← Chapters

ကောလာဟလ အသစ်များ

Vol. 9 Ch. 126

ကောလာဟလ အသစ်များ

Vol. 9 Ch. 126

အားယွီလေးမှ ပြာပြာသလဲ ပြောလိုက်သည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး မေမေ ချက်တာလည်း အရမ်း စားလို့ကောင်းပါတယ် အားယွီ အရမ်းကြိုက်တယ် ကိုကိုအားယိုကို ဖိတ်ချင်ရုံသက်သက်ပါ"

ကလေးမလေးမှာ စိုးရိမ်လွန်း၍ မျက်လုံးလေးများ ပြူးကျယ်နေပြီး သူမအမေ စိတ်ဆိုးမည်ကိုလည်း ကြောက်နေရှာလေသည်။ သူမ၏ လက်သေးသေးလေး နှစ်ဖက်သည် လျိုရှီ၏ အင်္ကျီလက်ကို ဆွဲကိုင်ပြီး လှုပ်ရမ်းနေခဲ့သည်။

ဘေးနားရှိ ဆိတ်ပေါက်လေးသည် ထိုသည်ကိုမြင်ချိန်တွင် အပြေးရောက်လာခဲ့သည်။ ၎င်းမှ ပါးစပ်အား ဟပြီး လျိုရှီ၏ အခြားဘက် အင်္ကျီလက်အား ကိုက်ကာ ခေါင်းကို ရမ်းခါနေတော့သည်။

"ကဲပါ ကဲပါ နင်တို့ ကလေးစုတ်နှစ်ကောင် ဘာလုပ်နေကြတာလဲ"

ဆိတ်ပေါက်လေးသည် အားကို မည်ကဲ့သို့ ထိန်းချုပ်ရမှန်း မသိပေ။ လျိုရှီမှာ စုတ်ပြဲတော့မည့် သူမ၏ အင်္ကျီအား ခပ်နွမ်းနွမ်းလေး ပြန်ဆွဲ ယူလိုက်ရသည်။ ကစား ပြီးနောက်တွင်မူ ချင်ဟွိုင်သည် ဝမ်မိသားစုအိမ်တွင် ထမင်းသွားစားရန် သဘောတူလိုက်သည်။

ယမန့်နေ့တွင် ချီကျားနှင့်အတူ လုပ်ခဲ့သော သူ၏မွေးနေ့သည် အမှန်တွင် ရိုးရှင်းသော ထမင်းတစ်နပ်သာ ဖြစ်ပေသည်။ ချီကျားသည် သူ့အတွက် ဟင်းတစ်ခွက် ပိုချက်ပေးခဲ့ခြင်း ဖြစ်သည်။

ရိုးရိုးသားသား ပြောရလျှင် အသားကင်သည် မှလွဲ၍ ချီကျား၏ ဟင်းချက်စွမ်းရည်သည် သိပ်မကောင်းလှပေ။ သူ မီးဖိုချောင်ထဲ ဝင်သွားလျှင် ဘေးဒုက္ခ ဆိုက်ပြီဟု သတ်မှတ်၍ ရပေသည်။ အရသာသည် သိပ်မကောင်းလှချေ။

မွန်းတည့်ချိန်တွင် ချင်ဟွိုင်နှင့် ချီကျားတို့ အဖိုးအိုဝမ်၏ အိမ်သို့ ရောက်လာ ကြလေသည်။ ချီကျားမှ တောယုန်နှစ်ကောင် ဆွဲလာခဲ့သည်။ ချီကျားမှ ပြောလိုက်သည်။

"ကျွန်တော်တို့မှာ ပေးစရာ ဘာမှမရှိပါဘူး ကျေးဇူးတင်လို့ ပေးတဲ့အနေနဲ့ ဒီတောယုန် နှစ်ကောင်ကိုပဲ ယူလိုက်ပါ"

အဖိုးအိုဝမ်မှ အနား လျှောက်သွားပြီး တောယုန်များအား အလျင်စလို ပြန်ပေးချင်နေခဲ့သည်။

"ဆရာချီ ခင်ဗျားက အရမ်း အားနာလွန်းပါတယ် ပုံမှန်ဆိုရင်တောင် ခင်ဗျားက ကလေးတွေကို အစွမ်းကုန် သင်ပေးနေတာ ကျွန်တော်တို့ ကျေးဇူးတင်လို့ကို မဆုံးနိုင်ပါဘူး ခင်ဗျားပေးတဲ့ လက်ဆောင်တွေကို ဘယ်လိုလုပ် လက်ခံရက်မှာလဲ"

အရင်တွင် ချီကျားသည် ချင်ဟွိုင်ကိုသာ ပြုစု စောင့်ရှောက်ခဲ့ပြီး ကလေးများ၏ ဆရာမဟုတ်ခဲ့ချေ။ သူတို့ အချင်းချင်း ပိုပြီး သဘာဝကျကျ နေနိုင်ခဲ့ကြသည်။ သို့သော် ယခု သူသည် ဆရာဝူ ဖြစ်နေပြီ ဖြစ်ရာ သူတို့ သဘာဝကျကျပင် အရမ်းကြီး ပေါ့ပေါ့ဆဆ နေ၍ မရတော့ပေ။

"ရပါတယ်"

ချီကျားမှ ဤကိစ္စအား လုံးဝ ဂရုမစိုက်ပေ။ ကလေးများမှ အလေးအနက် သင်ယူ နေကြသော်လည်း သူသည် လက်အောက် ငယ်သားများအား လေ့ကျင့်ပေးသည့် စံနှုန်းမျိုးအား အသုံးပြုပြီး သူတို့အား လေ့ကျင့်ပေးနေခြင်း မဟုတ်ပေ။ သေချာပေါက်ပင် အလွန်အမင်း အားစိုက်ထုတ်ရသည်ဟု မဆိုသာပေ။

"ခင်ဗျားတို့ မကြိုက်ရင်လည်း လွှင့်ပစ်လိုက်ပါ ကျွန်တော်တို့က များသောအားဖြင့် တောယုန် မစားတတ်ဘူး"

ဟု ချီကျားမှ ဆိုလေသည်။

"ဒါက"

နွေဦးပေါက်လာသည်မှာ အချိန်အတန် ကြာပြီ ဖြစ်သည်။ ဤယုန်နှစ်ကောင်သည် အလွန်ဆူဖြိုးနေပုံ ရသည်။ ဤအတိုင်း လွှင့်ပစ်လိုက်မည်ဆိုလျှင် နှမြောစရာကောင်းလှသည်။ အဖိုးအိုဝမ်သည် ဘာပြောရမှန်း မသိဖြစ်နေတော့သည်။ အားယွီလေးသည် လိပ်ပြာလေး တစ်ကောင်ကဲ့သို့ ပြေးထွက်လာခဲ့သည်။

"ကိုကိုအားယို ကိုကိုရောက်ပြီလား မြန်မြန် ဝင်ခဲ့လေ ညီမလေး ကိုကို့အတွက် နေရာကောင်းလေး ချန်ထားပေးတယ်"

ပြောရင်းဆိုရင်းဖြင့် အားယွီလေးမှ ချင်ဟွိုင်၏ လက်အား ဆွဲကာ အိမ်ထဲသို့ ခေါ်သွားတော့သည်။ ဝမ်ချွမ်းမန်မှ ထိုသည်အား မြင်ချိန်တွင် အဝေးမှနေ၍ အားယွီလေးကို လှမ်းအော်လိုက်သည်။

"အားယွီ သမီး ဒီလိုလုပ်လို့ မရဘူးလေ အရမ်း ရိုင်းရာကျတယ်။"

ချင်ဟွိုင်မှ ဝင်ပြောလိုက်သည်။

"ရပါတယ်"

အဖိုးအိုဝမ်အိမ်၏ ထမင်းစားစားပွဲတွင် ချင်ဟွိုင် ထိုင်လိုက်သောအခါ အလယ်တွင် ပန်းကန်လုံးကြီး နှစ်လုံးအား မြင်လိုက်ရသည်။ တစ်လုံးတွင် ပြုတ်ထားသော တောဟင်းရွက်များ အပြည့်ပါရှိပြီး ကျန်တစ်လုံးတွင်တော့ ငါးများ ပြုတ်ထားသည်မှာ အပြည့် ရှိသည်။

အမျိုးသမီးများမှ မနက်စောစောကတည်းမှ တောဟင်းရွက်များကို သွားတူးလာခဲ့ခြင်း ဖြစ်သည်။ မိုးသည်လည်း အခုလေးတင် ရွာထားသေးသည်။ တောင်ပေါ်လမ်းသည် လျှောက်ရ မလွယ်ကူသော်လည်း တောဟင်းရွက်များမှာမူ လတ်ဆတ်နေလေသည်။

အမျိုးသားများမှာ ရေမြောင်း ဆီသွားပြီး ငါးဖမ်းကြခြင်း ဖြစ်သည်။ မိုးရွာတိုင်း သူတို့သည် ရေမြောင်းဝတွင် ပိုက်ချထားလေ့ ရှိပေသည်။ ရေစီးသန်သောအခါ ငါးများလည်း မျောပါလာတတ်သည်။

ရွာထဲတွင် ငါးစားရသည်ကို ကြိုက်သူများသည် ထိုနေရာတွင် သွားစောင့် တတ်ကြသည်။ ငါးမကြိုက်သူများလည်း ရှိသည်။ မည်သို့ပင်ဆိုစေ ငါးညှီနံ့သည် အရမ်းပြင်းထန်လှပြီး ထိုအနံ့အား ဖုံးအုပ်ရန် သူတို့တွင် ဟင်းခတ်အမွှေးအကြိုင် ဤမျှလောက်များများ မရှိချေ။

အဒေါ်မာသည် ငါးပြုတ် ချက်ရာတွင် တော်ပေသည်။ အလွယ်ကူဆုံး ဟင်းခတ် အမွှေးအကြိုင်များကိုသာ သုံးထားသော်လည်း လတ်ဆတ်သော အနံ့လေး ရအောင် ချက်နိုင်စွမ်း ရှိသည်။ ငါးညှီနံ့အား အနည်းဆုံး ဖြစ်အောင် လျှော့ချထားနိုင်သည်။

"ရောက်ပါပြီ"

အပြင်ဘက်မှ အဒေါ်ကျန်း၏ အသံကျယ်ကြီး ထွက်လာခဲ့သည်။ ထို့နောက် သူမသည် အဝါရောင် ကြွေပန်းကန်လုံးကြီး တစ်လုံးအား ကိုင်လျက် ဝင်လာလေသည်။

ချင်ဟွိုင်အား မြင်ချိန်တွင် အဒေါ်ကျန်း၏ အပြုံးက ပိုမို၍ ကျယ်ပြန့်သွားခဲ့သည်။ သူမသည် ချင်ဟွိုင်၏ ရှေ့တွင် ပန်းကန်အား ချပေးပြီး ပြောလိုက်သည်။

"လာ ပူပူနွေးနွေးလေးရှိတုန်း အသက်ရှည်ခေါက်ဆွဲကို စားလိုက်ဦး"

အဝါရောင် ကြွေပန်းကန်လုံးထဲရှိ အသက်ရှည်ခေါက်ဆွဲသည် အငွေ့တထောင်းထောင်း ထနေဆဲ ဖြစ်သည်။ ခေါက်ဆွဲဖတ်များသည် ဖြူဖွေးနေပြီး တောဟင်းရွက် အနည်းငယ်နှင့် ကြက်သွန်မြိတ်များသည်လည်း အပေါ်တွင် ဝဲပျံနေလျှက် ရှိသည်။ ဟင်းရည်ပေါ်တွင် ဆီမွှေးနှစ်စက်ခန့် ပေါလောပေါ်နေသည်။ ထူထဲသော အပူငွေ့များ မှုတ်ထွက်လာခဲ့သည်။ ချင်ဟွိုင် ကြက်သေ သေသွားလေသည်။

"ဒါက ကျွန်တော့်အတွက်လား"

ချင်ဟွိုင်မှ သူ၏ အသံထဲမှ အံ့သြမှုအား မဖုံးကွယ်နိုင်ခဲ့ပေ။ ချီကျားပင်လျှင် အံ့အားသင့်သွားရသည်။ ဝမ်မိသားစုသည် သခင်လေးအတွက် အမှန်ပင် အသက်ရှည်ခေါက်ဆွဲ ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ ချီကျားမှ ချင်ဟွိုင်အတွက် အသက်ရှည်ခေါက်ဆွဲ မလုပ်ပေးချင်၍ မဟုတ်ပေ။ သို့သော် သူ့စွမ်းရည်ဖြင့်မူ အမှန်ပင် မလုပ်နိုင်၍ ဖြစ်သည်။

အသက်ရှည်ခေါက်ဆွဲ၏ အဓိက လက္ခဏာမှာ တစ်စွန်းမှ နောက်တစ်စွန်းအထိ လုံးဝ ပြတ်မနေရခြင်း ဖြစ်သည်။ တကယ်တမ်း၌ ပန်းကန်လုံး အပြည့်တွင် ခေါက်ဆွဲဖတ် တစ်ချောင်းတည်းသာ ရှိခြင်းဖြစ်သည်။

ချင်ဟွိုင်၏ မျက်လုံးများ နီရဲလာခဲ့သည်။ သူ၏ ဘဝ တစ်လျှောက်လုံးတွင် အသက်ရှည်ခေါက်ဆွဲ တစ်ခါမှ မစားဖူးခဲ့ပေ။ အရင်အချိန်များတွင် မွေးနေ့ရောက်တိုင်း သခင်မကြီးမှ လူလွှတ်ပြီး လက်ဆောင်များ ပို့ပေးလေ့ ရှိသည်။ အစေခံများသည်လည်း ကျင်းပ ပေးကြသည်။ စားပွဲပေါ်တွင် ဟင်းလျာများ ပြည့်နှက်နေ တတ်သော်လည်း ဤအသက်ရှည်ခေါက်ဆွဲလို ရိုးရှင်းသော ဟင်းလျာမျိုးမူ တစ်ခါမှ မပါခဲ့ဖူးပေ။

"ကိုကိုအားယို အမေက အစ်ကို့အတွက် တမင်သက်သက် လုပ်ပေးထားတာ အကုန်စားရမယ်နော်"

အားယွီလေးသည် တံတွေးမြိုချရင်း ပြောလိုက်သည်။ သူမ၏ အမေ လုပ်ထားသော ခေါက်ဆွဲသည် အလွန် မွှေးလွန်းနေခဲ့သည်။ အနံ့လေး ရှူလိုက်ရုံနှင့်ကို ဗိုက်ဆာလာသကဲ့သို့ ခံစားလိုက်ရလေသည်။

[ကလေးမ နည်းနည်းလောက် စိတ် ထိန်းထားစမ်းပါ]

‘နင်က ဘယ်လောက်တောင် လောဘကြီးနေတာလဲ နေရာလွတ်ထဲမှာ အသက်ရှည်ခေါက်ဆွဲတွေ အပြည့်ရှိနေတာကို’

"အရမ်းမွှေးတာပဲ နတ်သူငယ်လေးရဲ့ တကယ်ကို မွှေးနေတာပဲ နင် အနံ့မရဘူးလား"

ဟု အားယွီလေးမှ စိတ်ထဲမှ တွေးလိုက်လေသည်။

[အနံ့ မရပါဘူး]

‘အဲဒီလို အသုံးမကျတဲ့ လုပ်ဆောင်ချက်မျိုးကို ဘာလုပ်ဖို့ လိုမှာလဲ’

အားယွီလေးမှ ဗိုက်ဆာလွန်း၍ ငိုတော့မည့်ပုံစံ ဖြစ်နေသည်အား ချင်ဟွိုင် မြင်လိုက်ရချိန်တွင် သူသည် ခေါက်ဆွဲပန်းကန်အား သူမရှေ့သို့ တွန်းပေးလိုက်သည်။

"ဒါက ညီမလေးအတွက်။"

"မစားဘူး ဒီနေ့က ကိုကို့မွေးနေ့ဆိုတော့ ကိုကို တစ်ယောက်တည်းပဲ အသက်ရှည်ခေါက်ဆွဲကို စားလို့ရမှာ"

အားယွီလေးမှ တံတွေးတစ်ပလွတ် ထပ်မြိုချလိုက်ပြီး ချင်ဟွိုင်အား အလွန်ပြတ်သားစွာ ငြင်းဆန်လိုက်လေသည်။ ဤသည်မှာ ကိုကိုအားယို၏ အသက်ရှည်ခေါက်ဆွဲမှန်း သူမ သိပေသည်။ သူမ စားလို့မရပေ။

‘သူမရဲ့ တံတွေးတွေက တကယ်ကို အသိဉာဏ်မရှိတာပဲ’

အဖွားအိုဝမ်မှ ချင်ဟွိုင်အား နွေးထွေးစွာ ကြည့်လိုက်သည်။

"ကလေးလိမ္မာလေး မြန်မြန်စားလိုက် ခေါက်ဆွဲတွေ ပွသွားရင် စားလို့ မကောင်းတော့ဘူး အသက်ရှည်ခေါက်ဆွဲကို တစ်ကျိုက်တည်းနဲ့ အကုန်စားရမယ် ခေါက်ဆွဲကို ဖြတ်လို့မရဘူး အဲဒါမှ အသက်ရှည်ရှည် နေရမှာ"

နောက်ဆုံးစကားအား ကြားလိုက်ရချိန်တွင် ချင်ဟွိုင်၏ မျက်လုံးများ မှောင်မိုက်သွားခဲ့တော့သည်။ သူလည်း အသက်ရှည်ရှည် နေနိုင်ဖို့ မျှော်လင့်လှပေသည်။ သို့သော် ကောင်းကင်ဘုံသည် သူ၏ ဆန္ဒအား ဖြည့်ဆည်းပေးချင် မပေးချင် ဆိုသည်ကိုတော့ သူ မသိပေ။

သူ မော့ကြည့်လိုက်ချိန်တွင် ဝမ်မိသားစုမှ သူ့အား ကြင်နာယုယစွာ ကြည့်နေသည်အား မြင်လိုက်ရချိန်တွင် ရုတ်တရက် သူ့ရင်ထဲ၌ အထူးပင် နွေးထွေး သွားသလို ခံစားလိုက်ရသည်။ သူသည် လူတိုင်း၏ ရှေ့တွင် တူအား ကောက်ကိုင် လျှက် ပြောလိုက်သည်။

"ဟုတ်ကဲ့ ကျွန်တော် စားပါ့မယ်"

ချင်ဟွိုင် တစ်ဝက်လောက် စားပြီးချိန်တွင် ဝမ်မိသားစုသည်လည်း တရားဝင် စတင်၍ စားသောက်ကြတော့သည်။ အလယ်မှ ဟင်းများအား မစားခင် လူတိုင်းအား ဆန်ပြုတ် တစ်ပန်းကန်စီ ဝေပေးသည်။

ဤရိုးသားပြီး ကြင်နာတတ်သော ဝမ်မိသားစုဝင်များ ဝမ်းနည်းသွားမည်ကို စိုး၍ အစားအသောက်များ အရသာရှိဟန် ဟန်ဆောင်ရမည်ဟု ချီကျား တွေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ဟင်းတစ်လုပ် စားကြည့် လိုက်သောအခါ အရသာသည် အထူး ကောင်းမွန်နေသည်ကို သူ သတိထားမိလိုက်သည်။

တောဟင်းရွက်များသည် လတ်ဆတ်သော မြက်ခင်းနံ့လေး ရှိသော်လည်း အရသာခံဖုများအား အရမ်းကြီး လှုံ့ဆော်မှု မရှိပေ။

ငါးပြုတ်ဆိုလျှင်မူ ပြောစရာပင် မလိုတော့ပေ။ ငါးသည် အထူး လတ်ဆတ်ပြီး နူးညံ့ကာ ငါးညှီနံ့ လုံးဝ မရှိပေ။ မည်ကဲ့သို့ ချက်ထားမှန်း မသိသော်လည်း အနည်းငယ် စပ်ပေသည်။ ငါးဟင်းရည် တစ်ဇွန်း ခပ်သောက်လိုက် ပြီးနောက် သူ၏ ကိုယ်တွင်းအင်္ဂါများ တစ်ခုလုံး နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

အရေးအကြီးဆုံးမှာမူ ဤဟင်းနှစ်ခွက်တွင် အထူး ဟင်းခတ် အမွှေးအကြိုင်များ မည်သည်ကိုမှ မသုံးထားသည်ကိုလည်း သူ သိနိုင်ပေသည်။ စားသောက်ဆိုင်ကြီးများမှ ဟင်းများ ထက်ပင် အများကြီး ပို၍ ပေါ့ပျက်ပျက် နိုင်သေးသည်။ သို့သော် စားလို့ အလွန် ကောင်းနေသည်ဟုသာ သူ ခံစားရသည်။

‘ဒါက စားသောက်ဆိုင်ကြီးတွေက စားဖိုမှူးတွေ ချက်တဲ့ ဟင်းတွေထက်တောင် ပိုကောင်းနေသေးတယ်’

‘ဝမ်မိသားစုက တကယ်ကို မဆိုးပါဘူး’

ချီကျားသည် နောင်တွင် ဝမ်မိသားစုနှင့် သူ၏ ဆက်ဆံရေးကိုပင် ပြန်လည် စဉ်းစားလာမိသည်။ သူသည် ဝမ်မိသားစု၌ အချိန်အကြာကြီး အခမဲ့ ထမင်းလာစားလျှင် ကောင်းမလား ဟူ၍ပင် တွေးတောမိနေခဲ့ခြင်း ဖြစ်သည်။

‘အံ့ဩစရာပဲ’

ထမင်းစားပြီးနောက် မွန်းလွဲပိုင်းတွင် ရွာလူကြီးဟူ၏ အငယ်ဆုံး သားဖြစ်သူ ဟူရှောင်လျိုကသည် ဝမ်မိသားစု အိမ်ထဲသို့ ရုတ်တရက် ပြေးဝင်လာခဲ့သည်။ သူသည် မောဟိုက်နေလျှက် ရှိကာ မခံမရပ်နိုင် ဖြစ်နေသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ဘယ်က ခွေးသူတောင်းစားတွေများ သားတို့ ဟူမိသားစုရွာမှာ မိစ္ဆာတွေ ပေါ်နေပြီလို့ အပြင်မှာ ကောလာဟလ ဖြန့်နေတာလဲ မသိဘူး အဲဒီမိစ္ဆာကို နှင်ထုတ်ဖို့ တာအို ဘုန်းကြီး တစ်ပါးပါးကိုတောင် ပင့်ရမယ်လို့ ပြောနေကြသေးတယ်"

ဝမ်မိသားစုမှ ထိုစကားအား ကြားချိန်တွင် အလျင်စလို မေးလိုက်ကြလေသည်။

"ဘာမိစ္ဆာလဲ"

ဟူရှောင်လျိုမှ ပြောလိုက်လေသည်။

"ဒီနေ့ ကျွန်တော် မြို့ပေါ်သွားတယ်လေ ရုတ်တရက် လူတစ်ယောက်က ပြောနေတာ ကြားလိုက်တယ် ဟူမိသားစုရွာမှာ မိစ္ဆာမလေး တစ်ကောင် ပေါ်လာတယ်တဲ့ သူက သူရဲ့ မိဘတွေ ဆွေမျိုးတွေနဲ့ တစ်မိသားစုလုံးကို ကံဆိုးမှုတွေ ယူဆောင်လာပြီး သေစေလိမ့်မယ်တဲ့"

လူတိုင်းသည် တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရကုန်သည်။

"မိစ္ဆာမလေး"

‘ပြီးတော့ ကံဆိုးမှုတွေ ယူဆောင်လာတယ်ဆိုတာကရော ဘာကြီးလဲ’

"အာယား ခင်ဗျားတို့ရဲ့ အားယွီလေးကို ပြောနေတာဗျ"

ဟူရှောင်လျိုမှ မခံမရပ်နိုင် ဖြစ်နေခဲ့သည်။

"ကျွန်တော်က လူတစ်ယောက်ကို အတင်းဖမ်းဆွဲပြီး သေချာ မေးကြည့်လိုက်တာ အဲဒီတော့မှ သူတို့ဘက်က အောင်သွယ်တော်မ တစ်ယောက် ပြောတာမှန်း သိရတော့တာပဲ"

All Chapters