောင့်ပင် အသားလုံးလေးက အချိန်အကြာကြီး စောင့်ကြည့်နေခဲ့ပြီး အဖိုးအိုဝမ်၏ မိသားစုကိုလည်း အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။

ထိုမျှ မကသေးဘဲ တစ်ခါတရံဆိုလျှင် သူ၏ အာရုံခံနိုင်စွမ်း မှတစ်ဆင့် ဝမ်မိသားစုအပေါ် အကဲဖြတ်ချက်များနှင့် ရွာထဲမှ အခြားသူများ၏ စရိုက်လက္ခဏာများကိုလည်း နားထောင်လေ့ ရှိပေသည်။

ယေဘုယျအားဖြင့် ဤသည်မှာ အလွန်ပင် ရိုးရှင်းသော ရွာလေး တစ်ရွာဖြစ်သည်။ ဝမ်မိသားစု ရုတ်တရက် ချမ်းသာလာ၍ အချို့လူများ အနည်းငယ် မနာလို ဖြစ်သွားလျှင်ပင် မျက်တောင် တစ်ခတ် အတွင်းမှာပင် ထိုမနာလိုမှုများ ပျောက်ကွယ် သွားတတ်သည်။ အများစုသည် ကိုယ့်ဘဝနှင့်ကိုယ် အလုပ်ရှုပ်နေကြသည်သာ ဖြစ်သည်။

လူတိုင်းတွင် ဤသို့ သိမြင် နားလည်မှုမျိုး ရှိနေသည် ဆိုသည်မှာ သူတို့၏ စိတ်ထားများ မဆိုးဘူးဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ ထို့ကြောင့် အကဲခတ် အပြီးတွင် အသားလုံးလေးသည် အားယွီလေးအား သူမ၏ စွမ်းရည်များအား အမှန်ပင် ပြသခွင့် ပေးလိုက်၍ ရပြီဟု ခံစားလိုက်ရလေသည်။

ယခုဆိုလျှင် အားယွီလေး အပေါ် အဖွားအိုဝမ်နှင့် လျိုရှီတို့၏ သဘောကျမှုသည် ၉၀ ကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဤလူနှစ်ယောက်သည် လက်ရှိအချိန် အထိ အားယွီလေး အပြည့်အဝ ယုံကြည်၍ရသည့် သူများပင် ဖြစ်သည်။

"ဘွားဘွား မိသားစုထဲက ကိုကိုတွေ အားလုံး သူတို့သင်ချင်တဲ့အချိန် စာပေနဲ့ သိုင်းပညာတွေ သင်နိုင်ဖို့ မျှော်လင့်တယ် ဘိုးဘိုးတို့လည်း ပိုပြီး အနားယူနိုင်ဖို့ မျှော်လင့်တယ် ဘွားဘွားလည်း နေ့တိုင်း ပင်ပင်ပန်းပန်း အလုပ်မလုပ်ဘဲ ပိုပြီး အနားယူစေချင်တယ်"

အားယွီလေး၏ လက်ညှိုးသေးသေးလေး နှစ်ချောင်းသည် တစ်ခုနှင့်တစ်ခု ထိချိတ်နေပြီး စိုးရိမ်နေပုံရလေသည်။

"အားယွီ တစ်ခုခု အမှားလုပ်မိလို့လားဟင်"

သူမသည် အလွန် ငယ်သေးသဖြင့် လောကရေးရာများအား လုံးဝ နားမလည်သေးပေ။ မိသားစုမှ ဖြည်းဖြည်းချင်း သင်ပေးသည်ကိုသာ အားကိုးရပြီး ကိစ္စများကိုလည်း နားလည်ရန် ကိုယ့်ဘာသာကိုယ် အားကိုးနေရခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ လုပ်ခဲ့သည်မှာ မှန်သလား မှားသလားဆိုသည်ကို သူမ မဆုံးဖြတ်နိုင်ခဲ့ပေ။

"မဟုတ်ပါဘူး အားယွီ မြေးလေးက အရမ်းကောင်းကောင်း လုပ်ခဲ့တာပါကွယ်"

အဖွားအိုဝမ် ဆိုသည်မှာ ခံစားချက်များကို အလွယ်တကူ ထုတ်ပြလေ့ရှိသူ မဟုတ်ပေ။ ပုံမှန်ဆိုလျှင် သူမ၏ စိတ်တိုစရာ ကောင်းသော ပုံစံအား မြင်ရလျှင် လူများသည် သိပ်ပြီး ဒေါသမထွက်ကြပေ။ သို့သော် ယခုတွင်မူ ဤကလေးလေးကြောင့် သူမ အမှန်ပင် စိတ်လှုပ်ရှား ကြည်နူးသွားခဲ့ရလေသည်။

သူမလေးသည် လေးနှစ်အရွယ် ကလေးလေး တစ်ယောက်သာ ဖြစ်သည်။ ငယ်ရွယ် သေးသော်လည်း အမြဲတမ်း မိသားစု အတွက် တွေးပေးရှာသည်။ လျိုရှီမှာမူ မျက်နှာလွှဲ၍ ငိုကြွေးနေပြီ ဖြစ်သည်။

ဤသည်မှာ သူမ၏ အားယွီလေး ဖြစ်သည် ဤသို့ သမီးလေးမျိုးအား ဆုံးရှုံးရရန် သူမ မည်ကဲ့သို့ ရက်စက်နိုင်ပါမည်နည်း။ သူမ အသက်နှင့် ရင်း၍ သမီးလေးအား ကာကွယ်ရမည် ဖြစ်သည်။

"အားယွီ မြေးလေးပေးတဲ့ ဒီအရာက အရမ်းကောင်းတယ် မိသားစု အတွက် အရမ်း အထောက်အကူ ဖြစ်တယ် မပူပါနဲ့ အဘွား ဒါကို သေချာ ကိုင်တွယ် ဖြေရှင်းပြီး မြေးလေးကို သေချာပေါက် စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူးနော်"

ကလေးများပင် ဤမျှအထိ ကြိုးစားပေးနေပြီ ဖြစ်သည်။ လူကြီးများ ဖြစ်သော သူတို့မှာမူ အားယွီလေး ကျွေးမွေးသည်ကိုသာ ထိုင်စောင့်နေကြတော့မည်လား။ အဖွားအိုဝမ်နှင့် တခြားသူများသည် အားယွီ့အား ဖက်နမ်း ပြီးနောက် ကလေးအား အပြင်ထွက်ကစားရန် ချော့မော့ လွှတ်လိုက်ကြသည်။

အိမ်ထဲတွင် တောရိုင်းသစ်သီးနွယ်ပင်များ ပြည့်နှက်နေသောကြောင့် အပြင်ထွက်၍ပင် မရသလောက် ဖြစ်နေခဲ့သည်။ အားယွီလေး ပဲပုပ်နွယ်ပင် ထုတ်ပေးစဉ် အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ပင် ဖြစ်သည်။ အဖွားအိုဝမ်မှ ပြောလိုက်သည်။

"ဟိုကောင်စုတ်လေးတွေ စိုက်ထားတဲ့ တောရိုင်းသစ်သီးနွယ်ပင်တွေနဲ့ သွားလဲလိုက် တခြားသူတွေ မြင်သွားမှာစိုးလို့ နေ့ဘက်တော့ မလုပ်နဲ့"

လျိုရှီမှ ပြန်ပြောလိုက်သည်။

"အမေ ကျွန်မ အမေ့စကားကို နားထောင်ပါ့မယ်"

ညနေခင်း မိသားစု ထမင်းစား ပြီးနောက် အဖွားအိုဝမ်သည် အနားယူရန် အခန်းထဲ ဝင်သွားလေသည်။ အဖိုးအိုဝမ်မှာမူ ဝမ်ချွမ်းကွေ့နှင့် ယှဉ်လျက် လှဲနေဆဲ ဖြစ်သည်။ အဒေါ်မာ အဖို့ သူမ၏ ယောက္ခမ ဖြစ်သူ နှင့် တစ်ခန်းတည်း နေရန်မှာမူ အဆင်မပြေပေ။ ဤကာလများ အတွင်းတွင် သူမသည် ကလေးများ၏ အခန်းငယ်လေးထဲ၌သာ ကြမ်းပြင်ပေါ် အိပ်နေခဲ့ရသည်။

အဖွားအိုဝမ်၏ အခန်းထဲတွင်မူ ဘယ်သူမှ မနေရဲကြချေ။ အဖွားအိုဝမ်မှ ခွင့်ပြုလျှင်ပင် တစ်ခါတရံ အားယွီလေးသာ ဝမ်းသာအားရ သွားအိပ်လေ့ ရှိသည်။ မည်သို့ပင် ဆိုစေကာမူ အဖွားအိုဝမ်၏ အာဏာစက်သည် အလွန် ပြင်းသည် မဟုတ်ပါလား။ လူတိုင်းသည် သူမအား ကြောက်ကြရလေသည်။

ထိုညတွင် ရုတ်တရက် မိုးရွာချလာပြီး လူတိုင်း အိပ်ပျော်သွားကြလေသည်။ လျိုရှီ ရုတ်တရက် ကုတင်ပေါ် မှနေ၍ ထထိုင်လိုက်သည်။ ဝမ်ချွမ်းမန် လန့်သွားပြီး ကုတင်ပေါ်မှ လိမ့်ကျသွားခဲ့သည်။ သူ ထလိုက်ချိန်တွင် လျိုရှီက ကုတင်ပေါ်တွင် လုံးဝမလှုပ်ဘဲ လှဲနေသည်ကို တွေ့လိုက်ရသည်။

"မိန်းမ မိန်းမ"

ဝမ်ချွမ်းမန်က ပြာပြာသလဲ ခေါ်လိုက်လေသည်။ လျိုရှီမှ မကြားချင်ယောင် ဆောင်နေလိုက်သည်။ အပြင်ဘက်တွင် ရုတ်တရက် လျှပ်စီး လက်သွားပြီး တံခါးကြားမှ အဖြူရောင် အလင်းတန်းများ တစ်ခါတရံ ဝင်လာခဲ့သည်။

မူလတွင် ဝမ်ချွမ်းမန်သည် အတော်အတန် သတ္တိရှိသော်လည်း ယခုလေးတင် ထိတ်လန့်သွားသောကြောင့် ရင်တဒိတ်ဒိတ် ခုန်နေဆဲဖြစ်သည်။ ဤတစ်ကြိမ်တွင် ဝမ်ချွမ်းမန် ပို၍ပင် ကြောက်သွားခဲ့ပြီ ဖြစ်သည်။

"ယောက်ျား ဘာလို့ ကြမ်းပြင်ပေါ် ရောက်နေတာလဲ"

လျိုရှီသည် အိပ်ရာ မနိုးသေးသည့် ပုံစံမျိုးဖြင့် အသံတုန်တုန်ယင်ယင် ပြောလိုက်သည်။

"မြန်မြန် ပြန်တက်ခဲ့လေ အရမ်းချမ်းတာပဲ"

ဝမ်ချွမ်းမန် အမြန် ကုတင်ပေါ် ပြန်တက်ပြီး စောင်အောက်ထဲ ဝင်ကာ မလှုပ်ရဲတော့ပေ။ အတန်ကြာတော့ အပြင်ဘက် တံခါးအး တစ်ခုခု လာခေါက်နေသကဲ့သို့ ရုတ်တရက် ကြားလိုက်ရသည်။ လျိုရှီသည် မလှုပ်ပေ။ ဝမ်ချွမ်းမန်သည် တိတ်တဆိတ် ခေါင်းပြူ ကြည့်လိုက်ချိန်တွင် အရိပ်တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"ငါ ဘာမှ မမြင်ဘူး ငါ ဘာမှ မမြင်ဘူး"

ဝမ်ချွမ်းမန်မှ တီးတိုးရေရွတ်ရင်း လျိုရှီအနားသို့ မနေနိုင်ဘဲ ပို၍ တိုးကပ်သွားခဲ့သည်။ သူ့ဇနီးသည်၏ ကိုယ်မှ ရရှိသည့် နွေးထွေးမှုသည် သူ့အား နှစ်သိမ့်ပေး၍ပင်လား မသိချေ? အကြီးအကျယ် စိတ်လှုပ်ရှား ပြီးနောက်တွင် ဝမ်ချွမ်းမန် ဖြည်းဖြည်းချင်း အိပ်ပျော်သွားပြန်လေသည်။

ဝမ်ချွမ်းမန်၏ ဟောက်သံများ တဖြည်းဖြည်း ညီညာသွားချိန်တွင် လျိုရှီသည် ဖြည်းဖြည်းချင်း ထရပ်ပြီး အဝတ်အစား လဲလိုက်လေသည်။ သားအဖ နှစ်ယောက်အား စောင်ခြုံပေးခဲ့ပြီးနောက် တံခါးအား တိတ်တဆိတ် ဟကာ အပြင်သို့ တိုးထွက်သွားခဲ့သည်။

တံခါးအပြင်ဘက်တွင်မူ အဖွားအိုဝမ်သည် သူမ၏ ကောက်ရိုးမိုးကာအား ဝတ်ဆင်ထားပြီးနေပြီ ဖြစ်သည်။

"ဒီည မိုးရွာတာ အချိန်ကိုက်ပဲ"

ဟု အဖွားအိုဝမ်မှ ပြောရင်း လက်ထဲမှ ခြင်းတောင်းအား လျိုရှီဆီ ကမ်းပေးလိုက်လေသည်။ သူမဘေးတွင်မူ တောရိုင်းသစ်သီးနွယ်ပင်များ အပြည့် ထည့်ထားသော ခြင်းတောင်းတစ်လုံး ရှိနေခဲ့သည်။ သူတို့သည် ဤညတွင် ထိုတောရိုင်းသစ်သီး နွယ်ပင်များအား သွားလဲကြမည် ဖြစ်သည်။

"အမေ ကျွန်မပဲ ခြင်းကို သယ်ပါ့မယ် မိုးရွာတဲ့ရက်ဆိုတော့ လမ်းတွေက ချော်တယ် ချော်လဲပြီး မထိခိုက်စေနဲ့နော်"

လျိုရှီမှ အသံအား နှိမ့်ပြောလိုက်သည်။

"ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါအေ ငါ့ကို ဂရုစိုက်နေစရာ မလိုဘူး"

ထိုသို့ ပြောပြီးနောက် အဖွားအိုဝမ်သည် ကိုယ်ကိုကိုင်းကာ ခြင်းတောင်းအား ကောက်မပြီး လျှောက်သွားခဲ့လေသည်။ နွေဦးမိုး ဖြစ်သော်လည်း ညဘက်တွင် တော်တော်လေး ပြင်းထန်ပြီး ဆူညံနေသောကြောင့် ဝမ်မိသားစုမှ တခြားသူများ ဘာသံမှ မကြားကြပေ။

ထို့နောက် တစ်ခါတရံ လက်သွားသော လျှပ်စီး အလင်းရောင် နှင့်အတူ ယောက္ခမနှင့် ချွေးမ နှစ်ယောက်သည် တောင်တန်းဒေသဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားကြလေသည်။ ထို့နောက် တောရိုင်း သစ်သီးနွယ်ပင် တချို့ကို အလွယ်တကူ တူးထုတ်လိုက်ပြီးနောက် အားယွီလေး ပေးထားသောအရာများနှင့် လဲလှယ်လိုက်ကြလေသည်။

အလွန်အမင်း သိသာမနေစေရန် အတွက် သူတို့သည် ရွာထိပ်ကိုပင် သွားပြီး အခြား သာမန် တောရိုင်းသစ်သီးနွယ်ပင် နှစ်ပင် သုံးပင်ခန့်ကို သွားလဲခဲ့ကြသေးသည်။ အပြင်ပန်းကြည့်လျှင်မူ ဝမ်မိသားစု၏ လယ်ထဲမှ တောရိုင်း သစ်သီးနွယ်ပင်များသည် ထူးဆန်းနေသော်လည်း သူတို့မိသားစု တစ်စုတည်းသာ ထူးဆန်းနေခြင်း မဟုတ်ဘူး ဆိုသည့် ပုံစံမျိုး ပေါက်သွားစေခဲ့သည်။

အဖွားအိုဝမ်သည် အားယွီ၏ အစစ်အမှန် စွမ်းရည်များအား ဖုံးကွယ်ထားရန် ဆုံးဖြတ် လိုက်လေတော့သည်။ ထို့ကြောင့် နောက်နေ့တွင် သူမသည် အားယွီလေး ထံမှနေ၍ စိတ်ဝိဉာဉ်စမ်းရေ တစ်မှုတ်စာ တောင်းလိုက်လေသည်။ ဤအချိန်တွင် သူမ၏ နှမြောတွန့်တိုမှုအား ဂရုမစိုက်နိုင်တော့ပေ။ ရေစင် အကုန်လုံးကို ချေးပုံးထဲ လောင်းထည့် လိုက်ပြီးနောက် ရေနှစ်ပုံးနှင့် ရောမွှေ လိုက်လေသည်။ သန်းခေါင်ယံ အချိန် ရောက်ချိန်တွင် လျိုရှီအား ဆွဲခေါ်သွားကာ သူတို့နှစ်ယောက်သည် ရွာ၏ လယ်ကွင်းများအား ကျပန်း ရေလိုက် လောင်းကြလေသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုသည် နှစ်ရက် သုံးရက်ခန့် ကြာသွားခဲ့ကာ ဘယ်သူမှ အပြင် မထွက်နိုင်ကြပေ။ ကံကောင်း ထောက်မစွာဖြင့် အရင်တွင် မျိုးစေ့များအား စိုက်ပြီးသွားပြီ ဖြစ်သည်။ ထို့အစား နွေဦးမိုး အချိန်ကိုက် ရွာချလာသည့် အတွက် သူတို့ အလွန်ကို ပျော်ရွှင်နေကြလေသည်။

မိုးတိတ် သွားသည့်နေ့တွင် လူတိုင်းသည် လယ်ထဲကို သွားကြည့်ရန် မစောင့်နိုင်ကြတော့ပေ။ ကောက်ပဲသီးနှံများ မိုးဒဏ်ကြောင့် ပျက်စီး သွားမည်ကိုလည်း စိုးကြောက် နေကြမိသည်။ အပင်အချို့များ လဲကျသွားခဲ့လျှင် ပြန်ထူမတ် ပေးရမည် ဖြစ်သည်။

ထိုအချိန်မှာပင် ရှေ့ဆုံးမှ လျှောက်လာသော မုဆိုးမကျိုးသည် သူမမိသားစု၏ လယ်ထဲတွင် လူတစ်ဝက်ခန့် အမြင့်ရှိသော ပျိုးပင်လေး တစ်ခု ပေါ်လာသည်အား တွေ့လိုက်ရတေ့ာသည်။

"ဘယ် ခွေးသူတောင်းစားက ငါ့မိသားစုရဲ့ လယ်ထဲမှာ သစ်ပင် လာစိုက်သွားတာလဲ ကိုယ်ကျင့်တရား ခေါင်းပါးလိုက်တာ"

မကြာခင်မှာပင် တခြားသော ရွာသား တစ်ယောက်သည်လည်း အသစ်တစ်ခုကို ရှာဖွေ တွေ့ရှိသွားပြန်တော့သည်။

"အာယား ဒါက အနီရောင်သစ်သီး မဟုတ်ဘူးလား ဘာလို့ ဒီလောက်တောင် ကြီးသွားရတာလဲ ဘုရားရေ"

"ငါ့လယ်ထဲက ဆလတ်ရွက်ကတောင် စားလို့ရလောက်တဲ့အထိ ကြီးထွားလာပြီဟေ့"

"ဒါက နတ်ဘုရားတွေ ရွာချပေးတဲ့မိုးပဲ ဖြစ်ရမယ်"

All Chapters