ငါတို့ ချမ်းသာတော့မယ်
Vol. 9 Ch. 124
ရွာသားများ လယ်ထဲတွင် အခြေအနေ သွားကြည့် နေကြသည့်တိုင် ဝမ်မိသားစုမှာမူ မသိကြသေးပေ။ အဓိက အကြောင်းရင်းမှာမူ အဖွားအိုဝမ် ရုတ်တရက် နေမကောင်း ဖြစ်သွား၍ ဖြစ်သည်။ တကယ်တမ်း ပြင်းပြင်းထန်ထန် ဖျားနာသွားသည်တော့ မဟုတ်ချေ။ တစ်မနက်ခင်းတွင် ရုတ်တရက် မထနိုင်တော့ဘဲ ခါးနာနေသည်ဟု ဆိုလာခြင်း ဖြစ်သည်။
အဖိုးအိုဝမ်မှာ စိုးရိမ် ပြာယာခတ် သွားတော့သည်။ သူသည် သူ၏ ခြေထောက်ကိစ္စကို ဖုံးကွယ်ထားရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ ဝမ်ချွမ်းကွေ့၏ အခန်းထဲမှ ထွက်လာခဲ့တော့သည်။
"အဘွားကြီး ဘယ်လိုနေသေးလဲ နေလို့မကောင်းဘူးလား ပြောစမ်းပါ သမားတော်ဟူကို ငါ သွားခေါ်ပေးမယ်လေ"
အဖိုးအိုဝမ်သည် အဖွားအိုဝမ်၏ ကုတင်နားသို့ လျှောက်သွား လိုက်လေတော့သည်။ သားနှင့် ချွေးမများသာ ရှိမနေလျှင် စောင်ကိုပင် လှန်ပြီး မည်သို့ ဖြစ်နေသနည်း ဆိုသည်အား သေချာ ကြည့်မိမည် ဖြစ်သည်။
ဤသည်မှာ အဖိုးအိုဝမ် ပြာယာခတ် လွန်းနေခြင်း မဟုတ်ပေ။ အဖွားအိုဝမ်သည် အမြဲတမ်း ကျန်းမာရေး ကောင်းသူ တစ်ဦး ဖြစ်ကာ အခြေခံအားဖြင့် မည်သည့် အချိန်တွင်မှ ဖျားလေ့မရှိပေ။ ယခု ရုတ်တရက်ကြီး ခါးနာသည်ဟု ဆိုလာချိန်တွင် လူတိုင်း မည်ကဲ့သို့ မစိုးရိမ်ဘဲ နေနိုင်မည်နည်း။
တကယ်တွင် အဖွားအိုဝမ် ဤမျှ ပင်ပန်းခက်ခဲသော အလုပ်များအား မလုပ်ရသည်မှာ ကြာမြင့် လှပြီ ဖြစ်သည်။ သူမသည် ညဘက် အမှောင်ထဲတွင် အလုပ် လုပ်ခဲ့ရပြီး ရွှံ့ဗွက်ထဲ လမ်းလျှောက်ခဲ့ရလေသည်။
ညဘက်တွင် သက်သေ အထောက်အထားများ ဖျောက်ဖျက်ရန် အတွက် ယောက္ခမနှင့် ချွေးမ နှစ်ယောက်မှာ မိုးထဲလေထဲတွင် အဝတ်အစားများကိုပင် လျှော်ဖွပ်ခဲ့ရသေးသည်။
"ကျုပ် ဘာဖြစ်ရမှာလဲ ရှင်က ကျုပ် တစ်ခုခုဖြစ်မှာကိုပဲ ထိုင်စောင့်နေတာ မဟုတ်လား"
အဖွားအိုဝမ်မှ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"တော်က ဘာလို့ ထလာတာလဲ တော့်ခြေထောက်ကို မလိုချင်တော့လို့ ထပ်ကျိုးချင်နေပြန်ပြီလား ပြီးတော့ နင်တို့တွေ အလုပ်မလုပ်ဘဲ ဘာလို့ ဒီမှာ လာရပ်နေကြတာလဲ ငါ။ နေမကောင်းတာကို အခွင့်ကောင်းယူပြီး လူလည်ကျချင်နေတာလား အချောင်ခိုချင်နေကြတယ် ဟုတ်လား ငါ ကုတင်ပေါ်က မထနိုင်ဘူးလို့ မထင်နဲ့နော် နင်တို့ကို ရိုက်နိုင်တဲ့ အား ရှိသေးတယ်"
ကောင်လေးများမှာ အစပိုင်းတွင် အလွန် စိုးရိမ်နေခဲ့ကြသေးသည်။ အဓိက အကြောင်းရင်းမှာ သူတို့၏ အမေ ဖြစ်သူသည် နေမကောင်း ဖြစ်ခဲသောကြောင့် ဖြစ်သည်။ သူတို့ မှတ်ဉာဏ်ထဲတွင် အမေ ဖြစ်သူ နေမကောင်း ဖြစ်ဖူးသည် ဆိုသည်မှာ မရှိသလောက်ပင် ဖြစ်ချေသည်။
ယခုအချိန်တွင် အမေ ဖြစ်သူသည် ကုတင်ပေါ် လှဲနေရပြီ ဖြစ်သည့် အတွက် သူတို့ မည်ကဲ့သို့ မစိုးရိမ်ဘဲ နေနိုင်မည်လိမ့်နည်း။ နောက်ဆုံးတွင်မူ သူတို့၏ အမေမှ အသံကျယ်ကျယ်ဖြင့် ဆဲဆိုနိုင်သေးသည်အား မြင်လိုက်ရချိန်တွင် ရင်ထဲမှ စိုးရိမ်မှုများ လျော့ကျ သွားတော့သည်။
‘သူတို့ကို ဆူနိုင်သေးတာပဲ တော်ပါသေးရဲ့ ဆူနိုင်သေးတယ်ဆိုရင် သိပ်မဆိုးရွားဘူးဆိုတဲ့ သဘောပဲလေ’
ဝမ်ချွမ်းဖူမှ သူ၏ ညီများအား လှမ်းခေါ်လိုက်လေသည်။
"ဟုတ်ပါပြီ အမေရယ် သားတို့ အလုပ် ပြန်လုပ်ကြတော့မယ် တစ်ခုခုရှိရင် လှမ်းခေါ်လိုက်နော်"
အဒေါ်ဖန်မှ ပြောလိုက်လေသည်။
"ရှင့်ဘာသာ အပြင်ထွက်ပြီး အလုပ်သာ သွားလုပ်ပါတော် ကျွန်မတို့ အမေ့ကို စောင့်ပေးထားမယ်"
"ဘာစောင့်စရာ လိုလို့လဲ ငါက သုံးနှစ်သားအရွယ် ကလေးမှ မဟုတ်တာ ကိုယ့်ဘာသာ သွားကစားနေကြစမ်းပါ(လုပ်ဟရာရှိတာ လုပ်ကြစမ်းပါ) ငါ့ရှေ့ လာမရှုပ်ကြနဲ့ မျက်စိနောက်တယ် နင်တို့သာ လာရှုပ်မနေရင် ငါ့ရောဂါ တခြား သူတွေ ထက်မဆို ပိုမြန်မြန် ပျောက်လိမ့်မယ်"
လူတိုင်း ထွက်သွားပြီးနောက် အဖွားအိုဝမ်မှ လျိုရှီအား တားထား လိုက်တော့သည်။
"နင်က ဘယ်သွားမလို့လဲ ဒီမှာနေ ငါ့ကို ပြုစုဖို့ လူတစ်ယောက်တော့ လိုသေးတယ်"
သူမသည် ပင်ပန်းနေရုံသာဖြစ်ပြီး အနားယူချင်နေခြင်း ဖြစ်သည်။ အသက် ၅၀ အရွယ်ဆိုသည်အား မပြောနှင့်ဦး။ အသက် ၂၀ အရွယ် မိန်းမပျိုလေး ဖြစ်လျှင်တောင် နှစ်ည ဆက်တိုက် မအိပ်ဘဲ အလုပ်လုပ်ရပါမူ အလွန် ပင်ပန်းနွမ်းနယ်နေမည်သာ ဖြစ်သည်။
လျိုရှီသည်လည်း အမှန်တကယ် ပင်ပန်းနေခြင်း ဖြစ်သည်။ သို့သော် သူမသည် အလုပ်ဆက်လုပ်ရန် ခေါင်းမာနေဆဲ ဖြစ်သည်။ ထိုသည်မှာ မကောင်းပါပေ။ ယောက္ခမရော ချွေးမပါ ကုတင်ပေါ် လဲနေလျှင် သံသယဖြစ်စရာ ကောင်းနေမည် မဟုတ်ပါလား။ ထိုသူများ ထွက်သွား ပြီးနောက် အားယွီလေးသည် ရေနှစ်ခွက် ကိုင်လျက် ဝင်လာခဲ့တော့သည်။
"ဘွားဘွား မေမေ ရေသောက်လိုက်ဦး ဒါသောက်လိုက်ရင် မပင်ပန်းတော့ဘူး"
တကယ်တမမ်းတွင် စိတ်ဝိဉာဉ်စမ်းရေသည် သောက်သုံးသူများအား အမောအပန်း ပြေစေရုံသာရှိပြီး ပင်ပန်းနွမ်းနယ်မှုကိုတော့ လုံးဝ ပျောက်ကင်းအောင် မလုပ်ပေးနိုင်ပါချေ။ မည်သို့ပင်ဆိုစေ ထိုရေသည် လူတစ်ယောက်၏ ခွန်အားကို ကုစားပေးသည်သာ ဖြစ်သည်။ ခန္ဓာကိုယ်မှ ပင်ပန်းနေသည် ဆိုရုံဖြင့် ခွန်အားပြန်လည် ဖြည့်တင်းပေးခြင်းသည် မကောင်းဘူးဟု မဆိုလိုပေ။ အကျိုးတော့ ရှိနေဆဲ ဖြစ်သည်။
ဤတစ်ကြိမ်မူ သူမတို့ နှစ်ယောက်သည် မငြင်းတော့ဘဲ ရေသောက် လိုက်ကြသည်။ အားယွီလေးသည်လည်း ထိုသည်အား မြင်တော့မှသာလျှင် ပျော်ရွှင် သွားလေတော့သည်။
"ဘွားဘွား မနက်ဖြန်က ကိုကိုအားယိုရဲ့ မွေးနေ့တဲ့ ကိုကိုငါးကို မေးကြည့်တာ သူက အသက်တစ်နှစ် ကြီးသွားပြီ ဆိုတော့ မွေးနေ့မှာ လက်ဆောင် ပေးရတယ်တဲ့ ဒါပေမဲ့ အားယွီမှာ လက်ဆောင် ဘာမှမရှိဘူး"
အားယွီလေးသည် တကယ်တမ်းတွင် အဘွားနှင့် အမေ ပင်ပန်းနေသည်အား မြင်သောကြောင့် ထပ်မနှောင့်ယှက်ချင်တော့ပေ။ သို့သော် ဘယ်သူ့အား မေးရမှန်း မသိ ဖြစ်နေရှာသည်။ အဖွားအိုဝမ် မှ ထပ်မေးလိုက်သည်။
"ချင်ဟွိုင်က မွေးနေ့ လုပ်မလို့လား မြေးလေးက ဘယ်လိုသိတာလဲ"
"ဦးဦးချီ ပြောတာ သူက ကိုကိုအားယိုကို မေးနေတာ သမီး ကြားလိုက်တယ်"
အားယွီလေးမှ သူမ၏ နားရွက်လေးအား လက်ညှိုးထိုးပြရင်း အထူး ဂုဏ်ယူနေဟန် ဖြင့် ပြောလိုက်လေသည်။
"အားယွီက အဝေးကြီးက အသံကို ကြားရတယ်"
အဖွားအိုဝမ် တွေးတောလိုက်လေသည်။
"သူက ဒီကို ရောက်နေပြီဆိုတော့ ဟူမိသားစုရွာသား တစ်ဝက်လောက် ဖြစ်နေပြီပဲ ငါတို့ ကျေးဇူးတင်ကြောင်းတော့ ပြသရမှာပေါ့လေ"
လျိုရှီမှ ဝင်ပြော လိုက်လေတော့သည်။
"သူရဲ့ မိဘတွေလည်း ဒီမှာမရှိဘူးဆိုတော့ မနက်ဖြန် သူ့အတွက် အသက်ရှည်ခေါက်ဆွဲ တစ်ပွဲလောက် လုပ်ပေးလိုက်မယ်လေ ဒါကိုပဲ ကျွန်မတို့ရဲ့ ဆုတောင်းပေးမှု အဖြစ် သဘောထား လိုက်တာပေါ့"
"အဲဒါလည်း ကောင်းတာပဲ တခြားပစ္စည်းတွေ သွားပေးနေစရာ မလိုတော့ဘူး"
အသက်ရှည်ခေါက်ဆွဲအား ဂျုံမှုန့်အဖြူနှင့် လုပ်ရခြင်း ဖြစ်သည်။ သူတို့အိမ်တွင် ဂျုံမှုန့် သိပ်မကျန် တော့သော်လည်း ခေါက်ဆွဲ တစ်ပွဲစာလောက်တော့ ရနိုင်လောက် သေးသည်။
သူမ၏ အဘွားနှင့် အမေတို့မှ မည်သည့် လက်ဆောင် ပေးရမည်အား ဆွေးနွေးပြီး သွားသော်လည်း သူမ၏ လက်ဆောင်ကိုမူ မဆုံးဖြတ်ရသေးသည်ကို အားယွီလေး တွေ့လိုက်ရတော့သည်။
"အားယွီက ဘာပေးရမလဲဟင် အားယွီလည်း ကိုကိုအားယိုကို လက်ဆောင်ပေးချင်တယ်"
အားယွီလေးမှာ စိုးရိမ်တကြီးဖြင့် ခုန်ဆွခုန်ဆွ ဖြစ်နေတော့သည်။ အဖွားအိုဝမ်မှ ပြုံးရင်းပြောလိုက်သည်။
"မနက်ဖြန် ကျရင် သူ့ကို အဖော်လုပ်ပြီး ကစားပေးလိုက်လေ မြေးလေးက ငယ်ပါသေးတယ် သူ့ကို ဘာလက်ဆောင်မှ ပေးစရာ မလိုပါဘူး"
ကလေး တစ်ယောက်သည် မည်သည့် လက်ဆောင်များ ပေးနိုင်လိမ့် မည်နည်း။
"မရဘူး အားယွီက နေ့တိုင်း ကိုကိုအားယိုကို အဖော်လုပ်ပေးနေတာပဲဟာ ဒါကို လက်ဆောင်လို့ သတ်မှတ်လို့ မရဘူးလေ အားယွီ သူ့ကို လက်ဆောင် အသစ် ပေးချင်တာ"
အားယွီလေးသည် သူမ၏ မေးစေ့လေးအား ပွတ်ရင်း အကြီးအကဲဟူ၏ စဉ်းစားဟန်အား အတုခိုးကာ နည်းလမ်းရရန် ခေါင်းစားနေတော့သည်။
သူမ ဘာပေးရမည်နည်း။
ထိုအချိန်တွင်မူ ဟူမိသားစုရွာမှ လူများမှာ လုံးဝ တည်ငြိမ် မနေနိုင်ကြတော့ပေ။ အထူးသဖြင့် ဝမ်မိသားစုဆီမှ အခုလေးတင် ထွက်လာခဲ့ကြသည့် ညီအစ်ကိုများ ဖြစ်သည်။ ရွာထဲတွင် ဆူဆူညံညံ အသံများ ကြားလိုက်ရချိန်တွင် ပြဿနာတစ်ခုခု ထပ်ဖြစ်ပြန်ပြီဟု ထင်လိုက်ကြခြင်း ဖြစ်သည်။ အဆုံးတွင်မူ ရွာထဲမှ အပင်အချို့မှာ ပုံမှန် မဟုတ်ဘဲ အသွင်ပြောင်း သွားသည်ကို သူတို့ သတိထားမိလိုက်ကြသည်။
"ဝမ် မင်း လာတာ အချိန်ကိုက်ပဲ လာကြည့်စမ်းပါဦး မင်းတို့ လယ်ထဲက အပင်တွေလည်း ပြောင်းလဲကုန်ပြီဟ ဘာတွေ ဖြစ်နေတာလဲ"
ဟူကျန်းရီမှ ဝမ်ချွမ်းဖူနှင့် တခြားသူများအား မြင်ချိန်တွင် ကလေးများ စိုက်ပျိုးထားသည့် လယ်ကွက်ဆီသို့ အလျင်စလို ဆွဲခေါ်သွားတော့သည်။
"ကြည့်စမ်း ဒီတောရိုင်း သစ်သီး နွယ်ပင်တွေ ရူးကုန်ပြီထင်တယ် အပင်နည်းနည်းလေးပဲ ရှိတာ မြေတစ်ကွက်လုံး ပြည့်နေပြီ ပြီးတော့ အဲဒီအပေါ်က သစ်သီးတွေကိုလည်း ကြည့်ဦး အားလုံးက သာမန် တောရိုင်းသစ်သီးတွေထက် ပိုကြီးနေသလိုပဲ"
ဝမ်ချွမ်းယွမ်မှ အလိုအလျောက် မေးလိုက်မိသည်။
"အရသာက ဘယ်လိုနေလဲ မြည်းကြည့်ပြီးပြီလား"
ထိုလူမှ အနေခက်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ဒါက မင်းတို့ မိသားစု လယ်ကွက်လေ ငါတို့က ဘယ်လိုလုပ် မျက်နှာပြောင်တိုက်ပြီး မြည်းကြည့်ရဲမှာလဲ"
အရေးအကြီးဆုံးမှာ သူတို့သည် ဤသစ်သီးမျိုးအား တစ်ခါမှ မမြင်ဖူးခဲ့ပေ။ အဆိပ်ရှိမရှိ ဘယ်သူ သိမည်နည်း။ အဆိပ်သင့် သေသွားလျှင် တန်မည် မဟုတ်ပေ။
အဆိပ်မရှိဘူး ဆိုလျှင်ပင် အရသာ မကောင်းလျှင် ဤမျှလူများစွာရှေ့တွင် ထွေးထုတ်ရမည်မှာလည်း အားနာစရာ ကောင်းလှသည်။ မည်သို့ပင်ဆိုစေ ကလေးများမှ ပင်ပင်ပန်းပန်း စိုက်ပျိုးထားခဲ့ခြင်း မဟုတ်ပါလား။
အရသာကောင်းနေလျှင် ပို၍ပင် ခက်ခဲဦးမည် ဖြစ်သည်။ ဤနေရာတွင် လူတွေ အများကြီး ရှိနေလေသည်။ အရသာကောင်း နေ၍ တစ်ယောက်တစ်လုံးစီ ခူးစားလိုက်လျှင် မည်သည်ကိုမှ ကျန်တော့မည် မဟုတ်ချေ။
လူတိုင်းသည် သစ်သီးများအား မမြည်းကြည့်တော့ဘဲ ဝမ်မိသားစု လာမည့် အချိန်ကိုသာ စောင့်နေရန် ရိုးရှင်းစွာ ဆုံးဖြတ် လိုက်ကြလေသည်။ နောက်ဆုံးတွင်မူ အချိန်အတော်ကြာ စောင့်ဆိုင်း ပြီးနောက်တွင် ဝမ်မိသားစုမှ အမျိုးသားများ ရောက်လာကြပြီ ဖြစ်သည်။ လူတိုင်းသည် သူတို့မှ သစ်သီး မြည်းကြည့်မည်ကို မစောင့်နိုင်အောင် ဖြစ်နေကြကုန်တော့သည်။
ဝမ်ချွမ်းယွမ်သည် သူ့ဇနီးကဲ့သို့ပင် ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးသည် စားရတာကို ကြိုက်နှစ်သက် ကြလေသည်။ သူသည် တခြားအရာများအား ဂရုမစိုက်တော့ဘဲ ရှေ့သို့ ထွက်သွားကာ အနီရောင် သစ်သီးတစ်လုံးကို ခူးပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်တော့သည်။
"အို ဒီအရသာက ငါထင်ထားတာ ထက်တောင် ပိုကောင်းသေးတယ်ဟ အရမ်းချိုတာပဲ ဒါ ဘာမျိုးစိတ်လဲ ငါ တစ်ခါမှ မမြင်ဖူးဘူး"
ဝမ်ချွမ်းယွမ်သည် နှုတ်ခမ်းအား သပ်ရင်း ဒုတိယတစ်လုံးကို ထပ်ခူးရန် ပြင်လိုက်သည်။ နောက်ဆုံးတွင်မူ ဝမ်ချွမ်းဖူမှ သူ၏ လက်ခုံအား ရိုက်ချလိုက်ပြီး တားလိုက်တော့သည်။
"တော်တော့ ကလေးတစ်ယောက်လို လုပ်မနေနဲ့ ဘာလို့ အဲဒီလောက် အများကြီး စားနေရတာလဲ မြည်းကြည့်ရုံပဲ မြည်းကြည့်လေ"
ဝမ်ချွမ်းဖူမှ အခွင့်ကောင်းယူပြီး သူ့ညီကို ဆုံးမလိုက်လေတော့သည်။ သို့သော်လည်း ဝမ်မိသားစုသည် မည်သည့် အရာများ ဖြစ်သွားသည်ကို မသိကြသေးပေ။ သူတို့သည် ကလေးများ တောရိုင်းသစ်သီး စိုက်သည်အား အရင်အချိန်တွင် လာမကြည့်ခဲ့ ဖူးသောကြောင့် နဂိုတွင် ဤနွယ်ပင်များ မည်သို့ ပုံစံရှိသည်ကို သဘာဝကျကျပင် မသိကြပေ။
ဝမ်မိသားစု၏ မြေးများ ရောက်လာ တော့မှသာ ဤတောရိုင်း သစ်သီးများနှင့် နွယ်ပင်များသည် စိုက်စက သိပ်မကြီးကြောင်း သိလိုက်ရတော့သည်။ မိုးနှစ်ရက် ရွာအပြီးတွင် ဤမျှ ကြီးထွားလာမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
"တကယ့် နတ်ဘုရားမိုးပဲ ဖြစ်ရမယ် ရွာထဲက လူတော်တော် များများရဲ့ သီးနှံတွေလည်း ပြောင်းလဲကုန်ပြီ အထူးသဖြင့် မင်းတို့ရဲ့ တောင်တန်း ဒေသက မြေပဲ အဲဒီနေရာက အများဆုံး ပြောင်းလဲသွားတာ တစ်ချက် ကြည့်လိုက်တာနဲ့တင် ဒီသစ်သီးက အရမ်းကို ကွာခြားနေမှန်း ငါသိနိုင်တယ်"
"ဝမ်မိသားစုက ကံအကောင်းဆုံးပဲ"
ဝမ်ဝူလန်နှင့် အခြားသူများမှာမူ အခြားသော အကြောင်းအရင်း ကိုသာ တွေးနေကြလေသည်။
"ဝါး ငါတို့ ချမ်းသာတော့မယ်"