← Chapters

ထမင်းလာစားပါ

Vol. 9 Ch. 125

ထမင်းလာစားပါ

Vol. 9 Ch. 125

အမှန်တွင် တောရိုင်း သစ်သီးနွယ်ပင်များသာ ကြီးထွားလာခြင်း မဟုတ်ပေ။ အခြားသော သီးနှံများစွာလည်း အံ့မခန်း ကြီးထွား လာခဲ့ခြင်း ဖြစ်ပေသည်။ ရွာလူကြီးအိမ်တွင် ပြောင်းဆန် သုံးလေးပင်ခန့် ရှိသော်လည်း ထိုအပင်များမှာ လူတစ်ဝက်ခန့် အမြင့်ထိ ကြီးထွားလာကြလေသည်။ ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် ဤအချိန်တွင် ပျိုးပင် ငယ်လေးများသာ ရှိသင့်သေးသည့် အချိန်ဖြစ်သည်။

"အံ့ဖွယ်ပါပဲလား"

"ဒါ သေချာပေါက် နတ်ဘုရားမိုးပဲ"

အချို့လူများမှ မယုံကြည်ဘဲ ရွာအပြင်ဘက်သို့ ပြေးထွက် ကြည့်ကြသော်လည်း တောထဲတွင် ရှိသော အပင်များနှင့် မတူညီသည့် တောရိုင်းသစ်သီးနွယ်ပင် အချို့ရှိနေသည်ကိုလည်း သတိထားမိ လိုက်ကြလေသည်။

"ထူးဆန်းလိုက်တာ ဒါ ဘယ်လိုဖြစ်ရတာလဲ"

တစ်စုံတစ်ယောက်မှ ချက်ချင်း ဝင်ပြောလေသည်။

"ဒီလိုအပြောင်းအလဲမျိုး ရှိမရှိ တခြားရွာတွေကို သွားကြည့်လိုက်ဦးမယ်"

အကြီးအကဲဟူမှ သူ့တုတ်ကောက်အား မြေကြီးပေါ် ဖြည်းညင်းစွာ ဆောင့်လိုက်လေသည်။

"အဲဒီမှာတင် ရပ်လိုက်စမ်း"

ရွာသား ဖြစ်သူသည် အနည်းငယ် နားမလည်ဖြစ်သွားသည်။

"အဘိုး ဘာဖြစ်လို့လဲ"

"တခြားရွာတွေကို သွားကြည့်လို့ သူတို့စိုက်ခင်းတွေလည်း ပြောင်းလဲနေတယ်ဆိုရင် မင်း ဘာပြောမလဲ တကယ်လို့ အဲဒီလို ပြောင်းလဲမှုမျိုး မရှိဘူးဆိုရင်ရော မင်း ဘာပြောမလဲ"

အကြီးအကဲဟူ၏ လေသံက လေးနက်နေလျှက် ရှိကာ သူ၏ အကြည့်များသည် ရွာသားဆီမှနေ၍ တခြားသူများဆီသို့ တဖြည်းဖြည်း ရွေ့သွားခဲ့သည်။

"ပြီးတော့ မင်းတို့ စဉ်းစားကြည့်ကြစမ်း ဒါက ငါတို့ရွာမှာပဲ ဖြစ်တာဆိုရင် တခြားရွာက လူတွေကို မင်းတို့ ဘယ်လိုပြောမလဲ"

ထိုအခါမှသာ ရွာသားများသည် သူတို့၏ စိတ်လှုပ်ရှားမှုမှ မနိုးထခင် ဤပြဿနာအား အရင်ဆုံး ရင်ဆိုင်ရမည် ဖြစ်ကြောင်း သတိပြုမိ သွားကြကုန်သည်။ တခြားရွာများတွင်လည်း ယခုလို ဖြစ်ရပ်မျိုး ကြုံလျှင် အကောင်းဆုံး ဖြစ်သော်လည်း တခြားရွာတွေမှာ မဖြစ်ခဲ့လျှင်...

ထို့အပြင် တခြားရွာများတွင် သေချာပေါက် ဤကဲ့သို့ တူညီသော ဖြစ်ရပ်မျိုး ရှိလိမ့်မည် မဟုတ်ဟု သူတို့ မပီဝေဝေ ခံစားနေရလေသည်။ ကိုယ့်ရွာကိုယ် ပြန်ကြည့် မည်ဆိုလျှင်တောင် အိမ်တိုင်း၏ စိုက်ခင်းများ ပြောင်းလဲသွားခြင်း မဟုတ်ပေ။

ဥပမာအားဖြင့် တတိယအဒေါ်ဟူ၏ လယ်ထဲရှိ သီးနှံများသည် လုံးဝ ပြောင်းလဲမသွားခဲ့ပေ။ တတိယအဒေါ်ဟူမှာမူ ဒေါသထွက်နေဆဲ ဖြစ်သည်။

(**အဖွားအိုဝမ်ကတော့ ထုံးစံအတိုင်းပဲ**)

"ဒါဆို ငါတို့ ဘယ်လိုလုပ်ရမလဲ"

"နတ်ဘုရားက ငါတို့ရွာ ဆင်းရဲလွန်းတာကို မြင်ပြီး တမင်သက်သက် ကောင်းချီးပေးတာ ဖြစ်နိုင်တယ်"

လူတစ်ယောက်မှ နှာခေါင်းရှုံ့လိုက်ပြီး လူတိုင်း၏ စိတ်အားထက်သန်မှုအား ရေခဲရေဖြင့် လောင်းချလိုက်တော့သည်။

"လုပ်မနေပါနဲ့ ငါတို့ရွာက ဆင်းရဲနေတာ နှစ်တွေ အများကြီး ရှိနေပြီ ဒါပေမဲ့ ဘယ်နတ်ဘုရားကမှ ငါတို့ကို သနားတာ မမြင်ဖူးပါဘူး"

"ဒါမှမဟုတ် လမ်းကြုံလို့ ဖြတ်သွားရင်း.."

ရွာသားများမှာ အကြောင်းပြချက် မစဉ်းစားတတ်တော့ဘဲ မျိုးစုံသော ထူးဆန်းသည့် အင်အားစုများကိုသာ စိတ်ကူးယဉ် နေကြတော့သည်။ ထို့အပြင် အကြီးအကဲဟူ၏ သတိပေးချက်ကြောင့် သူတို့သည် တခြားရွာများဆီသို့ သွားရန် အကြံအစည် မရှိကြတော့ပေ။

တခြားရွာတွေမှာလည်း ယခု ဖြစ်ရပ်မျိုးရှိပြီး သူတို့ဘက်မှ အရင်စ ပြောလာမှသာလျှင် အဆင်ပြေမည် ဖြစ်သည်။ ရှန်ယန်းရွာကိစ္စ ဖြစ်ပြီးကတည်းမှ စ၍ ဟူမိသားစုရွာသားများသည် တခြားရွာများအား အယုံအကြည် မရှိကြတော့ပေ။

နတ်ဘုရားမိုးသည် အလွန်ပင် ဟိုးလေးတကျော် ဖြစ်လောက်စရာ ကိစ္စဖြစ်နေသောကြောင့် ဝမ်မိသားစု၏ ပြောင်းလဲမှုသည် ထိုမျှလောက် ထင်ရှားပေါ်လွင် မနေတော့ပေ။

ဝမ်မိသားစု၏ တောင်တန်းဒေသ မြေဆိုလျှင် ပို၍ပင် မှန်ကန်ပေသည်။ နတ်ဘုရားမိုးသည် ထိုမြေအတွက် အာဟာရ အများဆုံး ပေးစွမ်းခဲ့သည်ဟု ပြော၍ ရသည်။ သို့သော်လည်း ထိုအရာများသည် အမြင်လှရုံသာရှိပြီး အသုံးမဝင်သော တောရိုင်းသစ်သီးများသာ ဖြစ်ပေသည်။ ကောက်ပဲသီးနှံများလောက် ကောင်းမွန်ပုံမပေါ်ချေ။

အားယွီလေး အပြင်ထွက်လာပြီးနောက် မြေပြင်ပေါ်တွင် တောရိုင်းသစ်သီးနွယ်ပင်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်လုံးလေးများ အရောင်လက်သွားခဲ့သည်။

‘ဝါး အဘွားက တကယ်ပဲ နည်းလမ်းရှိတာပဲ’

ယခုဆိုလျှင် ထိုတောရိုင်း သစ်သီးနွယ်ပင်များအား တကယ်တမ်း စိုက်ပျိုးခဲ့သည်မှာ အားယွီလေးဆိုသည်ကိုမူ မည်သူမှ မသိနိုင်ကြတော့ပေ။ အသားလုံးလေးမှာလည်း အလွန်အမင်း သဘောကျသွားခဲ့သည်။ အဖွားအိုဝမ်နှင့် လျိုရှီတို့ အပြင်ထွက်သွားခဲ့သည်ကို သူသိထားလေသည်။

ညဘက် မိုးရွာချိန်တွင် သူတို့နှစ်ယောက် တစ်ခုခု ဖြစ်သွားမည်ကိုလည်း စိုးရိမ်နေခဲ့သေးသည်။ သူတို့ ချော်လဲလျှင် မည်သူမှ သိမည် မဟုတ်သည်ကို စိုးရိမ်သဖြင့် သူ၏စွမ်းအင်အား အသုံးပြု၍ သူတို့နှစ်ယောက် အနောက်သို့ တမင်သက်သက် လိုက်သွားခဲ့သည်။

[မင်းရဲ့ အဘွားနဲ့ အမေက လူကောင်းတွေပဲ သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်]

အသားလုံးလေးမှ အခွင့်ကောင်း ယူလျှက် အားယွီလေးအား ကျေးဇူးသိတတ်မှု အယူအဆအား သွန်သင်ပေးလိုက်ပြန်သည်။ သို့မှသာ သူမ၏ မိသားစု ကြိုးစားအားထုတ်မှုများအား နားလည်လာမည် ဖြစ်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ အားယွီ အမေနဲ့ အဘွားကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်"

အားယွီလေးသည် သူမ၏ အမေနှင့် အဘွားအား အလွန် ချစ်ပေသည်။ ယခုအခါ အားယွီလေးသည် သူမ၏ အစ်ကိုများထံ သွားရောက်ကာ ဝမ်းသာအားရ မေးလိုက်လေသည်။

"ဒီသစ်သီးတွေကို ရောင်းကြမလို့လား"

ဝမ်လျိုလန်နှင့် ဝမ်ချီလန်တို့သည် ဘယ်သူမှ သတိမထားမိသည်အား အခွင့်ကောင်းယူကာ သစ်သီးနှစ်လုံးကို တိတ်တဆိတ် ခူးလိုက်ကြလေသည်။ သူတို့ စားကြည့်လိုက်ချိန်တွင် သစ်သီးများသည် အမှန်ပင် ချိုမြိန် လွန်းနေခဲ့လေသည်။ ထို့အပြင် သကြားလုံးအား တိုက်ရိုက် စားရသည်ထက်ပင် ပို၍ ကောင်းနေသေးသည်။

"ငါတို့ဘာသာ ငါတို့ စားလို့မရဘူးလား"

ဝမ်လျိုလန်မှ သူ့ဗိုက်အား ပုတ်လိုက်လေသည်။

"ဒီသစ်သီးကို နေ့တိုင်း စားရမယ်ဆိုရင် တစ်နေ့ကို ထမင်းတစ်နပ်ပဲ စားတော့မယ်"

လယ်ယာ စိုက်ပျိုးသည့် ရာသီတွင် လယ်သမားများသည် များသောအားဖြင့် တစ်နေ့လျှင် မနက်တစ်ကြိမ် ညတစ်ကြိမ် ထမင်းနှစ်နပ်သာ စားလေ့ ရှိကြသည်။

ယခုအချိန်တွင် လယ်အလုပ်များ ပြီးသွားပြီ ဖြစ်သည်။ လူတိုင်းသည် တစ်နေ့ နှစ်နပ်သာ ဆက်စားချင်ကြသော်လည်း အဖွားအိုဝမ်မှာမူ အမျိုးသမီးများအား ထမင်းသုံးနပ် ချက်ရန် ခိုင်းထားဆဲ ဖြစ်သည်။ အဓိက အကြောင်းအရင်းမှာမူ အိမ်ရှိ ကလေးများသည် သိုင်းပညာ စတင် သင်ယူနေပြီ ဖြစ်ရာ သူတို့၏ ခန္ဓာကိုယ်များ အာဟာရချို့တဲ့နေ၍ မဖြစ်သောကြောင့်ပင် ဖြစ်သည်။ ဝမ်ချီလန်သည်လည်း ဆက်လက် ပြောလိုက်သည်။

"ငါ ငါဆိုရင် နှစ်ရက်ကို တစ်နပ်ပဲ စားနိုင်တယ်"

သူသည် ဤမျှ ချိုမြိန်လှသော သစ်သီးများအား ဗိုက်ဝသည်အထိ တိုက်ရိုက် စားနိုင်ခြင်း ဖြစ်သည်။ အရင်အချိန်များ၌ သစ်သီးများသည် လက်မအရွယ်အစားခန့်သာ ရှိသည်။ ယခု သစ်သီးများက အရင်အချိန်များထက် ပိုကြီးလာခဲ့ကာ လှပပြီး အရသာလည်း ရှိလှပေသည်။ ဆန်ကြမ်းများထက် အများကြီး ပိုကောင်းသည်ဟု သူ ခံစားလိုက်ရသည်။

ထို့အပြင် များသောအားဖြင့် ဆန်ကြမ်းများသည် အလွန် နည်းလှသည်။ အခြေခံအားဖြင့် ဟင်းရွက်များနှင့် ဆန်ပြုတ်သာဖြစ်သည်။ ပန်းကန်ထဲမှ ဆန်စေ့များကိုပင် ရေတွက်၍ ရနိုင်လောက်ပေသည်။ ထိုအစား ဟင်းသီးဟင်းရွက် ပမာဏသည်သာ သူတို့ပန်းကန်များအား ပြည့်နေစေရန် လုံလောက်ပေသည်။

အိမ်တွင် စိုက်ထားသော ဟင်းသီးဟင်းရွက်များသည် အပြည့်အဝ မကြီးထွားသေးသောကြောင့် ယခု ဟင်းရွက် ဆန်ပြုတ်ထဲတွင် တောဟင်းရွက်များသာ ပြည့်နှက်နေခဲ့သည်။ တောဟင်းရွက် အများစုမှာ ခါးလှကာ အရသာလည်း သိပ်မကောင်းပါချေ။ အဖွားအိုဝမ်မှ လက်ခါပြလိုက်သည်။

"ဒီမြေက နင်တို့ဟာပဲ ဘယ်လိုလုပ်မလဲဆိုတာ နင်တို့ဘာသာ ဆုံးဖြတ်ကြ ငါတို့ ဝင်မစွက်ဖက်ဘူး"

ဤသည်မှာ အဖွားအိုဝမ် အရင်ကတည်းမှ သဘောတူထားသည့် ကိစ္စ ဖြစ်ပေသည်။ ယခု အခြေအနေ ပြောင်းသွားပြီဆိုလျှင်ပင် လယ်ကွက်အား သူမ ပြန်သိမ်းမည်ဟု ပြောရန်မှာ မဖြစ်နိုင်ပေ။ အဖွားအိုဝမ် ကိုယ်တိုင်မှ ဤမြေများ မည်သည့် အကြောင်းကြောင့် ပြောင်းလဲသွားသည်အား သိနေလျှင်ပင် ဖြစ်သည်။

ရွာထဲမှ တခြားကလေးများမှာ အလွန်အမင်း မနာလို ဖြစ်နေကြသည်။ ဝမ်မိသားစုသည် သူတို့၏ ကလေးများ အပေါ် အမှန်တကယ် ကောင်းကြခြင်း ဖြစ်သည်။ သူတို့သည်လည်း အဖွားအိုဝမ်၏ မြေး ဖြစ်ချင်ကြလေသည်။

သစ်သီးများ အများကြီး ရှိနေပြီး အလွန် စားလို့ကောင်းမည့်ပုံ ပေါ်နေခဲ့သည်။ ပိုးကောင်များ ရှာဖွေပြီး ဖုတ်စားရန် ဤမျှလောက် ပင်ပန်းနေစရာ မလိုတော့ပေ။

အကြီးအကဲဟူမှ ရွာသားများ လယ်ထဲရှိ ကိစ္စများ ဆွေးနွေးနေကြဆဲ ဖြစ်သည်ကို မြင်လိုက်ရသည်။ လူတိုင်း၏ ဗဟုသုတသည် အကန့်အသတ် ရှိပြီး သိပ်အများကြီး မစဉ်းစားနိုင်ကြပေ။ နောက်ဆုံးတွင်မူ သူကိုယ်တိုင်ပဲ အကြံဉာဏ် ထုတ်ပေး လိုက်ရတော့သည်။ အကြီးအကဲဟူသည် ဝမ်အာ့လန်အား လှမ်းခေါ်လိုက်ပြီး မေးလိုက်သည်။

"အာ့လန် ပြောစမ်းပါဦး ဒီအခြေအနေမှာ ငါတို့ ဘာလုပ်သင့်သလဲ"

လွန်ခဲ့သည့် ရက်အနည်းငယ်မှ အကြီးအကဲဟူသည် ရွာထဲမှ ကလေးများအား စာဖတ် စာရေး သင်ပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ တစ်ခါတရံ သမိုင်းကြောင်းများနှင့် သဘောတရား အချို့ကိုလည်း သင်ပေးလေ့ ရှိသည်။

ကလေး အများစုက မခံနိုင်ကြတော့ချေ။ ဝမ်အာ့လန် တစ်ယောက်တည်း သာလျှင် အများဆုံး နားထောင်ရသည်ကို သဘောကျသည့် သူ ဖြစ်သည်။ အကြိမ်တိုင်း သူသည် အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် နားထောင်လေ့ ရှိသောကြောင့် အကြီးအကဲဟူသည်လည်း ဝမ်အာ့လန်ကို အထူး သဘောကျ နှစ်သက်လှခြင်း ဖြစ်သည်။ ဝမ်အာ့လန်မှ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဒီအပြောင်းအလဲတွေ အရဆိုရင် သားတို့ရွာရဲ့ ကံကြမ္မာက ပိုကောင်း လာတယ်လို့ ဆိုလိုတာပဲ လူတိုင်း အရင်ကလိုပဲ ဆက်လုပ်သွားလို့ ရပါတယ် အထူးတလည် ပြောင်းလဲပြင်ဆင်စရာ မလိုပါဘူး"

အဓိက အကြောင်းအရင်းမှာ ဤအပြောင်းအလဲများအား ကြည့်ခြင်း ဖြင့် အံ့ဩစရာ ကောင်းသော်လည်း အရေအတွက်သည် သိပ်မများ၍ ဖြစ်သည်။ မည်သို့ပင်ဆိုစေ အဖွားအိုဝမ် ဖျော်ထားသော ရေများသည် ကျဲသွားပြီ ဖြစ်သည်။ မိုးရွာသည်နှင့် ပေါင်းလိုက်ချိန်တွင် ပတ်ဝန်းကျင်မှ မြေကြီးများလည်း စွန်းထင်းသွားခဲ့ခြင်း ဖြစ်သည်။

တဖြည်းဖြည်းနှင့် ရေလောင်းထားသော မြေများသည် ပိုကောင်းလာမည် ဖြစ်သည်။ သို့သော်လည်း ဤအပြောင်းအလဲသည် လောလောဆယ်တွင် သိသာလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

"ဒါဆို ငါတို့က အဲဒီအတိုင်းပဲ ပစ်ထားလိုက်တော့မလို့လား"

"ဒီမြေတွေ နောင်ကျရင် ပြောင်းလဲ လာဦးမလားဆိုတာကို ကျွန်တော်တို့ စောင့်ကြည့် လေ့လာလို့ ရပါတယ်"

ဝမ်အာ့လန်လည်း တခြား မည်သည်ကိုမှ မစဉ်းစား တတ်တော့ပေ။ သို့သော် အခြားသူများလည်း ကောင်းမွန်သော နည်းလမ်း မစဉ်းစားတတ်ကြပေ။ ဝမ်မိသားစု၏ မြေးများသည်သာ ထိုမြေအား မည်သို့ အသုံးပြုမည်နည်း ဆိုသည်အား ဆွေးနွေးနေကြသည့် အပြင် သူတို့ စီးပွားရေး လုပ်ချင်နေကြခြင်း ဖြစ်သည်။

နောက်ဆုံးတွင်မူ လူတိုင်းသည် ဝမ်အာ့လန်၏ ညွှန်ကြားချက်ကိုသာ လိုက်နာပြီး လောလောဆယ် ဆက်လက် စောင့်ကြည့်ရန်သာ လုပ်နိုင်တော့သည်။ လူစု ကွဲသွားချိန်တွင် အဖွားအိုဝမ်သည် လူအုပ် အပြင်ဘက်မှ ချင်ဟွိုင်အား မြင်သွားပြီး လက်ယပ် ခေါ်လိုက်သည်။

"ကလေးလေး ဒီလာခဲ့ပါဦး"

ချင်ဟွိုင်သည် အဖွားအိုဝမ်အား အတော်လေး ရိုသေလေးစားမှု ရှိလှပေသည်။ အဖွားအိုဝမ်၏ လုပ်ရပ်များသည် တစ်ခါတရံ ရိုင်းစိုင်းပုံ ပေါက်သော်လည်း သူမသည် အသိဉာဏ်ရှိသူ ဖြစ်ကြောင်း သူ ခံစားမိသည်။ အနည်းဆုံးတွင်မူ သူ၏ အမြင်အရ အဖွားအိုဝမ်သည် ဝမ်မိသားစု၏ ကျောရိုးပင် ဖြစ်သည်။

"အဘွား ကျွန်တော့်ကို ခေါ်တာလား"

ချင်ဟွိုင်မှ လျှောက်သွားရင်း မေးလိုက်သည်။

"ကလေးလိမ္မာလေး ဒီနေ့ အဘွားတို့အိမ်မှာ နေ့လယ်စာ လာစားလှည့်နော်"

အဖွားအိုဝမ်မှ ပြုံးရင်း ဆိုလိုက်လေသည်။ အားယွီလေးသည် ကိုကိုအားယို၏ မွေးနေ့ ရောက်နေပြီဆိုသည်အား ရုတ်တရက် သတိရသွားလေသည်။ မနေ့ကတောင် ဖြစ်သွားပြီထင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် လွန်ခဲ့သည် နှစ်ရက်တွင် မိုးအရမ်းသည်းနေသည့် အတွက် ဘယ်သူမှ အပြင်မထွက်ဖြစ်ခဲ့ချေ။ အဘွားတို့လည်း မေ့နေကြသကဲ့သို့ သူမလည်း မေ့သွားခဲ့ခြင်း ဖြစ်သည်။

‘ဒုက္ခပါပဲ’

သူမရဲ့ လက်ဆောင်လေးတောင် မပေးရသေးဘူး’

"ကိုကိုအားယို ညီမလေးတို့အိမ်မှာ ထမင်းလာစားပါနော် ဒီနေ့ ဒုတိယအဒေါ် ဟင်းချက်တာ သူချက်တဲ့ဟင်းက အရမ်းစားလို့ကောင်းတာ"

လျိုရှီမှ အနောက်မှနေ၍ ခပ်တိုးတိုးလေး ပြောလိုက်လေသည်။

"အမေချက်တာကကျတော့ စားလို့မကောင်းလို့လား"

All Chapters